Monthly Archives: Oct 2021

လှည်းကူးမြို့နယ်တွင် ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်း

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်တွင် ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို အောက်တိုဘာ ၂၀ ရက် ရက်စွဲဖြင့် ဖွဲ့စည်းလိုက်ကြောင်း ယနေ့ ထုတ်ပြန်ထားသည်။ အဆိုပါ အဖွဲ့တွင် မြို့မိမြို့ဖများ၊ မြို့နေပြည်သူလူထုများ၊ တော်လှန်ရေးတွင် တက်ကြွစွာ လှုပ်ရှား ပါဝင်သော လွှတ် တော်ကိုယ်စားလှယ်များ၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ၊ ပြည်သူ့ လုံခြုံရေး တပ်ဖွဲ့များ၊ ဌာနဆိုင်ရာ အသီးသီးမှ CDM ပြည်သူ့ဝန်ထမ်းများနှင့် လှည်းကူး မြို့နယ်လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်များ ပါဝင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

” ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ အနေနဲ့ စစ်အာဏာရှင် စနစ်ကျဆုံးရေး၊ ဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်ရေး၊ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုမှာ ပါဝင်နေတဲ့ ပြည်သူ့ ဝန်ထမ်းတွေကို ကူညီထောက်ပံ့ရေး၊ ပြည်သူများရဲ့ အသံကို နားထောင်ပြီး လိုအပ်ချက်တွေ ကူညီနိုင်ရေး၊ ပြည်သူ့အာဏာ ပြည်သူများထံ ပြန်လည်တည်တံ့စေရေး စတဲ့ ရည်ရွယ်ချက်တွေကို အကောင်အထည်ဖော် ဆောင်ရွက်သွားမှာပါ”ဟု ကြားကာလ ပြည်သူ့ အုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ယခု ဖွဲ့စည်းလိုက်သည့် အုပ်ချုပ်ရေးအဖွဲ့ကို အလုံးစုံ ကာကွယ်ပေးသွားမည် ဖြစ်ကြောင်းလည်း လှည်းကူး မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့က ပြောသည်။ ” ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့အနေနဲ့ ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးမှာ အုပ်ချုပ်ရေး မဏ္ဍိုင်တွေကို အသက်သွင်းတဲ့ နေ ရာမှာ ဖြစ်ပေါ်လာနိုင်တဲ့ အခက်အခဲတွေအတွက် အလုံးစုံ တာဝန်ယူမှာ ဖြစ်ပါတယ်။

မတရား အာဏာသိမ်း၊ အာဏာရူး ကောင်တွေကို ပြစ် ဒဏ် စီရင်တာတွေ တရားစွဲဆိုတာတွေ ပြုလုပ်ရာမှာလည်း ဒီကြားကာလ တစ်ဖွဲ့လုံးနဲ့ သက်သေဖြစ်တဲ့ ပြည်သူ တစ်ရပ်လုံးကို အဆုံးစွန်အထိ ကာကွယ်ပေးကြမယ့် အဖွဲ့အစည်းပါ “ဟုလှည်းကူး မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တာဝန်ရှိသူက ဆိုသည်။ ပြည်သူတစ်ရပ်လုံးကလည်း ပူးပေါင်းဆောင်ရွက် ပေးပါရန် လှည်းကူးမြို့နယ် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့က တိုက်တွန်းထားသည်။mizzima

NUG ယာယီသမ္မတ ဒူဝါလရှီးလ သီတင်း ကျွတ်ဆုတောင်း၊ တော်လှန်ရေးတွင် ဆက် လက်ပါဝင်ကြရန် တိုက်တွန်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက ဒီကနေ့ကျရောက်တဲ့ သီတင်းကျွတ် လပြည့်နေ့မှာ ဆုတောင်းစကား ပြောကြားလိုက်ပြီး တော်လှန်ရေးမှာ ဆက်လက်ပါဝင်ကြဖို့ ပြည်သူတွေကို တိုက်တွန်းထားပါတယ်။

