Monthly Archives: Oct 2021

မိုးမိတ်မြို့က လူ ၂ ဦးကို လက်နက်ကိုင်အဖွဲ့တစ်ခုက ဖမ်းဆီး၊ ငွေကျပ်သိန်း ၃၀ ဖြင့် ရွေးခိုင်း

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ် ကလယ်ကြီးရွာက လူ ၂ ဦးက အောက်တိုဘာ ၁၉ ရက်နေ့က အမျိုးတွေရှိရာ သရက်ချိုရွာကိုအသွားမှာ လက်နက်ကိုင်အဖွဲ့တစ်ခုက ဖမ်းဆီး သွားပြီးနောက် ငွေသိန်း ၃၀ နဲ့ရွေးခိုင်းခဲ့တယ်လို့ သိရပါတယ်။

“သီတင်းကျွတ် အမျိုးတွေသွားကန်တော့တာ၊ လက်နက်ကိုင် အဖွဲ့တစ်ခုကဖမ်းသွားတာ၊ ပိုက်ဆံ သိန်း ၃၀ တောင်းတယ်။ သူတို့က လူမလိုချင်ဘူး၊ ပိုက်ဆံပဲလိုချင်တာ၊ ပိုက်ဆံမရှိလို့ ဆန်အိတ် ၃၀ ပေးမယ်ဆိုလည်း မရဘူး၊ ပိုက်ဆံပဲရချင်တယ်ဆိုလို့ အမျိုးတွေက ကြံဖန်ပြီးရှာပေးလိုက်ရတယ်” လို့ ဒေသခံတစ်ဦးကဆိုပါတယ်။

ငွေကြေးဘယ်လောက်ပေးပြီး လွတ်လာခဲ့တယ်ဆိုတာကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။ 

အဆိုပါ ရွာအနီးမှာ ရှမ်း၊ ပလောင်နဲ့ ကချင်တို့ ရဲ့လမ်းကြောင်းတွေရှိပြီး ငွေတောင်းတဲ့အဖွဲ့ကိုတော့ စုံစမ်းနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။ 

မိုးမိတ်မြို့နယ်အတွင်းမှာ အခုလို ပြန်ပေးဆွဲတဲ့သဘောအနေနဲ့ ဖမ်းဆီးငွေတောင်းခံတာမျိုး အရင်ကမရှိခဲ့ဘူးလို့သိရပါတယ်။DVB

လှိုင်သာယာမြို့နယ်တွင် ဗုံး ၄လုံး ပေါက်ကွဲ

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် သမကုန်းမှတ်တိုင်နှင့် ဝါဝါဝင်းဂိတ်ပေါက်ကြားတွင် ယနေ့ နေ့လည် ၁၁ နာရီဝန်းကျင်ခန့်က ဗုံး‌ လေး လုံး ပေါက်ကွဲ ခဲ့ပြီး ယင်းပေါက်ကွဲမှုကို လှိုင်သာယာမြို့ပြပြောက်ကျားတပ်ဖွဲ့ (CGF)မှ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။ ဗုံး ခုနှစ်လုံး ထောင်ထားခဲ့ရာတွင် ဗုံးအကြီး တစ်လုံး ပါဝင်ကာ ကျန် ဗုံးအသေး ခြောက်လုံးကို အရန်သဘောထားရှိထားကြောင်း ယင်းအဖွဲ့ထံက သိရသည်။

အစီအစဉ်အရ ဗုံးအသေးများကို ဖောက်ခွဲအပြီးတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ လာရောက်စစ်ဆေးချိန်၌ ဗုံးအကြီးနှင့် ဖောက်ခွဲရန် စီစဉ်ထားခြင်း ဖြစ်ကြောင်း CGFအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။ ဗုံးပေါက်ကွဲမှုသည် သမကုန်းမှတ်တိုင်တွင် ဖြစ်သည်ဟု လူအများက သိလိုက်ကြသော်လည်း အမှန်တကယ်တွင် သမကုန်းမှတ်တိုင်မှ ဝါဝါ၀င်းဂိတ်ပေါက်အထိ တစ်လုံးနှင့် တစ်လုံး ပေ ၂၀၀စီ ခြားကာ ထောင်ထားခြင်းဖြစ်ပြီး ဝါဝါ၀င်းဂိတ်ပေါက်တွင် ဗုံးအကြီးထောင်ထားသည်ဟု ၎င်းက မဇ္ဈိမကိုပြောသည်။

” ကျော်ပြီး ထားတာပေါ့ ။ ဖုန်းလိုင်းတွေခေါ်မရအောင်ဆိုပြီးတော့၊ ဖြစ်ချင်တော့ ကိုယ့်လူက တွေ့သွားတယ်။ ပြည်သူတစ်ယောက်ပေါ့ ။ အဲ့ဒါကို သူက အကြောင်းကြားလိုက်တယ်။

