Monthly Archives: Oct 2021

ရေစကြိုမြို့က Mytel တာဝါတိုင် မီးရှို့ဖျက် ဆီးခံရ၊ စုစုပေါင်း ၃၀ နီးပါးရှိလာ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ မြေစွန်းကျေးရွာက စစ်ကောင်စီတပ်နဲ့ စီးပွားရေး ဖက်စပ်လုပ်ကိုင်ထားတဲ့ Mytel တာဝါတိုင်ကို အောက်တို ဘာ ၂၃ ရက် ညပိုင်းက ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့နဲ့ ပြောက်ကျားတပ်ဖွဲ့ ၄ ဖွဲ့တို့ ပူးပေါင်းပြီး မီးရှို့ဖျက်ဆီးလိုက်တယ်လို့ သိရပါတယ်။

“ကျနော်တို့ YSO-No.1 ပြောက်ကျားတပ်၊ MG-6 ပြောက်ကျားတပ်၊ Phoenix အထူးပြောက်ကျားတပ်ဖွဲ့နဲ့ YLK ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းပြီး မီးရှို့ဖျက်ဆီးခဲ့ကြတာပါ” လို့ ပူးပေါင်းအဖွဲ့တွေရဲ့ တာဝန်ရှိသူက အတည်ပြုပြောကြားပါတယ်။

ရေစကြိုမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ Mytel တာဝါတိုင် ၃၀ နီးပါး ဖျက်ဆီးခံထားရကာ ပြန်လည်ပြုပြင်တာနဲ့ Mytel တာဝါတိုင် ဝန်းကျင်တွေမှာ မြေမြှုပ်မိုင်းထောင်ထားတာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၇ ရက် ညနေပိုင်းကလည်း ရေစကြိုမြို့နယ်၊ ဂွေးဂုဏ်ကျေးရွာမှာ Mytel တာဝါတိုင်ကို မီးစက်ဆီလာဖြည့်တဲ့ Mytel ဝန်ထမ်း ၁ ဦးဟာ အကြမ်းဖက်စစ်ကောင်စီတပ်တွေ ထောင်ထားတဲ့ မြေမြှုပ်မိုင်းကို နင်းမိရာက ခြေထောက်ပြတ်သွားတယ်လို့ ဆိုပါတယ်။

အောက်တိုဘာ ၂၃ ရက်ကလည်း ပွင့်ဖြူမြို့နယ်၊ ကျောင်းကုန်းကြီးကျေးရွာအနီးက Mytel တာဝါတိုင်အနီးမှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေ ထောင်ထားတဲ့ မြေမြှုပ်မိုင်းနင်းမိရာက နွားတကောင် ခြေထောက်တဖက်ပြတ်သွားပါတယ်။

ရေစကြိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YSO PDF) က အကြမ်းဖက်စစ်အုပ်စုနဲ့ စီးပွားရေး ဖက်စပ်လုပ်ကိုင်ထားတဲ့ Mytel တာဝါတိုင် ၂၀ ကျော် ဖျက်ဆီးခဲ့ပြီးဖြစ်ကြောင်းလည်း သိရပါတယ်။

နိုင်ငံတဝန်းက အကြမ်းဖက်စစ်တပ်နဲ့ စီးပွားရေးဖက်စပ်လုပ်ကိုင်ထားတဲ့ Mytel တာဝါတိုင်ပေါင်း ၁၅၀ ကျော် ဖျက်ဆီးခံရပြီးဖြစ်တယ်လို့ မှတ်တမ်းပြုလုပ်ထားသူတွေဆီက သိရပါတယ်။DVB

ပုသိမ်တွင် သတင်းပေးတဦး အသတ်ခံရမှုနှင့်ပတ်သက်၍ လူငယ် ၃၀ ကျော် ဖမ်းဆီးရိုက်နှက်ခံရ

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့မှာ အောက်တိုဘာ ၂၀ ရက်နေ့မနက်ပိုင်း စစ်တပ်အမာခံသတင်းပေး တဦး အသတ်ခံရပြီးနောက်ပိုင်း စစ်အုပ်စုက ဒေသခံလူငယ် ၃၀ ကျော်လောက်ကို ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ 

စစ်အုပ်စုသတင်းပေး အမျိုးသားတဦး ဘူတာဈေးမှာ ပစ်သတ်ခံရပြီးနောက်ပိုင်း ဈေးအတွင်းက လူငယ်အချို့နဲ့ ရပ်ကွက်နေ လူငယ်တွေကို စစ်အုပ်စုက PDF လို့ စွပ်စွဲကာ ဖမ်းဆီးသွားတာလို့ ဒေသခံတွေက ပြောပါတယ်။ 

“လုပ်တဲ့သူတွေလည်း သူတို့လုပ်တာလို့ ထုတ်ပြန်ထားတယ်။ အဲ့တာကို မဆိုင်တဲ့ လူငယ်လေးတွေကို လိုက်ဖမ်းတာ ခုဆို ၃၀ ကျော်လောက်ရှိပြီ။ တချို့လည်း ပြန်လွှတ်ပေးတယ်လို့ ကြားတယ်။ ပြန်လွတ်လာတာ ၅ ယောက်လောက်ရှိပြီ”လို့ ဒေသခံတဦးက ပြောပါတယ်။ 

စစ်တပ်အမာခံသတင်းပေး အမျိုးသား အသတ်ခံရပြီးနောက်ပိုင်း ဖမ်းဆီးခဲ့တဲ့ လူငယ်တွေကို ရဲစခန်းမှာ ရိုက်နှက်စစ်ဆေးတာတွေပြုလုပ်ပြီး အသက်မပြည့်သေးတဲ့ လူငယ်အချို့ကို ပိုက်ဆံတောင်းကာ ပြန်လွှတ်ပေးခဲ့တယ်လို့ ရဲအသိုင်းဝိုင်းက သိရပါတယ်။ 

စစ်တပ်သတင်းပေးအမျိုးသားကို ရှင်းလင်းခဲ့တာဟာ မိမိတို့လက်ချက်ဖြစ်တယ်လို့ ပုသိမ်မြို့မြို့ပြပြောက်ကျား တပ်ဖွဲ့က အဲ့နေ့မနက်ပိုင်းမှာပဲ သတင်းထုတ်ပြန်ခဲ့ပေမယ့် စစ်ကောင်စီတပ်သားတွေက လူငယ်တွေကို ဖမ်းဆီးခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။ 

ပုသိမ်မြို့မှာတော့ ဒေသခံပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေကို ထိန်းချုပ်နိုင်ဖို့အတွက် အာဏာသိမ်းစစ်ကောင်စီက ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ပေမယ့် အဲ့နောက်ပိုင်းမှာ ဒလန်ရှင်းလင်းတာတွေနဲ့ စစ်အုပ်စုထောက်တိုင်နေရာတွေ ဗုံးပေါက်ကွဲတာ ဆက်တိုက်ဖြစ်ပွားခဲ့တာပါ။DVB

စဉ့်ကိုင်နယ်တွင် ဆိုင်ကယ်စီးလူငယ် ၂ ဦးကိုစစ်ကောင်စီတပ် သေနတ်ဖြင့်ပစ် ၁ ဦးသေ

လူငယ်နှစ်ဦး ဆိုင်ကယ်စီးနင်းလာစဉ် စစ်ကောင်စီတပ်က ရပ်ခိုင်းရာမရပ်ပေးသဖြင့် သေနတ်ဖြင့်ပစ်၍ တစ်ဦးပွဲချင်းပြီး သေဆုံးသွားမှု စဉ့်ကိုင်မြို့နယ် ဖလုံဖိုကျေးရွာတွင် အောက်တိုဘာ ၂၁ ရက်နေ့ညက ဖြစ်ပွားခဲ့သည်။ဖလံဖိုရွာ အစိုးရဆေးပေးခန်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်များက ၎င်းတို့တပ်စွဲထားသည့် လမ်းကြားအတွင်း လမ်းမှားဝင်လာသူ ကြက်ခြံလုပ်သားလူငယ်နှစ်ဦးကိုပစ်ရာ အသက် ၃၀ ဝန်းကျင် ကိုရဲထွန်း သေဆုံးသွားပြီး ကျန်တစ်ယောက်မှာ ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။

”ကြက်ခြံသူဋ္ဌေးက ကလေးတွေကို ကြက်စာသွားယူခိုင်းတာ၊ ကြက်ကားက နောက်ကျတော့ အပြန်နောက်ကျသွားတာကနေ သူတို့တပ်စွဲထားတဲ့နေရာ မှားဝင်မိရော၊ အဲ့ဒါနဲ့ စစ်သားတွေက ရပ်ခိုင်းတာ ကြောက်ပြီး မောင်းပြေးတာ၊ ဆိုင်ကယ်အမြန်မောင်းတော့ နောက်မှာ ထိုင်တဲ့ တစ်ယောက်က ပြုတ် ကျကျန်ခဲ့တာကို စစ်သားတွေက လှမ်းပစ်လိုက်တာ နောက်စေ့ပွင့်သွားတယ်” ဟု ဖလံဖိုရွာခံတစ်ဦးက ပြောသည်။

ကိုရဲထွန်း၏ အလောင်းကို စစ်ကောင်စီတပ်က ရဲစခန်းသို့သယ်သွားကာ အောက်တိုဘာ ၂၂ရက်နေ့ မနက်ပိုင်းတွင် စဉ့်ကိုင် အထွေထွေဆေးရုံကို ပို့လိုက်ပြီး မိသားစုထံ အကြောင်းကြားသည်။mizzima

ရာဇဝင်တွင် အကြမ်းကြုတ်ဆုံးစစ်ပွဲ ဆင်နွှဲရန် မြန်မာစစ်တပ်ပြင်ဆင်နေ

မြန်မာစစ်တပ်သည် သူတို့အသုံးပြုနေကျ လက်နက်ကြီးများကို အနှေးနှင့်အမြန် အသုံးပြုလာပါတော့မည်။ ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာ သိမ်းမှုကို ဆန့်ကျင်သော ငြိမ်းချမ်းစွာ ဆန္ဒပြပွဲများသည် မတ်လကတည်းက လက်နက်ကိုင်ခုခံတော်လှန်မှုအသွင် ပြောင်းလဲခဲ့ပါသည်။ ထိုအချိန်ကာလမှစ၍ နိုင်ငံတစ်ဝန်းတွင် ပြည်သူလူထုသည် ရရာလက်နက်စွဲကိုင်လျက် ၎င်းတို့ကို နည်းအမျိုးမျိုးဖြင့် ပုန်ကန်ထကြွလာသည်ကို နေပြည်တော်ရှိ စစ်ဗိုလ်ချုပ်ကြီးများ မြင်တွေ့ခဲ့ရသည်။ ဗမာတိုင်းရင်းသားအများစုနေထိုင်ရာ ပြည်မရှိ အချက်အချာနေရာများတွင် ပြည်သူ့ကာကွယ်ရေးတပ်များ (PDF) သည် စစ်အာဏာပိုင်များကို အန်တုစိန်ခေါ်ရန် နေရာအနှံ့ ပေါ်ထွက်လာနေသည်။