သီတင်းကျွတ်အခါသမယဟာ ဗုဒ္ဓဘာသာဝင်တွေအတွက် မြတ်စွာဘုရားရဲ့ ဂုဏ်ကျေးဇူး အထူးကို အောက်မေ့သတိရပူဇော်ကြတဲ့ကာလ ဖြစ်သကဲ့သို့ တပြည်လုံးမှ မိသားစုဝင်တွေ၊ မိဘနဲ့ သားသမီးတွေ၊ သက်ကြီးရွယ်အိုတွေကို ဂါရဝပြုကြလေ့ရှိတဲ့ ချစ်ခင်ကြင်နာမှု ထုံမွှန်းနေလေ့ရှိတဲ့ အချိန်အခါဖြစ်ပေမယ့် အခုအချိန်မှာတော့ စစ်အာဏာရှင် မင်းအောင် လှိုင်နဲ့ စစ်အုပ်စုတို့ရဲ့ ဖိစီးနှိပ်စက်မှုတွေကြောင့် မိသားစုများစွာမှာ တကွဲတပြား ဖြစ်နေ ကြရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အကျဉ်းထောင်တွေထဲ မတရားဖမ်းဆီးချုပ်နှောင်ခံထားရသူတွေ၊ တိုင်းပြည်ရဲ့ အာဏာရှင် စနစ်ဖျက်သိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအတွက် နေရာ ကဏ္ဍ အသီးသီးမှာ တိုက်ပွဲဝင်ပံ့ပိုးပေးနေသူတွေ၊ စစ်ဘေးရှောင်စခန်းတွေက ပြည်သူတွေ အားလုံး မိသား စုအသီးသီးနဲ့ အမြန်ဆုံးငြိမ်းချမ်းစွာ ဆုံစည်းကြစေနိုင်ဖို့လည်း အမျိုးသား ညီညွတ်ရေးအစိုးရမှ အစွမ်းကုန်ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။

စစ်အာဏာရှင်ရဲ့ ရမ်းကားသတ်ဖြတ်မှုတွေကြောင့် ပြန်လည်အစားထိုးမရနိုင်တဲ့ ဆုံးရှုံးမှုတွေ ကြုံတွေ့ခဲ့ရတဲ့ မိဘတွေနဲ့ သားသမီးတွေရဲ့ ဝမ်း နည်းပူဆွေးမှုတွေကိုလည်း ထပ်တူ ခံစားမိကြောင်းနဲ့ ပြည်သူလူထုတရပ်လုံးအနေနဲ့ သူတို့ရဲ့ စွန့်လွှတ်စွန့်စားမှုတွေကို သတိရပြီး စာနာလေး စားစိတ်တွေနဲ့ ပြည်သူ့တော်လှန်ရေးကို တခဲနက် ဆက်လက်ပါဝင် အားဖြည့်ကြဖို့လည်း မေတ္တာရပ်ခံတိုက်တွန်းထားပါတယ်။

အာဏာသိမ်း မင်းအောင်လှိုင်နဲ့ စစ်အုပ်စုတို့ရဲ့ ကိုယ်ကျိုးအတွက် စတေးခံနေရတဲ့ တပ်မ တော်သားတွေ၊ ရဲဝန်ထမ်းတွေနဲ့ ဌာနအသီးသီးမှ လူပုဂ္ဂိုလ်တွေကိုလည်း သီတင်းကျွတ် အခါသမယမှာ မိမိတို့ရဲ့ လုပ်ရပ်တွေကို ပြန်လည်စဉ်းစားဆင်ခြင်ကာ ပြည်သူနဲ့အတူ အ မြန်ဆုံးပူးပေါင်းကြဖို့လည်း တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့က စတင်ကာ အကြမ်းဖက်စစ်အုပ်စုက မတ ရားအာဏာသိမ်းယူခဲ့တာကို ဆန့်ကျင်ဆန္ဒပြခဲ့ကြတဲ့ နွေဦးတော်လှန်ရေးကာလဟာ ၈ လခွဲကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။

ဒီကာလတွေအတွင်း အကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့် ထိခိုက်ကျဆုံးရသူတွေ၊ ဖမ်းဆီး ထောင်ချခံရသူတွေနဲ့အတူ နိုင်ငံအဝန်း တောရောမြို့ပါမကျန် ဒေသခံပြည်သူ့ကာကွယ်ရေး တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေလည်း ပြင်းထန်နေတာပါ။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)ရဲ့ ထုတ်ပြန်ချက်အရ လတ်တလောအချိန်ထိ အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ကျဆုံးပြည်သူ ၁၁၈၀ ကျော်၊ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူပေါင်း ၉,၀၀၀ ကျော် ရှိခဲ့တယ်လို့ ဆိုပါတယ်။DVB

စစ်ကောင်စီတပ်မှ စွန့်ခွာလိုသော တပ်သားမိသားစုများရှိနေ၊ စစ်အရာရှိများက လူသားချင်း စာနာမှုမရှိဘဲ ကိုယ်ကျိုးအတွက်လုပ်နေ၊ စစ်တပ်သည် ပြည်သူကို လုံခြုံမှု မပေးနိုင်ဟု MNDAA ထံ တွင် အလင်းဝင်လာသော စစ်သား ကိုထိုက် ပြောဆို

