Monthly Archives: Oct 2021

နိုင်ငံ့ခေါင်းဆောင်များ၏ အမှုကို လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေ ဦးကြည်ဝင်းအား အမှုအခြေအနေများ ပြောဆိုခွင့် ပိတ်ပင်

နိုင်ငံ့ခေါင်းဆောင်များ၏ အမှုကို လိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးကြည်ဝင်းကို စစ်ကောင်စီက ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၁၄၄ ထုတ်၍ အမှုအခြေအနေများ ပြောဆိုခွင့် ပိတ်လိုက်ကြောင်း ရှေ့နေ အသိုင်းအဝိုင်းထံမှ သိရသည်။အမှုများနှင့် ပတ်သက်သည့် အကြောင်းအရာများကို မဖြေကြားရန် ယနေ့ အောက်တိုဘာ ၂၃ ရက်တွင် ပုဒ်မ ၁၄၄ ထုတ်၍ ပြောဆိုခွင့်များ ပိတ်ပင်လိုက်ခြင်း ဖြစ် သည်။

ယင်းအတွက် တရားလွှတ်တော်ရှေ့နေ ဦးကြည်ဝင်းကို ဖုန်းဖြင့် ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံ ဖြေဆိုခြင်းမရှိပေ။တရားလွှတ် တော် ရှေ့နေ ဦးခင်မောင်ဇော်၊ ဦးသဲမောင်မောင်၊ ဒေါ်မင်းမင်းစိုးနှင့် ဒေါ်စန်းမာလာညွန့် တို့ကိုလည်း နိုင်ငံ့ခေါင်းဆောင်များ၏ အမှုအခြေအနေများအား သတင်း မီဒီယာများနှင့် နိုင်ငံခြား သံတမန်များသို့ မဖြေကြားရန် ပြောဆိုခွင့် ပိတ်ပင်ခဲ့ပြီး ယနေ့တွင် တရားလွှတ်တော်ရှေ့နေ ဦးကြည်ဝင်းကို ထပ်မံ ပိတ်ပင်ခြင်းဖြစ်သည်။

တရားလွှတ်‌တော်ရှေ့နေ ဦးသဲမောင်မောင် နှင့် ရှေ့နေ ဒေါ်မင်းမင်းစိုးတို့ကို စစ်ကောင်စီက အောက်တိုဘာ ၁၆ ရက်တွင် ပုဒ်မ-၁၄၄ ထုတ်ကာ ပိတ်ပင်ခဲ့သည်။ တရားလွှတ်တော်ရှေ့နေ ဦးသဲမောင်မောင်နှင့် ဒေါ်မင်းမင်းစိုးတို့ကို ပုဒ်မ – ၁၄၄ ဖြင့် ပိတ်ပင်ကြောင်း ရှေနေ့ အသိုင်းအဝိုင်းထံမှ သိရှိရပြီး ပိတ်ပင်သည့်စာတွင် မည်သည့် အကြောင်းအရာများ ပါရှိသည်ကို အသေးစိတ် မသိရှိရသေးပါ။ထို့အပြင် တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်ဇော်ကိုလည်း စစ်ကောင်စီ လက်အောက်ခံ ပျဉ်းမနားမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ကိုယ်တိုင် လက်မှတ်ရေးထိုးပြီး အောက်တိုဘာလ ၁၄ ရက်၊ ရက်စွဲဖြင့် ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၁၄၄ ထုတ်ကာ စာထုတ် တားမြစ်ခဲ့သည်။

စစ်ကောင်စီက တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်ဇော်ကို ပိတ်ပင်သည့် စာတွင် ပြည်တွင်း၊ ပြည်ပ သတင်းဌာနများ၊ နိုင်ငံခြားသံတမန်များ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ၎င်းအဖွဲ့အစည်းများမှ လူပုဂ္ဂိုလ်များ၊ နိုင်ငံတကာ အစိုးရ မဟုတ်သောအဖွဲ့ (INGO) များနှင့် ၎င်းအဖွဲ့အစည်းများမှ လူပုဂ္ဂိုလ်များ ၊ နိုင်ငံခြားအစိုးရ တာဝန်ရှိသူများ၊ ပြင်ပအဖွဲ့အစည်းများမှ လူပုဂ္ဂိုလ်များနှင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ မပြုလုပ်ရန် ပါရှိသည်။

ပထမဆုံး စတင်ပိတ်ပင်ခံရသူမှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ တရားလွှတ်တော်ရှေ့နေ ဒေါ်စန်းမာလာညွန့် ဖြစ်ပြီး နိုင်ငံခြား သံတမန်အပါအဝင် သတင်း မီဒီယာများနှင့် INGO အဖွဲ့အစည်းများသို့ ဆက်သွယ်ခြင်းနှင့် ပြန်လည်ဖြေဆိုခြင်းများ မပြုလုပ်ရန် ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ် အုပ်ချုပ်ရေးမှူးက ဩဂုတ်လ ပထမပတ်တွင် ခံဝန်ကတိ ရေးထိုးခိုင်းခဲ့သည်။

