Monthly Archives: Oct 2021

မြစ်ကြီးနားထောင်မှ သတင်းထောက် ၅ ဦးပြန်လွတ်၊ ဖားကန့်မှသတင်းထောက် ၁ ဦးကျန်ရှိ

ကချင်ပြည်နယ်၊ မြစ်ကြီးနားအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ သတင်းသမားတွေ အောက်တိုဘာ ၁၉ ရက်က ပြန်လွတ်လာပါတယ်။

ဖားကန့်အခြေစိုက် အလွတ်တန်းသတင်းထောက် ကိုနောင်ရိုးကတော့ မနေ့ ညနေ ၆ နာရီလောက်အထိ  ပြန်လည်လွတ်မြောက်ခြင်းမရှိသေးဘူးလို့ မိသားစုဆီကနေ သိရပါတယ်။ 

ကချင်ပြည်နယ်အတွင်းက သတင်းများကိုရေးသားဖော်ပြခဲ့လို့ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က)နဲ့ ဖမ်းဆီးခံရတဲ့  မြစ်ကြီးနားသတင်းဂျာနယ်မှ သတင်းထောက် မမျိုးမြတ်မြတ်ပန်၊ ကိုအဂျဲ၊ ခရစ္စတိုဖာ နဲ့ The 74 media မှ မချန်ဘူ၊ Kachin Wave မှ ကိုလရော်တို့ ၅ ယောက် မြစ်ကြီးနားအကျဥ်းထောင်ကနေ လွတ်မြောက်လာတာပါ။

ပြန်လွတ်လာတဲ့ သတင်းထောက်တဦးက “နေကောင်းတယ်။ ကျန်းမာတယ်။ ခြောက်လကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံရတဲ့ထဲကနေ ဒီနေ့က ဘုရားသခင်ရဲ့ကျေးဇူးတော်ကြောင့် လွတ်မြောက်ခွင့်ရရှိခဲ့ပြီ၊  အဘက်ဘက်က ညီခဲ့ကြသူအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၃ ရက်နေ့ညက သတင်းထောက်အဂျဲ၊ ခရစ္စတိုဖာတို့ကို တပ်ကုန်းလမ်းမကြီးပေါ်မှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး မမျိုးမြတ်မြတ်ပန်ကို ဧပြီ ၁၄ ရက် ညနေ ၆ နာရီကျော်က စီတာပူရပ်ကွက် နေအိမ်မှာ အရပ်ဝတ်တွေက အိမ်စီးကားတွေနဲ့ လာရောက်ဖမ်းဆီးသွားတာပါ။ 

မချန်ဘူနဲ့ ကိုလရော်တို့ကိုတော့ မတ်လ ၂၉ ရက်က အေးစေတီရပ်ကွက်မှာ သပိတ်စစ်ကြောင်း အကြမ်းဖက်ဖြိုခွင်းခံရပုံကို သတင်းရိုက်ကူးနေစဥ် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရိုက်နှက်ဖမ်းဆီးသွားခဲ့တာဖြစ်ပြီး အခုပြန်လွတ်လာတာပါ။

ဖားကန့်မြို့က အလွတ်တန်းသတင်းထောက် ကိုနောင်ရိုးကတော့ ဧပြီ ၉ ရက် မနက်က ဖားကန့်မြို့အဝင် ပန်းတင်တံတားနားမှာ စစ်တပ်က ဖမ်းဆီးသွားတာဖြစ်ပြီး  ပုဒ်မ၅၀၅ (က) နဲ့ရော လိုင်စင်မဲ့ဆိုင်ကယ်စီးမှုနဲ့ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈  နဲ့ပါ အရေးယူခံထားရတာပါ။

ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းချိန်ကစပြီး အဖမ်းခံရတဲ့ သတင်းသမား ၁၁၀ ရှိပြီး ပြန်လွတ်သူ အယောက်  ၇၀ ရှိကာ  ၃၈ ယောက်အဖမ်းခံနေရဆဲဖြစ်ပါတယ်။DVB

