တောင်ဥက္ကလာပမြို့နယ်တွင် မီတာမဆောင်သည့် နေအိမ် ရာဂဏန်းခန့်ကို စစ်ကောင်စီလျှပ်စစ်ဌာနမှ မီးလာဖြတ်

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ (၇)ရပ်ကွက်ရှိ မီတာမဆောင်သည့် နေအိမ်များအား စစ်ကောင်စီလျှပ်စစ်ဌာန၏ ဝန်ထမ်းများက ယနေ့ အောက်တိုဘာလ ၂၂ ရက် မနက်ပိုင်းတွင် လိုက်လံ မီးဖြတ်ရာ နေအိမ် အရေအတွက် ရာဂဏန်းခန့် မီးဖြတ်ခံလိုက်ရကြောင်း ဒေသခံများက ပြောသည်။
“မနက်က တောင်ဥက္ကလာ (၇) ရပ်ကွက်ကို မီးဖြတ်သွားပါတယ်။ EPC ကလူတွေပဲ လာဖြတ်တာပါ။ မဖြတ်ရသေးတဲ့ အိမ်တွေကိုလည်း မီတာမဆောင်ရင် လာဖြတ်မယ်။ မီတာ ဆောင်မယ်ပြောပြီး မလာရင်လည်း မနက်ဖြန် ပြန်လာဖြတ်မယ်လို့ ခြိမ်းခြောက်သွားတယ် ” ဟု ( ၇ ) ရပ် ကွက်တွင် နေထိုင်သူတစ်ဦးက ပြောသည်။မီးလာဖြတ်ရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပါဝင်ခြင်းမရှိဘဲ လျှပ်စစ်ဌာနမှ ဝန်ထမ်း အယောက် ၂၀ခန့်က လာရောက် မီးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မီးလာဖြတ်သည့် ဝန်ထမ်းများက ၎င်းတို့သည် တောင်ဥက္ကလာပမြို့နယ်လျှပ်စစ်ရုံး( EPC ) က မဟုတ်ဘဲ မြောက်ဒဂုံမြို့နယ် EPC ရုံးက လာရောက်ခြင်းဖြစ်သည်ဟု ပြောသွားကြောင်း ရပ်ကွက်နေ ပြည်သူများထံက သိရသည်။ ယင်းကဲ့သို့ ဖြစ်ပွားပြီးနောက် ရပ်ကွက်နေပြည်သူအချို့ မီတာခသွားရောက် ပေးဆောင်ကြောင်း ဒေသခံများထံက သိရသည်။
“အခုလို မီးဖြတ်တော့ ဟင်းချက်ဖို့ ၊ ရေသုံးဖို့ ၊ အားသွင်းဖို့ အခက်အခဲတွေတော့ ရှိတာပေါ့။ တချို့အိမ်တွေကလည်း ကြောက်လန့်ပြီး မီတာသွားဆောင်ကြတယ်။ တချို့အိမ်တွေကလည်း မီးဖြတ်ရုံမကလို့ လာသတ်ရင်တောင် မီတာသွားမဆောင်နိုင်ဘူးဆိုတဲ့ အိမ်တွေလည်း ရှိတယ်။ ပြည်သူတစ်ရပ်လုံး စည်းစည်းလုံးလုံးနဲ့ ကျော်ဖြတ်ကြမယ်ဆိုရင် ဘယ်အခက်အခဲမဆို ကျော်ဖြတ်နိုင်မှာပါ။ အချင်းချင်း ရိုင်းပင်းကူညီပြီး ဆက်ပြီး အားတင်းထားကြပါ ”ဟု တောင်ဥက္ကလာပမြို့နယ်တွင် နေထိုင်သည့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။စစ်တပ်အာ ဏာသိမ်းခြင်းကို ဆန့်ကျင်သည့်အနေဖြင့် လစဉ်ပေးဆောင်နေရသည့် မီတာခများကို အများပြည်သူက မပေးဆောင်ဘဲ အကြမ်းမဖက် အာ ဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင်ပါဝင်နေကြခြင်း ဖြစ်သည်။
စစ်ကောင်စီက လွန်ခဲ့သည့် လအတွင်းက စတင်ပြီး မီတာခလာရောက်ပေးဆောင်ကြရန်နှင့် မဆောင်ပါက မီးဖြတ်မည်ဟု လိုက်လံကြေညာပြီးနောက် ရန်ကုန်တိုင်းဒေသကြီးအတွင်းက မြို့နယ်အချို့အပါအဝင် အခြားမြို့ကြီးများက ရပ်ကွက်နှင့် ကျေးရွာများ၌ စစ်ကောင်စီက မီးဖြတ်တောက်မှုများ ဆက်တိုက် လုပ်ဆောင်လာခြင်း ဖြစ်သည်ဟု ဒေသခံများထံက သိရသည်။mizzima