ထို့ကြောင့် လက်ရှိတွင် နိုင်ငံ့ခေါင်းဆောင်များ၏ အမှုကို လိုက်ပါဆောင်ရွက်နေသော ရှေ့နေ ခုနှစ်ဦး ရှိသည့်အနက် ရှေ့နေငါးဦးအထိ ပြောဆို ဖြေကြားခွင့် ပိတ်ပင် ခံထားရပြီ ဖြစ်သည်mizzima

ခင်ဦးရှိ အင်းပတ်ရွာနှင့် ဗအိုးရွာကို အကြမ်း ဖက် စစ်ကောင်စီ တပ်ဖွဲ့များနှင့် ပျူစောထီးအဖွဲ့များ ဝင်ရောက်စီးနင်း ပစ်ခတ်မှုကြောင့် ပြည်သူ ၄ဦး သေဆုံး

စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ခင်ဦးမြို့နယ်အတွင်းရှိ အင်းပတ်ကျေးရွာနှင့် ဗအိုးကျေးရွာတို့ကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များနှင့် ပျူစောထီးအဖွဲ့များက ယမန်နေ့ အောက်တိုဘာလ ၂၂ ရက်နေ့တွင် ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့ပြီး ကျေးရွာနေ ပြည်သူ ၄ဦးသေဆုံးကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်မီဒီယာသို့ပြောဆိုသည်။

ထိုပစ်ခတ်မှု ဖြစ်စဉ်အတွင်း ဗအိုးကျေးရွာတွင် နေထိုင်သော အသက် ၄ဝနှစ်အရွယ် ကိုသိန်းတင့်၊ အသက် ၅ဝနှစ်အရွယ် ဦးမြဝင်း၊ တဲစုကျေး ရွာတွင် နေထိုင်သော အသက် ၃၅နှစ်အရွယ် ကိုနန်းလွင်နှင့် အင်းပတ်ကျေးရွာတွင် နေထိုင်သော အသက်၂၇နှစ်အရွယ် ကိုချစ်ဆန်းမောင် (ခ) ဖိုးသားတို့ သေဆုံးခဲ့ကြောင်း သိရသည်။

ဗအိုးကျေးရွာကို ယမန်နေ့ နံနက် ၄နာရီ ၃ဝမိနစ်တွင် ပျဉ်ထောင်ကျေးရွာ၌ တပ်ဆွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၀ဦး နှင့် ပျူစောထီ အဖွဲ့ဝင် ၂၄ဦးတို့က ကျေးရွာ၏ အနောက်ဘက် တဲစု အင်တိုင်း တောလမ်းအတိုင်း ခြေလျင်တက်လာကာ ကျေးရွာအတွင်း ဝင်ရောက်စီးနင်း ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

” စစ်ခွေးတွေက ရွာကို အနောက်ဘက် တဲစု အင်တိုင်း တောလမ်းအတိုင်း ခြေလျင်ဝင်စီးပြီး တွေ့တဲ့သူ ပစ်တာ လယ်ကြားရေယူနေသော ကိုသိန်းတင့်အသက် ၄၀ခန့်ကို အကြောင်းမဲ့ မတရား ပစ်သတ်သွားတယ်။ နောက်ပြီးတော့ ကျေးရွာထဲ ဝင်ရောက် စီးနင်း ပစ်ခတ်တာတွေလုပ်တယ်။ ရွာတောင်ပိုင်းအစွန်ကွက်သစ်မှာ နေထိုင်တဲ့ ဦးမြဝင်း အသက်၅၀ခန့်ကိုလည်း နေအိမ်ထဲဝင်ပြီးတော့ ပစ်သတ်သွားတယ်။ ရွာမှာနေရတာကြောက် လို့ထွက်ပြေးသူတွေကိုလည်း လယ်ကြားထိ လိုက်ပစ်တာ တဲစုရွာက လာရောက် စစ်ဘေးရှောင်နေတဲ့ ကိုနန်းလွင် အသက် ၃၅ နှစ်ကိုလည်း သေနတ်ထိမှန်ပြီး ပွဲချင်းပြီး သေသွားတယ်” ဟု ဒေသခံပြည်သူ တစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာသို့ပြောဆိုသည်။

ယင်း ဗအိုးကျေးရွာတွင် နေထိုင်သော ပြည်သူများသည် လက်ရှိချိန်ထိ အကြမ်း ဖက် စစ်ကောင်စီ တပ်ဖွဲ့များ ကျေးရွာအတွင်း တပ်စွဲထားသောကြောင့် အလောင်းများ ဝင်ရောက်ယူဆောင်နိုင်ခြင်းမရှိသေးဘဲ ဘေးလွတ်ရာကို ထွက်ပြေးတိမ်ရှောင်နေရကြောင်း သိရသည်။ ထို့အတူ ယမန်နေ့ကလည်း ခင်ဦးမြို့နယ်အတွင်း အင်းပတ်ကျေးရွာကို အကြမ်း ဖက် စစ်ကောင်စီ တပ်ဖွဲ့များနှင့် ပျူစောထီးအဖွဲ့ အင်အား ၄၀ခန့်သည် နံနက် ၈နာရီအချိန်က စတင်ကာ ဝင်ရောက်စီးနင်း ပစ်ခတ်ခဲ့ကြောင်း ဒေသခံပြည်သူများ ပြောဆိုချက်အရ သိရသည်။