တရုတ်နှင့် ထိုင်း နယ်စပ်ဒေသေများမှ တိုင်းရင်းသားလက်နက်ကိုင်တပ်များသည် PDF များကို ခိုလှုံခွင့်ပေးခြင်း၊ စစ်သင်တန်းပေးခြင်းနှင့် လက်နက်တပ်ဆင်ပေးခြင်းတို့ဖြင့် လက်ကမ်းကြိုဆိုခဲ့ကြသည်။ နိုင်ငံ၏ အနောက်ဘက်နှင့် အရှေ့ဘက်ရှိ မဟာဗျူဟာအရ အလွန်အရေးကြီးသော ဒေသများတွင် ဗုံးပေါက်ကွဲမှုများနှင့် သတ်ဖြတ်မှုများသည် အင်အားပြည့်တော်လှန်ပုန်ကန်ခြင်းအဆင့်ထိ အရှိန်မြင့်လာခဲ့သည်။

ထိုကဲ့သို့ အခြေအနေတွင် အတိုက်အခံ စင်ပြိုင်အစိုးရဖြစ်သော အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စက်တင်ဘာလ ၇ ရက်နေ့တွင် “ပြည်သူ့ခုခံတော်လှန်စစ်” စတင်ကြောင်း ကြေညာချက်သည် ပြန့်နှံ့နေပြီးသား မီးတောက်ကို အရှိန်ကောင်းအောင် လုပ်ဆောင်ခဲ့ခြင်း ဖြစ် သည်။

နိုင်ငံ၏ အမျိုးသားရေးအခန်းကဏ္ဍကို စစ်တပ်၏ ဆယ်စုနှစ်နှင့်ချီ အခိုင်အမာလက်ဝါးကြီးအုပ်ထားမှုကို ဖြိုခွဲမည့် လူမှုတော်လှန်ရေး သို့မ ဟုတ် (သင်၏ ရှုမြင်မှုပေါ် မူတည်ပြီး) အထိန်းအချုပ်ကင်းမဲ့သည့် ပြိုကွဲမှုဆီ ပို၍နီးကပ်စွာ ဦးတည်နေသော မြန်မာနိုင်ငံတွင် ငြိမ်ဝပ်ပိပြားမှုဆိုသည့် သရုပ်သကန်ကို ပြန်လည်ရရှိရန် “အနော်ရထာစစ်ဆင်ရေး” အမည်ရ တပ်မတော်၏ ပထမဆုံးအင်အားပြည့်စစ်ဆင်ရေးအ တွက် နေပြည်တော်စစ်ဌာနချုပ်တွင် စစ်ဆင်ရေးမြေပုံများ ခင်းကျင်းရန် အချိန်ရောက်လာခဲ့ပြီ။

စစ်တပ်က နှစ်နှစ်တစ်ခါပြုလုပ်သော စစ်ရေးလေ့ကျင့်မှုမြင်ကွင်းတစ်ခု။ 

အနော်ရထာစစ်ဆင်ရေး

စစ်တပ်က ပြင်ဆင်နေသော စစ်ဆင်ရေးနယ်မြေ ကျယ်ပြန့်မှုနှင့် အင်အားကြီးမားပုံက ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးကတည်းက တစ် လျှောက် လုံး စစ်တိုက်လာခဲ့သည့် စစ်တပ်တစ်ခု၏ မှတ်တမ်းမှာပင် အမှန်တကယ်ပင် ယခင်က မရှိခဲ့ဖူးသော စစ်ဆင်ရေးမျိုး ဖြစ်ပါသည်။

နိုင်ငံ၏ မတည်ငြိမ်သော နယ်စပ်ဒေသများရှိ စိုးရိမ်စရာကောင်းဖွယ် တိုင်းရင်းသားလူနည်းစုများကို နှစ်စဉ် စစ်ဆင်လေ့ရှိသော တိုက်ပွဲများ သို့မဟုတ် အစောပိုင်းကာလ ပဲခူးရိုးမနှင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသများတွင် ကွန်မြူနစ်ပုန်ကန်ထကြွမှုများကို ရှင်းလင်းခဲ့သည့် တိုက်ပွဲများနှင့် ခြားနားသော အနော်ရထာစစ်ဆင်ရေးသည် ထူးခြားသောအသွင်နှင့် ကြီးမားသောစွန့်စားမှု နှစ်မျိုးစလုံး ထင်ဟပ်လျက်ရှိသည်။ ပထမဆုံးအကြိမ် တပ်မတော်သည် ကာလရှည်ရယူထားခဲ့သော မဟာဗျူဟာအသာစီးရမှုကို ပြန်လည်ရရှိရန် လုပ်ဆောင်နေရသည်။ သို့သော် ၂၀၂၁ ခုနှစ် နှစ်လယ်ပိုင်းရောက်လာသည်အထိ ရက်သတ္တပတ်များ ကုန်ဆုံးလာသည်နှင့်အမျှ အဆိုပါ မဟာဗျူဟာအသာစီးရမှုအခြေအနေသည် ကျဆင်းလာနေပြီး၊ နိုင်ငံ၏ အနောက်ဘက်ခြမ်းက သတိထားစရာ အကောင်းဆုံးဖြစ်နေသည်။

ယနေ့ ခုခံတော်လှန်နေသော ဧရာဝတီမြစ်ဝှမ်းဒေသ၏ နှလုံးသည်းပွတ်နေရာကိုပင် စုစည်းညီညွတ်သော နိုင်ငံတစ်ခုအဖြစ် သက္ကရာဇ် ၁၀၁၄ ခုနှစ်တွင် ထူထောင်ပြီး ပုဂံထီးနန်းစိုးစံခဲ့သော မြန်မာနိုင်ငံတော်ကို တည်ထောင်ခဲ့သူ စစ်ဘုရင်ကို ဂုဏ်ပြုလျက် ပြင်ဆင်လျက်ရှိသော စစ်ဆင် ရေးအမည်ပေးခဲ့သည်မှာ တိုက်ဆိုင်မှုမဟုတ်တာ သေချာပါသည်။

မုတ်သုန်အကုန် ခြောက်သွေ့ရာသီ ဝင်ရောက်လာမည့် အောက်တိုဘာလနှောင်းပိုင်း သို့မဟုတ် နိုဝင်ဘာလအစောပိုင်းတွင် အပြင်းအထန်စ တင် မည့် အနော်ရထာစစ်ဆင်ရေးသည် “လျှပ်တစ်ပြက် အငိုက်မိ” စေသော D-Day လေ့ကျင့်မှုပုံစံဖြင့် စတင်မည် မဟုတ်တာ သေချာသ လောက်ရှိပါသည်။

စစ်တပ်သည် တပ်အင်အားကို ကစားနိုင်ရန်နှင့် တပ်များကို အလွယ်တကူရွှေ့ပြောင်းနိုင်ရန် အရေးကြီးသည်။ ထို့ကြောင့် ဖြစ်နိုင်ခြေရှိသော ဗျူဟာမှာ သီးခြားဖြစ်သော်လည်း ချိတ်ဆက်မှုရှိနေသည့် စစ်ဆင်ရေးများကို နှစ်သစ်ကူးကာလနှင့် လာမည့်နှစ် မြန်မာနိုင်ငံအလယ်ပိုင်း အပူဒဏ်ပြင်းထန်သော ခြောက်သွေ့ရာသီအထိ အဆင့်လိုက် လုပ်ဆောင်သွားခြင်းမျိုးဖြစ်သည်။

အနည်းဆုံး ယခုနှစ် စက်တင်ဘာလက စပြီး ကျယ်ပြန့်သော စစ်ဆင်ရေးတစ်ခုအတွက် ပြင်ဆင်မှုများကို စစ်တပ်သည် ပြုလုပ်နေပါသည်။

သတင်းမီဒီယာများ သတိမထားလိုက်မိချိန်မှာပင် စစ်ဆင်ရေးအခြေစိုက်စခန်းများဖြစ်သော ပခုက္ကူ၊ မုံရွာနှင့် ကလေးမြို့များတွင် ခြေလျင်တပ်များ၊ ယန္တရားတပ်များ၊ အမြောက်များနှင့် သံချပ်ကာကားများကို အဆင်သင့်တပ်ဖြန့်ထားပြီး ဖြစ်ပါသည်။

ထိုမြို့များသည် အနောက်တောင်ဘက် ဘင်္ဂလားပင်လယ်အော်ထဲက ရခိုင်ပြည်နယ်နှင့် မြောက်ပိုင်း ကချင်ပြည်နယ်အကြား တိုင်းရင်းသားလက်နက်ကိုင်တပ်များ၏ အခိုင်အမာခြေကုပ်စခန်းများ တည်ရှိရာ မြန်မာနိုင်ငံအနောက်ပိုင်းက လခြမ်းသဏ္ဌာန် မဟာဗျူဟာကျ အရေးပါသည့် ကျယ်ပြန့်သောနယ်မြေတစ်လျှောက်တွင် တည်ရှိသောမြို့များဖြစ်သည်။

စက်တင်ဘာလတွင် စတင်ပြီး စစ်တပ်က ပစ်မှတ်ထားသည့် နိုင်ငံအနောက်ပိုင်း မြို့နယ် ၂၅ မြို့နယ်တွင် စိုးရိမ်ဖွယ်ရာ အင်တာနက်ဆက်သွယ်ရေးဖြတ်တောက်မှုနှင့် တယ်လီဖုန်းလိုင်းများပင် မကြာခဏဖြတ်တောက်မှုများ လုပ်ဆောင်ခဲ့သည်။ ၂၀၁၉ နှင့် ၂၀၂၀ ခုနှစ် ရခိုင်ပြည်နယ်က ပဋိပက္ခများအတွင်း လအတော်ကြာ ဆက်သွယ်ရေးဖြတ်တောက်မှုများကို စမ်းသပ်ခဲ့ပြီး၊ ဆက်သွယ်ရေးအမှောင်ချမှုက PDF တပ်ဖွဲ့များ၏ ဟန်ချက်ညီ ပူးပေါင်းတန်ပြန်တိုက်ခိုက်မှုနှင့် စစ်တပ်၏ စစ်ဆင်ရေးနှင့်အတူ တွဲဆက်ဖြစ်ပွားလေ့ရှိသော အလွန်အကျွံလုပ်ဆောင်မှုတွေအ ပေါ် သတင်းမီဒီယာများမှ သတင်းရယူ ပေးပို့မှု နှစ်မျိုးစလုံးကို ရှုပ်ထွေးသွားစေရန် ရည်ရွယ်ပုံရပါသည်။

