Monthly Archives: Oct 2021

အကျဉ်းထောင်မှ လွှတ်ပေးပြီး ပြန်လည် ဖမ်း ဆီးခံရသူ ၁၁၀ ဦးရှိဟု AAPP ထုတ်ပြန်၊ အ ကြမ်းဖက်ဖက်ဆစ်စစ်တပ်လုပ်ရပ်ကို ပြင်း ထန်စွာရှုံ့ချ

အကြမ်းဖက် ဖက်ဆစ် စစ်တပ်က နိုင်ငံရေးအကျဉ်းသားများကို အောက်တို ဘာလ ၁၈ ရက်နေ့တွင် လွှတ်ပေးခဲ့ပြီးမှ ပြန်လည်ဖမ်းဆီးခဲ့သူ ၁၁၀ ဦးအထိ ရှိကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က အောက်တိုဘာလ ၂၁ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်သည်။

အဆိုပါစာရင်းမှာ AAPP က ကောက်ခံရရှိထားသည့် စာရင်းဖြစ်ပြီး ပြန်လည် ဖမ်းဆီးခံရသူအရေအတွက်မှာ ပိုများနိုင်ကာ ထွက်ပြေးတိမ်း ရှောင်နေရသူများလည်း ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အကြမ်းဖက်ဖက်ဆစ်စစ်တပ်မှ ဖေဖော်ဝါရီ ၁ ရက်နေ့ နိုင်ငံတော်အာဏာကို မတရားသိမ်းယူခဲ့ပြီးအာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒထုတ်ဖော်သူများနှင့် သဘောထားကွဲလွဲသူများကို အကြမ်းဖက်ရိုက်နှက်ဖြိုခွဲခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ ရက်စက်စွာ သတ်ဖြတ်ခြင်း၊ ထောင်ပေါင်းများစွာသော အပြစ်မဲ့ပြည်သူများကို ဖမ်းဆီးအကျဉ်းချမှုများ ဆက် တိုက်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ဖမ်းဆီးခံ အကျဉ်းသားများမှာ မျှတသောတရားစီရင်မှု မရရှိဘဲ ညှဉ်းပန်းနှိပ်စက်မှုများခံခဲ့ရပြီး ပြန်လွှတ်ပေးသူများကိုလည်း နောက်ကြောင်းပြန်ပြစ်ဒဏ်နှင့်သာ လွှတ်ပေးခြင်း ဖြစ်ကြောင်း၊ ထောင်ဗူးဝတွင်ပင် ပြန်လည်ဖမ်းဆီးခံရသူများနှင့် မိသားစုနှင့် နာရီပိုင်းမျှသာ တွေ့ရပြီး ဖမ်း ဆီးခံလိုရသည့်အတွက် မိသားစုဝင်များကိုပါ ပြင်ထန်သည့် စိတ်ဒဏ်ရာ ပေးခြင်းဖြစ်ကြောင်း AAPP က ပြောဆိုထားသည်။

ထို့ပြင် အဆိုပါလုပ်ရပ်သည် ရက်စက်ကြမ်းကြုတ်သော စိတ်ပိုင်း/ရုပ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှုပင် ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။ အကြမ်းဖက်ဖက်ဆစ် စစ်အုပ်စုသည် နိုင်ငံရေးအကျဉ်းသားတစ်ဦးချင်းစီကိုသာ စိတ်ဒဏ်ရာပေးခြင်းမျိုးမဟုတ်ဘဲ မိသားစုဝင်များ၊ ကလေးသူငယ်များကိုပါ ပစ်မှတ်ထား နှိပ်စက်ညှဉ်းပန်းကာ လူသားမဆန်သောကြောင့် နိုင်ငံရေးအကျဉ်းသားများကူညီ စောင့်ရှောက်ရေးအ သင်း(AAPP) အနေနှင့် ကျူးလွန်သူ စစ်အုပ်စုအား ပြင်းထန်စွာရှုံ့ချကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ဖမ်းဆီးထားသူများကို ခြွင်းချက်မရှိ လွတ်မြောက်ရန်နှင့် မတရားဖမ်းဆီးကာ လူမဆန်စွာ သတ်ဖြတ်မှု ကျူးလွန်သည့် အကြမ်းဖက်ဖက်ဆစ်စစ်တပ်ကို အပြစ်ပေးအရေးယူနိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဟုလည်း ဖော်ပြပါရှိသည်။ နိုင်ငံတကာအသိုင်းအဝိုင်းကလည်း အကြမ်း ဖက်စစ်အုပ်စုကို ထိရောက်သော အရေးယူမှုများ ပြုလုပ်ရန် AAPP က တိုက်တွန်းတောင်းဆိုထားသည်။khit thit