အကြောင်းကြားလိုက်တော့ လာစစ်ကြတာပေါ့ ။ သူတို့က ပိတ်ပြီးစစ်ချပလိုက်တာ ၊ သမကုန်းလောက်ကနေပြီး ပိတ်ပိတ်ပြီး စစ်ချလိုက်တော့ ကျွန်တော်တို့ လူတွေလည်းထွက်ရတာပေါ့။ သူတို့စစ်ရင်း အကြီးကြီးတစ်လုံးကို တွေ့သွားကြတယ်။ ဝါယာတွေကို ကတ်‌‌ကြေးတွေနဲ့ ညှပ်လိုက်တယ်နဲ့တူပါတယ်။ ခေါ်မရတော့ဘူးဖြစ်သွားတော့ အကြီးကြီးတစ်လုံးက မပေါက်သွားဘူးပေါ့။ အဲ့ဒါနဲ့ အသေးလေး လေးလုံးပဲ ဖောက်လိုက်ရတယ်ပေါ့ဗျာ”ဟု CGF အဖွဲ့၏ တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။

အဆိုပါပေါက်ကွဲမှုကြောင့် ထိခိုက်မှု အတိအကျကို မသိရှိရသေးပေ။”ကျွန်တော်တို့ ထပ်ပြီးတော့ ပြောချင်တာလေးတစ်ခုရှိတယ်။ ကျွန် တော် တို့က ဗုံးထောင်ပြီးရင် စောင့်ကြည့်နေရတာ ဗုံးကိုတွေ့သွားရင် ဝမ်းသာလိုက် PDF ညီတွေ အကိုတွေကြိုးစားနေကြပြီ ။ ငါခပ်ဝေးဝေးမှာ သွားနေလိုက်မယ်။ အဲဒီလိုလေးပေါ့ ။

ထောင်ထားတာတွေ့ရင် ဘာမှ ဒီကောင်တွေကို အကြောင်းကြားစရာမလိုဘူးဗျာ။ အနီးနားမှာ ရှိတဲ့ လူတွေကိုတောင်ပြောရမှာ ဒီမှာသားတွေ ညီတွေ အကိုတွေ ကြိုးစားနေတယ်။ ငါတို့ခပ်ဝေးဝေးမှာ သွားနေပေးလိုက်မယ်။ အဲဒီလိုဖြစ်ရမှာ၊ တွေ့ရင် ကြောက်ပြီးတိုင်ရမှာ မဟုတ်ဘူးဗျာ။ ကျွန်တော်တို့က ကိုယ့်လူတွေကို ဘယ်တော့မှမလုပ်ဘူး။ ပြည်သူတွေကို ဘယ်တော့မှ မလုပ်ဘူး။

ကျွန်တော်တို့က ထောင်ထားပြီးရင် ကိုယ်ထောင်ထားတဲ့မိုင်းကို အမြဲစောင့်ကြည့်နေတာ၊ တစ်ခါတလေ လုပ်ရင်းနဲ့တောင် ကိုယ့်လူရှိလို့ မလုပ်လိုက်ရတာတွေအများကြီးရှိတယ်။ အဲဒါကြောင့်တွေ့ပြီဆိုရင် အကြောင်းမကြားဘဲ အဲဒီနေရာမှာရှိတဲ့ ကိုယ့်လူတွေကို လက်တို့ပြီး အ ခြားနေရာ ခေါ်သွားပေးပါ”ဟု ၎င်းကပြောသည်။

ဗုံးတွေ့ပါက စစ်ကောင်စီကို အကြောင်းမကြားရန်နှင့် တွေ့ရှိခဲ့လျှင် အနီးအနားရှိ ပြည်သူများကို ၎င်းနေရာနှင့်ဝေးရာသို့ ခေါ်ဆောင်သွားပေးရန်လည် း CGF အဖွဲ့က တောင်းဆိုထားသည်။mizzima