ပုသိမ်မြို့က ဒလန်ဟုနာမည်ထွက်နေသူ သေ နတ်ဖြင့် ပစ်ခတ်ခံရ

ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ် (၅ )ရပ်ကွက်၊ ပပဝတီ (၉) လမ်းတွင် နေထိုင်သည့် ဒလန်ဟုနာမည်ထွက်နေသူ ကိုချိုဝင်းဆိုသူကို ပုသိမ်မြို့ပြပြောက်ကျားတပ်ဖွဲ့ (PSTF)က ယနေ့ အောက်တိုဘာလ ၂၀ ရက်နေ့ မနက်၇ နာရီ မိနစ်၃၀ အချိန်ခန့်တွင် သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟု PSTF တာဝန်ရှိသူတစ်ဦးကပြောသည်။

သေနတ်ဖြင့်ပစ်ခံရသူ ရဲသတင်းပေးဒလန်ဟုနာမည်ထွက်နေသူ ကိုချိုဝင်းသည် စစ်အုပ်စုက မတရားအာဏာသိမ်းပြီးနောက်ပိုင်း ရဲသတင်း ပေး လုပ်နေသူတစ်ဦးဖြစ်ပြီး ပပဝတီရပ်ကွက်တွင် ၎င်းက သတင်းပေး၍ ဖမ်းဆီးခံရသည့် ပြည်သူ ၄၀ နီးပါရှိ ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ပပဝတီထဲမှာ ချိုဝင်းကြောင့် အဖမ်းခံရတဲ့လူတွေမနည်းဘူးဗျ။ စစ်ကောင်စီ အလိုကျ သတင်းပေးနေတဲ့သူမို့လို့ ချိုဝင်းကို စောင့်ကြည့်နေတာ လေး ငါးရက်လောက်ရှိပြီ။ ဒီမနက် အမှတ် (၅ )ရက်ကွက်ထဲက ဘူတာစျေးကို သွားတဲ့အချိန်မှာ စျေးထဲမှာပဲ ပစ်ခဲ့တာပါ။ နှစ်ချက်ပစ်ခဲ့တာဆိုတော့ သေဖို့များပါတယ်”ဟု PSTF အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ချိုဝင်းသည် အမှတ်( ၅ )ရက်ကွက် ဘူတာစျေးအတွင်းတွင် ဝမ်းဗိုက် နှင့် ညာဘက်ရင်အုံကို သေနတ်ဖြင့် နှစ်ချက် အပစ်ခံခဲ့ရခြင်းဖြစ်ပြီး သွေးအိုင်ထဲတွင်လဲနေခြင်းကြောင့် ဆေးရုံသို့ ခေါ်သွားသည်ဟု သိရသည်။ လက်ရှိအချိန်တွင် အမှတ် (၅) ရပ်ကွက် ဘူတာစျေးအနီးတွင် စစ်အုပ်စုနှင့်ရဲများက စစ်ဆေးခြင်းများပြုလုပ်နေသည်ဟု သိရပြီး ဒလန် ချိုဝင်းသေမသေကို အတိအကျမသိရသေးကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။mizzima

မုံရွာအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်း သား ၂၁ ဦးပြန်လွတ်၊ ကျောင်းသား ၁ ဦးပြန်အဖမ်းခံရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အကျဉ်းထောင်ကနေ နိုင်ငံရေးအကျဉ်းသား ၂၁ ယောက် အောက်တိုဘာ ၁၉ ပြန်လွှတ်ပေးလိုက်ပြီး တကသ ကျောင်း သား တယောက်ပြန်အဖမ်းခံခဲ့ရပါတယ်။ 

မုံရွာအကျဉ်းထောင်ကနေပြန်လည်လွှတ်ပေးလိုက်သူတွေကတော့  ကိုထွန်းအောင်ကျော် ၊ကိုကံအောင်၊မ ခင်မင်းခန့်၊ မပပဦး၊ ကိုတင်ဝင်း (ခ) ဝင်းဌေး၊ ကိုအောင်ဇေယျလင်း၊ ကိုဘိုဘိုအောင်၊ ကိုဇင်သူရ၊ ကိုထက်နိုင်လင်း (ခ)ထက်နိုင်၊ ကိုသူရကျော်၊ ကိုဇော်ဦး၊ ကိုသူရဝင်း၊ ကိုခန့်ဇင်ကို၊ မခင်တန်ခူး၊ ကိုဇင်မင်းစိုး ကိုဇော်မင်းထိုက်၊ မယဉ်ယဉ်နွယ်၊ မသူဇာဝင်း၊ မမြင့်မြတ်အောင်၊ မကြည်ကြည်ဇင်၊ကို သက်ထွန်းအောင်တို့ လွတ်မြောက်လာခဲ့ပါတယ်။

