Monthly Archives: Oct 2021

ရွှေဘိုတွင် CDM ဆရာဝန်တစ်ဦးအပါအဝင် ဒေသခံ ၄ ဦးကို စစ်ကောင်စီ ဖမ်းဆီး

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကင်းဗျားကျေးရွာနဲ့ ဆိပ်ခွန်ကျေးရွာတို့မှာ အောက်တိုဘာလ ၁၄ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီတပ်ဟာ နေအိမ်အချို့ကို ဝင်ရောက်စစ်ဆေးပြီး CDM ဆရာဝန်တစ်ဦးအပါအဝင် အနည်းဆုံး လူ ၄ ဦးကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဒီနေ့ တရက်တည်း နှစ်ရွာဝင်တယ်၊ သူတို့မသင်္ကာတဲ့နေအိမ်တွေကိုဝင်ရှာတယ်၊ ကင်ဗျားရွာကို မနက် ၄ နာရီလောက်ဝင်တယ် အဲဒီရွာက လူငယ်အချို့အဖမ်းရတယ်၊ ဆိပ်ခွန်ကိုတော့ မနက် ၇ နာရီလောက်မှာ နေအိမ်အချို့ကိုဝင်ရှာပြီး CDM လုပ်နေတဲ့ဆရာဝန်အပါအဝင် ၃ ဦးဖမ်းသွားတာ” လို့ ဒေသခံကပြောပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ ကင်းဗျားရွာကို မနက် ၄ နာရီဝင်ဖမ်းတာဖြစ်လို့ လူငယ်တစ်ဦး ဖမ်းဆီးခံရတာကိုပဲ အတည်ပြုနိုင်သေးပြီး ပြေးကြလွှားကြနဲ့အခုချိန်အထိ စိစစ်နေရဆဲဖြစ်တယ်လို့ ဒေသခံက ဆိုပါတယ်။ 

ဆိပ်ခွန်ကျေးရွာအတွင်းကိုတော့ မနက်  နာရီလောက် ဝင်ရောက်ခဲ့ပြီး CDM ပြုလုပ်ထားတဲ့ ဒေါက်တာအေးမင်း၊ နပ်စ် အမျိုးသား တစ်ဦးနဲ့အမျိုးသမီးတစ်ဦးတို့ကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ရွှေဘိုမြို့နယ်အတွင်းမှာ ညအချိန် ဧည့်စာရင်းစစ်ရင်း ဖမ်းဆီးနေတာတွေလည်းရှိပြီး နေ့ခင်း မြို့အဝင်အထွက် စစ်ဆေးရေးဂိတ်တွေမှာလည်း ဆိုင်ကယ် အပါအဝင် လူတွေကို ဖမ်းဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။DVB

မန်းဝန်ချုပ်အပေါ် စွဲဆိုထားသော ပုဒ်မ ၅၀၅ (ခ)အမှုအတွက် သူ၏ဇနီးဖြစ်သူ တရားခံပြ သက်သေ အဖြစ်လာရောက်ထွက်ဆို

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို စွဲဆိုထားသော ဆူပူစေရန်လှုံဆော်မှု ပုဒ်မ ၅၀၅(ခ) အမှုအတွက် ယမန်နေ့ (အောက်တိုဘာ ၁၃ )ရက်တွင် သူ၏ဇနီးဖြစ်သူ ဒေါက်တာဒေါ်ယုယုမေက တရားခံပြသက်သေ အဖြစ် လာရောက်ထွက်ဆိုခဲ့ကြောင်း အမှု လိုက်ရှေ့နေ ဦးကျော်ညွှန့်က မဇ္ဈိမကို အတည်ပြုပြောကြားသည်။

မန္တလေးမြို့အိုးဘိုထောင်အတွင်းရှိ အောင်မြေသာစံမြို့နယ် အထူးသီးသန့် တရားရုံး တွင် လာရောက်ထွက်ဆိုခဲ့ ခြင်းဖြစ်ပြီး ခင်ပွန်းဖြစ်သူ ဒေါက်တာ ဇော်မြင့်မောင်နှင့်လည်း တွေ့ဆုံစကားပြောခွင့်ရရှိခဲ့သည်ဟုဆိုသည်။ယင်း အမှုအတွက် ဒေါက်တာဒေါ်ယုယုမေက တရားခွင်အတွင်း ထွက်ဆို ရာတွင် “ သူထွက်ဆိုတာက သူ့ယောကျ်ားထွက်ဆိုသလိုပါဘဲ။ ဒီအမှုနဲ့ ပတ်သက်လို့ သူ့ယောကျာ်းကသိလည်းမသိခဲ့ဘူး။ ပါဝင်ပတ်သက်ခြင်းလည်း မရှိခဲ့ဘူး။ သူ့ယောကျ်ားက အဲဒီအချိန်မှာ ထိန်းသိမ်းခံထားလိုက်ရပြီ။

မလွတ်လပ်တော့ဘူး။ ဒေါက်ဇော်တို့ကို ဖေဖော်ဝါရီ ၁ ရက်နေ့က ထိန်းသိမ်း ပြီးမှ ဖြစ်လာတဲ့ ကိစ္စတွေ ဖြစ်တာကြောင့် သူနဲ့ ပတ်သက်ခြင်းမရှိဘူး။ ၅၀၅(ခ)နဲ့ စွဲဆိုနိုင်တဲ့ အနေအထားတွေဘာမှ မရှိဘူးဆိုပြီး ထွက်ဆိုခဲ့တယ်။” ဟု ဦးကျော်ညွှန့် က ရှင်းပြသည်။ပြီးခဲ့သော အောက်တို ဘာ ၁၁ ရက်တွင် ပုဒ်မ ၅၀၅(ခ)နှင့် သဘာဝဘေးပုဒ်မ ၂၅/၃၀ အမှုနှစ်ခုအတွက် ဒေါက်တာဇော်မြင့်မောင်ကို စတင်စစ်ဆေးခဲ့ရာ၊ ယင်းအမှုများနှင့် ပတ်သက်၍ မိမိတွင် အပြစ်မရှိကြောင်း တရားခွင်အတွင်း ကိုယ်တိုင်ချေပ ပြောဆိုခဲ့သည်။

