Monthly Archives: Oct 2021

တရုတ်-မြန်မာ နယ်စပ်ဂိတ်မှ မြန်မာလုပ်သား ၄၀၀ ခန့် ထပ်မံဝင်ရောက်၊ နေရပ်ပြန် မြန်မာလုပ်သား ၁၃,၀၀၀ ကျော်အထိ ရှိလာ

တရုတ်-မြန်မာ နယ်စပ်ဂိတ်မှ မူဆယ်မြို့သို့ မြန်မာလုပ်သား ၄၀၀ ခန့်ဟာ ယမန်နေ့ အောက်တိုဘာလ ၂၂ ရက်တွင် ထပ်မံဝင်ရောက်လာပြီး နေ ရပ်ပြန်လာကြသည့်မြန်မာလုပ်သား ၁၃,၀၀၀ ကျော်အထိ ရှိလာပြီဖြစ်သည်။မြန်မာလုပ်သား အများစု ရှိနေကြသည့် တရုတ်နိုင်ငံ ဂျယ်ဂေါင်နှင့် ရွှေလီမြို့တွင် ကိုဗစ်လူနာ ထပ်တွေ့နေပြီး Lockdown လည်း မကြာခဏ ချနေသောကြောင့် အလုပ်အကိုင်အများစုကို ပိတ်လိုက်သည့်အ တွက် ပြန်လာကြခြင်းဖြစ်သည်။

မြန်မာလုပ်သားများကို ဇူလိုင်လ ၂၆ ရက်မှ စတင်ကာ နယ်စပ်ဂိတ် နန်းတော်ပေါက်မှတစ်ဆင့်မြန်မာဘက်ခြမ်းသို့ တရားဝင် ပြန်လာခွင့်ပြုခဲ့သည်။ဇူလိုင်လ ၂၆ ရက်မှ ဩဂုတ် ၁၀ ရက်အထိ နေရပ်ပြန်လာကြသည့် မြန်မာလုပ်သား ၄,၆၅၄ ဦး၊ ဩဂုတ် ၁၆ ရက်မှာ ၂၂၀ ဦး၊ ဩဂုတ် ၂၁ ရက်မှာ ၄၆၁ ဦးနှင့် ဩဂုတ် ၂၃ ရက်ကနေ စက်တင်ဘာလကုန်အထိ ၄,၉၂၃ ဦး၊ အောက်တိုဘာ ၁ ရက်မှ ယမန်နေ့အထိ ၂,၉၅၂ ဦး စုစုပေါင်း ၁၃,၂၁၀ ဦးရှိကြောင်း မူဆယ်မြို့ လူသားချင်း စာနာထောက်ထားမှု အကူအညီ ပေးအပ်ရေးကွန်ရက်၏ စာရင်းအရ သိရသည်ည်။

နေရပ် ပြန်လာကြသူများကို တရုတ်ဘက်မှ ဆေးစစ်ထားပြီဖြစ်သည့်အတွက် ကွာရန်တင်းမဝင်ခိုင်းတော့ဘဲ နေရပ်သို့ အသီးသီး ပြန်ခိုင်းလိုက်သည်။mizzima

ခင်ဦး ရွာသစ်ရွာတွင် ပျူစောထီး ဖွဲ့စည်းရန် သင်တန်းလာပေးသည့် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက သင်တန်းလာမတက်ဘဲ ထွက်ပြေးသူများ၏ နေအိမ်ကို မီးရှို့နေ

စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ခင်ဦးမြို့နယ် ရွာသစ်ကျေးရွာတွင် ပျူစောထီးဖွဲ့စည်းရန်အတွက် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက သင်တန်းလာပေးစဉ် လာရောက် မတက်ရောက်သူများဘဲ ထွက်ပြေးသူများ၏ နေအိမ်ကို ယနေ့ အောက်တိုဘာလ ၂၃ ရက်နေ့တွင် မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံပြည်သူများက ရန်ကုန် ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

“ပျူစောထီး အဖွဲ့ဝင်ဖို့ဆိုပြီး လူဦးရေ ၃၀ စာရင်းပေးထားတာရှိတယ်။ ရေဦးဘက်က ဒီပဲရင်း ပျူစောထီး အင်အား၂၀နဲ့ စကစ အင်အား၂၀တို့က ဒီလပိုင်း ၁၉ ရက်နေ့မှာ ပျူစောထီး သင်တန်းလာပေးတယ်။ ၂၀ရက်နေ့မှာ တစ်အိမ်၂၀၀၀၀ကျပ် ကောက်ခံပြီး သူတို့ လူ၄ဝကို ရွာကလူတွေက ချက်ကျွေးနေရတယ်။