စစ်ကိုင်းအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ဖြိုးသန့်ကို အလျင်အမြန်ဖယ်ရှားခဲ့ပြီးနောက် စစ်ဆင်ရေးအစီအမံကို အရှိန်မြှင့်ဆောင်ရွက်လာနေသည်မှာ သံသယရှိစရာ မလိုပါ။ လက်နက်မပြည့်စုံသော PDF တိုက်ခိုက်ရေးသမားများကြောင့် မျက်နှာပန်းမလှဖြစ်နေသော စစ်တပ်ကို နေ့စဉ် စီမံကွပ်ကဲနေရပြီး၊ သစ္စာဖောက်မှုစွပ်စွဲချက်များဖြင့် အောက်တိုဘာလအစောပိုင်းတွင် ထိန်းသိမ်းခံခဲ့ရသော စစ်တိုင်းမှူးကို အကျယ်ချုပ်ချထားသည်ဟု သတင်းရရှိသည်။ (မှတ်ချက်-ထိုအချက်သည် မူရင်းဆောင်းပါးတွင် ပါရှိသော အချက်ဖြစ်ပြီး Myanmar Now အနေဖြင့် သီးခြားအတည်မပြုနိုင်ပါ)

စစ်တပ်က နှစ်နှစ်တစ်ခါပြုလုပ်သော စစ်ရေးလေ့ကျင့်မှုမြင်ကွင်းတစ်ခု။ 

သူ့နေရာကို သဘောထားတင်းမာပြီး ရာထူးပိုကြီးသည့် စစ်ဗိုလ်ချုပ်နှစ်ဦးနှင့် အစားထိုးခဲ့ပြီး၊ ရှေ့တန်းတပ်မှူးများ၏ ဆောင်ရွက်ချက်များနှင့် စစ်ဆင်ရေးတစ်ခုလုံးကို နေပြည်တော်နှင့် စစ်ကိုင်းကနေ အနီးကပ်ကွပ်ကဲသွားလိမ့်မည်။အစားထိုးလိုက်သူနှစ်ဦးထဲက တစ်ဦးက ပြည်ထဲရေး ဒု-ဝန်ကြီးနှင့် ပို၍စစ်တပ်ဆန်လာသော ရဲတပ်ဖွဲ့၏ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင်ဖြစ်ပြီး၊ နောက်တစ်ဦးက နိုင်ငံမြောက်ပိုင်းက စစ်ဌာနချုပ်များကို ပူးပေါင်းစစ်ဆင်ရေးအတွက် တာဝန်ယူရသော ကာကွယ်ရေးစစ်ဆင်ရေးအထူးအဖွဲ့ (၁) မှူး၊ ဒုတိယဗိုလ်ချုပ်ကြီးတေဇကျော် ဖြစ်သည်။

တပ်မတော်၏ “အထူးတပ်ဖွဲ့”

ထိုဗိုလ်ချုပ်ကြီးနှစ်ဦးနှင့်အဖွဲ့ ကွပ်ကဲရသော တပ်အင်အားအရေအတွက်ကို ခန့်မှန်းရခက်ခဲပြီး၊ နည်းဗျူဟာလိုအပ်ချက်များအပေါ် မူတည်၍ အမျိုးမျိုးဖြစ်နိုင်သည်မှာ သေချာပါသည်။

သို့သော် သမိုင်းတစ်လျှောက် လက်နက်ကိုင်ပုန်ကန်မှုများ မရှိသလောက်နည်းပြီး တည်ငြိမ်အေးချမ်းပြီး စစ်တပ်အတွက် စိန်ခေါ်မှုမရှိခဲ့သော အနောက်ပိုင်းစစ်မြေပြင်တွင် ဗဟိုနှင့် ဒေသစစ်ဆင်ရေး ကွပ်ကဲမှုလက်အောက်တွင် ဖြန့်ကြက်ဖွဲ့စည်းထားမှု အရေအတွက်ပေါ် အခြေခံပြီး ကျိုးကြောင်းဆီလျော်သော ခန့်မှန်းတွက်ဆချက်က တပ်အင်အား ၃ သောင်းခန့်ရှိမည် ထင်ပါသည်။ ထိုအရေအတွက်မှာ အင်အား ၁ သိန်းနှင့် ၁ သိန်း ၂ သောင်းထက်မပိုသော တပ်မတော်၏ အခြေခံ ခြေလျင်တိုက်ခိုက်ရေးအဖွဲ့များထဲမှ ဆွဲထုတ်၍ သုံးနိုင်သော ပမာဏဖြစ်သည်။

မှန်းဆချက်များအရ နေပြည်တော် ဗဟိုစစ်ဌာနချုပ်ကွပ်ကဲမှုအောက်ရှိ ခြေမြန်တပ်မ ၁၀ ခု၏ စစ်ဆင်ရေးများ၏ တပ်ဦးတွင် အထင်အရှားရှိပါလိမ့်မည်။ ထိုတပ်မ ၁၀ ခုအနက် တပ်မ ၄ ခု (သို့တည်းမဟုတ် ထိုတပ်မများ၏ အဓိကအင်အားများ) ကို မြန်မာပြည်အနောက်ဘက်စစ် မြေပြင်တွင် ဖြန့်ကြက်ချထားပြီး ဖြစ်သည်။

အနောက်တိုင်းသတင်းမီဒီယာများတွင် “အထူးတပ်ဖွဲ့” ဟု မကြာခဏဖော်ပြလေ့ရှိသော ခြေမြန်တပ်မများသည် မြန်မာ့စစ်မြေပြင်များတွင် အဓိကအခန်းကဏ္ဍမှာ ရှိသော်လည်း ဗြိတိသျှအထူးလေကြောင်းချီတပ်ဖွဲ့(SAS) သို့မဟုတ် ရုရှား၏ စပစ်နဇ် (Spetsnaz( စသည့် အဆင့်မြင့်တပ်မတော်များတွင် သုံးနှုန်းသော “အထူးတပ်ဖွဲ့” ကဲ့သို့ အဆင့်မြင့်လေ့ကျင်ထားပြီး၊ လက်နက်အပြည့်အစုံတပ်ဆင်ထားသော တပ်ဖွဲ့မျိုးနှင့် အရည်အသွေး အလွန်ကွာခြားပါသည်။

အမြောက်များပါဝင်ပြီး လိုအပ်သည့်အချိန်တွင် လေကြောင်းပစ်ကူရယူနိုင်သော တပ်မ ၃ ခု ပါဝင်သည့် ရွေ့လျားနည်းဗျူဟာ စစ်ဆင်ရေးကွပ် ကဲမှုအဖွဲ့များ Tactical Operations Commands (TOCs) အဖြစ် ဖြန့်ခွဲထားသော ခြေမြန်တပ်မများသည် တစ်ချိန်က ခြေလျင်တပ်သားများကို ယနေ့ခေတ်တွင် စစ်လက်နက်ကိရိယာများ ပိုမိုတပ်ဆင်ထားသော မရှိမဖြစ်အားထားရသည့် တိုက်ခိုက်ရေးတပ်များဖြစ်ပါသည်။ ထိုတပ်မများသည် ချိတ်ဆက်မှုကောင်းခြင်း၊ အတွေ့အကြုံရှိခြင်း၊ ရက်စက်ကြမ်းကြုတ်ခြင်းနှင့် စစ်တပ်ကြီးတစ်ခုအတွင်း သစ္စာခံတပ်တစ်ခုအဖြစ် ဖွဲ့စည်းထားပါသည်။ ကွယ်လွန်ပြီဖြစ်သော အီရတ်နိုင်ငံအာဏာရှင် ဆဒ္ဒမ်ဟူစိန်၏ ရီပတ်ဘလစ်ကန်တပ်ကို “အထူးတပ်” အဖြစ် စဉ်းစားကြည့်ပါ။

ဖော်ပြပါ အရည်အသွေးများနှင့် ခြေမြန်တပ်များတွင် ရှိတတ်သော သစ္စာခံဂုဏ်ထူးဝိသေသများက ဒေသဆိုင်ရာ စစ်ဌာနချုပ်များလက် အောက် ရှိ သာမန်တပ်ရင်းတပ်ဖွဲ့များနှင့် လွန်စွာကွာခြားမှုရှိပါသည်။

ထိုခြေမြန်တပ်ဖွဲ့များသည် သာမန်တပ်ရင်းတပ်ဖွဲ့များနှင့် ယှဉ်ပါက လေ့ကျင့်မှု၊ စည်းကမ်းလိုက်နာမှုနှင့် စိတ်ဓာတ်ခိုင်မာမှုတို့က သာလွန်ပါ သည်။ ယခုကဲ့သို့ကွာဟနေမှုများက လာမည့်လများအတွင်း စစ်တပ်အတွင်း တင်းမာမှုများ မလွဲမသွေဖြစ်ပေါ်နိုင်ပါသည်။

ကြည်းတပ်များအပြင် လာမည့်စစ်ဆင်ရေးသည် လေတပ်၏ ရဟတ်ယာဉ်များနှင့် မြေပြင်တိုက်ခိုက်ရေးဂျက်လေယာဉ်များ၊ ရေတပ်၏ မြစ်တွင်းသွားကင်းလှည့်ရေယာဉ်များနှင့် ကမ်းတက်ရေယာဉ်များကိုလည်း အလေးထားသုံးစွဲလာပါလိမ့်မည်။ အနည်းဆုံးအားဖြင့် နှစ်နှစ်တစ်ကြိမ် မိတ္ထီလာမြို့ပြင်ရှိ စစ်တပ်၏ လေ့ကျင့်ရေးကွင်းများတွင် အသေအချာဇာတ်တိုက်ပြီးမှ မီဒီယာများရှေ့မှောက်တွင် ပြုလုပ်လေ့ရှိသည့် ပူးပေါင်းစစ်ရေးလေ့ကျင့်မှုများတွင် တွေ့ရသည့် စစ်ဆင်ရေးမျိုးဖြစ်နိုင်သည်။