အမှုနှစ်ခုအတွက် လာမည့် အောက်တိုဘာ ၁၈ ရက်တွင် ခံပြသက်သေများ ဆက်လက်စစ်ဆေးရန် ပြန်လည်ချိန်းဆိုထားသည်။လက်ရှိတွင် ဒေါက်တာဇော်မြင့်မောင်အား ဆူပူစေရန်လှုံဆော်မှု ပုဒ်မ ၅၀၅(ခ) နှင့် သဘာဝဘေး ပုဒ်မ ၂၅/၃၀ အမှု တို့အတွက် အိုးဘိုထောင်တွင်း အထူး သီးသန့်တရားရုံးတွင် အပတ်စဉ် ပုံမှန်စစ်ဆေးလျှက်ရှိသည်။

ထို့အပြင် ဒေါက်တာဇော်မြင့်မောင်အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးပုဒ်မ ၅၅/၅၆ တို့ဖြင့် အမှုငါးမှုကို မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်တွင် စွဲဆိုထားရာ၊ ယင်းအမှုများအတွက် လာမည့် အောက်တိုဘာ ၁၅ ရက်တွင် စတင်စစ်ဆေးရန် ချိန်းဆိုထားသည်ဟု ရှေ့နေဦးကျော်ညွှန့်က ဆိုသည်။

သို့သော် ရုံးချိန်း ချိန်းဆိုထားသော်လည်း စွပ်စွဲခံသူနှင့် ရှေ့နေအဖွဲ့အကြား အမှုကိစ္စအတွက် တွေ့ဆုံစကားပြောခွင့်မရရှိသေးသည့် အတွက် စစ်ဆေး ဖြစ်မည်မဟုတ်ကြောင်း၊ စွပ်စွဲခံရသူနှင့် တွေ့ဆုံခွင့်ရရှိရန် တိုင်းဒေသကြီးတရား ရုံးတွင် လျှောက်ထားသည်ဟုဆိုသည်။“ အဂတိမှုတွေအတွက်ကတော့ ရုံးချိန်း ချိန်းတာပဲရှိမယ်။ ရုံးချိန်းမှာ အမှုက စစ်ဆေးဖြစ်မယ်မထင်သေးဘူး။ ဘာ့ကြောင့်ဆို ဒေါက်ဇော်နဲ့ ကျွန်တော်တို့ ရှေ့နေအဖွဲ့က အမှုအတွက် စကားပြောခွင့်မရသေးဘူး။

ဆွေးနွေးခွင့် မရသေး ဘူး။ ဆွေးနွေးခွင့်မရဘဲနဲ့ အမှုကို စစ်ဆေးလိုက်ရင် ကျွန်တော်တို့ဘက်က ဘာမှ ချေပနိုင်မှာမဟုတ်ဘူး။ သိပ်အန္တရာယ်ကြီးတယ်။ ဒါကြောင့် တွေ့ဆုံ ခွင့်ရမှကိုဖြစ်မယ်။” ဟု အမှုအတွက် ချိန်ဆပြောဆိုသည်။ယင်း အဂတိမှုငါးမှုအတွက် တရားလိုပြုလုပ်စွဲဆိုထားသည့် ဌာနများသည် အထူးစုံစမ်းစစ်ဆေးရေး(စစစ)နှင့် အဂလိုက်စားမှုတိုက်ဖျက်ရေးဋ္ဌာန၏ စုံစမ်း စစ်ဆေးရေးကော်မရှင် တို့ကစွဲဆိုထားသည်ဟုဆိုသည်။

ဒေါက်တာဇော်မြင့်မောင်အား ပုဒ်မ၅၀၅(ခ)အမှု နှင့် သဘာဝဘေး ၂၅/၃၀ အမှု နှစ်မှုတို့အတွက် စွဲချက်တင်အမိန့်ချမှတ်ထားပြီးဖြစ်သော ကြောင့် ယင်းအမှု အတွက် တိုင်းအဆင့်တရားရုံးသို့ စွဲချက်မတင်သင့်ကြောင်း ထပ်မံလျှောက်ထား တင်ပြထားသလို သူ၏ကျန်းမာရေးအ တွက် မိသားစုနှင့် သီးသန့်တွေ့ဆုံခွင့် ရရှိရန် အတွက်လည်း တင်ပြထားပြီးဖြစ်သည်ဟုဆိုသည်။အသက် ၇၀ အရွှယ် သွေးကင်ဆာဝေဒနာ ခံစားနေရသော ဒေါက်တာဇော်မြင့် မောင်အား လက်ရှိတွင် ပုဒ်မလေးခုဖြင့် အမှုပေါင်း ခုနှစ်မှုဖြင့် စွဲဆိုခံထားရခြင်း ဖြစ်သည်။mizzima

ဖလမ်း၊ လုံပီးရွာနှင့် တလန်းရော်န်ကျေးရွာကြားတွင် စစ်ကောင်စီတပ်နှင့် ချင်းပူးပေါင်းတပ်ဖွဲ့များ ယနေ့နံနက်တွင် နာရီဝက်ကြာ တိုက်ပွဲဖြစ်ပွား၊ ဖလမ်း ခလရ ၂၆၈ စခန်းကုန်းမှ လက်နက်ကြီးပစ်ကူ

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ဖလမ်း-ဟားခါးလမ်းပေါ်ရှိ လုံပီးကျေးရွာနှင့် တလန်းရော်န်ကျေးရွာကြားရှိ စစ်ကောင်စီတပ်ဖွဲ့အား ယနေ့နံနက် ၁၁ နာရီခန့်တွင် ချင်းပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်ပြီး နာရီဝက်ကြာ တိုက်ပွဲဖြစ်ပွားကြောင်း၊ ဖလမ်းအခြေစိုက် ခလရ ၂၆၈ စခန်းကုန်းမှ လက် နက်ကြီးပစ်ကူများ ပစ်ခတ်ခဲ့ကြောင်း ချင်းတပ်ဖွဲ့များထံမှ သတင်းရရှိသည်။