စစ်ကောင်စီ စကခ ၁၂ လက်‌အောက်ခံ တပ်ရင်း(၅၄၅)တပ်မှ တပ်သားကိုထိုက်သည် ကိုးကန့် MNDAA အဖွဲ့ထံတွင် အလင်းဝင်လာပြီး စစ်ကောင်စီတပ်တွင် တပ်မှ စွန့်ခွာလိုသော တပ်မိသားစုများရှိနေကြောင်း၊ အရာရှိများက လူသားချင်းစာနာမှုမရှိဘဲ ကိုယ်ကျိုးဆောင်ရွက်နေကာ ပြည်သူကိုလည်း လုံခြုံမှု မပေးနိုင်တော့ကြောင်း တပ်သား ကိုထိုက်က ပြောဆိုသည်။

တပ်သားကိုထိုက်၏ ပြောဆိုချက်များကို MNDAA ကိုးကန့် ပြန်ကြားရေး The Kokang တွင် ယနေ့ အသေးစိတ် ဖော်ပြလိုက်ခြင်းဖြစ်သည်။ တပ်သားကိုထိုက်၏ပြောကြားချက်အရ စစ်ကောင်စီမှအာဏာ သိမ်းယူပြီးနောက်ပိုင်း တပ်သားကိုထိုက်၏ အစ်ကိုအရင်းသည် စစ်ကောင်စီကို ဆန့်ကျင်သော ဆန္ဒပြပွဲတွင် ရဲတပ်ဖွဲ့ဝင်၏ ပစ်ခတ်ခြင်းကြောင့် သေဆုံးသွားခဲ့ကြောင်း၊ ထို့ကြောင့် စစ်ကောင်စီတပ်ထဲတွင်ဆက်လက်ပြီးတာဝန်မထမ်းဆောင်ချင်တော့ဘဲ ကိုးကန့်MNDAA တပ်သို့လာရောက်အလင်းဝင်ခြင်းဖြစ်ကြောင်း သိရှိရသည်။

စစ်ကောင်စီတပ်များတွင် တပ်သားတို့၏မိသားစုများကို စစ်ကောင်စီက ကျပ်တည်းစွာထိန်းချုပ်ပြီး တချို့တပ်သားတွေလည်း စစ်ကောင်စီတပ်ထဲတွင်ဆက်လက်ပြီး တာဝန်မထမ်းဆောင်ချင်တော့ကြောင်း၊ သို့သော် အများစုမှာ မိသားစုအတွက်စိုးရိမ်မှုများရှိနေကြောင်း၊ စစ်ကောင် စီအရာရှိများသည် တပ်သားတွေကို လူသားချင်းစာနာမှုမရှိဘဲ ပြည်သူအကျိုးအတွက်လုပ်ဆောင် ခြင်းမဟုတ်ကြောင်း၊ စစ်ကောင်စီသည် ပြည်သူအတွက်လုံခြုံကိုလည်းမဆောင်ရွက်ပေးနိုင်ကြောင်း တပ်သားကိုထိုက်ကပြောဆိုသည်။

တပ်သားကိုထိုက်သည် လက်ပစ်ဗုံး ၂ လုံးနှင့်အတူ အောက်တိုဘာလ ၁၈ ရက်နေ့တွင် ကိုးကန့်MNDAA ထံတွင် အလင်းဝင်ခဲ့ပြီး စစ်ကောင်စီတပ်ကို ပြန်လည် တိုက်ခိုက်လိုကြောင်း ထုတ်ဖော်ပြောဆိုသည်။

တပ်သားကိုထိုက်သည် စစ်ကောင်စီတပ် စကခ ၁၂ လက်‌အောက်ခံ တပ်ရင်း (၅၄၅) တပ်ရင်းမှူး၏ ကိုယ်ရံတော်ဖြစ်ပြီးစနိုက်ပါကျွမ်းကျင်သူတစ်ဦးလည်းဖြစ်ကြောင်း၊ ၂၀၁၃ ခုနှစ်တွင်စစ်ကောင်စီတပ်သို့ဝင်ရောက်ပြီး ၂၀၁၅ ခုနှစ်တွင်(၅၄၅)တပ်ရင်း နှင့်အတူ ကိုးကန့် ရန်လုံကျိုက်ဒေသသို့အခြေကျခဲ့ကြောင်း၊ ထို့နောက် တပ်ဖွဲ့နှင့်အတူ ကရင်ပြည်နယ်သို့လွဲပြောင်းပြီး ၂၀၂၀ ခုနှစ် ဇူလိုင်လတွင်ကိုးကန့်ဒေသသို့ပြန်လည် ပြောင်းရွေ့လာခဲ့ကြောင်း၊ ယခုနှစ်ဇွန် လပိုင်းတွင် ဟုန်အိုင်‌ဒေသဟုန်ကုတ်သို့ရောက် လာကြောင်း သိရှိရသည်။