သို့ရာတွင် မိတ္ထီလာလို မြေပြန့်အနေအထားနှင့် တောင်တန်းချိုင့်ဝှမ်းများပေါသော မြန်မာပြည်အနောက်ဘက် ပထဝီမြေပြင်အနေအထားမှာ အလွန်ကွာခြားပြီး ကြောက်စရာကောင်းလောက်အောင် ကျယ်ပြန့်ပါသည်။ လာမည့်ရက်သတ္တပတ်များနှင့် လများအတွင်း စစ်ဆင်ရေးများ သည် အနည်းဆုံး ထင်ရှားသော စစ်မျက်နှာ ၄ ခုတွင် PDF များကို ပစ်မှတ်ထားပါလိမ့်မည်။

စစ်ဆင်ရေးဇုန်များ

ဖြစ်နိုင်သော အရေးအပါဆုံး စစ်မျက်နှာနှစ်ခုမှာ ချင်းပြည်နယ်မြောက်ပိုင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး အရှေ့မြောက်ပိုင်းတို့ ဖြစ်သည်။ ထိုစစ် ဆင်ရေးဇုန်နှစ်ခုစလုံးတွင် ကာလာကြာရှည်ရှိခဲ့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက မကြာသေးခင်ကမှ ပေါ်ထွက်လာပြီး တိုက် ခိုက်ရေးစွမ်းရည်တက်လာနေသော PDF များကို စစ်သင်တန်းပေးခြင်း၊ လက်နက်တပ်ဆင်ပေးခြင်းနှင့် စစ်ဆင်ရေးအထောက်အပံ့ပေးခြင်းတို့ကို လိုလိုလားလား ဆောင်ရွက်လျက်ရှိသည်။

တိုက်ဆိုင်သည်ဟု မဆိုနိုင်၊ ပြီးခဲ့သော ရက်သတ္တပတ်များက အဆိုပါ ဒေသနှစ်ခုစလုံးရှိ နေရာများတွင် တပ်မတော်၏ မြေပြင်တိုက်ခိုက်ရေးတပ်များသည် တန်ပြန်ခုခံတွန်းလှန်တိုက်ခိုက်မှုများကို ရင်ဆိုင်ခဲ့ရပါသည်။ ထိုဒေသများကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့သည်။

ချင်းပြည်နယ်မြောက်ပိုင်းတွင် လွန်ခဲ့သောနှစ်များအတွင်း လှုပ်ရှားမှုမရှိခဲ့သော အင်အားအနည်းငယ်သာရှိသည့် ချင်းအမျိုးသားတပ်မ တော် (CNA) သည် လေ့ကျင့်ထားသော အမာခံတပ်အင်အားတစ်ခုကို ယခုအချိန်ထိ ထိန်းသိမ်းထားနိုင်ခဲ့ပြီး၊ အိန္ဒိယနယ်စပ်နှင့် နီးသော ချင်း ပြည်နယ် ထန်တလန်မြို့နယ်အတွင်းရှိ ၎င်းတို့၏ ဗစ်တိုးရီးယားစခန်းဌာနချုပ်တွင် ရာနှင့်ချီသော PDF များကို လိုလိုလားလား လက်ခံခဲ့သည်။ CNA သည် အိန္ဒိယနိုင်ငံဘက်ခြမ်းက မီဇိုရမ်နှင့် မဏိပူပြည်နယ်များမှ လက်နက်ခဲယမ်းများရရှိနိုင်မည့် နယ်စပ်ဖြတ်ကျော်ဆက်သွယ်မှုများ ရှိနိုင်ပါသည်။

ထိုကာလအတွင်း စစ်ကိုင်းတိုင်းအရှေ့မြောက်ဒေသက PDF များသည် ကချင်လွတ်မြောက်ရေးတပ် (KIA) ၏ တပ်မဟာ (၉) လက်အောက်ခံ တပ်ရင်းများနှင့် ပူးတွဲစစ်ဆင်ရေးများမှတစ်ဆင့် အထောက်အပံ့များရရှိနေသည်။ ကချင်ပြည်နယ် မိုးညှင်းမြို့နယ်မှ တောင်ဘက်ပိုင်းသို့ အင်းတော်နှင့် ကသာမြို့နယ်များမှတစ်ဆင့် ရွေ့လျားလာသော ထိုတပ်ဖွဲ့များသည် မြန်မာတိုင်းရင်းသားများအခြေချရာ အနီးပတ်ဝန်းကျင်ရှိ ပင်လည်ဘူး၊ ဝန်းသို၊ ကောလင်းနှင့် ထီးချိုင့်မြို့များအထိ ဒေသခံ PDF အဖွဲ့များကို ရုပ်ဝတ္ထုပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ကူညီပံ့ပိုးမှုများပေးလျက် ထိုးဖောက်စိမ့်ဝင်လှုပ်ရှားလာကြပြီ ဖြစ်သည်။

လာမည့်လများအတွင်း အဓိကစစ်ဆင်ရေးများအဖြစ် မြင်တွေ့လာရဖွယ်ရှိသော အခြားဒေသနှစ်ခုမှာ မကွေးတိုင်းဒေသကြီး မြောက်ပိုင်းနှင့် ကပ်လျက်ရှိ စစ်ကိုင်းတိုင်းတောင်ပိုင်းတို့ဖြစ်သည်။ ထိုဒေသနှစ်ခုစလုံးတွင် ယခုနှစ် နှစ်လယ်ပိုင်းကစပြီး PDF များ၏ ဆက်တိုက်လှုပ်ရှားနယ်မြေများအဖြစ် ပေါ်ထွက်လာခဲ့သည်။ ၎င်းတို့အား တပ်မတော်နှင့် ရဲတပ်ဖွဲ့တို့က အကြိမ်ကြိမ် ဝင်ရောက်စီးနင်းတိုက်ခိုက်သော်လည်း ထူးထူးခြားခြားသက်ရောက်မှုမရှိခဲ့ပေ။

မကွေးတိုင်းမြောက်ပိုင်းတွင် တပ်မတော်၏ ရှေ့တန်းစစ်ဆင်ရေးဌာနချုပ်သည် ဧရာဝတီမြစ်ကမ်းနံဘေးက စစ်တပ်မြို့ဖြစ်သော ပခုက္ကူမြို့ဖြစ်ပြီး၊ စစ်တပ်၏ အဓိကစစ်အခြေစိုက်စခန်းမြို့နှင့် ခြေမြန်တပ်မ (၁၀၁) ဌာနချုပ်ရှိရာ မြို့ဖြစ်သည်။ PDF များ၏ တိုက်ခိုက်မှုများ ပုံမှန်ဖြစ်ပွားလျက်ရှိသော ပေါက်မြို့အလွန်တွင် အဓိကပစ်မှတ်များမှာ တစ်မြို့နှင့်တစ်မြို့ ကပ်လျက်ရှိနေသော ဂန့်ဂေါ၊ ထီးလင်းနှင့် ဆော သုံးမြို့ ဖြစ်နိုင်ဖွယ်ရှိသည်။ ထိုမြို့များသည် ယောဒေသိယ မြန်မာစကားပြော ဒေသများဖြစ်ပြီး ယောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YDF) အဖြစ် စုပေါင်းဖွဲ့စည်းထားသည်။

စစ်တပ်၏ စစ်ဆင်ရေးရေးဆွဲသူများအတွက် စိုးရိမ်စရာကောင်းသည်မှာ ဗမာတိုင်းရင်းသားများ၏ YDF သည် ချင်းပြည်နယ်နယ်စပ်ကို ဖြတ်ကျော်ပြီး မင်းတပ်-ကန်ပက်လက်ရှိ ချင်းတိုင်းရင်းသားများ၏ ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (CDF) နှင့် ဆက်သွယ်ချိတ်ဆက်မှုများ လုပ် ဆောင်ထားပြီး ဖြစ်သည်။

ပထဝီအနေအထားအရ မကွေးတိုင်းမြောက်ပိုင်းနှင့် တစ်ဆက်တစ်စပ်တည်းဖြစ်သော စစ်ကိုင်းတိုင်းတောင်ပိုင်းသည် ချင်းတွင်းမြစ်ဝှမ်းဒေသတစ်လျှောက် စိုက်ပျိုးမြေများ တနံတလျား ကျယ်ပြန့်စွာရှိနေသော ဒေသဖြစ်သည်။ ထိုမြစ်ဝှမ်းဒေသသည် အိန္ဒိယနယ်စပ်မှ စီးဆင်းလာသော ချင်းတွင်းမြစ်နှင့် ဧရာဝတီမြစ်တို့ ပေါင်းစုံသောနေရာဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကာလကြာရှည် ထောက်ခံလျက်ရှိသော အမာခံနယ်မြေဖြစ်သည့် ထိုဒေသသည် လုံခြုံရေးတပ်ဖွဲ့များ အလျင်အမြန်ရွေ့လျားနိုင်ရန် သင့်လျော်သော ကျယ်ပြန့်သည့် ဟင်းလင်းမြေပြင်အနေအထားရှိပြီး၊ ယင်းအချက်က PDF အရေအတွက်အများအပြား စုဖွဲ့မှုနှင့် မြို့နယ်နိမိတ်ကို ဖြတ်ကျော်ပြီး ထိရောက်သော ပူးတွဲစစ်ဆင်မှု နှစ်မျိုးစလုံးအတွက် ရေခံမြေခံကောင်းဖြစ်နေသည်။

သို့ဆိုစေကာမူ အထူးထင်ရှားသော မင်းကင်း၊ ကန်နီ၊ ပုလဲ စသည့် မြို့နယ်အတော်များများရှိ PDF များသည် မကြာခဏ စစ်တပ်ကို ပြင်းထန်သော ခုခံတိုက်ခိုက်မှုများပြုလုပ်ခဲ့ကြပြီး၊ သူတို့ကိုလည်း စစ်တပ်က ပြန်ပြီး ပြင်းပြင်းထန်ထန်တိုက်ခိုက်မှုများ ပြုလုပ်လာနိုင်ပါသည်။

နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးများ

ထိုးစစ်များ၏ ပမာဏနှင့် ပုံသဏ္ဌာန်က မြေပြင်အနေအထားနှင့် ဆန့်ကျင်ဘက်အဖွဲ့ကို အကဲဖြတ်မှုများအပေါ် မူတည်ပါလိမ့်မည်။ သို့သော် များသောအားဖြင့် အဓိကကျသော “နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးများ” ပေါ်တွင် ဗဟိုပြုဖွယ်ရှိသည်။ ပုံမှန်အားဖြင့် သံချပ်ကာတပ်များ နောက်ခံအားပြုထားသော ခြေလျင်တပ်များပါဝင်သည့် အဆိုပါ နယ်မြေရှင်းလင်းရေးက PDF ခုခံတွန်းလှန်မှုများ၏ ဗဟိုချက်နေရာများကို အဓိကပစ်မှတ်ထားလေ့ရှိပြီး သာလွန်လက်နက်အင်အားနှင့် တိုက်ခိုက်လေ့ရှိသည်။