စစ်အုပ်စု၏ နိုင်ငံရပ်ခြားတွင်ရှိသော ဘဏ္ဍာ ရေးပိုင်ဆိုင်မှုအား မသုံးစွဲနိုင်‌ရေး စင်္ကာပူနိုင်ငံနှင့် ဆွေးနွေးထားကြောင်း အမေရိကန် နိုင်ငံ ခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံပြော

မြန်မာနိုင်ငံမှ စစ်ကောင်စီ၊ စစ်တပ်အုပ်စုဝင် များ၏ နိုင်ငံရပ်ခြားရှိ ဘဏ္ဍာရေး ပိုင်ဆိုင်မှုများအား မသုံးစွဲနိုင်‌ရေး ရယူနိုင်ခွင့် ကန့်သတ်ရန် နည်းလမ်းကို စင်္ကာပူနိုင်ငံနှင့် ဆွေးနွေးထားကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ ဒဲရက်ရှလေးက ပြောသည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ ဒဲရက်ရှလေး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့သည် စင်္ကာပူနိုင်ငံ ငွေကြေးဆိုင်ရာ အာဏာ ပိုင်များ နှင့် တွေ့ဆုံပြီး ယင်းသို့ ဆွေးနွေးခဲ့သည်ဟု သိရသည် ။

မစ္စတာ ရှလေးက ” စင်္ကာပူ ငွေကြေးအာဏာပိုင်အဖွဲ့ရဲ့ ဒုတိယ စီမံညွှန် ကြားရေးမှူး ဟိုဟန်ရှသင်းနဲ့ တွေ့ဆုံဆွေးနွေးမှုက အကျိုးဖြစ်ထွန်းပါတယ်။ မြန်မာစစ်တပ်အုပ်စုရဲ့ နိုင်ငံရပ်ခြားမှာရှိနေတဲ့ ဘဏ္ဍာရေး ပိုင်ဆိုင်မှုတွေကို ရယူသုံးနိုင်ခွင့်ကို ကန့်သတ်ဖို့ နည်းလမ်းတွေဆွေးနွေးခဲ့ပါတယ်” ဟု ၎င်း၏တွစ်တာတွင် ရေးသားထားသည်။

၎င်း၏ စင်္ကာပူနိုင်ငံခရီးစဉ်တွင် စင်္ကာပူငွေကြေးအာဏာပိုင်အဖွဲ့နှင့် အောက်တိုဘာလ ၂၀ ရက်‌တွင် တွေ့ဆုံဆွေးနွေးခြင်းဖြစ်ကြောင်း သိရသည်။ ၎င်းသည် စင်္ကာပူနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနှင့် အစောပိုင်းက တွေ့ဆုံခဲ့ပြီး မြန်မာ့အရေးအပါအဝင် ဒေသတွင်း အကြောင်းအရာများကို ဆွေးနွေးခဲ့သေး သည် ။

လာမည့် အာဆီယံထိပ်သီးဆွေးနွေးပွဲနှင့် ဆက်စပ်ဆွေးနွေးပွဲများအတွက် အာဏာသိမ်းစစ်ခေါင်းဆောင်အစား နိုင်ငံရေးနှင့် မပတ်သက်သူ ကိုယ်စားလှယ် တစ်ဦးကို ဖိတ်ရန် အာဆီယံဆုံးဖြတ်ချက်အပေါ် အမေရိကန်နိုင်ငံက ထောက်ခံ ကြောင်း အမေရိကန်ကိုယ်စားလှယ်က ပြောခဲ့သည်။mizzima

ထားဝယ်ပူးပေါင်းသပိတ်စစ်ကြောင်း ပစ်ခတ်ဖြိုခွဲခံရ၊ ဆန္ဒပြသူအချို့ ထိခိုက်ဒဏ်ရာရ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့ မြို့မရဲစခန်းအနီး  နိဗ္ဗာန်လမ်းတလျှောက်မှာ  အောက်တိုဘာ ၂၀ ရက်ညနေ ၅ နာရီခွဲလောက်က ဒေသခံတော်လှန်ရေးလူငယ်များပူးပေါင်း သပိတ်စစ်ကြောင်းဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာချီတက်ဆန္ဒပြနေစဉ် အရပ်ဝတ် စစ်ကောင်စီရဲတပ်ဖွဲ့က လာရောက်ဖြိုခွင်းခဲ့တယ်လို့ သပိတ်ပါဝင်သူ လူငယ်တွေက ပြောပါတယ်။