လုံပီးကျေးရွာနှင့် တလန်းရော်န်ကျေးရွာကြားတွင် စခန်းချရပ်နားနေသော စစ်ကောင်စီတပ်ဖွဲ့များအား ချင်းအမျိုးသားတပ်ဦး CNA၊ CDF ပူး ပေါင်းတပ်ဖွဲ့မှ နာရီဝက်ခန့် သွားရောက်ပစ်ခတ်ခဲ့ပြီး ချင်းအမျိုးသားတပ်ဦး CNA၊ CDF ဘက်မှ ထိခိုက်မှုမရှိကြောင်း၊ စစ်ကောင်စီဘက်မှ သေဆုံးစာရင်းအား မသိသေးကြောင်း CNA ပြောခွင့်ရ ဆလိုင်းထက်နီမှ ဒေသတွင်း သတင်းဌာနများသို့ ပြောဆိုထားသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် ဖလမ်းရှိ စစ်ကောင်စီတပ် ခလရ ၂၆၈ စခန်းကုန်းမှ ၁၂၂ မမ ဟောင်ဝစ်ဇာ အမြှောက်ကြီးများဖြင့် သုံးကြိမ်ခန့် ပစ် ခတ်ခဲ့ကြောင်း၊ လက်နက်ကြီးပစ်ခတ်သံများကြောင့် ဖလမ်းမြို့လမ်းမများပေါ်တွင် သွားလာသူမရှိတော့ကြောင်း ချင်းသတင်းရင်းမြစ်များထံမှ သိရသည်။အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် တလန်းရောန်ကျေးရွာရှိ အများပြည်သူ နေအိမ် ၉ လုံးအား ယနေ့နံနက်တွင် မီးရှို့ဖျက် ဆီးခဲ့သလို လုံပီးနှင့် တလန်းရောန်ကျေးရွာကြားရှိ ရီရယ်သီးကျေးရွာရှိ ခရစ်ယာန်ဘုရားကျောင်းအပါအဝင် နေအိမ်အားလုံးနီးပါးကို မီးရှို့ဖျက် ဆီးထားသည်။khit thit

စင်ကာပူနှင့် အမေရိကန် အဆင့်မြင့်အရာရှိ ၂ ဦး ဝါရှင်တန်တွင် မြန်မာ့အရေးထည့်သွင်းဆွေးနွေး

စင်္ကာပူနိုင်ငံရဲ့ ဝါရင့်အဆင်မြင့်ဝန်ကြီး သာမန်းရှန်မုဂရတ်နမ်နဲ့ အမေရိကန်နိုင်ငံ အမျိုးသားလုံခြုံရေးအကြံပေးအရာရှိ ဂျိတ်ခ်ဆူလိဗန်တို့ဟာ အောက်တိုဘာ ၁၃ ရက်က ဝါရှင်တန်ဒီစီမှာတွေ့ဆုံခဲ့ပြီး နိုင်ငံတွေရဲ့ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးရဲ့ အရေးပါပုံတွေကို ဆွေးနွေးခဲ့ပါတယ်။ 

နှစ်နိုင်ငံတာဝန်ရှိသူတွေဟာ မြန်မာနိုင်ငံရဲ့အကျပ်အတည်းနဲ့ ကိုဗစ်-၁၉ ကူးစက်ရောဂါ အပါအဝင် ဒေသတွင်းအရေးကိစ္စတွေကိုလည်း အ လေး ပေး ဆွေးနွေးခဲ့တယ် လို့ အိမ်ဖြူတော်အမျိုးသားလုံခြုံရေးကောင်စီပြောခွင့်ရ အမျိုးသမီး အီမီလီဟွန်း က ကြေညာချက်ထဲမှာ ပြောကြားပါတယ်။

သူတို့ဟာ ဒီကပ်ရောဂါကိုအဆုံးသတ်ပြီး နောက်လာမယ့်အတွက် ကြိုတင်ပြင်ဆင်ဖို့ ရဲရင့်တဲ့ လုပ်ဆောင်ချက်ကို လိုအပ်တယ်လို့ ထောက်ပြကြတယ်လို့လည်း ဆိုပါတယ်။ ကမ္ဘာ့ကျန်းမာရေးလုံခြုံရေး ငွေကြေးထောက်ပံ့မှုအားကောင်းလာစေဖို့နဲ့ ဘဏ္ဍာရေးကြားခံရန်ပုံငွေအသစ်တစ်ခု ထူထောင်ဖို့အတွက် မိတ်ဖက်တွေနဲ့လုပ်ဆောင်ခြင်းရဲ့ အရေးပါပုံကိုသဘောတူခဲ့ကြပါတယ်။

ဒါ့အပြင် ရာသီဥတုပြောင်းလဲမှုနဲ့ စွမ်းအင်ကို သက်သက်သာသာနဲ့ ရနိုင်မှုတွေအပါအဝင် ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုတွေကို ဆွေးနွေးခဲ့ကြပြီး အမေရိကန်ဒုသမ္မတ ကာမာလာဟဲရစ်ရဲ့ စင်ကာပူခရီးစဉ်ကနေ တိုးတက်လာတဲ့ အရှိန်အဟုန်ပေါ်မှာ တည်ဆောက်မယ့် အခွင့်အလမ်းတွေ ပြန်လည်သုံးသပ်ခဲ့ပါတယ်။

သြဂုတ်လတုန်းက စင်္ကာပူဝန်ကြီးချုပ်လီရှန်လွန်းနဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ မစ္စဟဲရစ်က ဝါရှင်တန်ရဲ့ အင်ဒို-ပစိဖိတ်ဒေသမှာ အသင်း ၀င်ဖြစ်ရေး ကတိကဝတ်ကို ထပ်မံအတည်ပြုခဲ့ပါတယ်။