ပေါက်မြို့နယ် ကြံ့ခိုင်ရေးပါတီရုံး ဗုံးခွဲခံရ

မကွေးတိုင်း၊  ပေါက်မြို့နယ်ရှိ ကြံ့ခိုင်ရေးပါတီရုံးကို အောက်တိုဘာ ၂၂ ရက် မနက်အစောပိုင်းက CAF-MGPDF နဲ့ King Fighter ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းပြီးတော့ ဖောက်ခွဲဖျက်ဆီးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒီကနေ့မနက်အစောပိုင်း ၃ နာရီလောက်က ပေါက်မြို့နယ် ကြံ့ခိုင်ရေးပါတီရုံးကို ချိန်ကိုက်ဗုံးထောင်ပြီး ဖောက်ခွဲဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် ကြံ့ခိုင်ရေးပါတီရုံး ရေချိုးခန်းနဲ့ အိမ်သာ ပျက်စီးသွားတယ်လို့ သိရပြီး ဗုံးထောင်ပြီးနောက် ပြန်လည်ဆုတ်ခွာခဲ့ရတာကြောင့် နောက်ထပ်ပျက်စီးမှုကိုတော့ မသိရသေးဘူးကို့ CAF-MGPDF တပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

CAG-MGPDF အနေနဲ့ နောက်နောင်မှာလည်း အကြမ်းဖက်စစ်အုပ်စုနဲ့စစ်ကောင်စီရဲ့ လက်ကိုင်တုတ်တွေအပါဝင် သူတို့နဲ့ ပတ်သက်ဆက်နွှယ်တဲ့ ထောက်တိုင်တွေကို ဖောက်ခွဲဖျက်ဆီးသွားမယ်လို့ ဆိုပါတယ်။

CAF-MGPDF အနေနဲ့ အောက်တိုဘာ ၁၄ ရက်ကလည်း ညီနောင်မဟာမိတ် ၃ ဖွဲ့ပူးပေါင်းပြီး ပေါက်မြို့နယ် ရေပြာရဲစခန်းနဲ့ မြင်းခြံကုန်းရွာက ဒလန်တစ်ယောက်ရဲ့ ကုန်စုံဆိုင်ကို ဗုံးခွဲတိုက်ခိုက်ခဲ့ပါတယ်။DVB

တောင်ဥက္ကလာပမြို့နယ်တွင် မီတာမဆောင်သည့် နေအိမ် ရာဂဏန်းခန့်ကို စစ်ကောင်စီလျှပ်စစ်ဌာနမှ မီးလာဖြတ်

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ (၇)ရပ်ကွက်ရှိ မီတာမဆောင်သည့် နေအိမ်များအား စစ်ကောင်စီလျှပ်စစ်ဌာန၏ ဝန်ထမ်းများက ယနေ့ အောက်တိုဘာလ ၂၂ ရက် မနက်ပိုင်းတွင် လိုက်လံ မီးဖြတ်ရာ နေအိမ် အရေအတွက် ရာဂဏန်းခန့် မီးဖြတ်ခံလိုက်ရကြောင်း ဒေသခံများက ပြောသည်။

“မနက်က တောင်ဥက္ကလာ (၇) ရပ်ကွက်ကို မီးဖြတ်သွားပါတယ်။ EPC ကလူတွေပဲ လာဖြတ်တာပါ။ မဖြတ်ရသေးတဲ့ အိမ်တွေကိုလည်း မီတာမဆောင်ရင် လာဖြတ်မယ်။ မီတာ ဆောင်မယ်ပြောပြီး မလာရင်လည်း မနက်ဖြန် ပြန်လာဖြတ်မယ်လို့ ခြိမ်းခြောက်သွားတယ် ” ဟု ( ၇ ) ရပ် ကွက်တွင် နေထိုင်သူတစ်ဦးက ပြောသည်။မီးလာဖြတ်ရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပါဝင်ခြင်းမရှိဘဲ လျှပ်စစ်ဌာနမှ ဝန်ထမ်း အယောက် ၂၀ခန့်က လာရောက် မီးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မီးလာဖြတ်သည့် ဝန်ထမ်းများက ၎င်းတို့သည် တောင်ဥက္ကလာပမြို့နယ်လျှပ်စစ်ရုံး( EPC ) က မဟုတ်ဘဲ မြောက်ဒဂုံမြို့နယ် EPC ရုံးက လာရောက်ခြင်းဖြစ်သည်ဟု ပြောသွားကြောင်း ရပ်ကွက်နေ ပြည်သူများထံက သိရသည်။ ယင်းကဲ့သို့ ဖြစ်ပွားပြီးနောက် ရပ်ကွက်နေပြည်သူအချို့ မီတာခသွားရောက် ပေးဆောင်ကြောင်း ဒေသခံများထံက သိရသည်။