အဲတာ သင်တန်းကို စာရင်းပေးထားသော လူဦးရေ ၃၀ထဲက ၂၀က ပျူစောထီးသင်တန်းမတက်ဘဲ ထွက်ပြေးကြတယ်။ အနီးအနားရွာတွေကို အဲတာမနေ့တည်းက ရွာကို ပတ်မွှေနေတာ ထွက်ပြေးကျလို့ ဒီနေ့ ညနေပိုင်းမှာ အဲဒီ ထွက်ပြေးတဲ့ သူတွေရဲ့ အိမ်ကို မီးရှို့ပြီး ပြန်လည်ထွက်ခွာသွားကြတယ်” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။

ထိုသို့စာရင်းပေးထားပြီး သင်တန်းမတက်ရောက်သည့် လူ ၂၀၏ နေအိမ် ၆လုံးကို မီးရှို့သွားခြင်းဖြစ်ပြီး အဆိုပါ ရွာက ပြည်သူများသည် ဘေးလွတ်ရာသို့ ထွက်ပြေးနေရကာ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များသည် ရွာအဝင်အဝတွင် ကင်းပုန်းများချထားသောကြောင့် ရွာသို့မပြန်နိုင်သေးဘဲ တစ်ရွာလုံး မီးလောင်ကျွမ်းနိုင်သည့် အခြေအနေရှိကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။khit thit

တရားလို စစ်ကောင်စီဘက်က ထွက်ဆိုချက် ရှေ့နောက်မညီဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ပြော

အဂတိအမှု လေးခုအတွက် တရားလိုစစ်ကောင်စီဘက်က တရားရုံးမှာ ထွက်ဆိုချက်တွေဟာ ရှေ့နောက်မညီဘူးလို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က  သူ့ရဲ့ရှေ့နေအဖွဲ့ကို အသိပေး ပြောကြားလိုက်ပါတယ်။ 

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် ဒေါက်တာမျိုးအောင်နဲ့ ဦးရဲမင်းဦးတို့ သုံးဦးကို စစ်ကောင်စီက မန္တလေးတိုင်း တရားလွှတ်တော်မှာစွဲခဲ့တဲ့ အဂတိအမှု လေးခုကို နေပြည်တော်မှာ အောက်တိုဘာ ၂၂ ရက်နေ့က ဆက်လက်စစ်ဆေးခဲ့ပါတယ်။ မနေ့က ရုံးချိန်းမှာ တရားလိုဘက်က သက်သေတင်သွင်းတာကို လက်ခံကြောင်း တရားရုံးက ကြားဖြတ်အမိန့်ချခဲ့ပါတယ်။

အမိန့်ချအပြီးမှာ ရှေ့နေ ဒေါ်စန်းမာလာညွန့်က ဒေါ်အောင်ဆန်းစုကြည်အတွက်၊ ရှေ့နေ ဦးသန်းလှိုင်က ဒေါက်တာမျိုးအောင်အတွက်၊ ဦးကျော်စိန်လွင်က ဦးရဲမင်းဦးအတွက် တရားလိုကို အပြန်အလှန် မေးခွန်းမေးခဲ့ပါတယ်။

အဂတိအမှု လေးခုစလုံးကို စစ်ကောင်စီကိုယ်စား  ဦးရဲထက် တစ်ယောက်တည်းက တရားလိုအဖြစ် စွဲထားတာဖြစ်ပြီး မနေ့က ရုံးချိန်းမှာ ဦးရဲထက်ကို နိုင်ငံ့ခေါင်းဆောင်တွေရဲ့ ရှေ့နေအဖွဲ့က အပြန်အလှန်မေးခွန်းတွေ မေးခဲ့တာဖြစ်ပါတယ်။

ဦးရဲထက်ဟာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင်တစ်ယောက် ဖြစ်ပြီး တရားခွင်မှာ ထွက်ဆိုချက်တွေဟာ ရှေ့နောက်မညီဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ရှေ့နေအဖွဲ့ကို အသိပေးပြောဆိုပါတယ်။

ရှေ့နေဦးသန်းလှိုင်က “ဦးကျော်စိန်လွင်ကို ခေါ်ပြောလိုက်တာဗျ။ ကျနော်က တဆင့်ကြားပေါ့။ တရားလိုကို ဒေါ်စန်းမာလာညွန့် မေးတယ်။ ကျနော် မေးတယ်။ ပြီးတော့ ဦးကျော်စိန်လွင် မေးတယ်။ မေးတဲ့အခါမှာ ရှေ့က ထွက်ချက်တွေနဲ့ နောက်ထွက်ချက်တွေက တချို့ဟာတွေက နည်းနည်းလေးကွဲလွဲတဲ့သဘော ဖြစ်နေတယ်။ အဲဒါကို အန်တီ(ဒေါ်အောင်ဆန်းစုကြည်) က ပြောတာလို့ ကျနော် သိလိုက်တယ်။ ရှေ့ကမေးခွန်းတုန်းက ထွက်တဲ့ဟာနဲ့ ဦးကျော်စိန်လွင် မေးတဲ့မေးခွန်းကို ဖြေတဲ့အခါမှာ နည်းနည်းကွဲလွဲတဲ့သဘော ဖြစ်နေတယ်” လို့ ပြောပါတယ်။

