ပုဒ်မ ၃၉၆ ဖြင့် လူပေါင်း ၂၃ ယောက်အား သေ ဒဏ်ပေးလိုက်ပြီဆိုတဲ့ သတင်းအမှားပြန့်နှံ့နေ

မနေ့က အောက်တိုဘာလ ၂၀ ရက် သီတင်းကျွတ် လပြည့်နေ့တွင် ပုဒ်မ ၃၉၆ ဖြင့် မြောက်ဥက္ကလာမှ လူပေါင်း ၁၉ ယောက်၊ ပဲခူးမှ ၄ ယောက် စုစုပေါင်း လူပေါင်း ၂၃ ယောက်ကို သေဒဏ်ပေးလိုက်ကြောင်းသတင်းတစ်ခု ပြန့်နှံ့နေသည်။ဒေါ်ခိုင်နှင်းဝေဆိုသည့် အကောင့်မှ လူပေါင်း ၂၃ ဦးအား သေဒဏ်ပေးခံရကြောင်း စတင်တာတွေ့ရပြီး အဆိုပါ သတင်းကို ည ၈ နာရီ MRTV တွင်ကြေညာသွားသည်ဟုဆိုသည်။
ဒီသတင်းကို လူပေါင်း ၈၆၀၀ ကျော်မှ ပြန်လည်မျှဝေမှု ရှိတာကိုတွေ့ရသည်။သို့သော် အဆိုပါ ကြေညာချက်မျိူးကို စစ်ကောင်စီ လက် အောက်ခံ မီဒီယာ မြန်မာအသံ၏ ည ရှစ်နာရီ သတင်းတွင် ထည့်သွင်းကြေညာသွားတာ မရှိတာကို မဇ္ဈိမ သတင်းဌာန၏ သတင်းမှား တိုက်ဖျက်ရေး အစီအစဉ်မှ အချက်အလက်စစ်ဆေးသူများက တွေ့ရှိရသည်။
မဇ္ဈိမ သတင်းမှားတိုက်ဖျက်ရေးအစီအစဉ်မှ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ထံ ဆက်သွယ်မေးမြန်းရာမှာ “ ယခု ပြန့်နှံ့နေသည့် သတင်းကိုတွေ့ရှိရကြောင်းနဲ့ လက်ရှိကာလဟာ ရုံးပိတ်ရက်ကာလ ဖြစ်နေတာကြောင့် မဖြစ်နိုင်ဖူး “ ဟု ပြောကြားသွားသည်။ထို့ကြောင့် လက်ရှိပြန့်နှံ့နေသည့် ပုဒ်မ ၃၉၆ ဖြင့် လူပေါင်း ၂၃ ဦးအား သေဒဏ်ပေးလိုက်ပြီဆိုတဲ့ သတင်းသည် သတင်းအမှားသာဖြစ် ကြောင်း ပြောကြားလိုပါသည်။mizzima