အလွယ်တကူသတ်မှတ်နိုင်သော အခြေစိုက်ပစ်မှတ်အနည်းငယ်ထဲမှ တစ်ခုမှာ ချင်းအမျိုးသားတပ်မတော် (CNA) ၏ ထန်တလန်မြို့နယ်ရှိ ဗစ်တိုးရီးယားစခန်းဌာနချုပ်ဖြစ်ပြီး၊ အရေးပါသော စစ်သင်တန်းကျောင်းနှင့် အဖွဲ့အစည်း၏ ဌာနချုပ်လည်း ဖြစ်သည်။

သို့သော် အိန္ဒိယနယ်စပ်တွင် တည်ရှိနေသောကြောင့် ထိုစခန်းကို သိမ်းဖို့ကြိုးစားမှုသည် အမြောက်ကျည်များနှင့် လေကြောင်းတိုက်ခိုက်မှုများ အိန္ဒိယနယ်မြေထဲ ကျရောက်နိုင်သည့်အလားအလာနှင့် ထောင်ပေါင်းများစွာသော ဒုက္ခသည်များလည်း အိန္ဒိယပိုင်နက်ထဲ ရောက်ရှိသွားနိုင်သဖြင့် ယခုအချိန်ထိ အာဏာသိမ်းစစ်အစိုးရနှင့် ၎င်းတို့၏ တိုင်းပြည်တည်ငြိမ်ရေးကြိုးပမ်းမှုများအပေါ် စာနာပေးလျက်ရှိသော အိမ်နီးချင်းနိုင်ငံကြီးကို စိတ်ဆိုးဒေါသထွက်အောင် လုပ်သလိုဖြစ်နေပါလိမ့်မည်။

စစ်ရေးလေ့ကျင့်နေသည့် PDF တပ်ဖွဲ့များ။ 

မလွှဲမရှောင်သာပဲ “နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးများ” သည် PDF များ၏ လက်နက်များနှင့် PDF ထောက်ခံသူများရှာဖွေရန် ကျေးရွာများကို ဝင်ရောက်ရှင်းလင်းရာမှ အရပ်သားများကို ပိတ်ဆို့ဖမ်းဆီး စစ်ဆေးမေးမြန်းခြင်းများပြုလုပ်လာနိုင်သည်။ ထိုအခြေအနေတွင် အရပ်သားများသည်လည်း နီးစပ်ရာ တောတောင်များထဲ ရှောင်ပြေးခြင်းတို့ ဖြစ်လာပါလိမ့်မည်။

ခန့်မှန်းရ ပို၍ခက်ခဲသည်က ထိုစစ်ဆင်ရေးများကို PDF များက မည်သည့်အတိုင်းအတာအထိ ခုခံတွန်းလှန်နိုင်မည် သို့မဟုတ် ထိုးစစ်ဆင်လာသော တပ်မတော်စစ်ကြောင်းများနှင့် ရင်ဆိုင်မှုကို ရှောင်ရှားပြီး၊ နောက်ပိုင်းမှ ပေါ်ထွက်လာကာ စစ်တပ်၏ ဆက်သွယ်ရေးနှင့် ထောက်ပံ့ရေးလမ်းကြောင်းများကို ပြောက်ကျားတိုက်ခိုက်မှုများ မည်သည့်အတိုင်းအတာအထိ ပြန်လည်လုပ်ဆောင်နိုင်မလဲဆိုသည့် အချက်ဖြစ်သည်။

အတွေ့အကြုံနှင့် ခေါင်းဆောင်မှုမရှိခြင်းက အဆီအငေါ်မတည့်သော၊ ဆုံးရှုံးမှုများသော ခုခံတွန်းလှန်မှုကို အားပေးနိုင်ပါသည်။ အထူးသဖြင့် အရပ်သားများ၊ ၎င်းတို့မိသားစုများ ချက်ချင်းအန္တရာယ်ကျရောက်နိုင်သော နေရာများတွင် ဖြစ်သည်။ PDF များတွင် စက်သေနတ်၊ အာပီဂျီနှင့် မော်တာကဲ့သို့ လက်နက်ခဲယမ်းများ ထောက်ပံ့မှု မရရှိခြင်းက စစ်ရေးအရ ပို၍ပါးနပ်သော ပြောက်ကျားတုံ့ပြန်မှုကို ရှုပ်ထွေးစေမည့် အချက်ဖြစ်လိမ့်မည်။

ဖြစ်နိုင်ခြေရှိသည့် အချက်မှာ ပြင်ပကမ္ဘာနှင့် ဆက်သွယ်ရေး အကြီးအကျယ်ဖြတ်တောက်ခံထားရသော နေရာများတွင် နှစ်ဖက်စလုံး၏ တုံ့ပြန်မှုများသည် ရှုပ်ထွေးပြီး သွေးထွက်သံယိုများသော တိုက်ပွဲတစ်ခုကို မွေးဖွားပေးနိုင်သည့် အထောက်အထားများရှိပါသည်။

သို့သော် မည်သို့ပင်ဖြစ်လာပါစေ တပ်မတော်၏ အခြေခံကျသော အခက်အခဲကို သက်သာစေမည်မဟုတ်ပေ။ ထိုအချက်မှာ ပြင်းထန်သော တိုက်ပွဲများအဆုံးသတ်သွားချိန် စစ်တပ်က အပိုင်အနိုင်သိမ်းပိုက်ထားသော နယ်မြေများကို ဆက်လက်ထိန်းချုပ်ရန် လိုအပ်သော လူအင်အားလျော့နည်းမှုက တပ်မတော်၏ စွမ်းရည်ကို အမှန်တကယ်အတားအဆီးဖြစ်စေပြီး၊ ခုခံတွန်းလှန်ရေးအင်အားစုများ အင်အားပြန်လည်စုစည်းပြီး တိုက်ပွဲပြန်ဝင်ဖို့ အခွင့်အရေးရစေပါသည်။

တုံ့ပြန်မှုတစ်ခုမှာ PDF များ သိသာထင်ရှားစွာ လှုပ်ရှားနေသော မြို့နယ်များရှိ ကျေးရွာအုပ်စုများတွင် တပ်ဖြန့်ထားမှုများကို ဆက်လက်လုပ် ဆောင်ရန် တပ်မတော်က ကြိုးပမ်းလာနိုင်ခြေဖြစ်သည်။ သို့သော် ကျေးလက်ဒေသအနီးပတ်ဝန်းကျင်အားလုံး စိုးမိုးနိုင်သည့် ပုန်ကန်မှုတန်ပြန်နှိမ်နှင်းရေးကွန်ရက်တစ်ခု လိုအပ်နေချိန်တွင် တပ်များကို ဖြန့်ကြက်ထားမှုသည် PDF များ၏ မိုင်းခွဲတိုက်ခိုက် နှောင့်ယှက်မှုမျိုးများနှင့် ထို့ ပြင် အထိုင်တပ်စခန်းများနှင့် ထောက်ပံ့ပို့ဆောင်ရေးတို့ကို အတိုက်ခိုက်ခံရရန် အခွင့်ပေးသလိုလည်း ဖြစ်လာနိုင်ပါသည်။ ပြီးခဲ့သော ဇူလိုင်နှင့် စက်တင်ဘာလအကြား စစ်ကိုင်းနှင့် ချင်းပြည်နယ်ဒေသများတွင် PDF  များက တပ်မတော်တပ်ဖွဲ့ဝင်များကို ချုံခိုတိုက်ခိုက်ရာတွင် တပ်ဘက်က ရာနှင့်ချီ သေဆုံးခဲ့ရပါသည်။ 

ဖြတ်လေးဖြတ်နှင့် ဖျက်သုံးဖျက်

စစ်တပ်အတွက် အခြားနည်းလမ်းတစ်ခုမှာ ပိုပြီးအစွန်းရောက်သည့် စစ်ဆင်ရေးကို ပြောင်းလဲဖော်ဆောင်ရန် ဖြစ်သည်။ ယင်းက ပုန်ကန်မှုကို အားပေးလျက်ရှိသော ကျေးရွာများအားလုံးကို လူမနေနိုင်အောင် ရှင်းလင်းခြင်းဖြစ်သည်။

ကျေးလက်လူဦးရေကို စစ်တပ်၏ အခိုင်အမာထိန်းချုပ်နယ်မြေများအတွင်းသို့ အဓမ္မရွှေ့ပြောင်းအခြေချခိုင်းသည့် မဟာဗျူဟာကျင့်သုံးခဲ့သည့် ခေတ်တစ်ခုရှိခဲ့ပြီး၊ အရပ်သားများနှင့် သူပုန်များအကြား အဆက်အသွယ်မလုပ်နိုင်စေရန် ပြင်းပြင်းထန်ထန်လုပ်ဆောင်ခြင်းသည် တပ်မတော်၏ ပုန်ကန်မှုတန်ပြန်နှိမ်နှင်းရေးလက်စွဲကျမ်းများတွင် ပါဝင်ခဲ့သည်။

မြန်မာနိုင်ငံတွင် “ဖြတ်လေးဖြတ်” ဟု လူသိများသော ထိုသီအိုရီကို ၁၉၆၀ ခုနှစ်များတွင် အနောက်တိုင်းစစ်ရေးအကြံပေးများထဲက အထင်ရှားဆုံးဖြစ်သော ဩစတြေးလျစစ်တပ်က ဗိုလ်မှူးကြီး တက်ဒ် စရွမ် (Ted Serong) က စတင်မိတ်ဆက်ခဲ့ပြီး၊ စစ်အေးကာလအတွင်း ပထမ မလေးရှားနှင့် ထို့နောက်ပိုင်း တောင်ဗီယက်နမ်တို့တွင် ပုန်ကန်မှုတန်ပြန်နှိမ်နှင်းရေးအဖြစ် ကျင့်သုံးခဲ့သည်။

ထိုနည်းစနစ်သည် သူပုန်များကို အစားအစာ၊ ငွေကြေး၊ လူသစ်စုဆောင်းမှုနှင့် ထောက်လှမ်းရေးသတင်းအချက်အလက် စသည့် မရှိမဖြစ် အရာလေးမျိုး ရရှိခြင်းမှ ဖြတ်တောက်ရန် ရည်ရွယ်သည်။ တစ်ဖက်တွင် ရွှေ့ပြောင်းထားသော ကျေးလက်နေပြည်သူများကို ကွန်မြူနစ်ပုန် ကန်မှုများနှင့် အရှင်းပြတ်စည်းခြားကာ ထိုလူထုအား တရားဝင်အုပ်ချုပ်ရေးစနစ်၏ ကောင်းကျိုးများကို ခံစားစေသည့် ဗျူဟာဖြစ်သည်။