အခုညနေပိုင်းမုံရွာ တကသကျောင်းဟောင်း ကိုခန့်ဇင်ကတော့ လွတ်လာပြီးနောက် ထောင်ရှေ့မှာ ပြန်ဖမ်းဆီးခံရတယ်လို့ တသကကျောင်း သားအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

စစ်ကိုင်းတိုင်းတစ်ခုလုံး ထောင်အသီးသီးကနေ လွတ်ငြိမ်းခွင့်နဲ့ လွတ်မြောက်လာ ၄၄၆ ယောက်ရှိ တယ်လို့ရပါတယ်။

အာဏာသိမ်း စစ်ကောင်စီဟာ  နိုင်ငံတကာဖိအားကြောင့် နိုင်ငံတဝန်း အကျဉ်းထောင်တွေမှာ ပုဒ်မ ၅၀၅(က)နဲ့ ပြစ်ဒဏ်ကျခံနေရသူ ၁၃၁၆ ဦးနဲ့ အမှုရင်ဆိုင် နေရသူ ၄၃၂၀ ဦးကို ပြန်လွှတ်ပေးခဲ့တာ ဖြစ်ပြီး ပြန်လွတ်လာသူတွေ ပြန်အဖမ်းခံရတာလည်းရှိပါတယ်။DVB

ချင်းစစ်ရှောင်ပြည်သူများသို့ မယ်စကြဝဠာမြန်မာအလှမယ် သူဇာဝင့်လွင်က ငွေကျပ် ၅ သိန်း လှူဒါန်း

ချင်းစစ်ဘေးရှောင် ပြည်သူတွေအတွက် မယ်စကြဝဠာ မြန်မာအလှမယ် သူဇာဝင့်လွင်က ငွေကျပ် ၅ သိန်း ပေးအပ်လှူဒါန်းခဲ့တယ်လို့ ထန်တလန်စစ်ဘေးရှောင်ပြည်သူများ အကူအညီပေးရေးကော်မတီက ပြောပါတယ်။

အလှမယ် သူဇာဝင့်လွင်ဟာ မြန်မာနိုင်ငံ ကိုယ်စားပြုမယ်စကြဝဠာအလှမယ်အနေနဲ့ အမေရိကန်နိုင်ငံမှာ နိုင်ငံတကာအလှမယ်တွေနဲ့အတူ သွားရောက်ယှဉ်ပြိုင်ခဲ့ပြီး ရိုးရာချင်း တိုင်းရင်းသားဝတ်စုံကို ဝတ်ဆင်ကာ အကောင်းဆုံး အမျိုးသားဝတ်စုံဆု ရရှိခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာအလှမယ်ဟာ ပြိုင်ပွဲစင်မြင့်ပေါ်မှာရတဲ့ အခွင့်အရေးကို အရယူပြီး ဒုက္ခ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာပြည်သူတွေအတွက် ရည်ရွယ်ပြီး “Pray For Myanmar” မြန်မာနိုင်ငံအတွက် ဆုတောင်းပေးကြဖို့ နိုင်ငံတကာအသိုင်းအဝန်းကို တောင်းဆိုဆန္ဒထုတ်ဖော်သွားခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့်မို့ အာဏာသိမ်းစစ်ကောင်စီက ဖမ်းဝရမ်းထုတ်ခံရတဲ့ အနုပညာရှင်စာရင်းမှာ ပါဝင်ခဲ့ပြီး နေရပ်မပြန်နိုင်ဘဲ အမေရိကန်နိုင်ငံမှာ ခို လှုံခွင့်နဲ့ နေထိုင်နေတာ ဖြစ်ပါတယ်။

လတ်တလော ဒီလှူဒါန်းမှုကတော့ အလှမယ် သူဇာဝင့်လွင်ရဲ့ မွေးနေ့အထိမ်းအမှတ်အနေနဲ့ လှူဒါန်းမှုဖြစ်တယ်လို့ သိရပါတယ်။DVB

မန္တလေး ကျောက်ဝိုင်းတွင် ပဒေသာမိုင်း ၅ လုံးလျာထားပြီးဖြစ်သည်ဟု ပြောက်ကျားတပ်ဖွဲ့ သတိပေး