တပ်သားကိုထိုက်က စစ်ကောင်စီတပ်က ပြန်လည်ဖမ်းမိမည်ကို ကြောက်ရွံ့ပြီး ကိုးကန့်တပ်က ၎င်းကိုယုံကြည်လက်ခံလျှင် စစ်ကောင်စီကိုတိုက်ခိုက်ရန် ကိုးကန့်တပ်တွင် ပါဝင်လိုကြောင်း ထုတ်ဖော်ပြောဆိုသည်။ khit thit

ပေါင်းတည်မြို့နယ်၊ သစ်ပုတ်ကျေးရွာတွင် ဆက်သွယ်ရေး တာဝါတိုင်စောင့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ

ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ သစ်ပုတ်ကျေးရွာရှိ မိုင်တဲလ် ဆက်သွယ်ရေးတာဝါတိုင် လုံခြုံရေး ယူနေသည့် စစ်ကောင်စီတပ်ကို ယနေ့ အောက်တိုဘာ ၂၀ ရက်၊ နံနက် ၂ နာရီခန့်တွင် ဝင်ရောက် တိုက်ခိုက်ခဲ့သည်ဟု ပေါင်းတည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF) က ဆိုသည်။

နှစ်ဖက် အပြန်အလှန် ၁၅ မိနစ်အထိ ပစ်ခတ်ခဲ့ကျပြီး စစ်ကောင်စီဘက်မှ ငါးဦး သေဆုံးခဲ့ပြီး ၎င်းတို့ ဘက်က အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်ဟု ပေါင်းတည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF) အဖွဲ့ဝင် တစ်ဦးက ပြောသည်။စစ်ကောင်စီတပ်သား ငါးဦး ကျဆုံးသည်ဟု ပေါင်းတည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဘက်က ပြောဆိုသော်လည်း ယင်းကျဆုံးစာရင်း အသေးစိတ်ကို မဇ္ဇျိမက သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ။

“တာဝါတိုင် လုံခြုံရေး တာဝန်ကျတဲ့ စစ်သား ရှစ်ယောက်က တာဝါတိုင် အနီးနားမှာ စခန်း ချပါတယ်။ ညသန်းခေါင်ကျော်မှာ ရုတ်တရက် အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်တာဖြစ်လို့ သူတို့ဘက်က ထိထိရောက်ရောက် မတုန့်ပြန်နိုင်ပါဘူး။ စီစဥ်ထားတဲ့အတိုင်း တိုက်ခိုက်ပြီး စနစ်တကျ အောင်အောင် မြင်မြင် ပြန်လည် ဆုတ်ခွါနိုင်ခဲ့ပါတယ်။ ပထမအကြိမ် ဖောက်ခွဲ ထားပါတယ်။ဒါကို ပစ္စည်းအသစ်တွေလဲလှယ်ပြီး လုံခြုံရေး ချထားတာပါ”ဟု ဒေသခံ PDF အဖွဲ့ဝင် တစ်ဦးက ပြောသည်။

တိုက်ခိုက်မှု့ ဖြစ်ပွား ခဲ့ပြီးနောက် သစ်ပုတ်ကျေးရွာအနီး တဝိုက်ကို စစ်ကောင်စီတပ်မှ အင်အား အများအပြားဖြင့် ပိတ်ဆို့ရှာဖွေနေကြောင်း ဒေသခံများထံမှ သိရသည်။ “စစ်သားတွေကို လာပစ်တာလို့ သိရတယ်။ အထိအခိုက်တော့ ရှိတယ်”ဟု အမည် မဖော်လိုသူ ဒေသခံတစ်ဦး က ပြောသည်။mizzima

ကန့်ဘလူမြို့တွင် CDM ဆရာဝန်ရှုတ်ချပွဲ ဦးဆောင်သူ သေနတ်ပစ်ခံရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့မှာ CDM ဆရာဝန်တွေကိုရှုတ်ချပွဲ ဦးဆောင်ပြုလုပ်ခဲ့တဲ့  အမျိုးသား တယောက်ကို သေနတ်နဲ့ပစ်ခတ်ခဲ့တယ်လို့ Kanbalu underground warriors (KBU-UG) အဖွဲ့က  အောက်တိုဘာ ၁၉ ရက်မှာ ထုတ်ပြန်ပါတယ်။