တရားလိုရဲ့ ထွက်ဆိုချက်မှာ ဘာတွေကွဲလွဲနေတယ်ဆိုတာကိုတော့ အသေးစိတ် မသိရပါဘူး။ 

တရားလို ဦးရဲထက်ကတော့ တရားခွင်မှာ စာအုပ်ကို အမြဲတမ်းကြည့်ပြီး အစအဆုံးထွက်ဆိုတာဟာ သက်သေခံပုဒ်မ ၁၅၉ နဲ့ ညီညွတ်မှုမရှိသလို သက်သေခံကျင့်ထုံးပုဒ်မ ၁၅၄ နဲ့လည်း ညီညွတ်မှုမရှိဘူးလို့ ရှေ့နေတွေက ပြောပါတယ်။

ရှေ့နေ ဦးသန်းလှိုင်နဲ့ ရှေ့နေဦးကျော်စိန်လွင်တို့ဟာ အောက်တိုဘာ ၂၂ ရက်နေ့ကစပြီး နိုင်ငံ့ခေါင်းဆောင်တွေအတွက် ပါဝါတင်ပြီး ရှေ့နေလိုက်ပေးသူတွေ ဖြစ်ပါတယ်။

ရှေ့နေဦးသန်းလှိုင် “အရင်တုန်းက ဒေါ်အောင်ဆန်းစုကြည်အတွက် လိုက်ပါဆောင်ရွက်ပေးတဲ့ ရှေ့နေက ဆရာဦးခင်မောင်ဇော်၊ ဆရာဦးကြည်ဝင်း၊ ဒေါ်စန်းမာလာညွန့်၊ ဦးသဲမောင်မောင်၊ ဒေါ်မင်းမင်းစိုး စုစုပေါင်း ၅ ယောက် ရှိတာပေါ့။ ကျနော်တို့က မနေ့က အန်တီ့(ဒေါ်အောင်ဆန်းစုကြည်)ဆီက ခွင့်ပြုချက်တောင်းပြီးတော့ ကျနော်နဲ့ ဦးကျော်စိန်လွင် ရှေ့နေ ၂ ယောက်ကို ပါဝါထပ်တင်တာပေါ့။ မနေ့က အဲ့ဒါကို ပထမဆုံးဆောင်ရွက်တာ” လို့ ပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ၅၅ နဲ့ အမှု ၄ မှု ဖွင့်ခံထားရပြီး  အမှုတမှုစီအတွက်  အမြင့်ဆုံးထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်ခံရနိုင်ပါတယ်။ 

အမှု ၄ မှုထဲမှာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဆီက အမေရိကန်ဒေါ်လာ ၆ သိန်းနဲ့ အကယ်ဒမီအခေါက်ရွှေ ၇ ပိဿာကို သုံးကြိမ်ခွဲယူတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တစ်မှုဖြစ်ပြီး ကျန်တဲ့အမှု ၃ မှုကတော့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ပတ်သက်ပြီး စွဲဆိုထားတာ ဖြစ်ပါတယ်။ 

အဂတိအမှု လေးမှု အပါအဝင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက စွဲဆိုထားတဲ့ အမှုစုစုပေါင်း ၁၁ မှုအထိ ရှိနေပါတယ်။DVB

သရက်ချောင်းမြို့နယ်တွင် အမျိုးသား ၃ ဦး ကို စစ်ကောင်စီတပ်ဖွဲ့က အင်အားသုံးဖမ်းဆီး

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် ၊သရက်ချောင်းမြို့နယ် ၊ညောင်ဇင်ရွာက အမျိုးသား သုံးဦးကို ယမန်နေ့ အောက်တိုဘာ ၂၂ရက် ညပိုင်းတွင် စစ်ကောင်စီတပ်က အင်အားသုံးပြီး အကြမ်းဖက် ဖမ်းဆီးသွားကြောင်း ဒေသခံများက ပြောသည်။ လက်နက်အပြည့်ဖြင့် အကြမ်းဖက်စစ်ကောင် စီတပ်ဖွဲ့ဝင် အယောက် ၅၀ခန့်သည် ထားဝယ်-မြိတ်ကားလမ်းမကြီးပေါ်မှ ညောင်ဇင်ရွာသို့ ယမန်နေ့ ည ၇နာရီတွင် ရွာထဲသို့ ဝင်ကာ ၎င်းတို့အား ဖမ်းဆီးသွားခြင်း ဖြစ်သည်။