“စုရပ်ကနေထွက်လာပြီး မိနစ်ပိုင်းလောက်မှာပဲ စစ်ကောင်စီလက်ပါးစေ ရဲသား နဘုလယ်သား (ခေါ်) ကိုဝေယံဦးက အရပ်ဝတ်နဲ့ ဆိုင်ကယ်စီး ရောက်ချလာပြီး ကျနော်တို့ကို သေနတ် ၁၀ ချက်ပစ်တယ်။ သေနတ်ကတော့ မထိဘူး။ ကျနော်တို့ ဝရုန်းသုန်းကား ပြေးကြတော့ ဆိုင်ကယ်တိုက်မိတာတွေ ရှိတယ်။ ခြေထောက်တွေ ထိခိုက်ဒဏ်ရာရတယ်”လို့ သပိတ်ပါဝင်သူ တစ်ဦးက ပြောပြပါတယ်။

သပိတ်စစ်ကြောင်းဖြိုခွင်းခံရသူတွေဟာ အချိန်မီလူစုခွဲနိုင်ခဲ့ပြီး ဖမ်းဆီးခံရသူ မရှိပေမဲ့   တော်လှန်ရေးဆိုင်းဘုတ်တချို့ သိမ်းဆည်းခံလိုက်ရကြောင်းသိရပါတယ်။DVB

ပုဒ်မ ၃၉၆ ဖြင့် လူပေါင်း ၂၃ ယောက်အား သေ ဒဏ်ပေးလိုက်ပြီဆိုတဲ့ သတင်းအမှားပြန့်နှံ့နေ

မနေ့က အောက်တိုဘာလ ၂၀ ရက် သီတင်းကျွတ် လပြည့်နေ့တွင် ပုဒ်မ ၃၉၆ ဖြင့် မြောက်ဥက္ကလာမှ လူပေါင်း ၁၉ ယောက်၊ ပဲခူးမှ ၄ ယောက် စုစုပေါင်း လူပေါင်း ၂၃ ယောက်ကို သေဒဏ်ပေးလိုက်ကြောင်းသတင်းတစ်ခု ပြန့်နှံ့နေသည်။ဒေါ်ခိုင်နှင်းဝေဆိုသည့် အကောင့်မှ လူပေါင်း ၂၃ ဦးအား သေဒဏ်ပေးခံရကြောင်း စတင်တာတွေ့ရပြီး အဆိုပါ သတင်းကို ည ၈ နာရီ MRTV တွင်ကြေညာသွားသည်ဟုဆိုသည်။

ဒီသတင်းကို လူပေါင်း ၈၆၀၀ ကျော်မှ ပြန်လည်မျှဝေမှု ရှိတာကိုတွေ့ရသည်။သို့သော် အဆိုပါ ကြေညာချက်မျိူးကို စစ်ကောင်စီ လက် အောက်ခံ မီဒီယာ မြန်မာအသံ၏ ည ရှစ်နာရီ သတင်းတွင် ထည့်သွင်းကြေညာသွားတာ မရှိတာကို မဇ္ဈိမ သတင်းဌာန၏ သတင်းမှား တိုက်ဖျက်ရေး အစီအစဉ်မှ အချက်အလက်စစ်ဆေးသူများက တွေ့ရှိရသည်။

မဇ္ဈိမ သတင်းမှားတိုက်ဖျက်ရေးအစီအစဉ်မှ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ထံ ဆက်သွယ်မေးမြန်းရာမှာ “ ယခု ပြန့်နှံ့နေသည့် သတင်းကိုတွေ့ရှိရကြောင်းနဲ့ လက်ရှိကာလဟာ ရုံးပိတ်ရက်ကာလ ဖြစ်နေတာကြောင့် မဖြစ်နိုင်ဖူး “ ဟု ပြောကြားသွားသည်။ထို့ကြောင့် လက်ရှိပြန့်နှံ့နေသည့် ပုဒ်မ ၃၉၆ ဖြင့် လူပေါင်း ၂၃ ဦးအား သေဒဏ်ပေးလိုက်ပြီဆိုတဲ့ သတင်းသည် သတင်းအမှားသာဖြစ် ကြောင်း ပြောကြားလိုပါသည်။mizzima

မင်းတပ်မြို့ပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များအား CDF – မင်းတပ်မှ ဝင်ရောက်ပစ်ခတ်၊ စစ်ကောင်စီတပ်သား ၂ ဦး သေဆုံး ၄ ဦး ဒဏ်ရာရ

ချင်းပြည်နယ် မင်းတပ်မြို့ပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များအား CDF – မင်းတပ် တပ်ဖွဲ့မှ အောက်တိုဘာလ ၁၉ ရက်တွင် ပြောက်ကျားစနစ်ဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၂ ဦးသေ ၄ ဦး ဒဏ်ရာရရှိကြောင်း သတင်းရရှိသည်။