” မနေ့က ရွာထဲကို ဝင်ပစ်တော့ နေ့လည်၂နာရီဝန်းကျင်ခန့်လောက်မှာ ကျေးရွာအတွင်း ပိတ်မိနေတဲ့ ကင်းပုန်းဖြင့် အဖမ်းခံရသော မောင်ချစ်ဆန်းမောင် (ခ)ဖိုးသား အသက်၂၇နှစ် ရုပ်အလောင်းကို ဒီနေ့ နံနက်ပိုင်းမှာ ရွာတောင်ပိုင်း တောထဲမှာ အလောင်းကိုပြန်တွေ့တယ်။ အကုန်လုံးက ထွက်ပြေးကျပေမယ့် တချို့တွေက ဖမ်းဆီးခံရပြီး ရွာထဲတင် ပိတ်မိနေတာ ကင်းပုန်းနဲ့ နေ့လည်၂နာရီလောက်က ဖမ်းခံရတာ ရွာတောင်ပိုင်းမှာ သွေးအိုင်တစ်ခုတွေ့ရလို့ လိုက်ကြည့်တော့ သွေးအိုင်အနီးနား အနောက်ဘက်အိမ်က လှည်းပေါ်မှာလဲ သွေးစတွေတွေ့ရပြန်တယ်။ လှည်းဘီးရာ အတိုင်းလိုက်ကြည့်တော့ ရွာအပြင်ဘက် ယာ တောထဲမှာ အလောင်းဖျောက်တဲ့ပုံစံနဲ့ ပစ်ထားခဲ့တာကို ဒီနေ့မနက်မှာ တွေ့ရတာပေါ့”ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များသည် အင်းပတ်ကျေးရွာအတွင်းရှိ ပြည် သူပိုင် နေအိမ် ၆လုံးကိုလည်း ဖျက်ဆီးခဲ့ပြီး နွားများလည်း ပစ်သတ်ခံခဲ့ရကြောင်း ဒေသခံပြည်သူများ ပြောဆိုချက်အရ သိရသည်။ khit thit

ခင်ဦးမြို့နယ်တွင် စစ်တပ်က ရွာသား ၄ ဦးကို ပစ်သတ်

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊  အင်းပတ်ကျေးရွာကို အောက်တိုဘာ ၂၂ ရက် မနက်က စစ်တပ်နဲ့ ပျူစောထီး ပူးပေါင်းအင်အား ၄၀ လောက်က  ဝင်ရောက်စီးနင်းပြီး ဒေသခံ လူငယ် တယောက်ကို ဖမ်းဆီးပစ်သတ်ခဲ့သလို  ဗအိုးရွာက ပြည်သူ ၃ ဦးကိုလည်း   ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

“ရွာကို မနက်ပိုင်းစီးတာ နေ့လယ် ၂ နာရီလောက် ပြန်အဝင်အဖမ်းခံရတာ။ စစ်လိုက်တော့ လွယ်အိတ်ထဲ ပစ္စည်းတချို့‌တွေ့တော့ တခါတည်းပစ်သတ်သွားတယ်။ အလောင်းဖျောက်တဲ့ပုံစံနဲ့ ယာတောထဲပစ်ထားခဲ့တာ။ ဒီနေ့မနက်မှအလောင်း တွေ့ရတာ။ ရွာတွေကို ဒီလိုဝင်စီး မတရား ဖမ်းဆီးပြီး ပစ်သတ် အိမ်တွေကိုလည်း ဖျက်ဆီးနေတာဆိုတော့ တော်တော်များများလည်း ထွက်ပြေး နေကြရတယ်။  ရွာမှာဆို နေအိမ် ၆ အိမ်ဖျက်ဆီးခံခဲ့ရတာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီက ဖမ်းဆီးပစ်သတ်သွားတဲ့ အသက် ၂၇ နှစ်ရှိ မောင်ချစ်စန်းမောင် (ခ) ကိုဖိုးသားရဲ့ အလောင်းကို ဒီနေ့မနက်မှ ရွာတောင်ပိုင်းတောထဲက ပြန်တွေ့ခဲ့တာဖြစ်ပြီး သင်္ဂြိုလ်ပေးဖို့ ရွာသူ ရွာသားအားလုံးစီစဉ်နေကြတယ်ပါတယ်။

မနေ့က တချိန်တည်းလောက်မှာပဲ  ဗအိုးရွာက ပြည်သူ ၃ ဦးကိုလည်း  စစ်တပ်က ပစ်သတ်ပြီး  ခင်ဦးမြို့နယ်အတွင်းမှာ စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် ပြည်သူဘက်က ၄ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရခဲ့ပါတယ်။DVB