မြို့ခံတွေအကြား ဒလန်လို့ သတ်မှတ်ခံထားရတဲ့  ကိုအောင်သူထွန်းကို သူ သစ်သီးရောင်းနေကျ ကန့်ဘလူမြို့ ရွှေစည်ကြီးဘုရားအနီးမှာ အောက်တိုဘာ ၁၇ ညနေ ၅ နာရီဝန်းကျင်မှာ  ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

“ပစ်လိုက်တဲ့သူက လူကြားထဲ အရဲစွန့်ဝင်ပစ်ရတာလေ။ အဲဒီမှာ ထိပြီး ကျည်ဒဏ်ရာနဲ့ အနီးနားက  မြို့မရဲစခန်းထဲကို ချက်ချင်း ဝင်ပြေးသွားတယ်။ သေလား ရှင်လား နောက်ဆက်တွဲ အခြေအနေကိုတော့ အခုထိ မသိရသေးဘူး”လို့ KBU-UG တာဝန်ရှိသူက ပြောပါတယ်။

သေနတ်ပစ်သတ်ခံရသူဟာ လက်ရှိ  ကြံ့ခိုင်ရေးပါတီဝင် ကန့်ဘလူ အမှတ် ၁ ရပ်ကွက်  အုပ်ချုပ်ရေးမှူးဦးဝင်းဆွေရဲ့သား  ပျူစောထီးအဖွဲ့ဝင်တစ်ဦး ဖြစ်တယ်လို့လည်း ဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် CDM လှုပ်ရှားမှုတွေ စတင်ကျယ်ပြန့်လာခါစက တနိုင်ငံလုံး ဘယ်နေရာမှာမှ မလုပ်တဲ့ CDM ဆရာဝန်များရှုတ်ချပွဲကို မတ်လ ၁ ရက်နေ့က  ကန့်ဘလူ ခုတင် (၁၀၀) ဆေးရုံရှေ့မှာ ကိုအောင်သူထွန်းက ဦးဆောင်ပြုလုပ်ခဲ့တာပါ။

“ပြည်သူ့အကျိုးဆန့်ကျင်သော ဆရာဝန်များ အလိုမရှိ ဘာတဲ့ ဆရာဝန်ကျင့်ဝတ်နှင့်မညီသော CDM ဆရာဝန်များ အလိုမရှိ ဆိုပြီး အဲ့နေ့က အော်ကြတာ”လို့  ဒေသခံတစ်ဦးက ပြောပါတယ်။DVB

မြောင်မြို့တော်လှန်ရေးထဲက အာဇာနည် ၂ ဦး

မြောင်မြို့က ပြောက်ကျားတပ်ဖွဲ့များဖြစ်ကြသော ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့- CDSOM အဖွဲ့ဝင် ကိုသန်းထူးအောင် နှင့် နှလုံးလှလူမိုက်ကြီးများအဖွဲ့မှ ကိုသက်နိုင်ဦးတို့၏ ဈာပနကို အောက်တိုဘာ ၁၈ ရက်နေ့က ကျင်းပရာ နောက်ဆုံးခရီးကို လိုက်ပါပို့ဆောင်သူ များပြားလှသည်။

အခမ်းအနားသို့ မဟာမိတ်အဖွဲ့များဖြစ်ကြသော နှလုံးလှလူမိုက်ကြီးများအဖွဲ့၊ တလုပ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ 27 Revolution Forces၊ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေး အထူးတပ်ဖွဲ့ (MSPDF) နှင့် မြင်းမူလျှပ်စီးပြောက်ကျားတပ်ဖွဲ့တို့ အပြင် ဒေသခံလူထုအပါအဝင် စုစု ပေါင်း ၅၀၀ ကျော်ခန့် တက်ရောက်ခဲ့ကြသည်။ပြည်သူ့ကာကွယ်ရေးအဖွဲ့အသီးသီးမှလည်း လွမ်းသူ့ပန်းခွေများ၊ ဝမ်းနည်းကြောင်းစာလွှာများပေးပို့ကာ ကျဆုံး သွားသော တော်လှန်ရေးသမားများအား လေးစားချစ်ခင်ကြောင်း ပြသခဲ့ကြပါသည်။