“အခုလို မီးဖြတ်တော့ ဟင်းချက်ဖို့ ၊ ရေသုံးဖို့ ၊ အားသွင်းဖို့ အခက်အခဲတွေတော့ ရှိတာပေါ့။ တချို့အိမ်တွေကလည်း ကြောက်လန့်ပြီး မီတာသွားဆောင်ကြတယ်။ တချို့အိမ်တွေကလည်း မီးဖြတ်ရုံမကလို့ လာသတ်ရင်တောင် မီတာသွားမဆောင်နိုင်ဘူးဆိုတဲ့ အိမ်တွေလည်း ရှိတယ်။ ပြည်သူတစ်ရပ်လုံး စည်းစည်းလုံးလုံးနဲ့ ကျော်ဖြတ်ကြမယ်ဆိုရင် ဘယ်အခက်အခဲမဆို ကျော်ဖြတ်နိုင်မှာပါ။ အချင်းချင်း ရိုင်းပင်းကူညီပြီး ဆက်ပြီး အားတင်းထားကြပါ ”ဟု တောင်ဥက္ကလာပမြို့နယ်တွင် နေထိုင်သည့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။စစ်တပ်အာ ဏာသိမ်းခြင်းကို ဆန့်ကျင်သည့်အနေဖြင့် လစဉ်ပေးဆောင်နေရသည့် မီတာခများကို အများပြည်သူက မပေးဆောင်ဘဲ အကြမ်းမဖက် အာ ဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင်ပါဝင်နေကြခြင်း ဖြစ်သည်။

စစ်ကောင်စီက လွန်ခဲ့သည့် လအတွင်းက စတင်ပြီး မီတာခလာရောက်ပေးဆောင်ကြရန်နှင့် မဆောင်ပါက မီးဖြတ်မည်ဟု လိုက်လံကြေညာပြီးနောက် ရန်ကုန်တိုင်းဒေသကြီးအတွင်းက မြို့နယ်အချို့အပါအဝင် အခြားမြို့ကြီးများက ရပ်ကွက်နှင့် ကျေးရွာများ၌ စစ်ကောင်စီက မီးဖြတ်တောက်မှုများ ဆက်တိုက် လုပ်ဆောင်လာခြင်း ဖြစ်သည်ဟု ဒေသခံများထံက သိရသည်။mizzima

ရန်ကုန် လျှပ်စစ်မီတာရုံးများတွင် ဗုံးပေါက် ကွဲ၊ မီတာခပေးရန် စစ်ကောင်စီက အဓမ္မကောက်ခံနေ

ရန်ကုန်မြို့က မြို့နယ်အနှံ့ EPC လျှပ်စစ်မီတာရုံးတွေမှာ  ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ် ပေါ်နေချိန်မှာပဲ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း(YESC)ကလည်း အများပြည် သူကို မီတာခတွေ ပေးဆောင်ကြဖို့ အဆက်မပြတ် တောင်းခံနေပါတယ်။

လှိုင်မြို့နယ် အင်းစိန်လမ်းမနဲ့ ကန်လမ်းထောင့် အနီးရှိ လျှပ်စစ်ရုံးအနီးနဲ့ ကြည့်မြင့်တိုင်၊ သာဓုအရှေ့ရပ်ကွက် မြို့နယ် EPC ရုံးတို့မှာ ဒီနေ့မနက်  ဗုံးပေါက်ကွဲခဲ့သလို သင်္ကန်းကျွန်း၊ ရန်ကင်းနဲ့ ဒဂုံမြို့သစ်တွေမှာရှိတဲ့ လျှပ်စစ်မီတာရုံးတွေ အနားမှာလည်း ဗုံးပေါက်ကွဲမှု တွေဖြစ်ပွားခဲ့တာပါ။ 

မီတာရုံးဝန်ထမ်းတွေအနေနဲ့ အသက်အပိုပါ ပါက ဆက်လက်ပြီး  အများပြည်သူတွေကို ဖိအားပေး မီတာခကောက်ခံနိုင်ကြောင်း Ghost Rangers တပ်ဖွဲ့က သတိပေးချက်ထုတ်ပြန်ထားပါတယ်။

အင်းစိန်မြို့နယ်အတွင်းမှာ မတရားအနိုင်ကျင့်ပြီး မီတာဘေလ်ကောက်ခံတာ၊ လျှပ်စစ်မီးဖြတ်တောက်တာ ပြုလုပ်နေတဲ့ အင်းစိန် EPC ကို Ghost Ranger အဖွဲ့က အောက်တိုဘာ ၂၁ရက်နေ့မှာ သတိပေးလိုက်တာပါ။

အင်းစိန် EPC ဝန်ထမ်းတွေ မီတာဘေလ်ကောက်ခံတဲ့ မှတ်တမ်းဓာတ်ပုံတွေကို  Ghost Ranger အဖွဲ့က  ရယူထားပြီး အသက်အပိုပါရင် အလုပ်တွေဆက်လုပ်နိုင်တယ်လို့ သတိပေးလိုက်တာ ဖြစ်ပါတယ်။