ဖမ်းဆီးခံရသူသုံးဦးမှာ အသက် ၅၀မှ အသက်၆၀ကြား အရွယ်ရှိ ဦးထွန်းထွန်း၊ ဦးဝင်းဦးနှင့် ဦးဝင်းကျော် တို့ဖြစ်ပြီး ကျေးရွာအတွင်း အနေအေးသူများဖြစ်ကြောင်း လက်ရှိတွင် ၎င်းတို့အား အကြမ်းဖက်စစ်တပ်မှ လာရောက်ဖမ်းဆီးရသည့် အကြောင်းအရင်းကို မသိရကြောင်း ဒေ သခံများက ဆိုသည်။

ယင်းအပြင် အဆိုပါဖမ်းဆီးခံရသူ သုံးဦးတို့၏ နေအိမ်များတွင် တပ်ဆင်ထားသည့် လုံခြုံရေးကင်မရာ (CCTV)များကိုလည်း ဖြုတ်ယူသွားကြကြောင်း သိရသည်။ ထိုနေ့ ညနက်ပိုင်းအချိန်တွင် ဦးဝင်းဦးတစ်ယောက်ကိုသာ ပြန်လွှတ်ပေးခဲ့ပြီး ကျန်နှစ်ဦးကို ရိုက်နှက်စစ်ဆေးနေဆဲ ဖြစ် ကြောင်း သိရသည်။

”လာဖမ်းတုန်းက ရွာက ပျူစောထီးတွေက လမ်းပြလိုက်လာကြသေးတယ်။ သူတို့ချင်း ပုဂ္ဂိုလ်ရေး၊ ပါတီရေး ကြည့်မရလို့ မကျေနပ်လို့ဖမ်းခိုင်းပြီး သူတို့နဲ့ပက်သက်တဲ့NLD အဖွဲ့ဝင်တွေရဲ့ နေရာတွေ သိအောင်ဖမ်းပြီး ရိုက်စစ်နေတာဖြစ်မယ်”ဟု ရွာခံတစ်ဦးက ဆိုသည်။ဖမ်းဆီးခံရသူများမှာ ၂၀၂၀ခုနှစ် ရွေးကောက်ပွဲ စည်းရုံး‌ရေးကာလအတွင်း NLD ပါတီအောင်နိုင်ရေးအတွက် ဝန်းရံ ထောက်ခံသူများဖြစ်ကြောင်း သိရသည်။mizzima

မန္တလေးတွင် စစ်ကောင်စီတပ်စွဲထားသော ဘောလုံးကွင်းကို ဗုံးဖြင့် တိုက်ခိုက်၊ စစ်ကောင် စီတပ်သား ၂ ဦးဒဏ်ရာအပြင်းအထန်ရ၊ ယင်းမာပင်မှာလည်း စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲခံရ၍ စစ်သား ၅ ဦးသေ

မန္တလေးမြို့တွင် ယနေ့ အောက်တိုဘာလ ၂၃ ရက်နေ့ နံနက် ၉ နာရီဝန်းကျင်အ ချိန် စစ်ကောင်စီတပ်များ တပ်စွဲထားသော ဘောလုံးကွင်းတစ်ခုကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်က ဗုံးဖောက်ခွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၂ ဦး အပြင်းအထန်ဒဏ်ရာရရှိသွားကြောင်း ဒေသခံ ကာကွယ်ရေး တပ်က သတင်းထုတ်ပြန်သည်။

မန္တလေးမြို့မှ GZP (Mandalay) အဖွဲ့သည် ယနေ့ အောက်တိုဘာ ၂၃ ရက်နေ့ နံနက် ၉ နာရီ ဝန်းကျင်ခန့်အချိန် ၄၈ × ၄၉ လမ်း၊ ၁၁၇ × ၁၁၈ လမ်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်များ တပ်စွဲစခန်းချထားသော ဘောလုံးကွင်းအား ဖောက်ခွဲခဲ့ရာ အကြမ်းဖက်စစ်ကောင်စီ တပ်သား ၂ ဦး ဒဏ်ရာရရှိပြီး နောက်ဆက်တွဲသတင်းအနေဖြင့် ၁ ဦးမှာ စိုးရိမ်ဒဏ်ရာရရှိကြောင်းသတင်း ထုတ်‌ပြန်အဆိုပါအဖွဲ့က သတင်းထုတ်ပြန်သည်။