အောက်တိုဘာလ ၁၉ ရက် နံနက် ၅ နာရီခွဲတွင် မင်းတပ်မြို့ပေါ်ရှိ ခရိုင်ထွေအုပ်ရုံးအား အီနာဂါဗုံးသီးများ ပစ်သွင်းကာ သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သလို ညနေ ၆ နာရီတွင် မီးသတ်ရုံး၌ တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့များအား ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်ကြောင်း CDF – မင်းတပ်မှ ထုတ်ပြန်ထားသည်။

ကျောက်ထုမြို့မှ တက်လာသော သံချပ်ကာ အမြှောက်ကား ၂ စီးနှင့် စစ်ကားအစီးရေ ၇၀ ကျော်ပါရှိသော ယာဉ်တန်းသည် အောက်တိုဘာလ ၁၄ ရက်တွင် မတူပီမြို့သို့ ထွက်ခွာသွားကာ အောက်တိုဘာလ ၁၉ ရက်တွင် မိုင်တိုင် ၂၃ တွင် ညအိပ်ရပ်နားကြောင်း၊ အနီးဝန်းကျင်ရှိ ဒေသခံပြည်သူများ၏ နေအိမ်များကို ဖျက်ဆီးကာ၊ ဆိုလာပြားများ အိုးခွက်ပန်းကန်များနှင့်မွေးမြူထားသော နွားနောက် ၆ ကောင်၏ ပေါင်သားများကို ခုတ်ထစ်ယူသွားကြောင်းသိရသည်။

လက်ရှိအချိန်တွင် အဆိုပါ စစ်ကောင်စီယာဉ်တန်းသည် မင်းတပ်-မတူပီ လမ်းတဝက်တွင် ရောက်ရှိနေပြီဖြစ်ကြောင်းလည်း ဒေသသတင်းရင်းမြစ်များထံမှ သိရသည်။khit thit

ကလေး-ရန်ကုန် လေယာဉ်လက်မှတ် ဈေးနှုန်း ခုန်တက်

ကလေး-ရန်ကုန် ခရီးစဉ် လေယာဉ်လက်မှတ် ဈေးနှုန်းများ မြင့်တက်သွားပြီ ဖြစ်ကြောင်း မြန်မာ အမျိုးသား လေကြောင်းလိုင်း (MNA) လက်မှတ် အရောင်းဌာန တာဝန်ရှိသူ တစ်ဦးက ယနေ့ အောက်တိုဘာလ ၂၁ ရက်တွင် ပြောသည်။ကလေး-ရန်ကုန် ခရီးစဉ် လေယာဉ်လက်မှတ် တစ်စောင်လျှင် ပုံမှန် ၉၁,၀၀၀ ကျပ် နှုန်း ကျသင့်ရာမှ ယခု ဖြတ်မည့် လက်မှတ်များကို တစ်စောင်လျှင် ၁၁၃,၀၀၀ ကျပ်ဖြင့် ဝယ်ယူရမည် ဖြစ်သည်ဟု ၎င်းက ပြောသည်။

” MNA လေကြောင်းလိုင်းရဲ့ ကလေး-ရန်ကုန် ခရီးစဉ်ကို နောက်လ နိုဝင်ဘာထဲမှာ ၁၁၃,၀၀၀ (ကျပ်)နဲ့ပဲ ရမယ်။ အဲဒီဈေး တစ်ခုတည်းပဲ လေကြောင်းလိုင်းက ချပေးထားတယ်။ ကြိုပဲဖြတ်ဖြတ် ၊ ရက်ကပ်မှပဲ ဖြတ်ဖြတ် အမြင့်ဆုံးဈေးနဲ့ ရပါတော့မယ်။ ၉၁,၀၀၀၊ ၁၀၃,၀၀၀၊ ၁၀၈,၀၀၀ နဲ့ ရလိုက်တဲ့ ခရီသည်းအားလုံး အရမ်းကံကောင်းတယ် လို့ပဲ ပြောပါရစေဗျ” ဟု ၎င်းက ပြောသည်။

