ပေါင်းတည်မြို့နယ်၊ သစ်ပုတ်ကျေးရွာတွင် ဆက်သွယ်ရေး တာဝါတိုင်စောင့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ

ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ သစ်ပုတ်ကျေးရွာရှိ မိုင်တဲလ် ဆက်သွယ်ရေးတာဝါတိုင် လုံခြုံရေး ယူနေသည့် စစ်ကောင်စီတပ်ကို ယနေ့ အောက်တိုဘာ ၂၀ ရက်၊ နံနက် ၂ နာရီခန့်တွင် ဝင်ရောက် တိုက်ခိုက်ခဲ့သည်ဟု ပေါင်းတည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF) က ဆိုသည်။
နှစ်ဖက် အပြန်အလှန် ၁၅ မိနစ်အထိ ပစ်ခတ်ခဲ့ကျပြီး စစ်ကောင်စီဘက်မှ ငါးဦး သေဆုံးခဲ့ပြီး ၎င်းတို့ ဘက်က အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်ဟု ပေါင်းတည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF) အဖွဲ့ဝင် တစ်ဦးက ပြောသည်။စစ်ကောင်စီတပ်သား ငါးဦး ကျဆုံးသည်ဟု ပေါင်းတည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဘက်က ပြောဆိုသော်လည်း ယင်းကျဆုံးစာရင်း အသေးစိတ်ကို မဇ္ဇျိမက သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ။
“တာဝါတိုင် လုံခြုံရေး တာဝန်ကျတဲ့ စစ်သား ရှစ်ယောက်က တာဝါတိုင် အနီးနားမှာ စခန်း ချပါတယ်။ ညသန်းခေါင်ကျော်မှာ ရုတ်တရက် အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်တာဖြစ်လို့ သူတို့ဘက်က ထိထိရောက်ရောက် မတုန့်ပြန်နိုင်ပါဘူး။ စီစဥ်ထားတဲ့အတိုင်း တိုက်ခိုက်ပြီး စနစ်တကျ အောင်အောင် မြင်မြင် ပြန်လည် ဆုတ်ခွါနိုင်ခဲ့ပါတယ်။ ပထမအကြိမ် ဖောက်ခွဲ ထားပါတယ်။ဒါကို ပစ္စည်းအသစ်တွေလဲလှယ်ပြီး လုံခြုံရေး ချထားတာပါ”ဟု ဒေသခံ PDF အဖွဲ့ဝင် တစ်ဦးက ပြောသည်။
တိုက်ခိုက်မှု့ ဖြစ်ပွား ခဲ့ပြီးနောက် သစ်ပုတ်ကျေးရွာအနီး တဝိုက်ကို စစ်ကောင်စီတပ်မှ အင်အား အများအပြားဖြင့် ပိတ်ဆို့ရှာဖွေနေကြောင်း ဒေသခံများထံမှ သိရသည်။ “စစ်သားတွေကို လာပစ်တာလို့ သိရတယ်။ အထိအခိုက်တော့ ရှိတယ်”ဟု အမည် မဖော်လိုသူ ဒေသခံတစ်ဦး က ပြောသည်။mizzima