အလားတူ အောက်တိုဘာလ ၂၁ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်အချိန် စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် ၊ ဘန့်ဘွေးကျေးရွာအုပ်စု လက်ပံရွာ သချိုင်းအနီးရှိ စစ်အင်အား ၇၀ ခန့်ပါသော စစ်ကြောင်းကို ယင်းမာပင် ပြည်သူ့ကာကွယ်ရေးတပ်မတော်က မိုင်း ၂ လုံးခွဲတိုက်ခိုက်ရာ စစ်ကောင်စီ ၅ ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိသွားကြောင်း အဆိုပါ ဒေသခံတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။khit thit

ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်း၊ မီဒီယာများကို ငွေကျပ် ၁၅ ဘီလီယံထုတ်ချေးမည်

ကိုဗစ်-၁၉ သက်ရောက်မှုကြောင့် ထိခိုက်မှုရှိနေတဲ့ ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းနဲ့ မီဒီယာတွေကို ကိုဗစ်-၁၉ ရန်ပုံငွေက ထုတ်ပေးမယ့် ချေးငွေလျှောက်ထားနိုင်ကြောင်း  စစ်ကောင်စီ က ထုတ်ပြန်ပါတယ်။

ဘဏ္ဍာရေးဆိုင်ရာ အကူအညီပေးအပ်နိုင်ရေးအတွက် ကိုဗစ်-၁၉ ရန်ပုံငွေကနေ ငွေကျပ် ၁၅ ဘီလီယံ ထုတ်ချေးသွားမှာဖြစ်ပြီး အတိုးနှုန်း ၁ ရာခိုင်နှုန်းနဲ့ ချေးငွေကာလ ၁ နှစ် သတ်မှတ်ကာ ချေးယူခွင့်ပြုမယ်လို့ ဆိုပါတယ်။

ချေးငွေလျှောက်ထားနိုင်တဲ့ လုပ်ငန်းတွေအနေနဲ့ ရုပ်ရှင်၊ ဗွီဒီယို၊ ရုပ်သံ၊ အသံလွှင့်၊ စတဲ့ ရိုက်ကူး၊ ထုတ်လုပ်၊ ဖြန့်ချိ၊ ပြသတဲ့ လုပ်ငန်းတွေ၊ တေးဂီတဝိုင်းတွေ၊ ထုတ်လုပ်သူတွေ၊ ဖြန့်ချိသူတွေ၊ ဇာတ်သဘင်နဲ့ အငြိမ့်ဖျော်ဖြေမှုလုပ်ငန်းတွေ၊ စာနယ်ဇင်း ပုံနှိပ်၊ ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချတဲ့ လုပ်ငန်းတွေ လျှောက်ထားနိုင်ပြီး ချေးငွေကို ပြန်ဆပ်နိုင်မယ့် ခိုင်လုံတဲ့ အခြေအနေရှိတဲ့ လုပ်ငန်းဖြစ်ရမယ်လို့ ဆိုပါတယ်။

ချေးငွေအတွက် အဆိုပြုလျှောက်လွှာပုံစံတွေကိုတော့ မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက် မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ် ကုန်သည်များနဲ့ စက် မှုလက်မှုလုပ်ငန်းရှင်များအသင်းရုံးတွေ၊ ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးချုပ်နဲ့ တိုင်းဒေသကြီး၊ ပြည်နယ်ရုံးတွေမှာ ရယူနိုင်မှာဖြစ်ကာ အောက်တိုဘာ ၂၅ ရက်မှ နိုဝင်ဘာ ၁၉ ရက်အတွင်း လျှောက်ထားနိုင်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်း၊ မီဒီယာတွေကို ငွေထုတ်ချေးပေးမယ်လို့ တဘက်မှာ မက်လုံးပေးနေပြီး တခြားတဖက်မှာလည်း ရုပ်ရှင်နဲ့ ဂီတနယ်ပယ်က နာမည်ကျော် သရုပ်ဆောင်တွေကို ဖမ်းဆီးအကျဉ်းချထားသလို မီဒီယာ သမားတွေကိုလည်း အပြင်းအထန် ဖိနှိပ် နေပါတယ်။ 

လက်ရှိမှာတော့ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်ခဲ့ကြတဲ့ ကာလဟာ ၉ လထဲကို ရောက်ရှိလာခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း အကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့် ထိခိုက်ကျဆုံးရသူတွေ၊ ဖမ်းဆီးထောင်ချခံရသူတွေနဲ့အတူ နိုင်ငံအဝန်း တောရောမြို့ပါမကျန် ဒေသခံပြည်သူ့ကာ ကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေလည်း ပြင်းထန်နေတာပါ။