မူဝါဒမိန့်ခွန်းတစ်ခုမှာ မစ္စဟဲရစ်က အမေရိကန်နဲ့အရှေ့တောင်အာရှတို့အကြား စီးပွားရေးဆက်ဆံမှုတွေကို ပြောကြားခဲ့ပြီး မြန်မာနိုင်ငံမှာ အ ကြမ်းဖက်ဖိနှိပ်မှု လုပ်ဆောင်နေတာတွေကို ရှုတ်ချခဲ့ပါတယ်။DVB

မရမ်းကုန်းမြို့နယ် တရားရုံး မိုင်းခွဲတိုက်ခိုက်ခံရ

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ် တရားရုံးအား ယနေ့ အောက်တိုဘာ ၁၄ရက် နံနက် ၈နာရီဝန်းကျင်တွင် Free Tiger Ranger (အင်းစိန်မြို့နယ်ခွဲ)အဖွဲ့မှ လက်လုပ်မိုင်းခွဲကာ သတိပေးတိုက်ခိုက်လိုက်ကြောင်း အဆိုပါအဖွဲ့ တာဝန်ရှိသူက‌ ပြောသည်။ “လူတော့မထိခိုက်ဘူးခင်ဗျ ။မဆိုင်တဲ့သူတွေထိသွားမှာစိုးလို့ပါ။

တစ်လုံးပဲ သတိပေးတဲ့အနေနဲ့ခွဲခဲ့တာပါ။ အဝင်အဝနားမှာပေါက်တာ ရုံးတက်ချိန်မှာ ခွဲမလို့ နောက်တော့ မဆိုင်တဲ့ ပြည်သူတွေ ထိခိုက်မှာစိုးလို့ စောစောခွဲလိုက်တာပါ”ဟု Free Tiger Ranger အဖွဲ့တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

အဆိုပါတရားရုံးမှ တရားသူကြီးများ၊ ရှေ့နေများနှင့် ဝန်ထမ်းများသည် အာဏာသိမ်းစစ်အစိုးရ အလိုကျ ပြည်သူလူထုအပေါ် မတရားသော အမိန့်အာဏာတို့ဖြင့် အနိုင်ကျင့် နှိပ်စက်နေသည့်အတွက် ပထမအကြိမ် သတိပေးတိုက်ခိုက်လိုက်ကြောင်း Free Tiger Ranger အဖွဲ့က ထုတ်ပြန်ထားသည်။ ထိုအဖွဲ့သည် ရန်ကင်းမြို့နယ် စိမ်းလဲ့မြေရိပ်သာလမ်းရှိ အခွန်ဦးစီးဌာနအနီးတွင်လည်း အောက်တိုဘာ ၁ရက်က လက်လုပ်မိုင်း ဖောက်ခွဲတိုက်ခိုက်ခဲ့သေးသည်။ mizzima

စစ်ကောင်စီ၏ နေ့စဉ်သတင်းအမှားဖြန့် လုပ် ငန်းစဉ်ပေါက်ကြား 

အာဏာသိမ်းစစ်ကောင်စီက ၎င်းကိုဆန့်ကျင်သူ အင်အားစုများ သွေးကွဲစေမည့် ဝါဒဖြန့်သတင်းအမှားများကို Facebook လူမှုကွန်ရက်တွင် နေ့စဉ်ဖြန့်ဝေစေလျက်ရှိရာ တပ်တွင်းရှိ အမျိုးသမီးများပါမကျန် ထိုသို့ဖြန့်ဝေပေးနေရကြောင်း တောင်ငူလေတပ်စခန်းဌာနချုပ်မှ အမျိုးသမီးအရာရှိများ ပြုစုထားသည့် စာရွက်စာတမ်းအထောက်အထားများအရ သိရသည်။

အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပါဝင်နေသော တပ်အရာရှိများထံမှ ရရှိသည့် ထိုစာရွက်စာတမ်းများအရ တပ်တွင်းရှိ အမျိုးသမီးအရာရှိများ ဦးဆောင်ကာ နေ့စဉ်သတင်းအမှားများ၊ ဝါဒဖြန့်သတင်းများ ဖြန့်ဝေနေခြင်းဖြစ်သည်။ 

မြန်မာနိုင်ငံတွင် လူသုံးအများဆုံးသော လူမှုကွန်ရက်ဖြစ်သည့် Facebook တွင် စစ်ကောင်စီက သတင်းအမှားများဖြန့်ဝေစေရာ၌ ဖြန့်ဝေသည့်အကြိမ်ရေ၊ Like , Comment, Share စသည့် ဆောင်ရွက်ချက်များကို နေ့စဉ်စာရင်းပြုစုကာ အထက်ကို အစီရင်ခံတင်ပြရသည်ကို တွေ့ရသည်။

တောင်ငူလေတပ်စခန်းဌာနချုပ်ရှိ အမျိုးသမီးအရာရှိများက စာရင်းပြုစုကာ အထက်ကိုတင်ပြသည့် စာတစ်စောင်တွင် တစ်ပါတ်အတွင်း Facebook Post ၁၅ ရေးတင်ခဲ့ကြောင်း ဖော်ပြထားသည်ကို တွေ့ရသည်။

တပ်တွင်းရှိ အမျိုးသမီးများကို ၎င်းတို့၏ မူလတာဝန်ထက် ယခုကဲ့သို့ ဝါဒဖြန့်သတင်းမှားများ ဖြန့်ဝေခိုင်းနေခြင်းမှာ စစ်ကောင်စီက ပြည်သူ့တော်လှန်ရေးကို စနစ်တကျပုံဖျက်နေခြင်းဖြစ်ကြောင်း တပ်မတော် CDM အရာရှိတစ်ဦးဖြစ်သူ ဗိုလ်ကြီးညီသုတက ပြောသည်။