မန္တလေး ကျောက်မျက်ရတနာရောင်းဝယ်ရေးစခန်းတွင် မိုင်းငါးလုံးလျာထားပြီး ဖြစ်ကြောင်း အရောင်းအဝယ်ပြုနေသူများကို ပြောက်ကျား တပ်ဖွဲ့က သတိပေး လိုက်သည်။” သံလျှက်မှော်အရှေ့ ကျောက်မျက်ရတနာရောင်းဝယ်ရေးစခန်းအား သတိပေး ရန် ပဒေသာ ငါးလုံးလျာထားပြီးဖြစ်ပါသည်။ … လူကြီးမင်းများအနေဖြင့် ကျောက်မျက်ရတနာရောင်း ဝယ်ရေးဝိုင်းအတွင်းမှာ ဆက်လက်လုပ်ကိုင် မည်ဆိုပါက အကြမ်း ဖက်စစ်ကောင်စီများနှင့် အနီးကပ်ရှိနေနိုင်သောကြောင့် သတိထားဆင်ခြင်နိုင်ရန် သတိပေးထုတ်ပြန်လိုက်သည်။” ဟု အောက်တိုဘာ ၁၉ ရက်နေ့နေ့စွဲတပ် ထုတ်ပြန်ချက်တွင်ပါရှိသည်။

အောက်တိုဘာ ၁၉ရက်နေ့မှာလည်း အဆိုပါကျောက်ဝိုင်းအနောက်ဘက် ရဲကားအနီးတွင် ဗုံးဖောက်ခွဲခဲ့သည်မှာလည်း ၎င်းတို့လက်ချက်ဖြစ် သည်ဟု ဆိုသည်။ ‘ကျောက်ဝိုင်းအနောက်ပေါက်မှာ ကားနှစ်စီး အမြဲရပ်ထားတတ်တယ် ကားပေါ် မှာ လူမရှိဘူး။ ကားရပ်ပြီး သူတို့က ကင်းပုန်းဝပ်နေကြတာ ၊ သတိပေးဗုံးခွဲ တုန်းက ကားက ပျက်စီးမှုမရှိပါဘူး ”ဟု GZP အဖွဲ့ ပြန်ကြားရေး တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

” ကျွန်တော်တို့အနေနဲ့ အဓိကကတော့ အကြမ်းဖက်စစ်ကောင်စီရဲ့ ထောက် တိုင်မှန်သမျှကို ရိုက်ချိူးပစ်ရမယ်လို့ ခံယူထားတယ်။အဲဒါကြောင့်မို့ ကျောက်မျက်ရတနာရောင်းဝယ်ရေးစခန်းသည်လည်း အကြမ်းဖက် စစ်ကောင်စီ၏ ဘဏ္ဍာရေးအရ ထောက်တိုင်တစ်ခုဖြစ်တာကြောင့် ရပ်တန့် ပစ်ရမှာပါ” ဟု သူက ဆက်ပြောသည်။ မဟာအောင်မြေမြို့နယ်၊ ၈၈ လမ်းနှင့် ၈၉ လမ်း ကြား၊ ၃၉ လမ်းနှင့် ၄၀ လမ်း ကြားတွင် တည်ရှိသော ကျောက်ဝိုင်းကို COVID-19 ရောဂါကူးစက်မှု ထိန်းချုပ် ရေးအစီအစဉ်အောက် ၂၀၂၀ ပြည့်နှစ် မတ်လကုန်ပိုင်းကတည်းက ပိတ်ထားခဲ့ ခြင်းဖြစ်သည်။mizzima

မြန်မာနိုင်ငံသို့ တင်ပို့ခွင့် ပိတ်ပင်ထားသည့် ဩ စတြေးလျ ဆက်သွယ်ရေး ရေဒီယိုများကို အ ကြမ်းဖက် စစ်တပ်က ဝယ်ယူအသုံးပြုနေ