ဒါ့အပြင်  စစ်အာဏာသိမ်းမှုကာလအတွင်း မြန်မာနိုင်ငံရဲ့ ကျန်းမာရေး၊ လူမှုရေး၊ ပညာရေး၊ စီးပွားရေးဆိုင်ရာ ကဏ္ဍအသီးသီးမှာ အဘက်ဘက်က ကျဆင်းနေခဲ့တာ ဖြစ်ပါတယ်။DVB

ဖယ်ခုံတွင် စစ်တပ်ကင်းစခန်း တိုက်ခံရပြီး စစ်သမီးများအပါအဝင် ၅ ဦး သေဆုံး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့အခြေစိုက် စစ်ကောင်စီတပ်ရင်း ခမရ-၃၃၆ (ခြေမြန်တပ်ရင်း) ၏ အနောက်ဘက်ဂိတ်ပေါက်ရှိ ကင်းစခန်းတစ်ခုကို ယမန်နေ့ (အောက်တိုဘာလ ၂၂) ညတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သမီး ၃ ဦး အပါအဝင် ၅ ဦး သေဆုံးခဲ့သည်ဟု ဖယ်ခုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ 

ည ၉နာရီခွဲအချိန်ခန့်တွင် ကင်းစခန်းအတွင်းရှိ စစ်ယူနီဖောင်းဝတ်ကာ သေနတ်ကိုင်ထားသူများကို ဖယ်ခုံ PDF ၇ ဦး က အလစ်အငိုက် တိုက်ခိုက်လိုက်ခြင်းဖြစ်ပြီး မောင်းပြန်ရိုင်ဖယ်အမျိုးအစားဖြစ်သည့် MA-3 သုံးလက်၊ MA-1 တစ်လက်၊ MA-2 တစ်လက် သိမ်းဆည်းရမိခဲ့သည်။ 

မည်သူမည်ဝါဖြစ်ကြောင်းကို ခွဲခြား၍မရဘဲ ပစ်ခတ်ပြီး သေနတ်သွားကောက်သည့်အချိန်မှ စစ်သမီးများ ပါဝင်နေသည်ကို သိရှိရသည်ဟု ၎င်းက ဆိုသည်။

“ကျွန်တော်တို့ သွားတဲ့အချိန်က မှောင်နေတာလေ။ ဒီကိစ္စက ဓါတ်မီးနဲ့ ထိုးပြီး (ကျား/မ) ခွဲလို့လည်း ရတာ မဟုတ်ဘူးလေ။ ကျွန်တော်တို့ ဦးရင် ကျွန်တော်တို့ပစ်မှာပဲ။ သူတို့ဦးရင် သူတို့ပစ်မှာပဲ။ စစ်ယူနီဖောင်းဝတ်ထားတယ်။ သေနတ်ကိုင်ထားတယ်လေ။ အခု ရလာတဲ့သေနတ်တွေကလည်း သူတို့ဆီကပဲ ရလာတာ ” ဟု ဖယ်ခုံမြို့နယ် PDF မှ ပြောရေးဆိုခွင့်ရှိသူက ဆက်ပြောသည်။  

စစ်ကောင်စီ၏ တပ်ရင်းတပ်ဌာနချုပ်များတွင် နေထိုင်သည့် အရာရှိစစ်သည်တို့၏ ဇနီးမယား မိသားစုဝင်များကို တပ်ရင်းလုံခြုံမှုရှိစေရန်အတွက် သေနတ်ပစ်ခတ်မှုများ သင်ကြားပေးကာ စစ်ယူနီဖောင်းဝတ်ပြီး ကင်းစခန်းများ စောင့်ခိုင်းခြင်း၊ တပ်ရင်းဌာနချုပ်ကို လာရောက်တိုက်ခိုက်ရာတွင် အမျိုးသမီးစစ်သည်များက ဝင်ရောက်တိုက်ခိုက်မှုများ ရှိနေသည်။

“သတ္တိရှိရင် တပ်မှာလာပစ်၊ ဒဲ့ပစ်လို့ ပြောထားတာရှိတယ်လေ။ ကျွန်တော်တို့ တကယ်ပစ်တော့လည်း သူတို့ သေတာပဲလေ။ ကျွန်တော်တို့ သွားပစ်တာက အပြင်မှာရှိတဲ့ကင်းစခန်းလည်း မဟုတ်ဘူးလေ။ သူတို့ရဲ့ တပ်ထဲမှာ သွားပစ်တာ။ လေကျယ်နေတာ ကျွန်တော်တို့ တကယ်ပစ်တော့လည်း သေတာပဲ” ဟု ဖယ်ခုံ PDF ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

ကင်းစခန်းတိုက်ခိုက်ခံရမှုအပြီးတွင် စစ်ကောင်စီဘက်က လက်နက်ကြီးလက်နက်ငယ်များဖြင့် ဖယ်ခုံမြို့ဘက်ကို ည ၂ နာရီ ဝန်းကျင်ခန့်အထိ အချိန်အတော်ကြာ ပစ်ခတ်ခဲ့ပြီး မြို့ပေါ်ရှိ လူနေအိမ်တချို့နှင့် ဘုန်းကြီးကျောင်းများ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