မတူပီစစ်ကောင်စီတပ်ကို CDFအဖွဲ့များ ကြားဖြတ်တိုက်၊ စစ်ကောင်စီဘက်မှ ၅ဦး သေဆုံး

ချင်းပြည်နယ်၊ မင်းတပ်မြို့မှ မတူပီမြို့ဘက်သို့ ထွက်ခွာလာသည့် သံချပ်ကာကားနှစ်စီးနှင့် စစ်ကားအစီး ၇၀ ကျော်တို့ကို ဆင်းကြိုသည့် မတူပီစစ်ကောင်စီတပ်များကို အောက်တိုဘာလ ၂၁ရက်နေ့က မင်းတပ်-မတူပီကြား ၇၈ မိုင်တွင် CDF-မတူပီနှင့် CDFမင်းတပ် ပူးပေါင်းအဖွဲ့မှ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ငါးဦး သေဆုံးခဲ့ပြီး မိုင်းထိဒဏ်ရာရသူ အများအပြားရှိခဲ့သည် ဟုသိရသည်။

အဆိုပါ တိုက်ပွဲဖြစ်သည့် အချိန်တွင် မင်းတပ်က ထွက်လာသည့် သံချပ်ကားနှစ်စီးနှင့် စစ်ကြောင်းယာဉ်တန်းသည် ၅၆ မိုင်တွင် လမ်းမြေပြိုမှုကြောင့် ပိတ်မိနေပြီး ရှေ့ပြေးခြေလျင်စစ်သား ၁၅၀ ခန့်က မိုင် ၇၀ အထိ ရောက်လာကာ စစ်ကူလာကြကြောင်းသိရသည်။ပြီးခဲ့သည့် အောက် တိုဘာ ၁၄ ရက်နေ့ မှစတင်ပြီး မင်းတပ်မှ ထွက်ခွာလာခဲ့သည့်စစ်ကောင်စီတပ်များသည် ၂၃ မိုင်ရှိ လူနေအိမ်များကို ဖျက် ဆီးခဲ့ပြီး ဒေသခံများ ၏ နွားနောက် ခြောက်ကောင်ကို သတ်ဖြတ်စားသောက်ကာ ရိက္ခာအဖြစ် ယူဆောင်သွားကြကြောင်းလည်း သိရသည်။mizzima

တောင်တွင်းကြီးမှာ ကြံ့ခိုင်​ရေးအမာခံ ၁ ဦး ပစ်သတ်ခံရ

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့၊ တောင်ပြင် ၂ ရပ် ကွက်မှာ နေထိုင်တဲ့ ကိုမြင့်ဝင်း ဆိုသူဟာ ၎င်းနေထိုင်ရာနေအိမ်အနီး တောင်ပြင် ၂ ရပ် ကွက်၊ ရေဦးလမ်းမှာ ဒီကနေ့ အောက်တိုဘာ ၂၃ ရက်နေ့၊ နေ့လည် ၁ နာရီဝန်းကျင်လောက်က ပစ်သတ်ခံရတယ်လို့ ဒေသခံ တွေဆီကသိရပါတယ်။ဒေသခံတဦးက ”ဒီလူက ပြည်ခိုင်ဖြိုးပါတီထောက်ခံတဲ့လူဗျ။

အိမ်ဝိုင်းတွေဘာတွေလည်း ပွဲစားလုပ်တယ်။ မြို့နယ်ထွေအုပ်ရုံးရှေ့မှာ ကွမ်းယာရောင်းတယ်။ ကြက်တိုက်ဝါသနာပါတယ်။ နေ့လည်က သူ့အိမ်နားမှာဘဲ ပစ်သတ်ခံရတာ။ ဆိုင်ကယ်နဲ့ပစ်သွားတာတဲ့။ နေရာမှာပွဲချင်းပြီးဘဲ” လို့ ပြောပြပါတယ်။အဆိုပါပစ်ခတ်မှုဖြစ်စဉ်ကို ဗိဿနိုးနယ်မြေပြည်သူ့ကာကွယ်ရေးတပ်မတော်က ပြုလုပ်ခဲ့တာဖြစ်ကြောင်း ၎င်းတို့ရဲ့လူမှုကွန်ယက်စာမျက်မှာ ထုတ်ပြန်ထားပါတယ်။