“စစ်သားတွေရဲ့ စိတ်ထဲမှာ ပြည်သူတွေရဲ့ လှုပ်ရှားမှုတွေ၊ ဆောင်ရွက်မှုတွေကို အမြင်မှားစေဖို့၊ အသိမှားစေဖို့ ပုံမှားရိုက်နေတာ ဖြစ်ပါတယ်။ ဒီလိုမျိုး တန်ပြန်ဝါဒဖြန့်တာာတွေကို လုပ်တဲ့အတွက် အထဲမှာရှိနေတဲ့ စစ်သားတွေဟာ အချက်အလက်အမှားတွေ၊ အယူအဆအမှားတွေ သူတို့ဦးနှောက်ထဲမှာ ဖုံးလွှမ်းသွားတာ” ဟု ၎င်းက ပြောသည်။

စစ်တက္ကသိုလ်အပတ်စဉ် ၅၂ ကျောင်းဆင်း ဗိုလ်ကြီးညီသုတမှာ နေပြည်တော်ရှိ ကာကွယ်ရေးဦးစီးချုပ်ရုံးလက်အောက်ခံ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံးချုပ်တွင် တာဝန်ထမ်းဆောင်နေစဉ် မတ်လအတွင်း CDM တွင် ပါဝင်ခဲ့သူဖြစ်သည်။ 

စစ်တပ်၏ ဝါဒဖြန့်ယန္တရားကို အဓိကထိန်းကျောင်းရာဌာနတွင် တာဝန်ထမ်းဆောင်ခဲ့သူ ဗိုလ်ကြီးညီသုတသည် CDM လှုပ်ရှားမှုတွင် ပါဝင်သူ တပ်မတော်သားများစုဖွဲ့ထားသည့် ပြည်သူ့စစ်သားအဖွဲ့ခေါင်းဆောင်လည်းဖြစ်သည်။ 

ရန်ကုန်ရှိ ဒေါ်အောင်ဆန်းစုကြည်၏ ခြံအမှတ် ၅၄ အတွင်းမှ ရွှေချောင်းနှင့် ဒေါ်လာများ ဖမ်းမိသည်ဆိုသော သတင်းအမှားကို စစ်တပ်အသိုင်းအဝိုင်း၏ Facebook စာမျက်နှာများနှင့် Telegram လူမှုကွန်ရက်၌ ယခုရက်ပိုင်းအတွင်း ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေခဲ့သည်။ 

စစ်တပ်အသိုင်းအဝိုင်းက ဖြန့်ဝေခဲ့သည့် နောက်ထပ်သတင်းအမှားတစ်ခုမှာ “တော်လှန်ရေး မအောင်မြင်နိုင်တော့ကြောင်း၊ လူငယ်တွေ တော် လှန်ရေးဆက်မလုပ်ဖို့” အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အဖွဲ့ဝင် ဒေါက်တာဇော်ဝေစိုးက ပြောကြားဆိုသော သတင်းဖြစ်သည်။

အဆိုပါ စာမှာအတုဖြစ်ကြောင်း၊ ဘယ်တုန်းကမျှ ထိုသို့ရေးမတင်ခဲ့ဖူးကြောင်း ဒေါက်တာဇော်ဝေစိုးက ၎င်း၏ Facebook စာမျက်နှာတွင် အောက်တိုဘာ ၁၃ ရက်က ရှင်းချက်ထုတ်ထားသည်။ 

စစ်ကောင်စီက အာဏာသိမ်းသည့် ဖေဖော်ဝါရီလကတည်းကပင် စစ်တိုင်းမှူးများဦးဆောင်ကာ နေ့စဉ် ဝါဒဖြန့်စေခဲ့ကြောင်း၊ စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ်တစ်ခုလျှင် သတင်းအမှားနှင့် ဝါဒဖြန့်သတင်းများ တင်ရန် အနည်းဆုံး Facebook Page သုံးခုဖွင့်ခိုင်းထားကြောင်း နောက်ထပ် CDM အရာရှိတစ်ဦးဖြစ်သူ ဗိုလ်ကြီးဇင်ယော်က ပြေသည်။

“တပ်ရင်းတပ်ဖွဲ့တွေကို တောက်လျှောက်လုပ်ခိုင်းတာ။ အထဲထဲက ကျန်ခဲ့တဲ့ အဖွဲ့တွေကို တမင်သက်သက် (ဝါဒ) မှိုင်းတိုက်နေတာ။ သူတို့ ဒီလောက်ကောင်းအောင် လုပ်ပေးနေတာကို တစ်ဖက် ဒေါ်လာစားမီဒီယာတွေက လျှောက်ဖွတယ်တို့ အဲ့လိုမျိုးတွေဗျာ”ဟု ၎င်းက ပြောသည်။

စစ်တိုင်းများအလိုက် အထက်အရာရှိများဦးဆောင်ကာ ထိုသို့ သတင်းအကြောင်းအရာ အမှားများဖြန့်ဝေရာတွင် Facebook တွင် လက် အောက်ငယ်သားများက မဖြစ်မနေ Like ဝင်ပေးကြရပြီး၊ ပျက်ကွက်ပါက အဆဲပင်ခံရသည်ဟုလည်း ဗိုလ်ကြီးဇင်ယော်က ဆိုသည်။ 

“Like ကိုပါ ဓါးပြလိုက်တိုက်တာ။ တပ်တွင်း အလှူငွေထည့်သလိုပေါ့ဗျာ။ မဖြစ်မနေကို Like ထည့်နေရတာ။ ရှက်တောင် ရှက်တယ်လို့။ သူတို့က ပြောလိုက်တာ ကိစ္စမရှိဘူး။ ကျွန်တော်တို့က လက်အောက်ကို ဆက်ဖြန့်ရမှာဆိုတော့”ဟု ၎င်းက ပြောသည်။

စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်လိုခြင်း မရှိတော့သဖြင့် မတ်လအတွင်း CDM တွင် ပါဝင်ခဲ့သူ ဗိုလ်ကြီးဇင်ယော်မှာ မိသား စုလုံခြုံရေးကြောင့် ၎င်းတာဝန်ထမ်းဆောင်ခဲ့သည့် တပ်ရင်းအမည်နှင့် တက်ရောက်ခဲ့သည့် စစ်တက္ကသိုလ်အပတ်စဉ်ကို ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။ 