ဖယ်ခုံမြို့အနီးတစ်ဝိုက်တွင် စစ်ကောင်စီဘက်က စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် အမှတ်-၇ (စကခ ၇) ၊ ခြေမြန်တပ်ရင်းများဖြစ်သည့် ခမရ -၃၃၆ ၊ ခမရ-၄၂၁ နှင့် ခမရ-၄၂၁ တို့ အခြေစိုက်သည်။

စစ်အာဏာသိမ်းမှုကို လက်မခံခြင်းကြောင့် ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်အစပ်ရှိ ဖယ်ခုံ- မိုးဗြဲ စသည့် ဒေသများတွင် ဒေသခံကာ ကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေသည်။myanmar now

လှည်းကူးတွင် ပြည်သူ ၆ ဦး ဖမ်းဆီးခံထားရ

ရန်ကုန်တိုင်း၊ လှည်းကူးမြို့တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက အောက်တိုဘာလ ၁၇ ရက်နေ့မှ ၂၂ရက်နေ့အထိ တစ်ပတ်တာအတွင်း ပြည်သူ ခြောက်ဦးအား ဖမ်းဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အဖမ်းခံရသူများမှာ ကျွန်းကုန်းကျေးရွာမှ အသက် ၄၄နှစ်အရွယ် ဦးကျော်မင်းဦး၊ ဖောင်ကြီးစံပြကျေးရွာမှ အသက် ၂၄နှစ် အရွယ် ကိုချမ်းသာ၊ ပြည်တော်သာရပ်ကွက်မှ အသက် ၃၀ ဝန်းကျင် အရွယ် မနှင်းဝတ်ရည်၊ ဈေးကြီးရပ်ကွက် တန်းမကြီးလမ်းမှ အသက် ၂၇နှစ်အရွယ် ကိုအေးမင်းမိုး၊ရိပ်သာရပ်ကွက် ဗိုလ်ချုပ်အောင်ဆန်းလမ်းမှ အသက် ၂၅နှစ်အရွယ် ကိုစိုင်းမြတ်သူ၊ ရိပ်သာရပ်ကွက်မှ အသက် ၂၄နှစ်အရွယ် ကိုအောင်အောင် တို့ဖြစ်ကြသည်။

စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် တက်ကြွစွာ ပါဝင်လေ့ရှိသူ ဦးကျော်မင်းဦးကို ၎င်း၏နေအိမ်တွင် အောက်တိုဘာ ၁၇ရက် ည ၁၁နာရီ မိနစ် ၃၀ ဝန်းကျင်က စစ်ကောင်စီတပ်ဖွဲ့ဝင် အရပ်ဝတ် ခြောက်ယောက်ခန့်က လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားခြင်းဖြစ်သည်။ “ဧည့်စာရင်းစစ်တယ်ဆိုပြီး ဝင်ဖမ်းသွားတာ၊ကျော်မင်းဦးက နေမကောင်းဖြစ်နေတာ၊ လက်ပြန်ကြိုးတုပ်တော့ ရုန်းတယ်။ ရုန်းတော့ စကစအရပ်ဝတ်နဲ့က ဓားနဲ့ထိုးဖို့လုပ်တယ်။ တစ်ယောက်က ဝင်တားတော့မှ ဘာမှမလုပ်ဘဲခေါ်သွားတာ၊ အရင်ဆန္ဒပြ လှုပ်ရှားတာတွေရော၊ ဖေ့ဘွတ်မှာ တင်တာတွေ ၊ရှယ်တာတွေ ( ပြန်မျှဝေ) ကြောင့်လို့တော့ ကြားတယ်” ဟု မိသားစုနှင့် နီးစပ်သူက ပြောသည်။

ထို့အပြင် ဖောင်ကြီး စံပြကျေးရွာတွင်နေထိုင်သည့် ကိုချမ်းသာကိုလည်း အောက်တိုဘာ ၁၇ရက်နေ့က နေအိမ်တွင် ဝင်ရောက်ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သိရသည်။ ထို့အတူ အောက်တိုဘာ ၁၈ရက်နေ့ ညနေပိုင်းတွင် မနှင်းဝတ်ရည်ကို စစ်ကောင်စီတပ်က ညနေ ၄နာရီ အချိန်ခန့်တွင် သူ၏နေအိမ်၌ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားသည်။အောက်တိုဘာ ၂၁ရက် ညပိုင်းကလည်း ကိုအေးမင်းမိုးကို သူ၏နေအိမ်တွင် ည ၁၀နာရီ မိနစ် ၃၀ခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ လာရောက်ဖမ်းဆီးသွားသည်။