နှလုံးလှလူမိုက်ကြီးများအဖွဲ့၏ တာဝန်ရှိသူတစ်ဦးကတော့ အသက်စွန့်သွားခဲ့ရသူနှစ်ဦးကို ” အာဇာနည်သူရဲကောင်းများ” ဟု ခေါ်ဝေါ်ထားပါသည်။ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ ကျဆုံးသွားမှုအပေါ် CDSOM အဖွဲ့တာဝန်ရှိသူမှ ” အဖွဲ့သား တစ်‌ယောက်ကျသွားတိုင်း ကျွန် တော်တို့က အဲဒါကို ဘယ်တော့မှ မမေ့ဘူး။ အမြဲအမှတ်တရရှိတယ်။ ကျွန်တော်တို့က သူတို့အတွက် အလုပ် နှစ်ဆ၊ သုံးဆ ပိုလုပ်တယ်။ ကျဆုံးသွားတဲ့ရဲဘော်တွေကိုယ်စား တော်လှန်ရေးကို အဆုံးထိလုပ်ဖို့ ကျွန်တော်တို့ရဲ့စိတ်တွေ ပိုခိုင်မာလာတယ်။ ဒီတော်လှန်ရေးကို ဘယ်နည်းနဲ့မှ နောက်မဆုတ်နိုင်ပါဘူး။

ပြီးတဲ့အထိ တိုက်မယ်ဆိုတဲ့ ခံယူချက်၊ ယုံကြည်မှုတွေ အပြည့်ရှိလာတယ်။ အောင်မြင်တဲ့အထိ မဆုတ်မနှစ်နဲ့ ဆက်ပြီး တိုက်ပွဲဝင်သွားမယ်” ဟု ပြောသည်။အသက် ၂၂ နှစ်အရွယ်ရှိ ကိုသန်းထူးအောင်နှင့် အသက် ၃၈ နှစ်အရွယ် ကိုသက်နိုင်ဦးတို့သည် အောက်တိုဘာလ ၁၆ ရက်နေ့က ရှေ့တန်းရဲဘော်များအတွက် အထူးလိုအပ်သော ဖောက်ခွဲရေးပစ္စည်းများ၊ လက်လုပ်သေနတ်များပြုလုပ်နေစဉ် မိုင်းပေါက်ကွဲမှုဖြစ်ကာ ကျဆုံးသွားခဲ့ရသည်။

ကိုသန်းထူးအောင်မှာ ကျောင်းသားတစ်ဦးဖြစ်ပြီး CDSOM အဖွဲ့နှင့် ပူးပေါင်းလာသည်မှာ တစ်လကျော်ခန့်သာ ရှိသေးသည်။ ၎င်းမှာ အဖွဲ့၏ လက်နက်ထုတ်လုပ်ရေးပိုင်းတွင် တာဝန်ကျသူဖြစ်ပြီး အဓိကတာဝန်ယူထားသည့်အပိုင်းက ဖောက်ခွဲရေးပစ္စည်းနှင့် လက်လုပ်သေနတ်များ ထုတ်လုပ်‌ခြင်း ဖြစ်သည်။ သူနှင့်ပတ်သက်၍ CDSOMအဖွဲ့တာဝန်ရှိသူတစ်ဦးက “အသက်လည်း ငယ်သေးတယ်။ သန့်သန့်ပြန့်ပြန့်နဲ့ ကျောင်း သားတစ်ယောက်ပါ။

စကားက တော်တော်နည်းတယ်။ ဒါပေမယ့် အလုပ်ကတော့ ဘယ်အချိန်ဖြစ်ဖြစ် နေ့ပဲဖြစ်ဖြစ် ညပဲဖြစ်ဖြစ် မငြီးမညူဘဲ အချိန်ပြည့် လုပ်နေတာပေါ့။ သူ့မိဘတွေကလည်း မောင်နှမ နှစ်‌ယောက်တည်းရှိတာဆိုတော့ ခုချိန်ထိလည်း ငိုလိုက် တက်လိုက်နဲ့ ယူကြိုးမရ ဖြစ်နေတယ် ” ဟု ပြောသည်။

ကိုသက်နိုင်ဦးကတော့ မြောင်မြို့နယ်တောင်ပိုင်း၊ ပေါက်ချောင်းရွာဇာတိဖွားဖြစ်သည်။ တောင်ယာလုပ်သူမိဘနှစ်ပါးကမွေးဖွားသော မွေးချင်းနှစ်ဦးအနက် သူက အငယ်ဖြစ်သည်။“သူ့မိဘတွေကလည်း သားသမီးအပေါ် နှမြောတဲ့စိတ်ပဲရှိတယ်။