စက်တင်ဘာ နောက်ဆုံးပတ်တွင် စက်သုံးဆီဈေးများ အဆမတန်မြင့်တက်ခဲ့ပြီး ထိုရိုက်ခတ်မှုက လေယာဉ်လက်မှတ်ဈေးနှုန်းများတက်ရန် အကြောင်းအရင်းတစ်ရပ်လည်း ဖြစ်လာသည်။ ထိုသို့ လေယာဉ်လက်မှတ်ခများ တက်နေသော်လည်း လိုက်ပါစီးနင်းမည့် ခရီးသည် အရေအ တွက် များပြားလျက်ရှိကြောင်းနှင့် ယခု အောက်တိုဘာလကုန်ထိ လက်မှတ်များ ရောင်းချရန် မရှိတော့ကြောင်း အဆိုပါ လက်မှတ်အရောင်းဌာန တာဝန်ရှိသူက ပြောသည်။

“ကလေးကနေ ရန်ကုန် ခရီးစဉ်အတွက် လက်မှတ်တွေ အောက်တိုဘာ လကုန်အထိ အကုန် ရောင်းကုန်သွားပါပြီ။ နိုဝင်ဘာ ၂ ရက်နေ့ကစလို့ လက်မှတ်တွေ ပြန်ဝယ်လို့ရမယ်။ ကလေး-မန္တလေး ခရီးစဉ် အတွက်တော့ အောက်တိုဘာ ၂၆ ရက်ကစလို့ ဝယ်လို့ရပါတယ်။ ကလေး-မန္တ လေး ခရီးစဉ်ကတော့ ၆၈,၀၀၀ ကျပ်ပါ” ဟု ၎င်းက ပြောသည်။

ယခုနှစ် ဇွန်လနှောင်းပိုင်းက စတင်၍ COVID-19 ကပ်ရောဂါကြောင့် ပိတ်ထားခဲ့ရသည့် ကလေးမြို့ လေဆိပ်သည် အောက်တိုဘာလ ၁၆ ရက်နေ့တွင် ပြန်လည် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။ခရီး သွားရောက်လိုသူများသည် ပြည်သူ့ဆေးရုံတွင် COVID-19 ရောဂါ ရှိမရှိ စစ်ရမည် ဖြစ်ပြီး ရောဂါရှိကြောင်း တွေ့ရှိပါက ခရီးသွားခွင့် မပြုကြောင်းနှင့် လက်မှတ်ဖိုးအပြည့် ပြန်အမ်းသွားမည် ဟုလည်း လေကြောင်းလိုင်း တာဝန်ရှိသူ တစ်ဦးက ပြောသည်။

လက်ရှိတွင် MNA လေကြောင်းလိုင်း တစ်ခုသာ ပြေးဆွဲနေပြီး တစ်ပတ်လျှင် အင်္ဂါ၊ ကြာသပတေး၊ စနေ သုံးရက် ပြေးဆွဲလျက် ရှိသည်။ အဲကမ္ဘောဇ (AIR KBZ ) လေကြောင်းလိုင်းကမူ သက်ဆိုင်ရာ ခွင့်ပြုချက် ရသည်နှင့် ချက်ချင်းပြေး ဆွဲပေးသွားမည်ဟု ၎င်းတို့၏ လူမှုကွန်ရက် စာမျက်နှာတွင် ကြေညာထားသည်။

လက်ရှိတွင် ကလေးမြို့ ပြည်သူ့ဆေးရုံ သွားနှင့် ခံတွင်းဌာန နေရာတွင် နေ့စဉ် နံနက် ၉ နာရီမှ နေ့လည် ၁၂ နာရီထိ COVID-19 ရောဂါ ရှိမရှိ စစ်ပေးနေပြီး စစ်ခမှာ ၁၀,၀၀၀ ကျပ်ဖြစ်သည်။ ထို့အပြင် COVID-19 ရောဂါ ကင်းရှင်းကြောင်း ထောက်ခံစာဖြင့်သာ လေယာဉ်စီးနင်းခွင့် ရရှိမည် ဖြစ်သည်။COVID-19 ရောဂါ ရှိမရှိ စစ်ဆေးရန် လေယာဉ်လက်မှတ်နှင့် မှတ်ပုံတင် ပြရမည်ဖြစ်ပြီး COVID-19 ရောဂါ ကင်းစင်ကြောင်း ထောက်ခံစာမှာ ၃၆ နာရီ အတွင်းသာ အကြုံးဝင်မည် ဖြစ်သည်။

လက်ရှိတွင် လေယာဉ်ဖြင့် ခရီးသွားမည့် ခရီးသည် ၁၀၀ ခန့် ကလေးပြည်သူ့ ဆေးရုံတွင် COVID-19 ရောဂါရှိမရှိ လာရောက်စစ်ဆေးထားပြီး ၎င်းတို့အနက် တစ်ဦးသာ COVID-19 Positive (ရောဂါတွေ့ရှိသူ) ရှိကြောင်း စုံစမ်းသိရှိရသည်။mizzima

