စစ်အုပ်စု၏ နိုင်ငံရပ်ခြားတွင်ရှိသော ဘဏ္ဍာ ရေးပိုင်ဆိုင်မှုအား မသုံးစွဲနိုင်ရေး စင်္ကာပူနိုင်ငံနှင့် ဆွေးနွေးထားကြောင်း အမေရိကန် နိုင်ငံ ခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံပြော

မြန်မာနိုင်ငံမှ စစ်ကောင်စီ၊ စစ်တပ်အုပ်စုဝင် များ၏ နိုင်ငံရပ်ခြားရှိ ဘဏ္ဍာရေး ပိုင်ဆိုင်မှုများအား မသုံးစွဲနိုင်ရေး ရယူနိုင်ခွင့် ကန့်သတ်ရန် နည်းလမ်းကို စင်္ကာပူနိုင်ငံနှင့် ဆွေးနွေးထားကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ ဒဲရက်ရှလေးက ပြောသည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ ဒဲရက်ရှလေး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့သည် စင်္ကာပူနိုင်ငံ ငွေကြေးဆိုင်ရာ အာဏာ ပိုင်များ နှင့် တွေ့ဆုံပြီး ယင်းသို့ ဆွေးနွေးခဲ့သည်ဟု သိရသည် ။
မစ္စတာ ရှလေးက ” စင်္ကာပူ ငွေကြေးအာဏာပိုင်အဖွဲ့ရဲ့ ဒုတိယ စီမံညွှန် ကြားရေးမှူး ဟိုဟန်ရှသင်းနဲ့ တွေ့ဆုံဆွေးနွေးမှုက အကျိုးဖြစ်ထွန်းပါတယ်။ မြန်မာစစ်တပ်အုပ်စုရဲ့ နိုင်ငံရပ်ခြားမှာရှိနေတဲ့ ဘဏ္ဍာရေး ပိုင်ဆိုင်မှုတွေကို ရယူသုံးနိုင်ခွင့်ကို ကန့်သတ်ဖို့ နည်းလမ်းတွေဆွေးနွေးခဲ့ပါတယ်” ဟု ၎င်း၏တွစ်တာတွင် ရေးသားထားသည်။
၎င်း၏ စင်္ကာပူနိုင်ငံခရီးစဉ်တွင် စင်္ကာပူငွေကြေးအာဏာပိုင်အဖွဲ့နှင့် အောက်တိုဘာလ ၂၀ ရက်တွင် တွေ့ဆုံဆွေးနွေးခြင်းဖြစ်ကြောင်း သိရသည်။ ၎င်းသည် စင်္ကာပူနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနှင့် အစောပိုင်းက တွေ့ဆုံခဲ့ပြီး မြန်မာ့အရေးအပါအဝင် ဒေသတွင်း အကြောင်းအရာများကို ဆွေးနွေးခဲ့သေး သည် ။
လာမည့် အာဆီယံထိပ်သီးဆွေးနွေးပွဲနှင့် ဆက်စပ်ဆွေးနွေးပွဲများအတွက် အာဏာသိမ်းစစ်ခေါင်းဆောင်အစား နိုင်ငံရေးနှင့် မပတ်သက်သူ ကိုယ်စားလှယ် တစ်ဦးကို ဖိတ်ရန် အာဆီယံဆုံးဖြတ်ချက်အပေါ် အမေရိကန်နိုင်ငံက ထောက်ခံ ကြောင်း အမေရိကန်ကိုယ်စားလှယ်က ပြောခဲ့သည်။mizzima