အာဏာသိမ်းမှုကြောင့် ပြည်တွင်း၌ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အပြင်းအထန်ဆန့်ကျင်မှုများကိုသာမက နိုင်ငံတကာ၏ ဖိအားပေးအရေးယူမှုများကို ကြုံတွေ့ခဲ့ရပြီးနောက် ၎င်းတို့အနေဖြင့် မီဒီယာပိုင်းအားနည်းခဲ့ကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရုရှားသတင်းဌာနကို ထုတ်ဖော်ပြောဆိုထားသည်။

အမေရိကန်ဦးဆောင်သော အနောက်နိုင်ငံများကို ဆွယ်တရားဟောပေးရန် အစ္စရေးထောက်လှမ်းရေးဟောင်းဦးဆောင်သည့် ကနေဒါအ ခြေစိုက် လော်ဘီအုပ်စုကိုပင် စစ်ကောင်စီက ငှားရမ်းခဲ့သည်။ သို့သော် အမေရိကန်နှင့် ကနေဒါအာဏာပိုင်များက ဒဏ်ခတ်အရေးယူမှုများကြောင့် မတ်လအတွင်း စစ်ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့် ချုပ်ဆိုခဲ့သည့် ဒေါ်လာ ၂ သန်းတန် စာချုပ်ကို လော်ဘီအုပ်စုက စွန့်လွှတ်ခဲ့သည်။ myanmar now

ဝက်လက်နှင့်စဉ့်ကိုင်တို့တွင် စစ်ကောင်စီသ တင်းပေးဟု သတ်မှတ်ခံထားရသူများ ၏ မိ သားစုများအပါအဝင် စုစုပေါင်း ၆ ဦး ပစ်သတ်ခံရ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်နှင့် မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့တို့တွင် စစ်ကောင် စီသတင်းပေးဟု သတ်မှတ်ခံထားရသူများ၏ မိသားစုဝင်များအပါ အဝင် စုစုပေါင်း ၆ ဦး သတ်ဖြတ်ခံရကြောင်း ဒေသခံများထံမှ သိရှိရသည်။

ဝက်လက်မြို့နယ်၊ရှိမ်းမကားကျေးရွာမှ စစ်ကောင်စီသတင်း ပေးဟု အများက သတ်မှတ်ခံထားရသူ သိန်းတန် နှင့် ရီသန့်တို့ ၂ ဦးကို ယနေ့ ဝက်လက်-ရှိမ်းမကားလမ်း တစ်နေရာတွင် ပစ်ခတ်လိုက်ပြီး ပွဲ ချင်းပြီး သေဆုံးသွားကြောင်း ဝက်လက်ဒေသကာကွယ်ရေးတပ်ဖွဲ့ဘက်က သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

အလားတူ မန္တလေးတိုင်းဒေသကြီး၊ စဥ့်ကိုင်မြို့နယ် ၊မီးသွေးဘုတ်ကျေးရွာ အုပ်စု၊ ကင်းတုံရွာသား စစ်ကောင်စီသတင်းပေးဟု အများက သတ်မှတ်ခံထားရသူ ခင်မောင်ချိုအိမ်ကို လက်နက်ကိုင်တချို့က ဝင်ရောက်စီးနင်းပြီး ခင်မောင်ချိုအပါအဝင် အမျိုး သား ၄ ဦးကို အောက်တို ဘာလ ၁၃ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်တွင် သတ်ဖြတ်လိုက်ကြောင်း သိရှိရသည်။khit thit

စဉ့်ကိုင်မြို့နယ်တွင် ဒလန် ၄ ဦး ဓားဖြင့်ခုတ်သတ်ခံရ၊ မတ္တရာမြို့နယ်တွင် ၁ ဦး ပစ်သတ်ခံရ

မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ်မှာ အောက်တိုဘာ ၁၃ ရက် ညပိုင်းက စစ်ကောင်စီ သတင်းပေး ဒလန်လို့ နာမည်ထွက်သူ ကင်းတုံရွာသား အမျိုးသား လေးယောက်  ဓားနဲ့ ခုတ်သတ်ခံခဲ့ရပါတယ်။

ကိုသာတူးအပါအဝင် အပေါင်းအပါ လေးယောက်  ဓားနဲ့ခုတ်သတ်ခံရတာဖြစ်ပြီး  ဘယ်သူခုတ်သွားမှန်း မသိရဘူးလို့ ဒေသခံတွေကပြောပါတယ်။

“စစ်ကောင်စီကို သတင်းမပေးဖို့ သူတို့ကို ဒေသခံ PDFက သတိပေးထားပြီးသားလို့ ကြားတယ်။ ကိုသာတူးနဲ့ အပေါင်းအပါ ၃  ဦးကို တစ်နေရာတည်းမှာ ဓားနဲ့ခုတ်သတ်သွားတာ”လို့ ဒေသခံ ပြည်သူတစ်ဦးက ပြောပါတယ်။

ဓားနဲ့ခုတ်သတ်ခံရတဲ့ အလောင်း ၄ လောင်းကို စစ်ကောင်စီက ညတွင်းချင်း လာရောက်သယ်ယူ သွားပါတယ်။

ဩဂုတ် ၃၀ ရက်က စဉ့်ကိုင်မြို့နယ် မုန်ပင်ကျေးရွာ၊ ကံကြီးကျေးရွာနဲ့ ရွာဘိုကျေးရွာက ပြည်သူ ၃၀ ကျော်ကို PDF လို့  စွပ်စွဲပြီး စစ်ကောင်စီက ဖမ်းဆီးခဲ့ပါတယ်။

အလားတူ မန္တလေးတိုင်း မတ္တရာမြို့နယ်မှာလည်း တောင်ကန်ကျေးရွာအုပ်စု အောင်ချမ်းသာရွာ က စစ်ကောင်စီသတင်းပေးလို့ သတ်မှတ်ခံရသူ တစ်ဦး  ဒီမနက် ၁၀ နာရီခွဲဝန်းကျင်က သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။

