လှည်းကူးတွင် ပြည်သူ ၆ ဦး ဖမ်းဆီးခံထားရ

ရန်ကုန်တိုင်း၊ လှည်းကူးမြို့တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက အောက်တိုဘာလ ၁၇ ရက်နေ့မှ ၂၂ရက်နေ့အထိ တစ်ပတ်တာအတွင်း ပြည်သူ ခြောက်ဦးအား ဖမ်းဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အဖမ်းခံရသူများမှာ ကျွန်းကုန်းကျေးရွာမှ အသက် ၄၄နှစ်အရွယ် ဦးကျော်မင်းဦး၊ ဖောင်ကြီးစံပြကျေးရွာမှ အသက် ၂၄နှစ် အရွယ် ကိုချမ်းသာ၊ ပြည်တော်သာရပ်ကွက်မှ အသက် ၃၀ ဝန်းကျင် အရွယ် မနှင်းဝတ်ရည်၊ ဈေးကြီးရပ်ကွက် တန်းမကြီးလမ်းမှ အသက် ၂၇နှစ်အရွယ် ကိုအေးမင်းမိုး၊ရိပ်သာရပ်ကွက် ဗိုလ်ချုပ်အောင်ဆန်းလမ်းမှ အသက် ၂၅နှစ်အရွယ် ကိုစိုင်းမြတ်သူ၊ ရိပ်သာရပ်ကွက်မှ အသက် ၂၄နှစ်အရွယ် ကိုအောင်အောင် တို့ဖြစ်ကြသည်။
စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် တက်ကြွစွာ ပါဝင်လေ့ရှိသူ ဦးကျော်မင်းဦးကို ၎င်း၏နေအိမ်တွင် အောက်တိုဘာ ၁၇ရက် ည ၁၁နာရီ မိနစ် ၃၀ ဝန်းကျင်က စစ်ကောင်စီတပ်ဖွဲ့ဝင် အရပ်ဝတ် ခြောက်ယောက်ခန့်က လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားခြင်းဖြစ်သည်။ “ဧည့်စာရင်းစစ်တယ်ဆိုပြီး ဝင်ဖမ်းသွားတာ၊ကျော်မင်းဦးက နေမကောင်းဖြစ်နေတာ၊ လက်ပြန်ကြိုးတုပ်တော့ ရုန်းတယ်။ ရုန်းတော့ စကစအရပ်ဝတ်နဲ့က ဓားနဲ့ထိုးဖို့လုပ်တယ်။ တစ်ယောက်က ဝင်တားတော့မှ ဘာမှမလုပ်ဘဲခေါ်သွားတာ၊ အရင်ဆန္ဒပြ လှုပ်ရှားတာတွေရော၊ ဖေ့ဘွတ်မှာ တင်တာတွေ ၊ရှယ်တာတွေ ( ပြန်မျှဝေ) ကြောင့်လို့တော့ ကြားတယ်” ဟု မိသားစုနှင့် နီးစပ်သူက ပြောသည်။
ထို့အပြင် ဖောင်ကြီး စံပြကျေးရွာတွင်နေထိုင်သည့် ကိုချမ်းသာကိုလည်း အောက်တိုဘာ ၁၇ရက်နေ့က နေအိမ်တွင် ဝင်ရောက်ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သိရသည်။ ထို့အတူ အောက်တိုဘာ ၁၈ရက်နေ့ ညနေပိုင်းတွင် မနှင်းဝတ်ရည်ကို စစ်ကောင်စီတပ်က ညနေ ၄နာရီ အချိန်ခန့်တွင် သူ၏နေအိမ်၌ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားသည်။အောက်တိုဘာ ၂၁ရက် ညပိုင်းကလည်း ကိုအေးမင်းမိုးကို သူ၏နေအိမ်တွင် ည ၁၀နာရီ မိနစ် ၃၀ခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ လာရောက်ဖမ်းဆီးသွားသည်။
“ညကဧည့်စာရင်းစစ်မယ် ပြောပြီးလာတော့ သူ(ကိုအေးမင်းမိုး) က တံခါးထဖွင့်ပေးတာ၊တစ်ခါထဲ ခေါ်သွားတာ၊ ပရဟိတကားတွေဆို သူကအရင်က ကားမောင်းပေးတာ၊ လိုင်းပေါ်လည်း ဘာမှတင်တဲ့သူ မဟုတ်ဘူး။ ၊ဖုန်းလည်းပါသွားတယ်။ ဘေးနားက သံုးအိမ်လောက်ကိုပါ ဧည့် စာရင်းစစ်သွားတယ်”ဟု မိသားစုနှင့် နီးစပ်သူ တစ်ဦးက ဆိုသည်။အောက်တိုဘာ ၂၂ရက် နေ့လည်ပိုင်းတွင်မူ ကိုအောင်အောင်ကို ၎င်း၏နေ အိမ်၌ နေ့လည် ၁နာရီဝန်းကျင်အချိန် စစ်ကောင်စီတပ်ဖွဲ့ဝင်များက မေးမြန်းစရာရှိသည်ဟုဆိုကာ လာရောက်ခေါ်ဆောင်သွားကြောင်းသိရသည်။
ထို့အတူ အောက်တိုဘာ ၂၂ရက်နေ့ ညနေ ၃နာရီ မိနစ် ၃၀ ဝန်းကျင်အချိန်ကလည်း ကိုစိုင်းမြတ်သူကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ၎င်း၏နေ အိမ်တွင်ပင် ဝင်ရောက်ဖမ်းဆီးခေါ်ဆောင်သွားသည်။အဆိုပါဖမ်းဆီးခံရသူများအနက် ဦးကျော်မင်းဦးနှင့် မနှင်းဝတ်ရည်တို့ကို လှည်းကူးမြို့ နယ်ရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်ထားပြီး တရားစွဲဆိုထားကြောင်းသိရသည်။mizzima