မြန်မာစစ်ခေါင်းဆောင်ကို အာဆီယံထိပ်သီးအ စည်းအဝေးတက်ခွင့်မပြုသည့်အပေါ် အမေရိကန် ထောက်ခံ

လာမယ့်အာဆီယံထိပ်သီးညီလာခံနဲ့ ဆက်စပ်ထိပ်သီး အစည်းအဝေးတွေကို မြန်မာနိုင်ငံမှ နိုင်ငံရေးနဲ့မပတ်သက်တဲ့ ကိုယ်စားလှယ်တစ်ဦးကို ဖိတ်ကြားဖို့ ပြီးခဲ့တဲ့ သီတင်းပတ်က အာဆီယံရဲ့ခက်ခဲပေမယ့် လိုအပ်လို့ထုတ်ပြန်ရတဲ့ ဆုံးဖြတ်ချက်အတွက် အမေရိကန်က ထောက်ခံတယ်လို့ ထပ်လောင်းပြောကြားလိုက်ပါတယ်။
အမေရိကန်နိုင်ငံခြားရေး၀န်ကြီးဌာန အတိုင်ပင်ခံပုဂ္ဂိုလ် ဒဲရက်ရှိုးလက်ရဲ့ အရှေ့တောင်အာရှ ခရီးစဉ်အတွင်း အောက်တိုဘာ ၂၀ ရက်က စင်္ကာပူနိုင်ငံကို ရောက်ရှိချိန်မှာ မြန်မာနိုင်ငံအပါအ၀င် ဒေသတွင်းကိစ္စတွေကို တွေ့ဆုံဆွေးနွေးရာမှာ ပြောဆိုခဲ့တာလို့ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလာခရစ်ရှ်နန်က သူ့ရဲ့ လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်မှာ ရေးသားထားပါတယ်။
အာဆီယံနဲ့ အပြုသဘောဆောင်တဲ့ ထိတွေ့ဆက်ဆံမှုကို ဆက်လက်ခိုင်မာအောင်လုပ်ဖို့ အမေရိကန်ရဲ့ ကတိကဝတ်ကို ကြိုဆိုတယ်လို့လည်း ပြောပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံရှိ လူသားချင်းစာနာထောက်ထားမှု အခြေအနေဟာ နိုင်ငံတကာအသိုင်းအဝိုင်းထံမှ စုပေါင်းအကူအညီ လိုအပ်မှာဖြစ်ပြီး အချက်ငါးချက်ပါ အာဆီယံသဘောတူညီချက်ကို မြန်မြန်ဆန်ဆန် ပြည့်ပြည့်ဝဝ အကောင်အထည်ဖော်ဖို့၊ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးသံတမန်နဲ့အတူ ပူးပေါင်းလုပ်ဆောင်ဖို့အတွက် မြန်မာစစ်တပ်ကို ဆက်လက်တိုက်တွန်းဖို့ သဘောတူခဲ့တယ်လို့လည်း စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးက အသိပေးထားပါတယ်။
မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို အခုလကုန်ပိုင်း ကျင်းပမယ့် အာဆီယံထိပ်သီးညီလာခံမှာ ပါတက်ရောက်ဖို့ ဖိတ်ကြားမှာမဟုတ်ဘဲ နိုင်ငံရေးနယ်ပယ်ကမဟုတ်သူ တဦးကို ဖိတ်ကြားသွားဖို့ အောက်တိုဘာ ၁၅ ရက်က ကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အရေးပေါ်အစည်းအဝေးကနေ ဆုံးဖြတ်ခဲ့တာပါ။
ဒီလိုဆုံးဖြတ်လိုက်တာနဲ့ ပတ်သက်ပြီး လွန်စွာစိတ်ပျက်မိပြီး ပြင်းထန်စွာ ကန့်ကွက်တဲ့အကြောင်း စစ်ကောင်စီ နိုင်ငံခြားရေးဌာနကတုံ့ပြန် ကြေညာထားပါတယ်။DVB