မြန်မာစစ်ခေါင်းဆောင်ကို အာဆီယံထိပ်သီးအ စည်းအဝေးတက်ခွင့်မပြုသည့်အပေါ် အမေရိကန် ထောက်ခံ

လာမယ့်အာဆီယံထိပ်သီးညီလာခံနဲ့  ဆက်စပ်ထိပ်သီး  အစည်းအဝေးတွေကို မြန်မာနိုင်ငံမှ နိုင်ငံရေးနဲ့မပတ်သက်တဲ့  ကိုယ်စားလှယ်တစ်ဦးကို ဖိတ်ကြားဖို့ ပြီးခဲ့တဲ့ သီတင်းပတ်က အာဆီယံရဲ့ခက်ခဲပေမယ့် လိုအပ်လို့ထုတ်ပြန်ရတဲ့ ဆုံးဖြတ်ချက်အတွက် အမေရိကန်က ထောက်ခံတယ်လို့ ထပ်လောင်းပြောကြားလိုက်ပါတယ်။

အမေရိကန်နိုင်ငံခြားရေး၀န်ကြီးဌာန အတိုင်ပင်ခံပုဂ္ဂိုလ် ဒဲရက်ရှိုးလက်ရဲ့ အရှေ့တောင်အာရှ ခရီးစဉ်အတွင်း အောက်တိုဘာ ၂၀ ရက်က စင်္ကာပူနိုင်ငံကို ရောက်ရှိချိန်မှာ မြန်မာနိုင်ငံအပါအ၀င် ဒေသတွင်းကိစ္စတွေကို တွေ့ဆုံဆွေးနွေးရာမှာ ပြောဆိုခဲ့တာလို့  စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလာခရစ်ရှ်နန်က သူ့ရဲ့ လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်မှာ ရေးသားထားပါတယ်။

အာဆီယံနဲ့ အပြုသဘောဆောင်တဲ့ ထိတွေ့ဆက်ဆံမှုကို ဆက်လက်ခိုင်မာအောင်လုပ်ဖို့ အမေရိကန်ရဲ့ ကတိကဝတ်ကို ကြိုဆိုတယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံရှိ လူသားချင်းစာနာထောက်ထားမှု အခြေအနေဟာ နိုင်ငံတကာအသိုင်းအဝိုင်းထံမှ စုပေါင်းအကူအညီ လိုအပ်မှာဖြစ်ပြီး အချက်ငါးချက်ပါ အာဆီယံသဘောတူညီချက်ကို မြန်မြန်ဆန်ဆန် ပြည့်ပြည့်ဝဝ အကောင်အထည်ဖော်ဖို့၊ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးသံတမန်နဲ့အတူ ပူးပေါင်းလုပ်ဆောင်ဖို့အတွက် မြန်မာစစ်တပ်ကို ဆက်လက်တိုက်တွန်းဖို့ သဘောတူခဲ့တယ်လို့လည်း စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးက အသိပေးထားပါတယ်။  

မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို အခုလကုန်ပိုင်း ကျင်းပမယ့် အာဆီယံထိပ်သီးညီလာခံမှာ ပါတက်ရောက်ဖို့ ဖိတ်ကြားမှာမဟုတ်ဘဲ နိုင်ငံရေးနယ်ပယ်ကမဟုတ်သူ တဦးကို ဖိတ်ကြားသွားဖို့ အောက်တိုဘာ ၁၅ ရက်က ကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အရေးပေါ်အစည်းအဝေးကနေ ဆုံးဖြတ်ခဲ့တာပါ။ 

ဒီလိုဆုံးဖြတ်လိုက်တာနဲ့ ပတ်သက်ပြီး လွန်စွာစိတ်ပျက်မိပြီး ပြင်းထန်စွာ ကန့်ကွက်တဲ့အကြောင်း စစ်ကောင်စီ နိုင်ငံခြားရေးဌာနကတုံ့ပြန် ကြေညာထားပါတယ်။DVB

တိုက်ကြီးမြို့က စစ်မှုထမ်းဟောင်း၏ ဇနီးနှင့်သား သေနတ်ဖြင့် ပစ်ခတ်ခံရ

ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့၊ အမှတ်(၂) ရပ်ကွက် ဗန္ဓုလလမ်းတွင် နေထိုင်သူ စစ်မှုထမ်းဟောင်း ဦးစန်းဖေ၏ နေအိမ်သို့ ဆိုင်ကယ်စီး လူနှစ်ဦး ရောက်လာပြီး ၎င်း၏ ဇနီးနှင့် သားအား သေနတ်ဖြင့် ပစ်ခတ်သွားကြောင်း ပေါက်ကြားလာသည့် စစ်ကောင်စီတပ်၏ လုံခြုံ ရေးအစီရင်ခံစာမှ သိရသည်။