စစ်ကောင်စီ ကတော့ ရန်ကုန်မှာ လက်နက်ကိုင်တပ်တွေ အသုံးပြုပြီး အဓမ္မမီတာခလိုက်ကောက်နေသလို မီတာခမပေးတဲ့ အိမ်တွေကိုလည်း လျှပ်စစ်မီးဖြတ်တာတွေ ပြုလုပ်နေပါတယ်။   

အန်အယ်လ်ဒီအစိုးရလက်ထက်ကတော့ ကိုဗစ်-၁၉ ကပ်ဘေးကြောင့် စီးပွားရေး အခက်အခဲနဲ့ ကြုံတွေ့နေရတဲ့ ပြည်သူတွေအတွက် မီတာခတွေ လျှော့ပေးခဲ့ပြီး လက်ရှိ အမျိုး သားညီညွတ်ရေးအစိုးရ(NUG)ကလည်း အိမ်သုံးလျှပ်စစ်မီတာခတွေကို ခြွင်းချက်မရှိ အခမဲ့ ကင်းလွတ် ခွင့်ပြုကြောင်းနဲ့ ပြည်သူတွေ လျှပ်စစ်မီတာခ ပေးဆောင်ရန်မလိုဘဲ ကောက်ခံရင် နိုင်ငံတော်ပုန်ကန်မှုမြောက်ကြောင်းနဲ့ အမည်ပျက် စာ ရင်းသွင်းသွားမှာ ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ထားပါတယ်။

ဒါပေမဲ့ အကြမ်းဖက်အာဏာသိမ်း စစ်ခေါင်းဆောင်ကတော့ ပြည်လူလူထုတွေထံကနေ လျှပ်စစ်ဓာတ်အားခတွေ သတ်မှတ်နှုန်းထားနဲ့ သတ် မှတ်ချိန်အလိုက် ကောက်ခံရရှိရေး ဆောင်ရွက်ကြဖို့ ညွှန်ကြားထားတာ ဖြစ်ပါတယ်။

ပြည်သူတွေကတော့ ဒီအခွန်အခတွေဟာ နိုင်ငံ့ဖွံ့ဖြိုးတိုးတက်မှုအတွက်မဟုတ်ဘဲ လူထုကို အကြမ်းဖက် သတ်ဖြတ်နေတဲ့ စစ်အုပ်စုရဲ့ အသုံးစရိတ်ဖြစ်မှာမို့ လျှပ် စစ်မီတာခ မပေးသွင်းကြရေး လှုပ်ရှားမှုမှာ ပါဝင်နေကြတာ ဖြစ်ပါတယ်။DVB

လောင်းလုံးမြို့နယ်ရှိ NLD ထောက်ခံသော ပန္ဒလဲရွာမှ လက်ဖက်ရည်ဆိုင်ကို ပျူစောထီးဟု ယူဆရသော လက်နက်ကိုင်အဖွဲ့ က ဝင်ပစ် ၍ ကျေးရွာသား ကိုနေနေနှင့်ဦးအောင်မြင့်တို့ ၂ ဦးသေဆုံး

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် ပန္ဒလဲကျေးရွာမှာ ‌အောက်တိုဘာလ ၂၂ ရက် နံနက် ၈ နာရီ မီနစ် ၃၀ လောက်မှာ ပျူးစောထီးအဖွဲ့လို့ ယူဆရတဲ့ အရပ်ဝတ် လက်နက်ကိုင်တစ်ဖွဲ့က ပစ်ခတ်လို့ အမျိုးသားနှစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီအဖွဲ့ဟာ ထားဝယ်ဘက်ကနေ Vigo ကားတစ်စီးနဲ့ဆင်းလာပြီး ပန္ဒလဲ ရွှေဘုံသာဘုန်းကြီးကျောင်းအရှေ့အရောက်တွင် ပြန်လှည့်လာပြီး အထက်တန်းကျောင်းနဲ့ မျက်နှာချင်းဆိုင်လောက်မှာရှိတဲ့ လက်ဖက်ရည်ဆိုင်ထဲ အကြောင်းမဲ့ သေနတ်ပစ်ခတ်ခဲ့တာလို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

အဲဒီပစ်ခတ်မူကြောင့် ဆိုင်ထဲမှာ လက်ဖက်ရည်သောင်နေတဲ့ ကိုနေနေနဲ့ ဦးအောင်မြင့်တို့ သေနတ်ထိမှန်ပြီး သေဆုံးသွားတယ်လို့ ဆိုပါတယ်။ “တစ်ယောက်ကတော့ ပွဲချင်းပြီးသေသွားတယ်။ နောက်တစ်ယောက်ကတော့ အရေးပေါ်ကားနဲ့ ဆေးရုံခေါ်သွားသေးတယ်။ ဆေးရုံရောက်မှာ သေသွားပြီဆိုပြီး ဖုန်းဆက်လာတယ်လို့ သိရတယ်” ဟု ဒေသခံတစ်ဦးက ဆိုပါတယ်။