သေနတ်နဲ့ ပစ်ခံရသူဟာ အသက် ၄၀ ကျော်အရွယ် ဦးညွန့်ခိုင်ထွန်း ဖြစ်ပြီး ဆိုင်ကယ်စီးနေတဲ့အချိန်မှာ ဆိုင်ကယ်လူ နှစ်ယောက်က လာရောက်ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“သူက ရွာမှာ စစ်ကောင်စီကို သတင်းပေးဒလန်လုပ်နေတာ။ အုပ်ချုပ်ရေးအဖွဲ့ထဲတော့မပါဘူး။ ငှက်ပျောခြံဘက် အသွားမှာ ပစ်ခံရတာ။” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

သေနတ်နဲ့ ပစ်ခံရသူ ဦးညွန့်ခိုင်ထွန်းဟာ ယာဘက်ရင်ညွန့် ပေါက်ထွက် ပြင်းထန် ဒဏ်ရာရရှိခဲ့ကာ မတ္တရာဆေးရုံ အရောက်မှာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။DVB

ထီးချိုင့်မြို့နယ်တွင် စစ်ကောင်စီက ဆက် တိုက်ရှာဖွေဖမ်းဆီးနေ 

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်တွင် စစ်တပ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ဝင်များကို ရှာဖွေရင်း မြို့ပေါ်နှင့် ကျေးရွာအချို့၌ ဖမ်းဆီးခံ ထားရသည့် ဒေသခံ ၂၀ ဦးထက်မနည်းရှိကာ သေဆုံးသူ ၈ ဦးရှိသည်ဟု ထီးချိုင့် PDF အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။ 

စက်တင်ဘာလကုန်ပိုင်းမှစတင်ပြီး ထီးချိုင့်မြို့နယ်ရှိ စစ်တပ်နှင့် ရဲအပါအဝင် ရပ်ကျေးအဆင့်အုပ်ချုပ်ရေးမှူးများ တိုက်ခိုက်ခံရပြီးနောက် ထီးချိုင့်မြို့ပေါ်နှင့် ကျေးရွာများတွင် စစ်တပ်က ဖမ်းဆီးသတ်ဖြတ်မှုများ ဆက်တိုက်လုပ်ဆောင်လာခြင်းဖြစ်သည်။ 

အောက်တိုဘာ ၃ နှင့်  ၄ တွင် ထီးချိုင့်မြို့နယ် ကမ်းနီနှင့် အလယ်တောရွာရှိ ရဲများနေထိုင်ခြင်းမပြုတော့သော်လည်း စစ်တပ်က ရွာများကို လာရောက်စီးနင်းရာတွင် စခန်းချလေ့ရှိသည့် ရဲကင်းစခန်း၂ ခုကို ထီးချိုင့် PDF က တိုက်ခိုက်ခဲ့သည်။ 

ထို့နောက် အောက်တိုဘာ ၆ ရက်မှ စတင်ကာ ထီးချိုင့်မြို့နယ်အတွင်း စစ်တပ်က ရှာဖွေဖမ်းဆီးရေး စတင်ခဲ့သည်။ 

ကမ်းနီရွာရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်၏ နေအိမ်၊ မိခင်၏အိမ်၊ တုံလုံရွာရှိ နှမဖြစ်သူ၏ နေအိမ်နှင့် စျေးဆိုင်တို့ကို အောက်တိုဘာ ၆ ရက်တွင် ဝင်ရောက်စီးနင်းစဉ် စစ်တပ်က ဖျက်ဆီးခဲ့သည်။ 

နောက်တစ်ရက်တွင် ထီးချိုင့်မြို့ပေါ်မှ ​​ရပ်ကျေးနှင့် မြို့နယ်အဆင့် NLD ပါတီဝင် ၃ ဦးကို ဖမ်းဆီးပြီး အောက်တိုဘာ ၈ ညပိုင်း၌ ပါတီထောက် ခံသူများကို လိုက်လံဖမ်းဆီးခဲ့ရာ ၁၅ နှစ်အရွယ် ၃ ဦးအပါအဝင် ၁၃ ဦး အဖမ်းခံရသည်။ 

ယင်းနေ့ (အောက်တိုဘာ ၈) မှာပင် အင်းတိန်ရွာမှ ဆိုင်ကယ်ပြင်ဆိုင်ပိုင်ရှင် အမျိုးသားတစ်ဦး ထီးချိုင့်မြို့ပေါ်အသွား ဆိုင်ကယ် Tool Box အ တွင်း ကျည်ဆန်ခွံတစ်ခု တွေ့ရှိသည်ဟု ဆိုကာ PDF သံသယဖြင့် အဖမ်းခံရပြီး စစ်ကြောရေး၌ ၂၄ နာရီမပြည့်မီ သေဆုံးခဲ့သည်။

ထီးချိုင့်မြို့နယ်၊ အလယ်တောရွာမှ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ထားသည့် အသက် ၂၀ ကျော်အရွယ် ကျောင်းဆရာ ကိုကျော်မျိုးလွင်ကို အောက်တိုဘာ ၉ ၌ စစ်တပ်က ဖမ်းဆီးခဲ့သည်။ ထိုနေ့က လေသာရွာကိုလည်း စစ်တပ်က ဝင်ရောက်စီးနင်းခဲ့သည်ဟု ထီးချိုင့် PDF အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

ထီးချိုင့်မြို့နယ် မြောက်ဘက် ၁၀ မိုင်ခန့်အကွာရှိ လေသာရွာကို အောက်တိုဘာ ၁၀ ရက် နံနက်ပိုင်းတွင် စစ်တပ်က ထပ်မံဝင်ရောက်စီးနင်းစဉ် PDF အဖွဲ့ဝင် ၄ ဦးသေဆုံးခဲ့ပြီး လူငယ်တချို့ ဖမ်းဆီးခံခဲ့ရသည်။

