မြောင်မြို့တော်လှန်ရေးထဲက အာဇာနည် ၂ ဦး

မြောင်မြို့က ပြောက်ကျားတပ်ဖွဲ့များဖြစ်ကြသော ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့- CDSOM အဖွဲ့ဝင် ကိုသန်းထူးအောင် နှင့် နှလုံးလှလူမိုက်ကြီးများအဖွဲ့မှ ကိုသက်နိုင်ဦးတို့၏ ဈာပနကို အောက်တိုဘာ ၁၈ ရက်နေ့က ကျင်းပရာ နောက်ဆုံးခရီးကို လိုက်ပါပို့ဆောင်သူ များပြားလှသည်။
အခမ်းအနားသို့ မဟာမိတ်အဖွဲ့များဖြစ်ကြသော နှလုံးလှလူမိုက်ကြီးများအဖွဲ့၊ တလုပ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ 27 Revolution Forces၊ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေး အထူးတပ်ဖွဲ့ (MSPDF) နှင့် မြင်းမူလျှပ်စီးပြောက်ကျားတပ်ဖွဲ့တို့ အပြင် ဒေသခံလူထုအပါအဝင် စုစု ပေါင်း ၅၀၀ ကျော်ခန့် တက်ရောက်ခဲ့ကြသည်။ပြည်သူ့ကာကွယ်ရေးအဖွဲ့အသီးသီးမှလည်း လွမ်းသူ့ပန်းခွေများ၊ ဝမ်းနည်းကြောင်းစာလွှာများပေးပို့ကာ ကျဆုံး သွားသော တော်လှန်ရေးသမားများအား လေးစားချစ်ခင်ကြောင်း ပြသခဲ့ကြပါသည်။
နှလုံးလှလူမိုက်ကြီးများအဖွဲ့၏ တာဝန်ရှိသူတစ်ဦးကတော့ အသက်စွန့်သွားခဲ့ရသူနှစ်ဦးကို ” အာဇာနည်သူရဲကောင်းများ” ဟု ခေါ်ဝေါ်ထားပါသည်။ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ ကျဆုံးသွားမှုအပေါ် CDSOM အဖွဲ့တာဝန်ရှိသူမှ ” အဖွဲ့သား တစ်ယောက်ကျသွားတိုင်း ကျွန် တော်တို့က အဲဒါကို ဘယ်တော့မှ မမေ့ဘူး။ အမြဲအမှတ်တရရှိတယ်။ ကျွန်တော်တို့က သူတို့အတွက် အလုပ် နှစ်ဆ၊ သုံးဆ ပိုလုပ်တယ်။ ကျဆုံးသွားတဲ့ရဲဘော်တွေကိုယ်စား တော်လှန်ရေးကို အဆုံးထိလုပ်ဖို့ ကျွန်တော်တို့ရဲ့စိတ်တွေ ပိုခိုင်မာလာတယ်။ ဒီတော်လှန်ရေးကို ဘယ်နည်းနဲ့မှ နောက်မဆုတ်နိုင်ပါဘူး။
ပြီးတဲ့အထိ တိုက်မယ်ဆိုတဲ့ ခံယူချက်၊ ယုံကြည်မှုတွေ အပြည့်ရှိလာတယ်။ အောင်မြင်တဲ့အထိ မဆုတ်မနှစ်နဲ့ ဆက်ပြီး တိုက်ပွဲဝင်သွားမယ်” ဟု ပြောသည်။အသက် ၂၂ နှစ်အရွယ်ရှိ ကိုသန်းထူးအောင်နှင့် အသက် ၃၈ နှစ်အရွယ် ကိုသက်နိုင်ဦးတို့သည် အောက်တိုဘာလ ၁၆ ရက်နေ့က ရှေ့တန်းရဲဘော်များအတွက် အထူးလိုအပ်သော ဖောက်ခွဲရေးပစ္စည်းများ၊ လက်လုပ်သေနတ်များပြုလုပ်နေစဉ် မိုင်းပေါက်ကွဲမှုဖြစ်ကာ ကျဆုံးသွားခဲ့ရသည်။
ကိုသန်းထူးအောင်မှာ ကျောင်းသားတစ်ဦးဖြစ်ပြီး CDSOM အဖွဲ့နှင့် ပူးပေါင်းလာသည်မှာ တစ်လကျော်ခန့်သာ ရှိသေးသည်။ ၎င်းမှာ အဖွဲ့၏ လက်နက်ထုတ်လုပ်ရေးပိုင်းတွင် တာဝန်ကျသူဖြစ်ပြီး အဓိကတာဝန်ယူထားသည့်အပိုင်းက ဖောက်ခွဲရေးပစ္စည်းနှင့် လက်လုပ်သေနတ်များ ထုတ်လုပ်ခြင်း ဖြစ်သည်။ သူနှင့်ပတ်သက်၍ CDSOMအဖွဲ့တာဝန်ရှိသူတစ်ဦးက “အသက်လည်း ငယ်သေးတယ်။ သန့်သန့်ပြန့်ပြန့်နဲ့ ကျောင်း သားတစ်ယောက်ပါ။
စကားက တော်တော်နည်းတယ်။ ဒါပေမယ့် အလုပ်ကတော့ ဘယ်အချိန်ဖြစ်ဖြစ် နေ့ပဲဖြစ်ဖြစ် ညပဲဖြစ်ဖြစ် မငြီးမညူဘဲ အချိန်ပြည့် လုပ်နေတာပေါ့။ သူ့မိဘတွေကလည်း မောင်နှမ နှစ်ယောက်တည်းရှိတာဆိုတော့ ခုချိန်ထိလည်း ငိုလိုက် တက်လိုက်နဲ့ ယူကြိုးမရ ဖြစ်နေတယ် ” ဟု ပြောသည်။
ကိုသက်နိုင်ဦးကတော့ မြောင်မြို့နယ်တောင်ပိုင်း၊ ပေါက်ချောင်းရွာဇာတိဖွားဖြစ်သည်။ တောင်ယာလုပ်သူမိဘနှစ်ပါးကမွေးဖွားသော မွေးချင်းနှစ်ဦးအနက် သူက အငယ်ဖြစ်သည်။“သူ့မိဘတွေကလည်း သားသမီးအပေါ် နှမြောတဲ့စိတ်ပဲရှိတယ်။
အခုလိုတော်လှန်ရင်း အသက်ပေးသွားရတဲ့အပေါ် နောင်တရတာမျိုးလည်း လုံးဝမရှိဘူး” ဟု အဖွဲ့တာဝန်ရှိသူက ပြောသည်။ အောက်တိုဘာ လ ၂ ရက်နေ့ကလည်း စစ်ကောင်စီတပ်အား တော်လှန်တိုက်ပွဲဝင်ရင်း CDSOM အဖွဲ့မှ ရဲဘော် ဗျတ္တ နှင့် ရဲဘော် ကျော်ဖြိုး တို့ အသက်စွန့်ခဲ့ကြရသည်။လက်ရှိအချိန်ထိ CDSOM အဖွဲ့မှ ကျဆုံးသူ သုံးဦးနှင့် စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံရသူ ၂၀ ကျော်ရှိပြီဖြစ်သည်။mizzima