၁၉၅၀ ခုနှစ်များအတွင်း ကိုလိုနီစနစ်အောက် မာလာယုကျွန်းဆွယ်တွင် “ကျေးရွာသစ်စီမံကိန်း” ဟု လူသိများသော ကွန်မြူနစ်ယိမ်းသည့် တရုတ်လူမျိုးများကို ပြန်လည်နေရာချထားရေးသည် ဗြိတိသျှစစ်တပ်အတွက် ကျယ်ပြန့်သော အောင်မြင်မှုတစ်ခုဖြစ်ခဲ့သည်။ သို့သော် တောင်ဗီယက်နမ်ကဲ့သို့ လူမှုရေးနှင့် နိုင်ငံရေး အလွန်ကွဲပြားခြားနားသော အခြေအနေတွင် အလားတူပုံတူကူးချရန် ကြိုးပမ်းမှုသည် အကြီးအကျယ်ကျရှုံးခဲ့သည်။

၁၉၆၀ ခုနှစ်များအတွင်း မြန်မာနိုင်ငံတွင် ကွန်မြူနစ်ဆန့်ကျင်မှုစစ်ဆင်ရေး၏ အစိတ်အပိုင်းတစ်ခုဖြစ်သော ဖြတ်လေးဖြတ်ဆိုသည့် အရင်း အမြစ်များဖြတ်တောက်မှုကို မဟာဗျူဟာအရ လုံလုံလောက်လောက် ဦးစားပေးလုပ်ဆောင်ခဲ့သည်ဟု မဆိုနိုင်။

အမှန်တော့ စစ်တပ်၏ ထိုအချိန်ကလုပ်ဆောင်မှုသည် အနောက်တိုင်းသီအိုရီများက သုံးသပ်သော “ဖြတ်လေးဖြတ်”နှင့် မည်သို့မျှ သက်ဆိုင်မှုမရှိသော ပုန်ကန်မှုတန်ပြန်နှိမ်နှင်းရေးပုံစံတစ်ခုသာ ဖြစ်သည်။ ဆိုလိုသည်မှာ မြန်မာစစ်တပ်၏ ဗျူဟာမှာ ၁၉၄၀ ခုနှစ်များအတွင်း တရုတ်နိုင်ငံကို ကျူးကျော်စဉ် ဂျပန်ဘုရင့်တပ်မတော်၏“အကုန်မီးရှို့၊ အကုန်သတ်၊ အကုန်လုယက်” ဆိုသည့် “ဖျက်သုံးဖျက်” (three all’s) နှင့် ပုံစံတူသည်။ မြန်မာနိုင်ငံ၏ အခြေအနေမှာ ရွာပါမကျန်မြေလှန်မီးရှို့သတ်ဖြတ်သည့် ဗျူဟာအား နောက်ထပ်ဗျူဟာတစ်ခုဖြစ်သည့် ဒေသခံ လူပေါင်းသောင်းသိန်းချီအား အိမ်နီးချင်း ထိုင်း၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ်နှင့် ယခု အိန္ဒိယ စသည့် နိုင်ငံများသို့ မောင်းထုတ်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံအနောက်ပိုင်းတစ်လျှောက် ကျေးရွာများမှ ထွက်ရှိလာနေပြီဖြစ်သော မီးခိုးလုံးများက ရှင်းလင်းစွာ ဖော်ညွှန်းနေသည့်အတိုင်း ဗမာတိုင်းရင်းသားဒေသများမှာပင် တပ်မတော်၏ စစ်ဆင်ရေးလုပ်ရပ်များက “ဖျက်သုံးဖျက်” ကို အပြင်းအထန် ဆက်လက်ကျင့်သုံးနေပြီး “ဖြတ်လေးဖြတ်” ကို တစ်ခါတစ်ရံ သတင်းဝေဖန်ရေးနယ်ပယ်မှာသာ အဓိကကြားရတော့သည်။

လာမည့်လများအတွင်း ပိုမိုများပြားစွာ မီးရှို့ခံနေရသော ကျေးရွာများမှ ထွက်ပြေးနေရသော ကျေးလက်နေပြည်သူများသည် “ကျေးရွာသစ်များ” သို့မဟုတ် “မဟာဗျူဟာကျသော ရွာငယ်များ” မှာပင် နေထိုင်ခွင့်ဆိုသည့် အကျိုးကျေးဇူးတစ်ခုခု မည်သည့်အရာမှ မရရှိမှာ သေချာသလောက် ရှိပါသည်။ တပ်မတော်တွင် ပုန်ကန်မှုတန်ပြန်နှိမ်နှင်းရေးကို စီမံခန့်ခွဲနိုင်သည့် အရင်းအမြစ်နှင့် စိတ်ဓာတ်အခြေအနေ ဘယ်အရာမှ ရှိမနေပါ။

ဘေးထွက်ဆိုးကျိုး

ရလဒ်အနေဖြင့် မြို့နှင့် ဒေသန္တရ အချက်အချာကျသော နေရာများတွင် ဖြစ်သလိုတည်ဆောက်ထားသော ဒုက္ခသည်စခန်းများ မှိုလိုပေါက်လာနိုင်ပါသည်။ ထိုနေရာများသည် ခုခံတော်လှန်မှု၏ ဗဟိုချက်အသစ်များအဖြစ်နှင့် စစ်ကောင်စီ ဖြေရှင်းနိုင်စွမ်းမရှိသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဘေးဒုက္ခကို ပိုမိုဆိုးရွားစေသည့် နေရာများအဖြစ် ပေါ်ထွက်လာမှာ ဖြစ်သည်။

အဆိုပါ ပြင်ဆင်လျက်ရှိသော အနော်ရထာစစ်ဆင်ရေးက ဖြစ်ပေါ်လာနိုင်သော ဘေးထွက်ဆိုးကျိုးနှင့် လူထုအုံကြွတော်လှန်မှုအပေါ် ဆပွားသက်ရောက်မှုကို အသေအချာစဉ်းစားထားခြင်း ရှိမရှိဆိုသည်ကို သံသယဖြစ်မိပါသည်။

လာမည့်လများအတွင်း ဖြစ်တန်ရာခြေရှိသော ပို၍ပင် အရေကြီးသော ဘေးထွက်ဆိုးကျိုးတစ်ခုက စစ်တပ်အတွင်းရှိ အခြားအဆင့် အကြပ် တပ်သားများနှင့် အငယ်တန်းအရာရှိများအပေါ် သက်ရောက်မှုဖြစ်ပါသည်။ သူတို့၏ တပ်မှူးများက သူတို့ကို နိုင်ငံသားအချင်းချင်း သတ်ဖြတ်ညှင်းပန်းနှိပ်စက်ရန် ခိုင်းစေသည်ကို သူတို့က မည်သို့မည်ပုံ တုံ့ပြန်မလဲဆိုသည့် ကိစ္စဖြစ်သည်။

ရေတိုတွင် တပ်မတော်၏ သံမဏိစည်းကမ်းဆောင်ပုဒ်များက စစ်သားများကို သူတို့၏ ဆောင်ရွက်ချက်များအတွက် အကာအကွယ်ဖြစ်နိုင် သည်။ သို့သော် ရက်သတ္တပတ်များမှ လများသို့ ကူးပြောင်းလာသည်နှင့်အမျှ အရပ်သားသေဆုံးမှုများ မြင့်တက်လာပြီး တပ်မတော်သားများအတွင်း စိတ်ဓာတ်ပိုင်းဆိုင်ရာ ဆုတ်ယုတ်ပျက်စီးမှုသည် PDF လက်နက်ကိုင်တော်လှန်ပုန်ကန်မှုထက် ဗိုလ်ချုပ်ကြီးများအတွက် သောကများဖွယ်ရှိသည်။myanmar now

မုံရွာမြို့ နှစ်နေရာဗုံးပေါက်ကွဲမှုကြောင့် က လေး ၂ ဦး သေဆုံး၊ တမူးမြို့မဈေး မီးလောင်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တော်ခန်းမအနီးနဲ့ သူနာပြုသင်တန်းကျောင်းတို့မှာ အောက်တိုဘာ ၂၄ ရက် မနက် ၈ နာရီလောက်က တပြိုင်နက်ဗုံးပေါက်ကွဲမှုဖြ စ်ပွားခဲ့ပါတယ်။

မျက်မြင်တစ်ဦးက “မနက်က ၂ နေရာ ဗုံးပေါက်ကွဲတယ်။ ပထမနေရာက မြို့တော်ခန်းမအနီး အဲဒီမှာထိခိုက်မရှိဘူး။ နောက် မုံရွာအထက (၂) ကျောင်းလမ်း (ဆေးရုံ) လမ်းနှင့်လူငယ်စင်တာနဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ သူနာပြုကျောင်း ဗုံးပေါက်ကွဲတယ်။ အဲဒီပေါက်ကွဲမှုကြောင့် လမ်းပေါ်သွားနေတဲ့ ၁၀ နှစ်အရွယ် ကလေးနဲ့  ၁၂ နှစ်အရွယ် ကလေး ၂ ယောက်သေဆုံးသွားတယ်” လို့ ပြောပါတယ်။ 

သူနာပြုသင်တန်းကျောင်း ဗုံးပေါက်ကွဲမှုကြောင့် ကျောင်းအုပ်ကြီး နေအိမ် ၅ ထပ်ဆောင်နဲ့ အုပ်ချုပ်ရေးဆောင်တို့ မှန်ပြတင်းပေါက်တွေ ကွဲကြေပျက်စီးပြီး ကျောင်းနံရံတွေ ပြိုကျပျက်စီးသွားတယ်လို့ သိရပါတယ်။

အခုလို ဗုံးဖောက်ခွဲမှုကို ဘယ်အဖွဲ့အစည်းက လုပ်ဆောင်တယ်ဆိုတာ လက်ရှိအခြေအနေထိ မသိရသေးပါဘူး။

စစ်ကိုင်းတိုင်း တမူးမြို့ မြို့မဈေးမှာလည်း အောက်တိုဘာ ၂၃ ရက်ညပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ပြီး စျေးဆိုင်ခန်း ၇ ခန်း ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

မြိုမစျေး ဈေတန်း (၃) ရှိ ဖုန်းဆိုင်ကနေစတင် မီးလောင်မှုဖြစ်ခဲ့ကာ ဘေးအခန်းတွေပါ ကူးဆက် လောင်ကျွမ်းတာလို့ ဆိုင်ခန်းရှင်တဦးက ပြောပါတယ်။