”သူက ဒလန်ကောင်။ အခုတော့ ကျွန်တော်တို့ရဲဘော်တွေက ကျည် ၈ ချက်ကျွေးလိုက်ပြီး ငရဲပြည်ကိုပို့လိုက်ပြီ” လို့ ဗိဿနိုးနယ်မြေပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ထန်ထွဋ် က အတည်ပြုပြောပြပါတယ်။သေဆုံးသူ ကိုမြင့်ဝင်း ဟာ ဖေဖော်ဝါရီလကုန်ပိုင်းက တောင်တွင်းကြီးမှာပြုလုပ်တဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်စစ်ကြောင်းကို နောက်ယောင်ခံလိုက်ပြီး စစ်တပ်ကိုသတင်းပေးခဲ့လို့ သပိတ်စစ်ကြောင်း ဖြိုခွဲခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပစ်ခတ်မှုဖြစ်ပြီးနောက်ပိုင်း တောင်တွင်းကြီးမြို့နေရာအနှံံ့အပြား လမ်းတွေပေါ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပြည်သူတွေရဲ့ဆိုင်ကယ်တွေကို ပိတ်ဆို့စစ်ဆေးတာတွေပြုလုပ်နေတယ်လို့ သိရပါတယ်။တောင်တွင်းကြီးမြို့၊ ရွှေအိုး ၁ ရပ်ကွက်က စစ်ကောင်စီသတင်း ပေး၊ ရာအိမ်မှူး ကိုဇော်လတ် ဟာလည်း ပြီးခဲ့တဲ့ သြဂုတ်လ ၂၁ ရက်နေ့က သေနတ်နဲ့ပစ်သတ်ခံခဲ့ရတယ်လို့လည်း မှတ်တမ်းတွေအရ သိရပါတယ်။khit thit

ပဲခူးမြို့ခံ အမျိုးသမီး ၁ ဦးကို စစ်ကောင်စီက ဖမ်းဆီး

ပဲခူးမြို့က အမျိုးသမီးတဦးကို အောက်တိုဘာ ၂၃ ရက် ဒီနေ့ မနက် ၁ နာရီလောက်မှာ  စစ်ကောင်စီလက်နက်ကိုင်တပ်ဖွဲ့က လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံပြည်သူတစ်ဦးက ပြောပါတယ်။

ပဲခူးမြို့၊ မှော်ကန် ၆ လမ်းထိပ်ရှိ ​ကျော်သူနိုင် ထုံးလုပ်ငန်းအိမ်က မခင်မျိုးလွင်ကို ရာဇသတ်ကြီး ပုဒ်မ  ​၅၀၅  နဲ့ ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။

ဧပြီလ ၉ ရက်နေ့တုန်းကလည်း မခင်မျိုးလွင်ရဲ့ ဦးလေးဖြစ်သူ ဦးဂျူဂျူးနဲ့ မောင်ဖြစ်သူ မောင်ကျော်စိုးအောင်တို့ကို စစ်ကောင်စီက ဖမ်းဆီးသွားခဲ့ပြီး အခု ကျန်မိသားစုဝင်တွေပါ ပုဒ်မတွေတပ် လိုက်လံဖမ်းဆီးနေတာ ဖြစ်ပါတယ်။

စစ်ကောင်စီဟာ  အာဆီယံထိပ်သီးအစည်းအဝေးတက်ခွင့်မရပြီးနောက် အကျဉ်းသားတွေနဲ့ ပုဒ်မ ၅၀၅ အမှုနဲ့ ဖမ်းဆီးတရားစွဲခံရသူ ၅၀၀၀ ကျော်ကို ပြန်လွှတ်ပေးမယ်လို့ ကြေညာခဲ့ပေမဲ့ လူ ၁၀၀၀ လောက်သာ ပြန်လွတ်လာပြီး ရာနဲ့ချီပြန်လည်ဖမ်းဆီးခဲ့ပါတယ်။ DVB

စစ်ကောင်စီ၏ ညွှန်ကြားချက်ဖြင့် မန္တလေးဈေးချို ပြန်လည်ဖွင့်သော်လည်း ဆိုင်ဖွင့်ရောင်းချသူနည်းပါး

မန္တလေးမြို့တွင် COVID-19 ကပ်ရောဂါကြောင့် ပိတ်ထားခဲ့ရသည့် မန္တလေးဈေးချိုကို ယနေ့ အောက်တိုဘာ ၂၃ရက်တွင် စစ်ကောင်စီ၏ ညွှန် ကြားချက်ဖြင့် ပြန်လည်ဖွင့်လှစ်ခဲ့သော်လည်း ဆိုင်ခန်းဖွင့်လှစ် ရောင်းချမည့်သူ မရှိသလောက်နည်းပါးကြောင်း ဆိုင်ခန်းပိုင်ရှင်များထံက သိရသည်။ ဈေးဖွင့်ချိန်ကို နံနက် ၆ နာရီမှ ညနေ ၄ နာရီအထိ ခွင့်ပြုထားသော်လည်း ယနေ့နံနက် ၉ နာရီဝန်းကျင်အထိ လာရောက်ဖွင့်လှစ်သည့်ဆိုင် အရေအတွက် နှစ်ဆယ်ကျော်သာ ရှိသည်ကို တွေ့ရသည်။