မြန်မာစစ်တပ်က ဩစတြေးလျ ကာကွယ်ရေးပစ္စည်းကုမ္ပဏီ Barrett Communications ထံက နည်းဗျူဟာဆိုင်ရာ ရေဒီယိုတွေအတွက် စက် ပစ္စည်း အစိတ်အပိုင်းတွေကို ဝယ်ယူအသုံးပြုနေကြောင်း လျှို့ဝှက်ပေါက်ကြားလာတဲ့ မြန်မာစစ်တပ်ရဲ့ ဝယ်ယူရေး စာရွက်စာတမ်းတစ်ခုအပေါ် စိစစ်တွေ့ရှိချက်တွေကို ကိုးကားပြီး Justice for Myanmar အဖွဲ့က ထုတ်ပြန်ပြော ဆိုလိုက်ပါတယ်။

အဆိုပါ စာရွက်စာတမ်းတွေထဲမှာ Barret ရဲ့ PRC-2090 ရွှေ့ပြောင်းသယ်ယူရ လွယ်ကူတဲ့ စစ်သုံးဆက်သွယ်ရေး ပစ္စည်းတွေအတွက် လက်ကိုင်စကားပြောစက်တွေ၊ ဘက်ထရီထုပ်တွေ၊ ရုပ်သံကြည့် ဖန်သားပြင်မော်ဂျူးတွေ၊ စက်အတွင်းပိုင်း မော်ဒန်းတွေ၊ အင်တာနာဖမ်းယူနစ်တွေနဲ့ မီးအားမြှင့် ပေါင်းကူးစက်တွေ ဝယ်ယူရေး ကိစ္စတွေ ပါဝင်တယ်လို့ ဆိုပါတယ်။

Barrett Communications ဝက်ဘ်ဆိုက် ဖော်ပြထားချက်အရ အဆိုပါ ဆက်သွယ်ရေးပစ္စည်းတွေရဲ့ အဓိကထူးခြားချက်မှာ ရေဒီယိုအသံ လှိုင်းတွေကို လုံခြုံစွာ လွှင့်ထုတ်ခြင်း (frequency hopping) အတွက် ဒီဇိုင်းထုတ်ထားခြင်းဖြစ်ပြီး၊ ဩစတြေးလျရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုစနစ်အရ မြန်မာနိုင်ငံကို တင်ပို့ခွင့် တားမြစ်ထားတဲ့ စစ်သုံးဆက်သွယ်ရေးပစ္စည်းတွေပဲ ဖြစ်ပါတယ်။ ရေဒီယိုအသံလှိုင်းတွေကို လုံခြုံစွာ လွှင့်ထုတ်ခြင်း (frequency hopping) ဟာ PRC-2090 အတွက် အဆင့်မှီတဲ့ ပစ္စည်းမဟုတ်ကြောင်း၊ Barrett Communications အနေနဲ့ ဩစတြေး လျအစိုးရရဲ့ ခွင့်ပြုချက်နဲ့ ၂၀၁၇ မှာ စက်ပစ္စည်းများ နောက်ဆုံးရောင်းချခဲ့ပြီး ရောင်းဝယ်မှု အားလုံးဟာ စီးပွားရေးအတွက်သာ ဖြစ်ကြောင်း၊ PRC-2090 အစိတ်အပိုင်းများကို ကြားခံရောင်းချသူများကတဆင့် ရောင်းချခြင်း ဖြစ်ကြောင်း Barrett ကုမ္ပဏီက တုံ့ပြန်ခဲ့တယ်လို့လည်း ဆိုပါတယ်။Barret ရဲ့ ဆက်သွယ်ရေး ရေဒီယိုတွေကို စစ်တပ် လေဆိပ်တွေနဲ့ စစ်ဘက်လေယာဉ် အများအပြား ဆင်းသက်အသုံးပြုတဲ့ လေဆိပ်တွေမှာ တပ်ဆင်အသုံးပြုထားတာကို တွေ့ရှိခဲ့ကြောင်း Justice For Myanmar က ထုတ်ပြန်ထားပါတယ်။

အကြမ်းဖက် စစ်တပ်အနေနဲ့ Barrett Communications ရဲ့ စက်ပစ္စည်းတွေအပြင် လေဆိပ်တွေမှာ အသုံးပြုဖို့ Codan Limited မှ ရေဒီယိုတွေကိုလည်း ဝယ်ယူခဲ့ပါတယ်။ ဒါ့အပြင် အလွန်ဝေးကွာတဲ့ နေရာအထိ ရေဒီယိုလှိုင်းတွေ လွှင့်ထုတ်/ဖမ်းယူနိုင်တဲ့ မော်ဒန်းတွေ (ultra-long range telemetry radio modems) တွေကို RFDesign Pty Ltd ထံက လက်ခံရရှိခဲ့တယ် လို့လည်း ဆိုပါတယ်။ Codan နဲ့ RFDesign Pty Ltd တို့ဟာလည်း ဩစတြေးလျ ကုမ္ပဏီတွေပဲဖြစ်ပါတယ်။

Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “ဩစတြေးလျအစိုးရက အခုအချိန်မှာ မြန်မာပြည်သူတွေကို ရန်ပြုတိုက်ခိုက်နေတဲ့ အဲ့ဒီအကြမ်းဖက်အဖွဲ့အစည်းကို ဒီစက်ပစ္စည်းတွေရောင်းချနေတာကို ဘာကြောင့် ခွင့်ပြုနေပါသလဲ။ ဩစတြေးလျအစိုးရအနေနဲ့ ဒီပို့ကုန်တွေ့ကို ခွင့်ပြုပေးနေတာဟာ ကြံရာပါ လုပ်နေသလား ဆိုတာကို ကျွန်မတို့ သိချင်ပါတယ်” လို့ပြောပါတယ်။

Codan Ltd နဲ့ RFDesign ကုမ္ပဏီတွေကတော့ ၎င်းတို့ရဲ့ မြန်မာနိုင်ငံနဲ့ စီး ပွားရေးလုပ်ငန်းတွေ အကြောင်း ရှင်းပြပေးဖို့ Justice For Myanmar ရဲ့ တောင်းဆိုချက်ကို အကြောင်းပြန်ကြားခြင်း မရှိခဲ့ဘူးလို့ သိရပါတယ်။“ဩစတြေးလျအစိုးရ အဆက်ဆက်ဟာ မြန်မာစစ်တပ်နဲ့ တပူးတွဲတွဲ လုပ်နေခဲ့ကြပြီး အခုအချိန်မှာ အာဏာသိမ်းခေါင်းဆောင် စစ်ရာဇဝတ်ကောင် မင်းအောင်လှိုင်ကို စီးပွားရေး ပိတ်ဆို့အရေးယူတာမျိုးတောင် မလုပ်ပဲ ဒီအတိုင်းကြည့်နေတာက အလွန်စိတ်ပျက်အံ့ဩဖို့ ကောင်းပါတယ်” လို့လည်း မရတနာမောင်က ဝေဖန် ပြောဆိုခဲ့ပါတယ်။

Barrett Communication ကုမ္ပဏီက စက်ပစ္စည်းရောင်းချမှုတွေဟာ ဩ စတြေးလျရဲ့ ပို့ကုန်ကန့်သတ်ချက်ကို ဖောက်ဖျက်ကျူးလွန်ပါက အရေးယူဖို့၊ မြန်မာနိုင်ငံသို့ စက်ပစ္စည်းများ ထပ်မံ မတင်ပို့ဖို့နဲ့ ဩစတြေးလျအနေနဲ့ စစ်လက်နက် ထိန်းချုပ်ရေး အစီအစဉ်ကို အသက်ဝင် အားကောင်းအောင် ချက်ချင်း အားစိုက်လုပ်ဆောင်ဖို့ လိုအပ်ကြောင်း သူမက ဆက်လက် ပြောခဲ့ပါတယ်။khit thit

ရေစကြိုမြို့ ပေါက်တောကျေးရွာက မိုင်တဲလ်တာဝါတိုင် ဖောက်ခွဲဖျက်ဆီးခံရ

မကွေးတိုင်း ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းကျေးရွာဖြစ်တဲ့ အရှေ့ပေါက်တောကျေးရွာအနီးက မိုင်တဲလ်တာဝါတိုင် အောက်တိုဘာ ည ၈ နာရီခွဲလောက်က ဖောက်ခွဲဖျက်ဆီးခံလိုက်ရတယ်လို့  ဒေသခံတွေဆီက သိရပါတယ်။

