ကလေး-ရန်ကုန် လေယာဉ်လက်မှတ် ဈေးနှုန်း ခုန်တက်

ကလေး-ရန်ကုန် ခရီးစဉ် လေယာဉ်လက်မှတ် ဈေးနှုန်းများ မြင့်တက်သွားပြီ ဖြစ်ကြောင်း မြန်မာ အမျိုးသား လေကြောင်းလိုင်း (MNA) လက်မှတ် အရောင်းဌာန တာဝန်ရှိသူ တစ်ဦးက ယနေ့ အောက်တိုဘာလ ၂၁ ရက်တွင် ပြောသည်။ကလေး-ရန်ကုန် ခရီးစဉ် လေယာဉ်လက်မှတ် တစ်စောင်လျှင် ပုံမှန် ၉၁,၀၀၀ ကျပ် နှုန်း ကျသင့်ရာမှ ယခု ဖြတ်မည့် လက်မှတ်များကို တစ်စောင်လျှင် ၁၁၃,၀၀၀ ကျပ်ဖြင့် ဝယ်ယူရမည် ဖြစ်သည်ဟု ၎င်းက ပြောသည်။
” MNA လေကြောင်းလိုင်းရဲ့ ကလေး-ရန်ကုန် ခရီးစဉ်ကို နောက်လ နိုဝင်ဘာထဲမှာ ၁၁၃,၀၀၀ (ကျပ်)နဲ့ပဲ ရမယ်။ အဲဒီဈေး တစ်ခုတည်းပဲ လေကြောင်းလိုင်းက ချပေးထားတယ်။ ကြိုပဲဖြတ်ဖြတ် ၊ ရက်ကပ်မှပဲ ဖြတ်ဖြတ် အမြင့်ဆုံးဈေးနဲ့ ရပါတော့မယ်။ ၉၁,၀၀၀၊ ၁၀၃,၀၀၀၊ ၁၀၈,၀၀၀ နဲ့ ရလိုက်တဲ့ ခရီသည်းအားလုံး အရမ်းကံကောင်းတယ် လို့ပဲ ပြောပါရစေဗျ” ဟု ၎င်းက ပြောသည်။
စက်တင်ဘာ နောက်ဆုံးပတ်တွင် စက်သုံးဆီဈေးများ အဆမတန်မြင့်တက်ခဲ့ပြီး ထိုရိုက်ခတ်မှုက လေယာဉ်လက်မှတ်ဈေးနှုန်းများတက်ရန် အကြောင်းအရင်းတစ်ရပ်လည်း ဖြစ်လာသည်။ ထိုသို့ လေယာဉ်လက်မှတ်ခများ တက်နေသော်လည်း လိုက်ပါစီးနင်းမည့် ခရီးသည် အရေအ တွက် များပြားလျက်ရှိကြောင်းနှင့် ယခု အောက်တိုဘာလကုန်ထိ လက်မှတ်များ ရောင်းချရန် မရှိတော့ကြောင်း အဆိုပါ လက်မှတ်အရောင်းဌာန တာဝန်ရှိသူက ပြောသည်။
“ကလေးကနေ ရန်ကုန် ခရီးစဉ်အတွက် လက်မှတ်တွေ အောက်တိုဘာ လကုန်အထိ အကုန် ရောင်းကုန်သွားပါပြီ။ နိုဝင်ဘာ ၂ ရက်နေ့ကစလို့ လက်မှတ်တွေ ပြန်ဝယ်လို့ရမယ်။ ကလေး-မန္တလေး ခရီးစဉ် အတွက်တော့ အောက်တိုဘာ ၂၆ ရက်ကစလို့ ဝယ်လို့ရပါတယ်။ ကလေး-မန္တ လေး ခရီးစဉ်ကတော့ ၆၈,၀၀၀ ကျပ်ပါ” ဟု ၎င်းက ပြောသည်။
ယခုနှစ် ဇွန်လနှောင်းပိုင်းက စတင်၍ COVID-19 ကပ်ရောဂါကြောင့် ပိတ်ထားခဲ့ရသည့် ကလေးမြို့ လေဆိပ်သည် အောက်တိုဘာလ ၁၆ ရက်နေ့တွင် ပြန်လည် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။ခရီး သွားရောက်လိုသူများသည် ပြည်သူ့ဆေးရုံတွင် COVID-19 ရောဂါ ရှိမရှိ စစ်ရမည် ဖြစ်ပြီး ရောဂါရှိကြောင်း တွေ့ရှိပါက ခရီးသွားခွင့် မပြုကြောင်းနှင့် လက်မှတ်ဖိုးအပြည့် ပြန်အမ်းသွားမည် ဟုလည်း လေကြောင်းလိုင်း တာဝန်ရှိသူ တစ်ဦးက ပြောသည်။
လက်ရှိတွင် MNA လေကြောင်းလိုင်း တစ်ခုသာ ပြေးဆွဲနေပြီး တစ်ပတ်လျှင် အင်္ဂါ၊ ကြာသပတေး၊ စနေ သုံးရက် ပြေးဆွဲလျက် ရှိသည်။ အဲကမ္ဘောဇ (AIR KBZ ) လေကြောင်းလိုင်းကမူ သက်ဆိုင်ရာ ခွင့်ပြုချက် ရသည်နှင့် ချက်ချင်းပြေး ဆွဲပေးသွားမည်ဟု ၎င်းတို့၏ လူမှုကွန်ရက် စာမျက်နှာတွင် ကြေညာထားသည်။
လက်ရှိတွင် ကလေးမြို့ ပြည်သူ့ဆေးရုံ သွားနှင့် ခံတွင်းဌာန နေရာတွင် နေ့စဉ် နံနက် ၉ နာရီမှ နေ့လည် ၁၂ နာရီထိ COVID-19 ရောဂါ ရှိမရှိ စစ်ပေးနေပြီး စစ်ခမှာ ၁၀,၀၀၀ ကျပ်ဖြစ်သည်။ ထို့အပြင် COVID-19 ရောဂါ ကင်းရှင်းကြောင်း ထောက်ခံစာဖြင့်သာ လေယာဉ်စီးနင်းခွင့် ရရှိမည် ဖြစ်သည်။COVID-19 ရောဂါ ရှိမရှိ စစ်ဆေးရန် လေယာဉ်လက်မှတ်နှင့် မှတ်ပုံတင် ပြရမည်ဖြစ်ပြီး COVID-19 ရောဂါ ကင်းစင်ကြောင်း ထောက်ခံစာမှာ ၃၆ နာရီ အတွင်းသာ အကြုံးဝင်မည် ဖြစ်သည်။
လက်ရှိတွင် လေယာဉ်ဖြင့် ခရီးသွားမည့် ခရီးသည် ၁၀၀ ခန့် ကလေးပြည်သူ့ ဆေးရုံတွင် COVID-19 ရောဂါရှိမရှိ လာရောက်စစ်ဆေးထားပြီး ၎င်းတို့အနက် တစ်ဦးသာ COVID-19 Positive (ရောဂါတွေ့ရှိသူ) ရှိကြောင်း စုံစမ်းသိရှိရသည်။mizzima