ခရမ်းမြို့နယ် နေရာအများစုတွင် စစ်ကောင်စီက သေနတ်ပစ်ဖောက်
ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်တွင် စစ်ကောင်စီမှ ယနေ့ အောက်တိုဘာလ ၁၄ရက် ည ၉ နာရီကျော် အချိန်မှစပြီး ခရမ်းမြို့တွင်း နှင့် ကျေးရွာများ၏ နေရာအများစုတွင် သေနတ်များ ပစ်ဖောက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
တစ်မြို့နယ်လုံးရှိ အုပ်ချုပ်ရေးမှူးများ အားလုံးနီးပါးနုတ်ထွက်သွားချိန်၌ စစ်ကောင်စီတပ်ဖွဲ့၀င်များက ထိုကဲ့သို့ ညအချိန် သေနတ်ပစ်ဖောက်ခြင်းများ ပြုလုပ်လာခြင်းဖြစ်သည်။
“ဒီတိုင်းဘာမှမဟုတ်ဘဲ မြို့မငြိမ်သက်အောင်ပစ်တာဗျ။ ဘာမှမဟုတ်ဘဲ ဒီတိုင်းအသားလွတ်ပစ်တာ။ ခရမ်းမြို့ရဲစခန်းဘက်မှာတော့ ၁၀ ချက် ၊၁၅ ချက် လောက်ပစ်တယ်ဗျ။ ရွာဘက်တွေမှာလည်း အဲလိုပဲ ပစ်သံတွေကြားတယ်”ဟု ဒေသခံ တစ်ဦးက မဇ္ဈိမကိုပြောသည်။ မြို့ပေါ်နေရာများတွင် ခရမ်းမြို့ရဲစခန်း၊ ခရမ်းမြို့အားကစားရုံ၊ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးရုပ်ထု၊ ဒေးပေါက်စစ်ဆေးရေးဂိတ် စသည့် နေရာများတွင် သေနတ်ဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့ကြသည်ဟု ဒေသခံများထံမှ သိရသည်။
ကျေးရွာများတွင် ဘုရားပျိုရဲစခန်း၊ ပိန်းကန်ကျေးရွာစသည့်နေရာများတွင် စုစုပေါင်း သေနတ် ၁၀ ချက် ပစ်ခတ်ကြကြောင်း သိရသည်။ သေနတ်ဖြင့် ပိန်းကန်ကျေးရွာတွင် ငါးချက်၊ ဘုရားပျိုကျေးရွာရဲစခန်းတွင် ငါးချက်ပစ်ခတ်ခဲ့သည်ဟု ဒေသခံများကဆိုသည်။ ခရမ်းမြို့တွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများ တစ်ယောက်မကျန် နုတ်ထွက်သည့်အပြင် ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းထားရှိသည်ဟု သိရသည်။ mizzima