မီးစတင်လောင်မှုကို မီးသတ်နဲ့ ပြည်သူတွေ ပူးပေါင်းငြှိမ်းသတ်ခဲ့တာကြောင့် ည ၉ နာရီမှာ မီးငြိမ်းနိုင်ခဲ့တယ်လို့ သိရပါတယ်။ မီးလောင်မှုကြောင့် ဆုံးရှုံးမှု ပမာဏာကိုတော့ မသိရသေးပါဘူး။DVB

ရခိုင်စစ်ရှောင်များ နေရပ်ပြန်ရေးကို မြေမြှုပ်မိုင်းအန္တရာယ်က ဟန့်တားနေ

ရခိုင်ပြည်နယ်တွင် တိုက်ပွဲများရပ်စဲနေသည်မှာ တစ်နှစ်နီးပါး ကြာမြင့်နေပြီးနောက်တွင် စစ်ကောင်စီက စစ်ရှောင်များကို နေရပ်ပြန်နိုင်သည်ဟု အသိပေးခဲ့ပြီး ဖြစ်သည်။ 

သို့သော်လည်း နီးစပ်ရာစစ်ရှောင်စခန်းများတွင် ဆက်လက်ခိုလှုံနေကြသည့် မြို့နယ်အသီးသီးမှ စစ်ရှောင်ဒုက္ခသည် တစ်သိန်းကျော်ခန့်မှာ လက်ရှိနေရာမှ ရွေ့လျားနိုင်ခြင်း မရှိသေးပေ။

ရပ်ရွာဟောင်းရှိ နေအိမ်များအနက် အများစုမှာ ပျက်စီးနေပြီဖြစ်သလို လူသူလေးပါးကင်းဝေးခဲ့သည့် ရပ်ရွာတွင်လည်း ချုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းရန် လိုအပ်နေသည်။

အဆိုးရွားဆုံးမှာ စစ်ရှောင်ရသူတို့ နေရပ်ရင်းတွင် ပြန်လည်နေထိုင်သွားလာလျှင် မပေါက်ကွဲသေးသည့် စစ်ကျန်လက်နက်တို့၏ အန္တရာယ်ကို ရင်ဆိုင်ရမည့် အခြေအနေပင် ဖြစ်လေသည်။ ကျယ်ပြန့်လှသော မြေမြှုပ်မိုင်းနယ်မြေကို အန္တရာယ်ကင်းသည်အထိ ရှင်းလင်းရန် စစ်ကောင်စီက စီမံနိုင်ရန် အလှမ်းဝေးနေသေးပြီး ရပ်ရွာနှင့် လုပ်ငန်းခွင်ဝန်းကျင်ရှိ ပေါက်ကွဲစေတတ်သော အရာများကို သတိထားနိုင်စေရန်လည်း ပညာပေးအစီအစဉ်များ ဆက်လက်လိုအပ်နေသည်။

ပလက်ဝမှ စစ်တပ်တိုက်တွန်းချက်

စက်တင်ဘာ ၂၈ တွင် ချင်းပြည်နယ်၊ ပလက်ဝမြို့၊ ခလရ ( ၂၈၉ ) က ထိုနယ်မှ စစ်ရှောင်စခန်းတာဝန်ခံများကို ခေါ်ယူပြီး နေရပ်ပြန်နိုင်ကြောင်း အသိပေးခဲ့သည်။

ထို့ပြင် ပျက်စီးသွားသည့် နေအိမ်စာရင်းများကို ကောက်ယူခဲ့သည်ဟုလည်း အမည်မဖော်လိုသူ စစ်ရှောင်စခန်းတာဝန်ခံတစ်ဦးက ပြောသည်။ 

“လက်နက်တွေကျလို့ ပျက်စီးသွားတဲ့ နေအိမ်တွေကို ပြုပြင်ဖို့ ငွေထောက်ပံ့မယ်။ နေရပ်ပြန်ချင်ပြီဆိုရင် ပြန်နိုင်တယ်လို့ ပြောတယ်”ဟု ထိုအမျိုးသားက ဆက်ပြောသည်။

ပလက်ဝမြို့နယ်မှ  စစ်ရှောင်စခန်း ၅ ခုတွင် လူဦးရေ ၇,၀၀၀ ကျော် ခိုလှုံနေသည်။ ယင်းအထဲမှ ၄၀၀ ခန့်သည် နေရပ်တွင် ချုံနွယ်ရှင်းလင်းရန် ပြည်နယ်စစ်ကောင်စီက သွားခွင့်ပြုထားသည်ဟု စစ်ရှောင်များထံမှ သိရသည်။ 

တောင်ယာလုပ်ငန်းကို ပြန်လည်လုပ်ကိုင်လိုသော်လည်း စွန့်စားရမည့်အခြေအနေ ဖြစ်နေသည်ဟု မီးလက်ဝကျေးရွာမှ စစ်ရှောင်အမျိုးသမီးတစ်ဦးက ဆိုသည်။

“နေရပ်ပြန်နိုင်ပြီဆိုပေမဲ့ တိုက်ပွဲမဖြစ်ဘူးလို့ ဘယ်သူမှ အာမမခံနိုင်ဘူး။ နောက် နေအိမ် ပြန်ပြင်လို့ရပြီဆိုပေမဲ့ တောတောင်ကိုသွားပြီး အရင်လို သစ်ခုတ်ဝါးခုတ်လုပ်နိုင်ဖို့ဆိုတာ မိုင်းအန္တရာယ်ကို စိုးရိမ်ရတယ်” ဟု ထိုအမျိုးသမီးက ပြောသည်။ 

“မိုင်းရှင်းလင်းပြီးမှ သွားနိုင်မယ်။ ရေလမ်းကြောင်းကိုလည်း လွတ်လွတ်လပ်လပ် ဖွင့်ပေးဖို့လိုတယ်။ ဒါမှ စားနပ်ရိက္ခာတွေ သယ်လို့ရမယ်။ အဓိက မိုင်းရှင်းလင်းပေးဖို့ လိုတယ်”

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းမှ ဒေသခံများသည် စားနပ်ရိက္ခာအတွက် ရခိုင်ပြည်နယ် ကျောက်တော်မြို့မှတစ်ဆင့် မှာယူရပြီး ၎င်းတို့ အားထားရသည့် ကျောက်တော်-ပလက်ဝ ကုလားတန်ရေလမ်းကြောင်းကို စစ်တပ်က ထိန်းချုပ်ထားသည်။

စစ်ကောင်စီက ထိုလမ်းကြောင်းတွင် စက်လှေ ၂ စီးစီသာ သွားလာခွင့်ပြုထားရာမှ အောက်တိုဘာလလယ်ပိုင်းက စတင်ကာ သွားလာခွင့် ပြန်လည်ပိတ်ထားကြောင်း စက်လှေပိုင်ရှင်များက ဆိုသည်။  

စစ်တွေ၊ ရန်ကုန်မြို့များသို့ ဆေးကုသရန် သွားလိုလျှင်လည်း ပလက်ဝအခြေစိုက် စစ်တပ်က ခွင့်ပြုမှသာ သွားလာခွင့်ရနေကြောင်း သိရသည်။ သွားရေးလာရေး ခက်ခဲနေသည့်အတွက် စားနပ်ရိက္ခာနှင့် ဆေးဝါးများ အဆမတန် ဈေးမြင့်တက်နေကြောင်း ပလက်ဝမြို့ခံများက ပြောသည်။

ရန်ကုန်အခြေစိုက် ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA MYANMAR) က  ပလက်ဝစစ်ရှောင်များအတွက် အစားအစာ၊ အကာအကွယ်ပေးရေးဝန်ဆောင်မှု အပါအဝင် အရေးပေါ်အကူအညီများ ဆက်လက် ပေးအပ်နိုင်ရန် ကြိုးစားနေကြောင်း အောက်တိုဘာ ၁၈ တွင် ထုတ်ပြန်သည်။ 

တင်းမရွာသားများ နေရပ်ပြန်ရေး

နေရပ်ပြန်ရန် ဆုံးဖြတ်ထားကြသည့် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ တင်းမကျေးရွာသားများက ကျေးရွာနှင့် အနီးတဝိုက်တွင် မိုင်းရှင်းလင်းပေးစေလိုသည်ဟု ပြည်နယ်စစ်ကောင်စီထံ ဧပြီ ၂၆ နှင့် မေ ၁ဝ တို့တွင် စာရေးသားတောင်းဆိုခဲ့ကြသည်။ ဇွန် ၂၄ တွင် ပြည်နယ်စစ်ကောင်စီက ၎င်းတို့နှင့် တွေ့ဆုံကာ မိုင်းရှင်းလင်းရေး၊ နေအိမ်များ ပြန်လည်တည်ဆောက်ပေးရေး၊ စားနပ်ရိက္ခာထောက်ပံ့ပေးရေးတို့ကို သဘောတူခဲ့သည်။ 

သို့သော်လည်း အောက်တိုဘာ ၃ အထိ စစ်ကောင်စီဘက်မှ ထူးခြားမှုမရှိသေးကြောင်း ၎င်းတို့ထံမှ သိရသည်။

ကျောက်တော်မြို့ပေါ်ရှိ စစ်ရှောင်စခန်းတစ်ခုတွင် ခိုလှုံနေသူ တင်းမကျေးရွာသား ဦးမောင်အေးလှက မိုင်းရှင်းလင်းခြင်း မပြုသေးပါက ရွာပြန်နေရေး မဖြစ်နိုင်သေးကြောင်း ပြောသည်။

“ရွာကို ပြန်ဖို့အတွက် တင်ပြထားတာရှိတယ်။ အဓိက မိုင်းရှင်းပေးဖို့လိုတယ်။ အိမ်က ဖြစ်သလို ဆောက်နေလို့ရတယ်။ ရွာကို ပြန်ရင်လည်း ရွာမှာ ဒီအတိုင်းနေလို့ရတာမှ မဟုတ်တာ။ နေအိမ်တွေကို ပြန်ပြင်ဆောက်ဖို့ တောတောင်တွေကို သစ်ဝါးခုတ်ဖို့ သွားရတော့မယ်” ဟု ဦးမောင်အေးလှက ပြောသည်။

“မိုင်းက ရွာထဲမှာလည်း ရှိနိုင်တယ်။ ရွာအနား တောတောင်တွေထဲလည်း ရှိနိုင်တယ်။ ဒီအတွက် မိုင်းရှင်းလင်းရေးတွေ လုပ်ပေးဖို့ တောင်းဆိုထားတယ်” 