နောက်ထပ်နှစ်ဦးလဲသေနတ်ဒဏ်ရာရထားကြောင်း သိရပေမယ့် ဘယ်သူတွေလဲဆိုတာကို မသိသေးဘူးလို့ အဲဒီဒေသခံက ပြောပါတယ်။ “ရွာထဲမှာတော့ တော်တော်များလူတွေရှောင်နေကြရတယ်။ ကျွန်တော်တို့လဲ ရှောင်နေရတယ်ဆိုတော့ ဒဏ်ရာရတဲ့နှစ်ယောက်အကြောင်း သေခြာမသိရသေးဘူး” လို့ သူကဆိုပါတယ်။ ပန္ဒလဲကျေးရွာသားအများစုဟာ NLD ပါတီကို ဝန်းရံတဲ့သူတွေဖြစ်တာကြောင့် ပျူစေားထီးအဖွဲ့တွေက ပစ်ခတ်တာဖြစ်နိုင်တယ်လို့ ဒေသခံတွေထင်နေကြပါတယ်။khit thit

အရာတော်မြို့နယ်၊ ကန်ရင်းရွာနှင့် မလဲသာရွာရှိ ဒေသကာကွယ်ရေး တပ်စခန်း ၂ ခု မီးရှို့ဖျက်ဆီးခံရ

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင် အရာတော်မြို့နယ်ထဲက ကန်ရင်းရွာနှင့် မလဲသာရွာရှိ ဒေသကာကွယ်ရေးတပ်စခန်း နှစ်ခုကို စစ်ကောင်စီက ယနေ့ အောက်တိုဘာ ၂၂ ရက် နံနက်တွင် ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံ သပြေညို ပြောက်ကျား တပ်ဖွဲ့ဝင် တစ်ဦးက မဇ္ဈိမ ကို ပြော သည်။

ဝင်ရောက်စီးနင်းကာ မီးရှို့ခံခဲ့ရသည့် ဒေသကာကွယ်ရေးစခန်းနှစ်ခုမှာ အရာတော် Local Ranger – LRG ဒေသခံကာကွယ်ရေးတပ်ဖွဲ့စခန်း နှင့် Monywa Ranger တပ်စခန်းတို့ ဖြစ်ကြောင်း မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေး page ကလည်း ထုတ်ပြန်ထားသည်။”အခု အရာတော်မြို့နယ် ကန်ရင်းရွာနဲ့ အနီးတစ်ဝိုက်ကို မနက် ၄ နာရီ လောက်ကတည်းက စစ်ကောင်စီတပ်တွေ ဝင်နေတယ်။ အဲဒီရွာက ဒေသ ကာကွယ်ရေးတပ်တွေကို ဝင်ပြီးမီးရှို့တာ သူတို့ဘက်က အင်အားများတယ်။ ဦးရေ ၂၀၀ လောက်ရှိ မယ်။

အပြန်အလှန် ပစ်တာမျိုးတော့ မရှိဘူး။ ထိပ်တိုက်တွေ့တာမျိုး ကျွန်တော်တို့တွေက လုပ်လို့မရဘူးလေ။ အဲဒီဘက်က ရဲဘော်တွေကိုလည်း ရှောင်ခိုင်းထားတယ်။ ရဲဘော်နှစ်ယောက်တော့ ဖမ်းခံလိုက်ရတယ်”ဟု ၎င်းက ပြောသည်။

စစ်ကိုင်း- ရွှေဘို- အရာတော်- မုံရွာ- ချောင်းဦး- မြင်းမူ- ထီးဆောင်းလမ်း အထူးသဖြင့် အရာတော် မြို့နယ်နှင့် မြင်းမူ မြို့နယ်ကြား ကျေးရွာချင်းဆက် လမ်းများအား အသွားအလာ မပြုလုပ်ကြရန် နှင့် ခရီးသွား ပြည်သူများနှင့် ခရီးသွားယာဉ် ကုန်ကားများအနေဖြင့်လည်း မိမိတို့ ရောက်ရာ နေရာတွင် ရပ်နား နေပေးကြပါရန် သပြေညို ပြောက်ကျားတပ်ဖွဲ့က အသိပေး ထုတ်ပြန် ကြေညာထားသည်။