အဆိုပါပစ်ခတ်မှုသည် အောက်တိုဘာ ၂၀ရက် ည ၈နာရီ မိနစ် ၃၀ အချိန်တွင် ဖြစ်ပွားခဲ့ပြီး ပစ်ခတ်သည့် အဖွဲ့ကိုမူ မသိရသေးဘဲ ပစ်ခတ်ခံရသူနှစ်ဦးမှာ ထိခိုက်ဒဏ်ရာရရှိသွားကြောင်း ယင်းအစီရင်ခံစာတွင် ရေးသားထားသည်။ ဦးစန်းဖေ၏ ဇနီးမှာ လက်မောင်းရှပ်ထိဒဏ်ရာ နှစ်ချက်၊ ပါးရှပ်ထိဒဏ်ရာ တစ်ချက်နှင့် သားဖြစ်သူမှာ ယာလက်ဖျံ ရှပ်ထိဒဏ်ရာ နှစ်ချက်နှင့် ရင်အုံရှပ်ထိ ဒဏ်ရာ တစ်ချက် ရရှိခဲ့ကြောင်း ကန ဦးသတင်း တင်ပြအပ်ပါသည်ဟု အဆိုပါအစီရင်ခံစာတွင် ရေးသားထားသည်။

လက်ရှိတွင် ၎င်းတို့ နှစ်ဦးအား အဖျောက်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။ ဖြစ်စဉ်ဖြစ်ပွားသည့်နေရာတွင် ကျည်ဆန်ခွံ ရှစ်ခု၊ ကျည်တောင့် တစ်ထောင့် တွေ့ရှိကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။mizzima

ရေဦးနှင့်တန့်ဆည်တွင် ယာဉ်များကို ချောဆွဲရန် လိုင်စင်နှင့် ယာဉ်မှတ်ပုံတင်စာအုပ် (Owner Book)စစ်ကောင်စီသိမ်းဆည်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့မှာ အခုရက်ပိုင်းအတွင်း စစ်ကောင်စီက မြို့အတွင်း စစ်ဆေးရေး ဂိတ်တွေပြုလုပ်ပြီး အိမ်စီးကားတွေဆီက လိုင်စင်နဲ့ ယာဉ်မှတ်ပုံတင်စာအုပ် (Owner Book)တွေ သိမ်းဆည်းကာ သူတို့ခေါ်တဲ့ နေ့ လာရမယ်လို့ပြောတဲ့အတွက် ယာဉ်ပိုင်ရှင်တွေ စိုးရိမ်ထိတ်လန့်နေကြပါတယ်။

“လိုင်စင်နဲ့ Owner Book သိမ်းပြီး ကျနော်တို့ယာဉ်ပိုင်ရှင်တွေကို သူတို့ခေါ်တဲ့နေ့ လာရမယ်။ ချောလိုက်ရမယ်လို့ ပြောတယ်။ ကျနော်တို့က အခြားကားတစီး ငှားလိုက်ပါ၊ ကျသင့်ငွေကို ပေးဆောင်ပါမယ်လို့ ပြောတယ်။ အဲဒါဆို ခင်ဗျားတို့ပဲ ငှားထည့်ပေးပါ။ ကျုပ်တို့ငှားရင် မလိုက်လို့ပါလို့ ပြောပြီး ပိုက်ဆံပေးတော့လည်း လက်မခံဘူး” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

လိုင်စင်နဲ့ Owner Book တွေ သိမ်းဆည်းခံရတဲ့ ယာဉ်ပိုင်ရှင်တွေဟာ စစ်တပ်ခေါ်တဲ့အချိန် မဖြစ်မနေ ချောလိုက်ရတော့မှာဖြစ်လို့ မိုင်းဆွဲခံရမှာ စိုးရိမ်နေကြသလို ကားနံပါတ်မှတ်ထားပြီး ဒလန်ကားဆိုပြီး သတ်မှတ်မှာကိုလည်း စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေဟာ အမျိုးသားညီညွှတ်ရေးအစိုးရ NUG က ခုခံတော်လှန်စစ် ကြေညာပြီးနောက်ပိုင်း ရေဦးမြို့က စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်အချို့ဟာ ယူနီဖောင်းဝတ်ဆင်တာ မရှိတော့ဘဲ အရပ်ဝတ် လက်နက်ကိုင်ဆောင်ပြီး လူမှုရေးကားနဲ့ အရပ်သားကားတွေကို အသုံးပြုကာ ဖမ်း ဆီးပစ်ခတ်တာတွေ ပြုလုပ်လာတယ်လို့ သိရပါတယ်။

