လှိုင်သာယာမြို့နယ်တွင် ဗုံး ၄လုံး ပေါက်ကွဲ

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် သမကုန်းမှတ်တိုင်နှင့် ဝါဝါဝင်းဂိတ်ပေါက်ကြားတွင် ယနေ့ နေ့လည် ၁၁ နာရီဝန်းကျင်ခန့်က ဗုံး လေး လုံး ပေါက်ကွဲ ခဲ့ပြီး ယင်းပေါက်ကွဲမှုကို လှိုင်သာယာမြို့ပြပြောက်ကျားတပ်ဖွဲ့ (CGF)မှ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။ ဗုံး ခုနှစ်လုံး ထောင်ထားခဲ့ရာတွင် ဗုံးအကြီး တစ်လုံး ပါဝင်ကာ ကျန် ဗုံးအသေး ခြောက်လုံးကို အရန်သဘောထားရှိထားကြောင်း ယင်းအဖွဲ့ထံက သိရသည်။
အစီအစဉ်အရ ဗုံးအသေးများကို ဖောက်ခွဲအပြီးတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ လာရောက်စစ်ဆေးချိန်၌ ဗုံးအကြီးနှင့် ဖောက်ခွဲရန် စီစဉ်ထားခြင်း ဖြစ်ကြောင်း CGFအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။ ဗုံးပေါက်ကွဲမှုသည် သမကုန်းမှတ်တိုင်တွင် ဖြစ်သည်ဟု လူအများက သိလိုက်ကြသော်လည်း အမှန်တကယ်တွင် သမကုန်းမှတ်တိုင်မှ ဝါဝါ၀င်းဂိတ်ပေါက်အထိ တစ်လုံးနှင့် တစ်လုံး ပေ ၂၀၀စီ ခြားကာ ထောင်ထားခြင်းဖြစ်ပြီး ဝါဝါ၀င်းဂိတ်ပေါက်တွင် ဗုံးအကြီးထောင်ထားသည်ဟု ၎င်းက မဇ္ဈိမကိုပြောသည်။
” ကျော်ပြီး ထားတာပေါ့ ။ ဖုန်းလိုင်းတွေခေါ်မရအောင်ဆိုပြီးတော့၊ ဖြစ်ချင်တော့ ကိုယ့်လူက တွေ့သွားတယ်။ ပြည်သူတစ်ယောက်ပေါ့ ။ အဲ့ဒါကို သူက အကြောင်းကြားလိုက်တယ်။
အကြောင်းကြားလိုက်တော့ လာစစ်ကြတာပေါ့ ။ သူတို့က ပိတ်ပြီးစစ်ချပလိုက်တာ ၊ သမကုန်းလောက်ကနေပြီး ပိတ်ပိတ်ပြီး စစ်ချလိုက်တော့ ကျွန်တော်တို့ လူတွေလည်းထွက်ရတာပေါ့။ သူတို့စစ်ရင်း အကြီးကြီးတစ်လုံးကို တွေ့သွားကြတယ်။ ဝါယာတွေကို ကတ်ကြေးတွေနဲ့ ညှပ်လိုက်တယ်နဲ့တူပါတယ်။ ခေါ်မရတော့ဘူးဖြစ်သွားတော့ အကြီးကြီးတစ်လုံးက မပေါက်သွားဘူးပေါ့။ အဲ့ဒါနဲ့ အသေးလေး လေးလုံးပဲ ဖောက်လိုက်ရတယ်ပေါ့ဗျာ”ဟု CGF အဖွဲ့၏ တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။
အဆိုပါပေါက်ကွဲမှုကြောင့် ထိခိုက်မှု အတိအကျကို မသိရှိရသေးပေ။”ကျွန်တော်တို့ ထပ်ပြီးတော့ ပြောချင်တာလေးတစ်ခုရှိတယ်။ ကျွန် တော် တို့က ဗုံးထောင်ပြီးရင် စောင့်ကြည့်နေရတာ ဗုံးကိုတွေ့သွားရင် ဝမ်းသာလိုက် PDF ညီတွေ အကိုတွေကြိုးစားနေကြပြီ ။ ငါခပ်ဝေးဝေးမှာ သွားနေလိုက်မယ်။ အဲဒီလိုလေးပေါ့ ။
ထောင်ထားတာတွေ့ရင် ဘာမှ ဒီကောင်တွေကို အကြောင်းကြားစရာမလိုဘူးဗျာ။ အနီးနားမှာ ရှိတဲ့ လူတွေကိုတောင်ပြောရမှာ ဒီမှာသားတွေ ညီတွေ အကိုတွေ ကြိုးစားနေတယ်။ ငါတို့ခပ်ဝေးဝေးမှာ သွားနေပေးလိုက်မယ်။ အဲဒီလိုဖြစ်ရမှာ၊ တွေ့ရင် ကြောက်ပြီးတိုင်ရမှာ မဟုတ်ဘူးဗျာ။ ကျွန်တော်တို့က ကိုယ့်လူတွေကို ဘယ်တော့မှမလုပ်ဘူး။ ပြည်သူတွေကို ဘယ်တော့မှ မလုပ်ဘူး။
ကျွန်တော်တို့က ထောင်ထားပြီးရင် ကိုယ်ထောင်ထားတဲ့မိုင်းကို အမြဲစောင့်ကြည့်နေတာ၊ တစ်ခါတလေ လုပ်ရင်းနဲ့တောင် ကိုယ့်လူရှိလို့ မလုပ်လိုက်ရတာတွေအများကြီးရှိတယ်။ အဲဒါကြောင့်တွေ့ပြီဆိုရင် အကြောင်းမကြားဘဲ အဲဒီနေရာမှာရှိတဲ့ ကိုယ့်လူတွေကို လက်တို့ပြီး အ ခြားနေရာ ခေါ်သွားပေးပါ”ဟု ၎င်းကပြောသည်။
ဗုံးတွေ့ပါက စစ်ကောင်စီကို အကြောင်းမကြားရန်နှင့် တွေ့ရှိခဲ့လျှင် အနီးအနားရှိ ပြည်သူများကို ၎င်းနေရာနှင့်ဝေးရာသို့ ခေါ်ဆောင်သွားပေးရန်လည် း CGF အဖွဲ့က တောင်းဆိုထားသည်။mizzima