“ညကဧည့်စာရင်းစစ်မယ် ပြောပြီးလာတော့ သူ(ကိုအေးမင်းမိုး) က တံခါးထဖွင့်ပေးတာ၊တစ်ခါထဲ ‌ခေါ်သွားတာ၊ ပရဟိတကားတွေဆို သူကအရင်က ကားမောင်းပေးတာ၊ လိုင်းပေါ်လည်း ဘာမှတင်တဲ့သူ မဟုတ်ဘူး။ ၊ဖုန်းလည်းပါသွားတယ်။ ဘေးနားက သံုးအိမ်လောက်ကိုပါ ဧည့် စာရင်းစစ်သွားတယ်”ဟု မိသားစုနှင့် နီးစပ်သူ တစ်ဦးက ဆိုသည်။အောက်တိုဘာ ၂၂ရက် နေ့လည်ပိုင်းတွင်မူ ကိုအောင်အောင်ကို ၎င်း၏နေ အိမ်၌ နေ့လည် ၁နာရီဝန်းကျင်အချိန် စစ်ကောင်စီတပ်ဖွဲ့ဝင်များက မေးမြန်းစရာရှိသည်ဟုဆိုကာ လာရောက်ခေါ်ဆောင်သွားကြောင်းသိရသည်။

ထို့အတူ အောက်တိုဘာ ၂၂ရက်နေ့ ညနေ ၃နာရီ မိနစ် ၃၀ ဝန်းကျင်အချိန်ကလည်း ကိုစိုင်းမြတ်သူကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ၎င်း၏နေ အိမ်တွင်ပင် ဝင်ရောက်ဖမ်းဆီးခေါ်ဆောင်သွားသည်။အဆိုပါဖမ်းဆီးခံရသူများအနက် ဦးကျော်မင်းဦးနှင့် မနှင်းဝတ်ရည်တို့ကို လှည်းကူးမြို့ နယ်ရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်ထားပြီး တရားစွဲဆိုထားကြောင်းသိရသည်။mizzima

တရုတ်ထုတ် ကိုဗစ်ကာကွယ်ဆေး ၄ သန်း ထပ်မံရောက်ရှိ

တရုတ်နိုင်ငံက ဝယ်ယူထားတဲ့ Sinopharm ကိုဗစ်-၁၉ ကာကွယ်ဆေး ၄ သန်း ပဉ္စမအသုတ်အနေနဲ့ ထပ်မံရောက်ရှိလာခဲ့တယ်လို့  စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက  အောက်တိုဘာ ၂၂ ရက်က ထုတ်ပြန်ပါတယ်။

အဆိုပါ ထုတ်ပြန်ချက်ထဲမှာတော့ တရုတ်နိုင်ငံကနေ မြန်မာအစိုးရက ကာကွယ်ဆေး အကြိမ်ရေ ၂၄ သန်း စာချုပ်ချုပ်ဆို ဝယ်ယူထားခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ၅ သုတ်ခွဲကာ စုစုပေါင်းသန်း ၂၀ ပို့ဆောင်ရောက်ရှိပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာတော့ လက်ရှိအချိန်ထိ ရောဂါကူးစက်ခံရသူပေါင်း ၄ သိန်း ၉ သောင်း ကျော်နဲ့ သေဆုံးသူ ၁၈,၀၀၀ ကျော်ထိ ရှိလာနေပြီလို့လည်း သိရပါတယ်။

ဒီစစ်ဆေးမှုဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်နေကြတဲ့ ဆေးရုံတွေ၊ ဓာတ်ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက် အောက်ခံ တပ်မတော်ဆေးရုံတွေ အများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှုတိကျတဲ့ ပမာဏအတိုင်းအဆကို မသိနိုင်သေးပါဘူး။

မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်ကောင်စီက မတရားအာဏာသိမ်းယူထားခဲ့တာ ၈ လခွဲ ကျော် ကြာမြင့်ခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုတွေမှာ အဘက်ဘက်က ကျဆင်း နေခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံတဝန်း ကာကွယ်ဆေးထိုးနှံပြီးသူ အရေအတွက်ဟာ ၁၂ သန်း ကျော်ရှိခဲ့ပြီလို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပေမဲ့ ပြည် သူတွေကြားမှာတော့ အကြမ်းဖက်စစ်ကောင်စီကို မယုံကြည်ကြတာမို့ ကာကွယ်ဆေး သွားရောက်ထိုးနှံသူ အရေအတွက်ဟာ နည်းပါးတယ်လို့ သိရပါတယ်။ DVB

« Older Entries