“အခုလို ဘာလို့ ထုတ်တာလဲဆိုတော့ စစ်ကောင်စီတပ်တွေက အိမ်စီးကားတွေနဲ့ရော လာတာ‌ဗျာ။ အဲဒါကြောင့် ပြည်သူနဲ့ ခွဲမရမာစိုးလို့” ဟု သပြေညို ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

ထို့ပြင် မုံရွာ- အရာတော်လမ်းအား ကျန်းမာရေးနှင့်ပတ်သက်သည့် အရေးကြီးကိစ္စရပ်များမှ လွဲ၍ လုံး၀ (လုံးဝ) အသုံးမပြုရန်လည်း သပြေညို ပြောက်ကျားတပ်ဖွဲ့ အပါအဝင် တော်လှန်ရေးတပ်ဖွဲ့ ငါးဖွဲ့က စုပေါင်း ထုတ်ပြန်ထားသည်။ယင်းထုတ်ပြန်စာတွင် မုံရွာ- အရာတော်လမ်းကို အသုံးပြုသည့် ပြည်သူများအနေဖြင့် တစ်စုံတစ်ခု ထိခိုက်နစ်နာ ဒဏ်ရာရရှိပါက တော်လှန်ရေးအဖွဲ့ ငါးခုမှ တာဝန် မယူနိုင်သည့် အပြင် စိတ်မကောင်းကြီးစွာဖြစ်ရလိမ့်မည်ဟု ဖော်ပြထားသည်။mizzima

ဖရူဆိုမြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီတပ် သား ၂၀ ကျော်သေဆုံးပြီး အများအပြား ဒဏ် ရာရ

ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ အောက်တိုဘာ ၂၁ ရက်ညက စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ ကရင်နီတပ်မတော် (KA)၊  KNDF ပူးပေါင်းတပ်တို့အကြား တိုက်ပွဲ ၄ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က  ၂၀ ကျော်သေဆုံးခဲ့တယ်လို့ ကရင်နီတပ်ဖွဲ့ကပြောပါတယ်။

ဖရူဆိုမြို့နယ်၊ ထားလဲကျေးရွာ၊ ကျိုးပင်ကုန်းကျေးရွာနဲ့ နန်းဖဲကျေးရွာတွေမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်တွေကို မိုင်းဆွဲတိုက်လိုက်ခဲ့တာလို့  KNDF ပြောခွင့်ရသူက ပြောပါတယ်။ 

“မနေ့ညက တိုက်ပွဲ ၄ ကြိမ်ဖြစ်တယ်လေ။ စစ်တပ်ဘက်က ထိခိုက်ကျဆုံးတွေ တော်တော်များတယ်။ ဘာလိုလဲဆိုတော့ မိုင်းဆွဲ တိုက်ခိုက်လိုက်တာကိုး။ မိုင်းဆွဲတိုက်ခိုက်တော့ စစ်ကား ၃ စီး၊ နောက် ၂၆ ယောက်က သေတယ်။ နောက်လူ သုံး လေးဆယ်လောက် ဒဏ်ရာရတယ်။ အခုလည်း အဲဒီမှာ ပိတ်မိနေတုန်းပဲ။”

စစ်ကောင်စီဘက်က သူတို့တပ်တွေကို လာရောက်ပြီး ရိက္ခာဖြည့်ပေးလာတဲ့အတွက် လမ်းမှာ ကရင်နီပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဒါ့အပြင် မနေ့ည ၇ နာရီလောက်ကလည်း  ဒီးမာ့ဆိုမြို့နယ် ရဲစခန်းအနီးမှာ စစ်ကောင်စီဘက်က လွှတ်တင်ထားတဲ့ ဒရုမ်းကို ကရင်နီတပ်ဘက်က  ပစ်ခတ်ခဲ့လို့ စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေ၊ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့တယ်လို့လည်း ပြောပါတယ်။

အလားတူ မနေ့မွန်းလွဲပိုင်း ၃ နာရီဝန်းကျင်မှာ  လွိုင်ကော်တက္ကသိုလ် အနီး ဗုံးပေါက်ကွဲခဲ့ပြီး၊ စစ်ကောင်စီတပ်ဘက်က ၂  ဦးကျဆုံးခဲ့တယ်လို့ KNDF က ထုတ်ပြန်ထားပါတယ်။

မနေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ ကရင်နီပူးပေါင်းတပ်ဘက်က  ထိခိုက်သေဆုံးတာ မရှိကြောင်း KNDF ပြောခွင့်ရသူက ဒီဗွီဘီကို ပြောပါတယ်။DVB

မန္တလေး အထူးပြောက်ကျားတပ်စခန်း စီးနင်းခံရချိန် ပြောက်ကျားတပ်ဖွဲ့ တပ်စိတ်မှူး ကျဆုံး

