ရှောင်တာနယ်လ်၏ ရှေ့နေနှင့် သီးသန့်တွေ့ခွင့်၊ စကားပြန်ထားခွင့် မရေမရာဖြစ်နေ 

ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးဆိုင်ရာအကြံပေးဖြစ်သူ ဩစတြေးလျနိုင်ငံသား ရှောင်တာနယ်လ် (Sean Turnell) မှာ ဖမ်းဆီးထိန်း သိမ်း ခံထားရပြီး ရှစ်လကျော်ကြာသည်အထိ ၎င်းအမှုအတွက် ရှေ့နေနှင့် သီးသန့်ဆွေးနွေးခွင့် မရသေးပေ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရအတွက် စီးပွားရေးဆိုင်ရာ အကြံပေးအဖြစ် လုပ်ကိုင်ခဲ့သူ ရှောင်တာနယ်လ်ကို စစ်ကောင်စီက အာဏာသိမ်းပြီး ငါးရက်အကြာ ဖေဖော်ဝါရီ ၆ ကတည်းက ဖမ်းဆီးထိန်းသိမ်းခဲ့ကာ ထောင် ၁၄ နှစ်အထိ ချနိုင်သည့် အစိုးရလျှို့ဝှက်ချက်များအက်ဥပဒေ ပုဒ်မ ၃ (၁) (ဂ) ဖြင့် အမှုဖွင့်ထားသည်။

ဩစတြေးလျနိုင်ငံသား ရှောင်တာနယ်လ်၏ အမှုကို နေပြည်တော်၊ ဒက္ခိဏခရိုင်တရားသူကြီး ဦးရဲလွင်က စစ်ဆေးနေခြင်းဖြစ်ကာ ယနေ့ (အောက်တိုဘာ ၁၄) ရုံးထုတ်စစ်ဆေးရာတွင် နာရီဝက်ခန့်သာ ကြာမြင့်ခဲ့သည်ဟု ရှေ့နေထံမှ သိရသည်။

“အခုထက်ထိ အမှုသည်နဲ့ အမှုအကြောင်း (သီးသန့်) ဆွေးနွေးခွင့် မရသေးဘူး”ဟု ရှောင်တာနယ်လ်၏ ရှေ့နေ ဦးရဲလင်းအောင်က Myanmar Now ကို ပြောသည်။

နေပြည်တော်ကောင်စီဝင်းအတွင်း သီးသန့်ဖွင့်ထားသည့် တရားရုံး၌ ရှောင်တာနယ်လ်ကို ရုံးထုတ်စစ်ဆေးခဲ့ခြင်းဖြစ်ပြီး၊ အမှုကိစ္စ သီးသန့်ဆွေးနွေးခွင့်ရရန် တရားသူကြီးထံ ယနေ့ လျှောက်ထားခဲ့ကြောင်း ဦးရဲလင်းအောင်က ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၇ ရက်က ရုံးချိန်းတွင် ပယ်ချခံရသည့် တရားခွင်၌ ရှောင်တာနယ်လ်အတွက် စကားပြန်ထားခွင့်အပေါ် မည်သို့ စီစဉ်ပေးမည်ကို နောက်တစ်ကြိမ်ရုံးချိန်းဖြစ်သည့် အောက်တိုဘာ ၂၈ တွင် သိရမည်ဟု တရားသူကြီးက ပြောသည်ဟု ဆိုသည်။ 

“စကားပြန်ထားခွင့်က ကျွန်တော်တို့ လျှောက်တာကိုပဲ ခွင့်မပြုတာ။ (စစ်ကောင်စီထိန်းချုပ်ထားသည့်) ပညာရေးဝန်ကြီးဌာနက စကားပြန်ခန့်ပေးမယ်ဆိုတဲ့ ကိစ္စက နောက်ရုံးချိန်းကျမှ (တရားသူကြီးက) ညွန်ကြားပေးမှာဗျ” ဟု ဦးရဲလင်းအောင်က ပြောသည်။

ရှောင်တာနယ်လ်နှင့်အတူ တစ်ပေါင်းတည်းစွဲဆိုခံထားရသည့် NLD အစိုးရ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးများဖြစ်သည့် ဦးကျော်ဝင်း၊ ဦးစိုးဝင်း၊ ဒုဝန်ကြီး ဦးဆက်အောင်တို့သည်လည်း သက်ဆိုင်ရာရှေ့နေများနှင့် အမှုကိစ္စ သီး သန့်ဆွေးနွေးခွင့်မရသေးကြောင်း၊ ယနေ့တရားခွင်အတွင်း တွေ့မြင်ရမှုအရ အားလုံးမှာ ကျန်းမာနေသည်ဟု ယူဆရကြောင်း ၎င်းက ပြော သည်။

အဆိုပါ အစိုးရလျှို့ဝှက်အက်အမှုကို မေလမတိုင်မီကတည်းက ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးသို့ စစ်ကောင်စီက တရားစွဲဆို တင်ပို့ထားခြင်းဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ဘက်မှ လိုက်ပါဆောင်ရွက်နေသည့် ရှေ့နေအဖွဲ့ထံမှ သိရသည်။

သို့သော် ကြားနာခြင်းမရှိဘဲ တစ်ပတ်တစ်ကြိမ်ရုံးချိန်းရက်များသာ ပေးနေခဲ့ပြီးနောက် စက်တင်ဘာ ၁၄ တွင် ဒေါ်အောင်ဆန်းစုကြည်ရှိနေသည့် နေပြည်တော်သို့ ပြောင်းကာ ဒက္ခိဏခရိုင်တရားသူကြီးက စစ်ဆေးရန် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ချသည်။

ထို့ကြောင့် ရန်ကုန်၊ အင်းစိန်ထောင်တွင် ရှိနေသည့် ရှောင်တာနယ်လ်နှင့် ဝန်ကြီးသုံးဦးကို စစ်ကောင်စီက နေပြည်တော်အချုပ်ထောင်သို့ လျှို့ ဝှက်ပို့ဆောင်ပြီးနောက် စက်တင်ဘာလ ၃၀ တွင် စွပ်စွဲခံရသူအားလုံးကို လူကိုယ်တိုင် ရုံးထုတ်သည့် ပထမဆုံးတရားခွင်ကို စတင်သည်။

သို့သော် ထိုရုံးချိန်း၌ စစ်ကောင်စီက လုံခြုံရေး အထူးတင်းကျပ်ခဲ့ပြီး စွပ်စွဲခံရသူတို့၏ ရှေ့နေနှင့် မိသားစုဝင်တို့၏ တရားခွင်သို့ ဝင်ရောက်ခွင့်ကိုပါ ဦးရေကန့်သတ်ခဲ့သည်။

ထို့အတူ လူကိုယ်တိုင် ရုံးထုတ်သည့် ဒုတိယအကြိမ်ရုံးချိန်း (အောက်တိုဘာ ၇) မှစ၍ စွပ်စွဲခံရသူတစ်ဦးလျှင် ရှေ့နေနှစ်ဦးနှုန်းသာ တရားခွင်သို့ ဝင်ခွင့်ပေးကြောင်း ဒေါ်အောင်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့ထံမှ သိရသည်။ myanmar now

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s