တန့်ဆည်မြို့မှာလည်း အိမ်စီးကားအပြင် ဒိုင်နာ၊ SKAT ကားတွေအားလုံးကို လိုင်စင် Owner Book စစ်ဆေးနေပြီး သက်တမ်းကုန်ပါက ချော ဆွဲနေကြောင်း၊ မလိုက်နိုင်ပါက ငွေ သုံးသိန်း နဲ့ ရွေးခိုင်းတယ်လို့ ယာဉ်ပိုင်ရှင်တဦးက ပြောပါတယ်။

ဒါ့အပြင် လိုင်စင် သက်တမ်းမကုန်တဲ့ ကားတွေကိုတော့ ပိုက်ဆံ ၁ သိန်းလောက် တောင်းပြီး ပြန်လွှတ်တယ်လို့ ဆိုပါတယ်။DVB

လောင်းရှည်မြို့မရဲစခန်းက ပြည်သူ့ဘက်ကူး ပြောင်းလာသည့် ရဲတပ်သား လွတ်မြောက်နယ် မြေသို့ရောက်ရှိ

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ် ၊ လောင်းရှည်မြို့ မြို့မရဲစခန်းမှ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု( CDM) ပြုလုပ်လာသည့် ရဲတပ်သား ကျော်သီဟသည် ယနေ့ အောက်တိုဘာလ ၂၁ ရက် တွင် လွတ်မြောက်နယ်မြေသို့ ဘေးမသီရန်မခ ရောက်ရှိသွားပြီဟု ယောဒေသကာကွယ်ရေးတပ် (YDF- ဆော၊ ကျောက်ထု) အဖွဲ့ထံမှ သိရသည်။

အဆိုပါ ရဲတပ်သားသည် ပြီးခဲ့သည့် အောက်တိုဘာလ ၁၆ ရက် နံနက်ပိုင်းတွင် CDM ပြုလုပ်ပြီး YDF- ဆော၊ ကျောက်ထု အဖွဲ့ ထံ လာရောက်ခိုလှုံခဲ့ခြင်းဖြစ်သည်။ “နောက်နောင်တွင် စစ်လက်နက် အပြည့်အစုံနှင့်တကွ YDF- ဆော၊ ကျောက်ထုအဖွဲ့ထံ ဝင်ရောက်လာပါက ထိုက်တန် သော ဆုကြေးငွေကို ပေးအပ်၍ ယခုလို လွတ်မြောက်နယ်မြေ (သို့) ပြည်ပနိုင်ငံသို့ ရောက်ရှိအောင် ပို့ဆောင်ပေးသွားမည်” ဟု ယောဒေသ ကာကွယ်ရေးတပ်ဘက်က ကြေညာထားသည်။

ဆောမြို့ မြို့မရဲစခန်းက ရဲတပ်သား ငြိမ်းမောင်သည် အောက်တိုဘာလ ၁၄ ရက် က YDF- ဆော၊ ကျောက်ထု အဖွဲ့ထံလာရောက်ပြီး CDM ပြုလုပ်ကာ ပြည်သူ့ရင်ခွင်သို့ ခိုလှုံလာခဲ့သေးသည်။ထို့ပြင် စစ်ကိုင်းတိုင်း ၊ အရာတော်မြို့နယ်၊ အရာတော်မြို့ မြို့မရဲစခန်းက ရဲတပ်သား ကောင်းထက်ဇော်နှင့် အမှတ် (၁၀) စစ်အခြေခံ လေ့ကျင့်ရေးတပ်မှ ဒုတပ်ကြပ် ကျော်လှိုင်ဦးတို့ နှစ်ဦးသည်လည်း အောက်တိုဘာလ ၆ ရက်တွင် CDM ပြုလုပ်ပြီး ပြည်သူ့ဘက် ပူးပေါင်းပါဝင်လာသည်ဟု အရာတော်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အောက်တိုဘာလ ၁၅ရက်နေ့က ထုတ်ပြန်ထားသည်။

အကြမ်းဖက် စစ်ကောင်စီနှင့် လမ်းခွဲပြီး ပြည်သူလူထုနှင့် ပူးပေါင်းလာသော တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များ၏ အကျိုးခံစားခွင့်ကို ပင် စင်အထိပါ တာဝန်ယူမည်ဟု အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ကပြီးခဲ့သည့် ဩဂုတ်လ ၂၃ ရက်နေ့တွင် ထုတ်ပြန်ကြေညာထားသည်။mizzima

« Older Entries