အခုလိုတော်လှန်ရင်း အသက်ပေးသွားရတဲ့အပေါ် နောင်တရတာမျိုးလည်း လုံးဝမရှိဘူး” ဟု အဖွဲ့တာဝန်ရှိသူက ပြောသည်။ အောက်တိုဘာ လ ၂ ရက်နေ့ကလည်း စစ်ကောင်စီတပ်အား တော်လှန်တိုက်ပွဲဝင်ရင်း CDSOM အဖွဲ့မှ ရဲဘော် ဗျတ္တ နှင့် ရဲဘော် ကျော်ဖြိုး တို့ အသက်စွန့်ခဲ့ကြရသည်။လက်ရှိအချိန်ထိ CDSOM အဖွဲ့မှ ကျဆုံးသူ သုံးဦးနှင့် စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံရသူ ၂၀ ကျော်ရှိပြီဖြစ်သည်။mizzima

မင်းလှမြို့နယ်တွင် ကပစ စက်ရုံဝန်ထမ်း ၆ ဦးအပါဝင် ကိုဗစ်-၁၉ လူနာသစ် ၁၃ ဦးထပ်တွေ့

မကွေးတိုင်း၊ မင်းလှမြို့နယ်က စစ်လက်နက်ပစ္စည်းတွေထုတ်လုပ်ပေးတဲ့ ကပစ စက်ရုံ ၂ ရုံက ဝန်ထမ်း ၆ ယောက်အပါအဝင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၃ ယောက် အောက်တိုဘာလ ၁၉ ရက်က ထပ်မံတွေ့ရှိခဲ့တယ်လို့ ပရဟိတအဖွဲ့တွေ ဆီကနေ သိရပါတယ်။

မင်းလှမြို့နယ် ပြည်သူ့ကျန်းမာရေးဌာနမှာ မနေ့က နေ့လယ်ပိုင်းက ကိုဗစ်-၁၉ သံသယ လူနာတွေနဲ့ နေရပ်ပြန်လာသူ ၂၇၀ ယောက်ကို RDT Test Kits နဲ့ စစ်ဆေးရာ အမျိုးသား ၁၂ ယောက်နဲ့ အမျိုးသမီး ၁ ယောက်မှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့တာလို့ ပရဟိတအဖွဲ့ဝင် တစ်ယောက်က ပြောပါတယ်။

အဲဒီပိုးတွေ့တဲ့အထဲမှာ ကပစ(၂) စက်ရုံက အမျိုးသား ၁ ယောက်နဲ့ ကပစ (၁၀) စက်ရုံက အမျိုးသား ၅ ယောက်မှာ ကိုဗစ်ရောဂါပိုးတွေရှိခဲ့တယ်လို့ ဆိုပါတယ်။

ကိုဗစ်ရောဂါပိုးတွေ့တဲ့လူနာတွေကို ကပစ စက်ရုံနှစ်ရုံရှိ  ကိုဗစ်စင်တာတွေနဲ့ မင်းလှမြို့ ပြည်သူ့ဆေးရုံ၊ လင်းကယ်၊ ရေနံမ၊ လက်ပံတံခါး တိုက်နယ်ဆေးရုံတွေနဲ့ မကျီးပင်ကျင်း၊ ဇီးတောကျေးရွာတွေရှိ  ကိုဗစ်စင်တာတွေမှာ ဆေးကုသပေးနေပါတယ်။

မင်းလှမြို့နယ်ထဲမှာ အောက်တိုဘာ ၁ ရက်အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၃၁၇၂ ယောက်တွေ့ရှိခဲ့ပြီးတော့ သေဆုံးတဲ့သူ ၇၀ ယောက်ရှိတယ်လို့ ကျန်းမာရေးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။DVB

မန္တလေးခရိုင် တရားရုံးနှင့် ချမ်းအေးသာစံမြို့နယ် တရားရုံး၂ခုကြားတွင် ပေါက်ကွဲမှုဖြစ်

မန္တလေးတိုင်း ၊ချမ်းအေးသာစံမြို့နယ် ၆၅ လမ်း (၃၃ လမ်းနှင့် ၃၅ လမ်းကြား) ပေါ်ရှိ မန္တလေးခရိုင်တရားရုံးနှင့် ချမ်းအေးသာစံမြို့နယ် တရား ရုံးကြားတွင် ယနေ့ အောက်တိုဘာ ၂၀ ရက် နံနက် ၆ နာရီဝန်းကျင်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။“မနက်အစော ကြီးဆိုတော့ ပေါက်ကွဲသံကြီးက အကျယ်ကြီးပဲကြားရတယ်။