MG6 အဖွဲ့နဲ့ YSO NO.1 အဖွဲ့တိုက ပူးပေါင်းပြီး မိုင်းခွဲဖျက်ဆီးခဲ့တာဖြစ်ပြီး အများပြည်သူသွားလာချိန်မှာ ထိခိုက်မှုရှိမှာစိုးတဲ့အတွက် ညအချိန်မှာသာ တာဝါတိုင်ကို ဖောက်ခွဲဖျက်ဆီးခဲ့တာလို့ MG6အဖွဲ့ကတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ရေစကြိုမြို့နယ်အတွင်းက အရှေ့ပေါက်တောပေါ့၊ ဒီနေ့ည ၈ နာရီခွဲလောက်က ဖောက်ခဲ့တာခင်ဗျ။ ကျနော်တို့အဖွဲ့က ၄ တိုင်ဖောက်ခွဲခဲ့ပြီးပြီ။ မနေ့ကတော့ ငတရော်ရွာ မိုင်တဲလ်တာဝါကို ဖောက်ခဲ့တယ်။ ကျနော်တို့ မတင်လိုက်တဲ့ နှစ်ခုရှိတယ်ဗျ။ အဲ့ဒီတုန်းကတော့ လုံခြုံရေးအရဆိုပြီး မတင်ခဲ့တဲ့ တာဝါတိုင်နှစ်ခုရှိတယ်ပေါ့နော်။ အဲ့ဒါတွေကလည်း ရေလယ်ကျွန်းဘက်က တာဝါတိုင်ပါပဲ၊ ဒေသခံတွေ လုံခြုံရေးအပိုင်းကတော့ ကျနော်တို့ တာဝါတိုင်ကို လုံးလုံးမလှဲဘူး၊ မလှဲဘူးဆိုတာက ဘေးပတ်ဝန်းကျင်မှာ အိမ်တွေရှိတဲ့အတွက်ကြောင့် တာဝါတိုင်ကိုတော့ လုံးလုံးမလှဲဘူး စက်ပစ္စည်းတွေကိုတော့ အားလုံးဖျက်ဆီးနိုင်ခဲ့တယ်ပေါ့။ အဲ့ဒါကလည်း နေ့ပိုင်းမှာ ကျနော်တို့မလုပ်ဘူး၊ ညပိုင်းမှာပဲ လုပ်ဖြစ်တယ်၊ အများပြည်သူတွေသွားလာနေတဲ့အတွက်ကြောင့်ပါ။”

အောက်တိုဘာလ ၁၈ ရက်နေ့ ညနေက ငတရော်ကျေးရွာ မိုင်တဲလ်တာဝါတိုင်ကို ဖျက်ဆီးခဲ့တာဖြစ်ပြီး ရေလယ်ကျွန်းကျေးရွာက တာဝါတိုင် နှစ်တိုင်ကိုတော့ နှစ်ရက်ဆက် ဖောက်ခွဲဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။

ရေလယ်ကျွန်းဒေသတွေကို စစ်ကောင်စီက ပစ်မှတ်ထားတိုက်ခိုက်နေပြီး ဒေသခံ PDF အဖွဲ့ဝင်တွေက ပြန်လည်ခုခံတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်က အကျအရှုံးတွေရှိခဲ့ပြီး PDFအဖွဲ့ကတော့ အကျအရှုံးမရှိခဲ့ဘူးလို့ သိရပါတယ်။

ရေစကြိုမြို့ မြောက်ပြင်ရွာမှာလည်း စစ်ကောင်စီတပ်က PDF အဖွဲ့တွေနဲ့ ပြည်သူတွေကြားမှာ အထင်အမြင်လွဲမှားစေဖို့ ရည်ရွယ်ချက်နဲ့ အောက်တိုဘာ ၁၉ ရက်နေ့ မနက် ၁၁ နာရီဝန်းကျင်က မိုင်းထောင်ခဲ့တာကြောင့် ဒေသတစ်ဦး မိုင်းထိ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

မိုင်းထိဒဏ်ရာရခဲ့တဲ့ ဦးဝင်းဟာ သွေးထွက်လွန်ပြီး သေဆုံးခဲ့တာလို့ နီးစပ်သူ တွေဆီက သိရပါတယ်။

အောက်တိုဘာ ၁၉ ရက်နေ့ ညနေ ၆ နာရီခွဲအချိန်လောက်ကလည်း ရေစကြိုမြို့ရေလယ်ကျွန်းကျေးရွာ နေရင်းနဲ့မင်းရွာဘက်တွေမှာလည်း ပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ ရေလယ်ကျွန်းဒေသခံတွေဆီက သိရပါတယ်။DVB

