မန္တလေးခရိုင် တရားရုံးနှင့် ချမ်းအေးသာစံမြို့နယ် တရားရုံး၂ခုကြားတွင် ပေါက်ကွဲမှုဖြစ်

မန္တလေးတိုင်း ၊ချမ်းအေးသာစံမြို့နယ် ၆၅ လမ်း (၃၃ လမ်းနှင့် ၃၅ လမ်းကြား) ပေါ်ရှိ မန္တလေးခရိုင်တရားရုံးနှင့် ချမ်းအေးသာစံမြို့နယ် တရား ရုံးကြားတွင် ယနေ့ အောက်တိုဘာ ၂၀ ရက် နံနက် ၆ နာရီဝန်းကျင်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။“မနက်အစော ကြီးဆိုတော့ ပေါက်ကွဲသံကြီးက အကျယ်ကြီးပဲကြားရတယ်။
ပြင်းအားလည်း အတော်များမယ်ထင်တယ်။ အခုထွက်ကြည့်တော့ ဗုံးပေါက်တာလို့ သိရတယ်။ စကစတွေလည်း အများကြီးပဲ ရောက်နေတယ်” ဟု တရားရုံး နှစ်ရုံးအနီးရှိ ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောသည်။အဆိုပါ တရားရုံးနှစ်ခုကြားတွင် ပြင်းထန်သည့် ပေါက်ကွဲမှုကြီး ဖြစ်ပွားခဲ့ပြီးနောက် လက်ရှိတွင် ပေါက်ကွဲမှုဖြစ်သည့်နေရာ အနီးတစ်ဝိုက်ကို စစ်ကောင်စီလက်နက်ကိုင်များက ပိတ်ဆို့စစ်ဆေး နေသည်။
“အဲဒီအနားမှာ ရဲတွေရှိတတ်တယ်။ ရုံးဖွင့်ရက်တွေဆို အရပ်ဝတ်တွေနဲ့ရော၊ ယူနီဖောင်းဝတ်တွေ ပါရှိတယ်။ အခုပေါက်ကွဲတဲ့ နေရာက အဲဒီနေရာပါ။ လူအထိအခိုက်တော့ မသိသေးဘူး” ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
ပေါက်ကွဲမှုဖြစ်စဉ်နှင့် ပတ်သက်၍ မည်သည့်အဖွဲ့အစည်းက ပြုလုပ်သည်ဆိုသည်ကို သတင်းထုတ်ပြန်ခြင်းမျိုး မတွေ့ရသေးပေ။ဒေသခံ တော်လှန်ရေး အင်အားစုများအနေဖြင့် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီ လက်အောက်ခံ ရုံးဌာနများအား ဗုံးခွဲတိုက်ခိုက်မှုများ ပြုလုပ်နေသည်ကို တွေ့ရသည်။mizzima