မန္တလေးတိုင်း၊ အထူးပြောက်ကျားတပ်ဖွဲ့ (MSTF)၏ အခြေစိုက်စခန်းတစ်ခုအား စစ်ကောင်စီလက်နက်ကိုင်များ စီးနင်းတိုက်ခိုက်စဉ်အချိန်က ပျောက်ဆုံးနေသည့် ပြောက်ကျားတပ် တပ်စိတ်မှူး ကျဆုံးသွားပြီဖြစ်ကြောင်း MSTF က ယနေ့အောက်တိုဘာ ၂၂ ရက်တွင် သတင်းထုတ်ပြန် သည်။

စစ်ကောင်စီတပ်ဖွဲ့ အင်အား ၁၈၀ ခန့်သည် ဒလန် သတင်းပေးနှင့်အတူ မန္တလေးမြို့နှင့် မနီးမဝေး တစ်နေရာရှိ MSTF အခြေစိုက်စခန်းငယ် တစ်ခုအား ပြီးခဲ့သည့် အောက်တိုဘာ ၁၆ ရက် ညနေ ၄ နာရီ ဝန်းကျင်က ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်။ စီးနင်းခံရစဉ် ပြန်လည်ခုခံရန်ပြင် ဆင်ခဲ့သော်လည်း ကျေးရွာပြည်သူများအား ငဲ့ညှာ၍ရှောင်တိမ်းခဲ့ရာတွင် တပ်စု(၂)၊ တပ်စိတ် (၁)မှ တပ်စိတ်မှူးဖြစ်သူ သခင်BB(ခ)ကိုညီညီဖြိုး ပျောက်ဆုံးခဲ့ကြောင်း MSTF ထံက သိရသည်။

” ကောင်းရာမွန်ရာဘဝမှာ အနားယူပါ။ မင်းပြောတဲ့ R2P လာနေပြီဆိုတဲ့ အသံလေးကို တစ်ဖွဲ့လုံး ကြားယောင်နေပါတယ်ကွာ။ အခုလို တာဝန် ကျေပွန်တဲ့အထိ ထမ်းဆောင်ပေးသွားတဲ့ မင်းရဲ့ပေးဆပ်မှုက အလကားမဖြစ်စေရဘူးလို့ ငါတို့တွေ ကတိပေးပါတယ်”ဟု MSTFအဖွဲ့၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

MSTF တပ်ဖွဲ့အနေဖြင့် ပြန်လည် ထူထောင်ရေးနှင့် ကုသရေး လုပ်ငန်းစဉ်များကိုလည်း တစ်ပြိုက်နက်တည်း ပြုလုပ်နေပါသဖြင့် မကြာမီအ ချိန်အတွင်း များစွာသာအောင်ပွဲနှင့်အတူပြန်လည်ပေါ်လာခဲ့ပါမည်ဟုလည်း ထုတ်ပြန်ထားသေးသည်။mizzima

ရန်ကုန်၊ ၄၈ လမ်းရှိ KBZ ဘဏ်ခွဲ ဓားပြတိုက်ခံရ

ရန်ကုန်၊ ဗိုလ်တထောင်မြို့နယ်၊ ၄၈ လမ်း၊ Urban Asia အဆောက်အအုံရှိ ကမ္ဘောဇဘဏ်ခွဲတွင် ယနေ့ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်ဝန်းကျင်အချိန် ဓားပြတိုက်ခံရကြောင်း သိရှိရသည်။ “ဓားပြတိုက်ခံရတယ်တဲ့။ အခု အဲဒီနားကို ပိတ်ပြီး စစ်ဆေးနေတယ်။ ဘယ်လိုဖြစ်လဲတော့မသိဘူး။

သေနတ်သံတွေ ဘာတွေနဲ့ လူတွေ အထိတ်တလန့်ဖြစ်တာမျိုးလည်း မတွေ့လိုက်ရဘူး။ အေးအေးဆေးဆေး တိုက်သွားတဲ့ပုံပဲဗျ။ အခုတော့ လုံခြုံရေးတွေ ရောက်နေပြီ” ဟု ဗိုလ်မြတ်ထွန်းလမ်းတွင် နေထိုင်သူတစ်ဦးက ပြောသည်။ လက်ရှိတွင် ဘဏ် ဓားပြတိုက်ခံရမှု မှန်ကန်ခြင်းရှိ၊ မရှိ သတင်းအခြေအနေနှင့် ငွေ ကြေး မည်မျှ ပါသွားသည်ကို မသိရှိရသေးပေ။khit thit

« Older Entries