ပြင်းအားလည်း အတော်များမယ်ထင်တယ်။ အခုထွက်ကြည့်တော့ ဗုံးပေါက်တာလို့ သိရတယ်။ စကစတွေလည်း အများကြီးပဲ ရောက်နေတယ်” ဟု တရားရုံး နှစ်ရုံးအနီးရှိ ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောသည်။အဆိုပါ တရားရုံးနှစ်ခုကြားတွင် ပြင်းထန်သည့် ပေါက်ကွဲမှုကြီး ဖြစ်ပွားခဲ့ပြီးနောက် လက်ရှိတွင် ပေါက်ကွဲမှုဖြစ်သည့်နေရာ အနီးတစ်ဝိုက်ကို စစ်ကောင်စီလက်နက်ကိုင်များက ပိတ်ဆို့စစ်ဆေး နေသည်။

“အဲဒီအနားမှာ ရဲတွေရှိတတ်တယ်။ ရုံးဖွင့်ရက်တွေဆို အရပ်ဝတ်တွေနဲ့ရော၊ ယူနီဖောင်းဝတ်တွေ ပါရှိတယ်။ အခုပေါက်ကွဲတဲ့ နေရာက အဲဒီနေရာပါ။ လူအထိအခိုက်တော့ မသိသေးဘူး” ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ပေါက်ကွဲမှုဖြစ်စဉ်နှင့် ပတ်သက်၍ မည်သည့်အဖွဲ့အစည်းက ပြုလုပ်သည်ဆိုသည်ကို သတင်းထုတ်ပြန်ခြင်းမျိုး မတွေ့ရသေးပေ။ဒေသခံ တော်လှန်ရေး အင်အားစုများအနေဖြင့် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီ လက်အောက်ခံ ရုံးဌာနများအား ဗုံးခွဲတိုက်ခိုက်မှုများ ပြုလုပ်နေသည်ကို တွေ့ရသည်။mizzima

ပုသိမ်အကျဥ်း​ထောင်မှ နိုင်ငံရေးအကျဉ်းသား ၁၁ ဦး ပြန်လွတ်

ဧရာဝတီတိုင်း၊ ပုသိမ်အကျဥ်း​ထောင်မှာ  ဖမ်းဆီးထိမ်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား  ၁၁ ယောက်ကို  ​အောက်တိုဘာလ ၁၉ ရက်နေ့မှာ အမှုပိတ်သိမ်းပြီး ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

ပုသိမ်အကျဥ်း​ထောင်မှာဖမ်းဆီးခံထားရတဲ့ ပုသိမ်မြို့နယ်နဲ့ သာပေါင်းမြို့နယ်က လွှတ်တော် ကိုယ်စားလှယ်တွေ၊ နိုင်ငံ​ရေးတက်ကြွလှုပ်ရှားသူတွေနဲ့ သတင်းသမားတွေကတော့ ပြန်လွတ်လာတာ မရှိသေးပါဘူး။

“သူတို့ဖိအား​တွေ​ကြောင့် လွှတ်​ပေးတာ​လေ၊ မဖမ်းသင့်ဘဲဖမ်းထားတာ​။ အကုန်လွှတ်ရမှာ အာဏာ​တောင်လုယူထားပြီး အာဏာရှင်​တွေကျဆုံးမှ တိုင်းပြည်​အေးချမ်းမယ်”လို့ နိုင်ငံ​ရေးတက်ကြွလှုပ်ရှားသူတစ်ဦး က ​ပြောပါတယ်။

စစ်ကောင်စီက ဖမ်းဆီးထောင်ချခံထားရသူ  ၁၃၁၆ ဦးကို လွတ်ငြိမ်းသက်သာခွင့်ပေးပြီး၊ တရားစွဲဆိုထားသူ ၄၃၂၀ ဦးကို အမှုပိတ်သိမ်းကြောင်း ​အောက်တိုဘာ ၁၈ ရက်​​နေ့က ထုတ်ပြန်ခဲ့ပါတယ်။

ပြစ်ဒဏ်ကျခံပြီးသူတွေဟာ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁ (၁)အရ ပြစ်မှု ထပ်မံကျူးလွန်ပါက အခုကျန်ရှိနေသည့်ပြစ်ဒဏ်တွေကို ထပ်မံ ကျခံရမယ်ဆိုတဲ့  ခံဝန်နဲ့ လွှတ်ပေးခဲ့တာဖြစ်ပါတယ်။DVB

« Older Entries