“ရုံ ( ၁) ဘက်မှာတော့ အနည်းအကျဉ်းလေးရှိတယ်။ အဲဒီမှာ စစ်ကောင်စီလက်အောက်ခံတွေ ကိုယ်တိုင် ဦးဆောင်ပြီး ဆိုင်ခန်းတချို့ဖွင့်ကြတယ်။ မနက်က ဈေးလူကြီးတွေနဲ့ စည်ပင်တွေလည်း ပါတယ်။ အဲဒီဘက်မှာတော့ အဖွင့်ပြလို့ရတယ်။ ဒီဘက်(မန်းမြန်မာပလာဇာ)ကတော့ ဖွင့်ဖို့ လုံးဝဆန္ဒမရှိကြလို့ မဖွင့်ကြသေးဘူး။

မြေညီအတွင်းထဲတော့ ၁၅ ဆိုင်လောက်ဖွင့်ကြတယ်” ဟု ဈေးဆိုင်ခန်းပိုင်ရှင်တစ်ဦးကပြောသည်။မြို့၏အဓိက ဈေးကြီးများဖြစ်သည့် အဆင့်မြင့်ဈေးချိုတော်နှင့် တိုက်တန်းကြီးဈေးရုံ၊ မန်းမြန်မာပလာဇာနှင့် ရတနာပုံဈေးတို့ကို အောက်တိုဘာလ ၂၃ ရက်မှစ၍ ပြန်လည်ဖွင့်လှစ်လုပ် ကိုင်ကြရန် စစ်ကောင်စီက ညွှန်ကြားခဲ့သည်။

“ဖွင့်လည်း ဈေးမှာလူမရှိတာ ဘာလုပ်မှာတုန်း။ လုံခြုံရေး ဘယ်သူက တာဝန်ယူမလဲ။ ဖွင့်မယ်ဆိုရင် ပစ္စည်းတွေပြန်ရွှေ့ရမယ်။ ညဘက်ဆိုင်ခန်းလာဖျက်ပြီး ပစ္စည်းယူတဲ့ ကိစ္စဘယ်သူက တာဝန်ယူပေးမှာလဲ။ ကျွန်တော်တို့တော့မဖွင့်ရဲဘူး။ ဖွင့်ရဲသူဖွင့်ကြပေါ့” ဟုဆိုင်ခန်းမဖွင့်လိုသူတစ်ဦးက ဆိုသည်။

ဈေးရုံ ရှစ်ရုံ ဆိုင်ခန်းပေါင်း ၃,၀၀၀ ဝန်းကျင်ရှိသည့် အဆင့်မြင့်ဈေးချိုတော်နှင့် တိုက်တန်းကြီးဈေးရုံအား ယခုအခါ COVID-19 ရောဂါ ကူးစက်မှု လျော့နည်းလာခြင်းကြောင့် စစ်ကောင်စီက ပြန်လည်ဖွင့်လှစ်လုပ်ကိုင်ကြရန် မကြာခဏညွှန်ကြားခဲ့သော်လည်း မီးရှို့လုယက်ဖျက်ဆီးမှု ခံရနိုင်သည့် အန္တရာယ်ကြောင့် ဆိုင်ခန်းပိုင်ရှင်အများစုက ပြန်လည်ဖွင့်လှစ်ရန် စိတ်ဝင်စားမှုမရှိကြကြောင်း သိရသည်။mizzima

သရုပ်ဆောင် ပြေတီဦးနှင့် မော်ဒယ်လ် ပိုင်တံ ခွန်တို့ အင်းစိန်အကျဉ်းထောင်အတွင်း နေမကောင်းဖြစ်နေ

ရန်ကုန်၊ အင်းစိန် အကျဉ်းထောင်တွင် အကျဉ်းချခံနေရသည့် ရုပ်ရှင်သရုပ်ဆောင် ပြေတီဦးနှင့် မော်ဒယ်လ် ပိုင်တံခွန်တို့ နေမကောင်းဖြစ်နေ သည်ဟု ပိုင်တံခွန်နှင့် အင်းစိန်အကျဉ်းထောင်အတွင်း ခင်မင်ခဲ့ပြီး လက်ရှိ ပြန်လည်လွတ်မြောက်လာသူ တစ်ဦးက ပြောသည်။မော်ဒယ်လ် ပိုင်တံခွန်သည် ဝမ်းလျှောနေပြီး အခုရက်ပိုင်းအတွင်း ဆေးပုလင်း ချိတ်ထားရကြောင်း နှင့် ဖမ်းဆီးခံထားသူများ လွတ်မြောက်မှုတွင် ၎င်းကျန်နေခဲ့သဖြင့် စိတ်ဓာတ်လည်း ကျနေသည်ဟု ဆိုသည်။

သရုပ်ဆောင် ပြေတီဦးမှာ နေမကောင်းနေကြောင်း သိရသော်လည်း အသေးစိတ်ကိုမူ မသိရပေ။”သူ့ကိုချစ်တဲ့ ပရိသတ်တွေကို လွမ်းတယ်။ နေမကောင်း ဖြစ်နေချိန် ပိုဝမ်းနည်းရတယ်။ အိမ်ပြန်ချင်တယ်။ ကျွန်တော်လည်း အကိုပြန်တော့ ကျွန်တော်ပိုခံစားရတယ်။ ပြီးတော့ ပရိသတ်တွေကို အရမ်းချစ်ပါတယ်။ မကြာခင်တော့ ပြန်လာနိုင်မယ်လို့ မျှော်လင့်ပြီး ပရိသတ်တွေလည်း သူ့အတွက် ဆုတောင်းပေးကြဖို့ မှာလိုက်ပါတယ်” ဟု အင်းစိန် အကျဉ်းထောင်အတွင်း ပိုင်တံခွန်နှင့် ရင်းနှီးခဲ့သူက ပြောသည်။