အဆိုပါဖြစ်စဉ်တွင် ဦးတင်ညွန့်၊ ဖြိုးမင်းထက်၊ လွင်မိုး၊ အောင်ကိုဝင်း တို့ ၄ ဦးသေဆုံးခဲ့ပြီး ထပ်မံရရှိထားသည့် သတင်းများအရ မျိုးမြင့်အောင်ဆိုသူ လူငယ်တစ်ဦးသေဆုံးခဲ့သည်ဟု ဆိုသော်လည်း အတည်မပြုနိုင်သေးကြောင်း ထီးချိုင့် PDF အဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

“အဲဒီတစ်ယောက်က အလောင်းရှာမတွေ့သေးဘူး၊ သူတို့ (လေသာရွာသားများ)ကတော့ တစ်လောင်းကတော့ ပျောက်နေပြီလို့ပဲ ပြောခဲ့တာကိုး၊ သေပြီလို့ပဲ မှတ်ယူထားကြတာပါ” ဟု ၎င်းက ဆက်ပြောသည်။

ဖမ်းဆီးခံရထားရသည့် CDM ကျောင်းဆရာ ကိုကျော်မျိုးလွင်မှာလည်း သေဆုံးသွားသည်ဟု သတင်းရထားကြောင်း ထီးချိုင့် PDF အဖွဲ့ထံမှ သိရသည်။ လေသာရွာစီးနင်းမှုပြီးနောက် အနီးအနားကျေးရွာများကို စစ်ကောင်စီတပ်က ဆက်တိုက်ရှာဖွေဖမ်းဆီးခဲ့သည်ဟု ဆိုသည်။ 

ထီးချိုင့်မြို့ပေါ်ရှိ အေးချမ်းတည်းခိုခန်းပိုင်ရှင် အသက် ၄၀ ကျော်အရွယ် ကိုဆန်းမင်းဆိုသူမှာ အောက်တိုဘာ ၁၀ ရက်နေ့ ညပိုင်းတွင်လည်း ကောင်း၊ Burma Gold ရွှေဆိုင်မှ အသက် ၅၀ ကျော်အရွယ်ရှိသည့် ဒေါ်မိမိလေးမှာ အောက်တိုဘာ ၁၃ ရက်တွင်လည်းကောင်း ဖမ်းဆီးခံခဲ့ရသည်။ 

ဒေါ်မိမိလေး၏ သမီးနှစ်ဦးဖြစ်သည့် ဦးနှောက်နှင့် အာရုံကြောခွဲစိတ်အထူးကုဆရာဝန် အသက် ၃၀ ကျော်အရွယ် မတိုးတိုးထိန်လင်းနှင့် ညီမ မမေသူထိန်လင်းတို့ကိုလည်း အောက်တိုဘာ ၈ ကတည်းက စစ်တပ်က ဖမ်းဆီးထားခဲ့သည်။ 

“ဒေါ်မိမိလေးကိုက စစ်မေးစရာရှိတယ်ဆိုပြီး ဒီနေ့မနက်ပဲ ခေါ်သွားတာ။ အိမ်မှာက အငယ်ဆုံးသမီးလေးနဲ့ တူမတွေပဲ ရှိတော့မှာ” ဟု နီးစပ်သူတစ်ဦးက ပြောသည်။

ထီးချိုင့်မြို့အရှေ့ဘက်ရှိ မောင်းကုန်း၊ ကိုးတဲ စသည့် ကျေးရွာများတွင် ယခုရက်ပိုင်းအတွင်း ဖမ်းဆီးခံခဲ့ရသည့် ဒေသခံအချို့ရှိသည်ဟု သိရသည်။

ထို့ကြောင့် တပ်မ ၃၃ နှင့် နယ်မြေခံတပ်အချို့က ထီးချိုင့်မြို့ ဘောလုံးကွင်းတွင် တပ်စွဲထားပြီး ထီးချိုင့်မြို့နယ်တဝိုက်ရှိ ကျေးရွာများကို ရှာဖွေဖမ်းဆီးမှုများပြုလုပ်ခဲ့သည်။

မေလအတွင်းကမှ စတင်ဖွဲ့စည်းခဲ့သည့် ထီးချိုင့် PDF အဖွဲ့သည် ကချင်လွတ်လပ်ရေးတပ်မတော်( KIA) နှင့် လက်တွဲ၍ စစ်ကောင်စီတပ်များကို တိုက်ခိုက်နေသောအဖွဲ့ဖြစ်ပြီး ၎င်းတို့အနေဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ကျော်ကို သုတ်သင်နိုင်ခဲ့သည်ဟု ဆိုသည်။myanmar now

ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဟောင်း နေအိမ်ဝင်းထဲ ချိန်ကိုက်မိုင်းဖြင့် ပစ်ခံရ

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဟောင်းပိုင် အိမ်ခြံဝင်းထဲ အောက်တိုဘာ ၁၄ ရက် မနက် ၉ နာရီဝန်းကျင်က ချိန်ကိုက်မိုင်းနဲ့ ပစ်ခံခဲ့ရပါတယ်။

ဆိုင်ကယ်နဲ့ အမျိုးသား ၂ ဦးက လာရောက်ပစ်သွားတာဖြစ်ပြီး မိုင်းကတော့ ပေါက်ကွဲမှုမရှိခဲ့ဘူးလို့ သိရပါတယ်။

အဲ့ဒီနောက် အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင်တွေရောက်လာပြီး သိပ္ပံလမ်းကို ပိတ်ဆို့ကာ မိုင်းရှင်းလင်းရေးနဲ့ စစ်ဆေးတာတွေ လုပ်ခဲ့တယ်လို့ အနီးပတ်ဝန်းကျင်ရှိ ပြည်သူတစ်ဦးက ပြောပါတယ်။

မိုင်းနဲ့ပစ်ခံရတဲ့ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဟောင်း ဦးတင်အေးပိုင်နေအိမ်ဟာ ယခင်က မန္တလေးအလင်း သတင်းစာတိုက်အဖြစ် အသုံး ပြုခဲ့တဲ့ ရုံးလည်းဖြစ်ပါတယ်။DVB

« Older Entries Recent Entries »