လေယာဉ်ပျံသန်းမှု၊ ညပိုင်း ပစ်ခတ်မှုများကြောင့် မကွေး ဒေသခံများ ထိတ်လန့်

မကွေး လေတပ်စခန်းမှ တိုက်လေယာဉ်များ ညစဉ်ဆက်တိုက် ပျံသန်းနေသည့်အပြင် မကွေးမြို့ပေါ်ရှိ ရပ်ကွက် အချို့တွင်လည်း ည ၁၂ နာရီ အချိန်အခန့်တွင် စစ်ကောင်စီတပ်က သေနတ်များဖြင့် ပစ်ခတ်မှုများရှိနေသည့် အတွက် ဒေသခံပြည်သူများ စိုးရိမ်ထိတ်လန့်နေကြသည်။

လေတပ်လေယာဉ်များက ညစဉ်ဆက်တိုက် လေယာဉ်များ ပျံသန်းနေပြီး အနီးအနားတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက သေနတ်များဖြင့် ပစ်ခတ်နေသည်ဟု ဒေသခံများက ပြောသည်။မကွေးမြို့နယ် နွားကူးကျေးရွာမှ အသက် ၄၀ ခန့်ရှိ ဒေသခံတစ်ဦးက “ညက သေနတ်နဲ့ အသား လွတ် ၇ ချက် လောက်ပစ်တယ်။ ညတိုင်း လိုလို လေတပ်က လေယာဉ်တွေ တဝေါဝေါ နဲ့ ပျံနေတယ်။ အလုပ်အကိုင် အဆင်မ ပြေရတဲ့ကြားထဲ ကျီးလန့်စာ စားရသလို အထိတ်တလန့်ဖြစ်နေရတယ်” ဟု ပြောသည်။

အာဏာသိမ်း စစ်ကောင်စီ၏ တိုက်လေယာဉ်များက မိုးသည်းထန်စွာ ရွာသွန်းသည့် ညများမှ လွဲ၍ ညစဉ် ပျံသန်းမှုများ ပြုလုပ်နေခြင်း၊ မ ကြာခဏ သေနတ်များဖြင့် ပစ်ခတ်နေမှုတို့ကြောင့် ပြည်သူများအနေဖြင့် စိုးရိမ် ထိတ်လန့်နေကြရသည်ဟု ဒေသခံများက ပြောသည်။ မကွေးလေတပ်စခန်းမှ တိုက်လေယာဉ်များက အောက်တိုဘာလ ညပိုင်းများတွင် ညစဉ်ညတိုင်း တောင်အရပ်၊ အနောက်မြောက်များသို့ ဦးတည်၍ ပျံသန်းနေခြင်း ဖြစ်သည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

၂၀၂၁ ဇန်နဝါရီလကုန် အထိ ငြိမ်းချမ်းစွာနေခဲ့ရပြီး စစ်အာဏာသိမ်း ကတည်းက ထိတ်လန့်နေရကြောင်း စစ်ကောင်စီက အပစ်အခတ်ရပ်စဲရေးထုတ်ပြန်ထားသောလည်း ယခုကဲ့သို့ တိုက်ပွဲများတွင် လေယာဉ်သံ များ၊ သေနတ်သံများကြောင့် ညအိပ်လျှင်ရသည်ပင် အဆင်မပြေဖြစ်နေကြရသည်ဟု မကွေးမြို့က အသက် ၆၀ ကျော် အမျိုးသားတစ်ဦး က ပြောသည်။

ထို့အပြင် မကွေးမြို့ အဝင်/အထွက်ပြုလုပ်ရသည့် စစ် ဆေးရေးဂိတ်များတွင်လည်း ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးပြီးသူများသာ ဆေးထိုးပြီးကြောင်း ထောက်ခံစာဖြင့် ဝင်ထွက်သွားလာခွင့်ရသည်ဟု ဒေသခံများက ပြောသည်။အဆိုပါ စစ်ဆေးရေးဂိတ်များတွင် လုံခြုံရေးယူထားသည့် စစ်ကောင်စီတပ်သားများ၏ ရှေ့တွင် ဆိုင်ကယ်များကို တွန်း၍သွားလာ ဝင်ထွက်နေကြရသည်ဟု သိရသည်။mizzima

« Older Entries Recent Entries »