မော်ဒယ်လ် ပိုင်တံခွန်သည် နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ – က ဖြင့် အာဏာသိမ်း စစ်ကောင်စီ၏ တရားစွဲဆိုခြင်းနှင့် ဖမ်းဝရမ်း ထုတ်ခံခဲ့ရပြီး ဧပြီလ ၈ ရက် မနက် ၅ နာရီခန့်တွင် သူ၏ မြောက်ဒဂုံ နေအိမ်တွင်ပင် ဖမ်းဆီးခံခဲ့ရသည်။“ကျွန်တော့်နာမည် လာခေါ်တော့ သူ့ကိုပြေးဖက်ပြီး ငိုခဲ့တယ်။

ပိုင်တံခွန်က အကို ကျွန်တော်အဖော်မရှိတော့ဘူးဗျာတဲ့။ ခုချိန်ထိလည်း သူတို့ကိုလွမ်းနေတယ်။ သူတို့ကိုလည်း အမြန်ဖြေလျှော့ပြီး လွှတ်ပေးပါစေလို့ ဆုတောင်းပေးနေပါတယ်”ဟု ထောင်အတွင်း ပိုင်တံခွန်နှင့် ခင်မင်ခဲ့သူက ဆိုသည်။စစ်တပ် အာဏာသိမ်းအပြီး ဖေဖော်ဝါရီလ အစောပိုင်းထဲက မတရား ဖမ်းဆီးခြင်းကို ခံခဲ့ရသည့် အဆိုတော် စောဖိုးခွားသည်လည်း အင်းစိန် အကျဉ်းထောင်ထဲတွင် ယနေ့အချိန်အထိ တိုက်ပိတ် ခံထားရသည်ဟု သတင်းရင်းမြစ်က ဆိုသည်။

မြန်မာနိုင်ငံတစ်ဝန်းပြစ်ဒဏ် ကျခံနေရသည့် အကျဉ်းသူ/သားပေါင်း ၁,၃၁၆ ဦး ကို ပြန်လွှတ်မည့် အစီအစဉ်အရ အကျဉ်းထောင်များမှ နိုင်ငံ ရေး အကျဉ်းသားများကို အောက်တိုဘာ ၁၈ ရက်နှင့် ၁၉ ရက်တွင် ပြန်လွှတ်ပေးခဲ့သည်။အင်းစိန် အကျဉ်းထောင်အတွင်း ဖမ်းဆီးခံထားရသော အနုပညာရှင်များ ဖြစ်သည့် စောဖိုးခွား၊ ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ ပိုင်တံခွန် နှင့် ပိုပို တို့ လွတ်မြောက်မှုတွင် မပါဝင်ခဲ့ပေ။mizzima

KNU မူတြော်ခရိုင်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များနှင့် KNLA/KNDO ကြား ရက်ပေါင်း ၂ဝအတွင်း တိုက်ပွဲ ၁၂၃ကြိမ်ဖြစ်ပွားကာ စစ်ကောင်စီက ဒု-ဗိုလ်မှူးကြီး ၁ ဦး၊ ဗိုလ်ကြီး ၂ ဦး အပါအဝင် ၅၈ ဦး သေဆုံး

ကရင်ပြည်နယ် မူတြော်ခရိုင် တပ်မဟာ (၅) ထိန်းချုပ်နယ်မြေအတွင်းရှိ လူသောမြို့နယ်၊ ဘူးသိုမြို့နယ် နှင့် ဒွယ်လိုးမြို့နယ်တို့တွင် အကြမ်း ဖက် စစ်ကောင်စီတပ်ဖွဲ့၊ BGF ပူးပေါင်းအဖွဲ့များနှင့် KNLA/KNDO တို့ကြား အောက်တိုဘာလ ၁ ရက်နေ့မှ အောက်တိုဘာလ ၂၀ ရက်နေ့ထိ တိုက်ပွဲပေါင်း ၁၂၃ကြိမ်ဖြစ်ပွားကာ စစ်ကောင်စီက ဒု-ဗိုလ်မှူးကြီး ၁ ဦး၊ ဗိုလ်ကြီး ၂ ဦး အပါအဝင် ၅၈ ဦး သေဆုံးကြောင်း ကရင်အမျိုးသား အစည်းအရုံး (ဗဟို) KNU ကသိရသည်။

အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့နှင့် BGF ပူးပေါင်းအဖွဲ့တို့သည် စစ်ရေး လှုပ်ရှားမှုများတွင် လူအခွင့်ရေး ချိုးဖေါက်မှုများ နေ့စဉ်ပြုလုပ်နေသောကြောင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၅) လက်အောက်ခံတပ်ရင်းများနှင့် ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDO)တို့က နယ်မြေလုံခြုံရေးနှင့် တိုက်ပွဲများ နေ့စဉ်ရက်ဆက် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“၂၀၂၁ခုနှစ်၊အောက်တိုဘာလ(၁)ရက်နေ့မှ အောက်တိုဘာလ(၂၀)ရက်နေ့ အတွင်း တိုက်ပွဲပေါင်း(၁၂၃) ကြိမ်ဖြစ်ပွားခဲ့ပြီး အာဏာသိမ်းစစ်ကောင်စီဖက်မှ ဒု-ဗိုလ်မှူးကြီး (၁)ဦး၊ဗိုလ်ကြီး(၂)ဦးအပါဝင် စုစုပေါင်း (၅၈) ဦး သေဆုံးကာ (၆၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်” ဟု ကရင်အမျိုးသား အစည်းအရုံး KNUက ထုတ်ပြန်ထားသည်။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင် ထိန်းချုပ်နယ်မြေ ဖြစ်သော ဘူးသို မြို့နယ် နှင့် ဒွယ်လိုးမြို့နယ်ရှိ ပြည်သူလူထုများနေထိုင်သော ကျေးရွာအတွင်းသို့ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက လက်နက်ကြီး အလုံးပေါင်း (၁၇၀) ကျော် ပစ်ခတ်ခဲ့ပြီး လက်နက် ငယ် အချက်ပေါင်း များစွာ ရမ်းသမ်းပစ်ခတ်ခြင်းကြောင့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်(KNLA) နှင့် ကရင်အမျိုးသားကာ ကွယ်ရေးတပ်ဖွဲ့(KNDO)တို့က (၇)ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကရင်အမျိုးသား အစည်းအရုံး KNU ထုတ်ပြန်ချက်အရ သိရသည်။khit thit

မန္တလေးတွင် မြဝတီဘဏ်အပါအဝင် ၃ နေရာထက်မနည်း ဗုံးကွဲ

မန္တလေးမြို့မှာ အောက်တိုဘာ ၂၂ ရက် ညပိုင်းက  စစ်တပ်ပိုင် မြဝတီဘဏ်ခွဲအနီး ပေါက်ကွဲမှု အပါအဝင် နေရာ ၃ နေရာထက်မနည်း ပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပါတယ်။

စစ်ကိုင်းလမ်းခွဲအနီး ရန်ကုန်-မန္တလေး လမ်းပေါ်က မြဝတီဘဏ်အနီး၊ တမာတန်းစစ်တပ်အနီးနဲ့ အမရပူရမြို့တို့မှာ ပေါက်ကွဲမှုတွေ ဖြစ်ခဲ့တာလို့ သိရပါတယ်။

“မြဝတီဘဏ်နဲ့ တမာတန်းဘက်က ကားနဲ့ လာပစ်သွားတာလို့ ပြောကြတယ်။ အစောင့်တွေ ဘက်က ပြန်ပစ်သံတွေလည်း ကြားတယ်။ ထိခိုက် ဒဏ်ရာရတာတော့ မကြားမိဘူး” လို့ မန္တလေးမြို့နေ ပြည်သူတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် အောက်တိုဘာ ၂၂ ရက် ည ၁၀ နာရီဝန်းကျင်က သံလျှက်မှော်အနောက်ရပ်ကွက်ရှိ နေအိမ်တအိမ်မှာ စစ်ကောင်စီတပ်သားတွေဟာ အသံဗုံးဖောက်ကာ ဝင်ရောက်ရှာဖွေတာတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။

ရပ်ကွက်နေပြည်သူ တစ်ဦးက “အသံဗုံး နှစ်ချက်လောက် ဖောက်တယ်။ ပြီးတော့ ရှာဖွေတာတွေ လုပ်တယ်။ ဘာလို့ ဝင်ရှာလဲတော့ မသိဘူး။ အဲဒီအိမ်က သူ့သားကို အမွေပြတ်စွန့်လွှတ်ထားတာ။ ပြန်ထွက်တော့ ဒိုင်းတွေကာပြီး ပြန်ထွက်သွားကြတယ်” လို့ ပြောပါတယ်။

ဝင်ရောက်ရှာဖွေတဲ့အိမ်ကနေ လူဖမ်းဆီးတာနဲ့ ပစ္စည်းသိမ်းဆည်းသွားတာမရှိဘူးလို့ သိရပါတယ်။

မတ္တရာမြို့နယ်၊ စကျင်လမ်းခွဲနဲ့ တိုးဂိတ်အကြားမှာလည်း အောက်တိုဘာ ၂၃ ရက် မနက် ၂ နာရီခွဲလောက်က  ဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွားပြီး လူ ၂ ဦးသေဆုံးသွားတယ်လို့ အနီးပတ်ဝန်းကျင်ရှိ ပြည်သူတချို့က ပြောပါတယ်။DVB

« Older Entries Recent Entries »