​​နေအိမ် ၁၀၀ ကျော် မီးရှို့ခံခဲ့ရသော ကျောက်တော်မြို့နယ်၊ တင်းမကျေးရွာ ၂ ရွာ မှ ဒေသခံ ၄၀၀၀ ကျော်သည် အောက်တိုဘာ ၂၂ တွင် နေရပ်ပြန်ကြမည်ဟု ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။ 

သို့ရာတွင် ပြည်နယ်စစ်ကောင်စီဘက်မှ မိုင်းရှင်းလင်းရေး၊ နေရပ်ပြန်ရေးတို့နှင့် ပတ်သက်ပြီး တုံ့ပြန်မှုမရှိသောကြောင့် ထိုနေ့က ရွာသို့ ပြန်ပြီး ချုံနွယ်ရှင်းလင်းမည့် အစီအစဉ်ပျက်ပြယ်ခဲ့ရသည်။

စစ်ကျန်လက်နက်အန္တရာယ်

စစ်ရှောင်များ နေရပ်ပြန်ရေးတွင် မပေါက်ကွဲသေးသည့် စစ်ကျန်လက်နက်များသည် အတားအဆီးတစ်ခုဖြစ်နေပြီး တိုက်ပွဲဖြစ်ပွားခဲ့ရာနေရာများ၊ စစ်တပ်စခန်းချခဲ့ရာနေရာများနှင့် တပ်စခန်း လက်ရှိအခြေစိုက်နေသည့် နေရာများအနီး မြေမြှုပ်မိုင်းကြောင့် အပြစ်မဲ့အရပ်သားတို့ သေဆုံးဒဏ်ရာရရှိမှု ဆက်လက်ဖြစ်ပွားနေသည်။

ပလက်ဝမြို့နယ် အောက်သံထောင်ကျေးရွာနေ အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦး ဇွန် ၁၆ တွင် တောင်ပေါ်တက် မျှစ်ခူးနေစဉ် မိုင်းနင်းမိသဖြင့် ညာဘက်ခြေထောက် ဆုံးရှုံးသွားခဲ့သည်။

ဧပြီ ၁၅ ကလည်း ပလက်ဝမြို့နယ်၊ လောင်းကဒူးကျေးရွာနေ အမျိုးသားတစ်ဦး မိုင်းနင်းမိ၍ ဘယ်ဘက်ခြေထောက် ဖြတ်တောက်လိုက်ရသည်။

ဖေဖော်ဝါရီ ၁၇ တွင် အမ်းမြို့နယ် သရက်ပင်ချောင်းကျေးရွာ ဒေသခံတစ်ဦး ဟင်းရွက်ခူးထွက်ရာ အုန်းတည်ချောင်းကျေးရွာအနီး တောင်ကုန်းတောင်တန်းရှိသည့်နေရာတွင် မိုင်းနင်းမိပြီး ညာဘက်ခြေထောက် ပြတ်ထွက်ခဲ့သည်။

ဇွန် ၄ တွင် ပုဏ္ဏားကျွန်းမြို့တွင် ရွာပြင်ထွက် ဖားရှာရာမှ ကောက်ယူလာသည့် စစ်လက်နက်ပစ္စည်း ပေါက်ကွဲခြင်းကြောင့် ဒေသခံ ၄ ဦး သေဆုံးသွားသည်။

ဇွန်တတိယပတ်တွင် ဗုံးသီး အလုံး ၄၀ ကျော်ကို ရသေ့တောင်မြို့နယ်၊ ငစံဘော်ကျေးရွာအနီး လယ်ကွင်းရှိ တွင်းတစ်တွင်းထဲတွင် အစုလိုက်တွေ့ရှိခဲ့ရကြောင်း၊ အဆိုပါနေရာကို သတိပေးတားမြစ်နယ်မြေအဖြစ် သတ်မှတ်ထားရကြောင်း ဒေသခံများက ပြောဆိုသည်။  

အမှတ် ၃၇၇ အမြောက်တပ်ရင်းနှင့် ၃ ဖာလုံခန့်သာ ဝေးသည့် ကျောက်တော်မြို့နယ်၊ ဦးစွန်းတောင်ရွာနေ အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦးသည် ဩဂုတ် ၁၇ ၌  ရွာမှ ၂ မိုင်ခန့်အကွာအဝေးရှိ တောင်ခြေတွင် နွားကျောင်းနေစဉ် မိုင်းနင်းမိသဖြင့် ခြေတစ်ဘက် ပြတ်သွားခဲ့သည်။ 

အဆိုပါ မိုင်းနင်းမိသည့် နေရာသည် ကျေးရွာသားများ နေ့စဉ်သွားလာ နွားကျောင်းနေသည့် နေရာဖြစ်သည့်အတွက် ယခု နင်းမိသည့် မိုင်းမှာ အသစ်ထောင်သည့် မိုင်းဖြစ်နိုင်မည်ဟု ၎င်းရွာဒေသခံများက ယူဆကြသည်။

အရေးပါသည့် ပညာပေးအစီအစဉ် 

ရခိုင်ပြည်နယ်၌ ဖြစ်ပွားခဲ့သည့် နှစ်နှစ်တာစစ်ပွဲအတွင်း မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်အန္တရာယ်ကြောင့် သေဆုံးသူ ၅၄ ဦးနှင့် ထိခိုက်ဒဏ်ရာရသူ ၈၃ ဦး ရှိသည်ဟု စစ်ရှောင်များအရေးဆောင်ရွက်နေသည့် ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများအစည်းအရုံး (REC) ၏ စာရင်းအရ သိရသည်။

ကျေးလက်နေပြည်သူများမှာ ဟင်းရှာ၊ ဝါးခုတ်ရန်အတွက် တောထဲသို့ နေ့စဉ်သွားလာနေကြရာ မြေမြှုပ်မိုင်းနင်းမိ၍ ဒုက္ခိတဘဝရောက်ရှိနေသည်။  

မြန်မာနိုင်ငံရှိ မြေမြှုပ်မိုင်းနှင့် မပေါက်ကွဲသေးသည့် စစ်ကျန်လက်နက်များကြောင့် သေဆုံးဒဏ်ရာရရှိသူများအနက် သုံးပုံတစ်ပုံမှာ ရခိုင်ပြည်နယ်မှ ဖြစ်နေပြီး ရခိုင်ဒေသ၌ ထိခိုက်သေဆုံးသူ ၄၇ ရာခိုင်နှုန်းသည် ကလေးငယ်များဖြစ်သည်ဟု ဧပြီလဆန်း၌ ထုတ်ပြန်သည့် ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (မြန်မာ) ၏ စစ်တမ်းတွင် ဖော်ပြထားသည်။ 

စစ်ကျန်လက်နက်ပစ္စည်းများကြောင့် သေဆုံး၊ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့် ကလေးငယ်များသည် ကျေးရွာအနီး တွေ့ရှိသည့် စစ်ကျန်လက်နက်ပစ္စည်းကို စူးစမ်းလိုစိတ်ဖြင့် ပစ်ပေါက်ထုခွဲရာမှ ပေါက်ကွဲမှုအများဆုံး ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ဖေဖော်ဝါရီ ၄ က ဘူးသီးတောင်မြို့နယ်၊ ပြင်ရှည်ကျေးရွာအနီးတွင် တွေ့ရှိသည့် စစ်ကျန်ဗုံးသီးတစ်လုံးကို ထုခွဲကစားရာမှ ပေါက်ကွဲမှုဖြစ်ပြီး ၁၃ နှစ်အရွယ် တစ်ဦး သေဆုံးခဲ့ပြီး ၁၂ နှစ်အရွယ် နှစ်ဦး ပြင်းထန်ဒဏ်ရာရခဲ့သည်။ 

သို့အတွက် စစ်ရှောင်ဒုက္ခသည်စခန်းများနှင့် တိုက်ပွဲဖြစ်ပွားခဲ့ရာဒေသရှိ ကျေးရွာများတွင် စစ်ကျန်လက်နက်ပစ္စည်းများနှင့် ပတ်သက်၍ ကာကွယ်ရေးအစီအစဉ် များစွာလိုအပ်ကြောင်း ထောက်ပြသူတချို့ ရှိလာသည်။ ထိုအထဲတွင် ကျောက်တော်မြို့နယ်၊ တောင်မင်းကုလားစစ်ရှောင်စခန်းတွင် ခိုလှုံနေသူ အမျိုးသမီးနှင့်ကလေးငယ်တာဝန်ခံ မအေးခိုင်လည်း ပါ၀င်သည်။ 

ရသေ့တောင်မြို့နယ်အနီး လယ်ယာမြေများတွင် မပေါက်ကွဲသေးသည့် ကျည်ဆန်အမြောက်အများကို တွေ့ရှိပြီးနောက် ရသေ့တောင်မြို့နယ်၌ မပေါက်ကွဲသေးသည့် စစ်ကျန်ပစ္စည်းများနှင့် စပ်လျဉ်း၍ ဘေးကင်းစွာ ဖြေရှင်းနိုင်ရန် အရေးပေါ်သင်တန်းတစ်ခုကို စီစဉ်ခဲ့သည်ဟု UNICEF က ၂၀၂၁ ခုနှစ် ဇူလိုင်တွင် သတင်းထုတ်ပြန်သည်။

အလားတူ ရခိုင်ဒေသတွင်း အရပ်ဘက်အဖွဲ့တစ်ခုဖြစ်သည့် REC သည်လည်း မိုင်းအန္တရာယ်နှင့် ပတ်သက်သည့် ပညာပေးလုပ်ငန်းများကို အဓိကလုပ်ဆောင်နေပြီး ကိုဗစ်ကာလတွင် ပညာပေးလုပ်ငန်းများကို မလုပ်နိုင်ဘဲ ရပ်နားထားရသည်။

ထို့အတူ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီတို့ကလည်း စစ်ရှောင်စခန်းများတွင် မိုင်းအန္တရာယ်ပညာပေးခဲ့သည်။ 

စစ်ကောင်စီတပ်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီအတွင်း စစ်တွေ -အမ်း လမ်းမကြီးတစ်လျှောက်နှင့် အငူမော် – ဗန္ဓုလလမ်းတစ်လျှောက်တွင် မိုင်းရှင်းလင်းခဲ့သော်လည်း ကျေးရွာအနီး တောတောင်များတွင် မိုင်းရှင်းလင်းမှု မပြုလုပ်ခဲ့ပေ။

တောတောင်များ မိုင်းရှင်းရေး

စစ်ဘေးသင့်သူများ နေရပ်ပြန်နိုင်ရေးအတွက် စစ်ကောင်စီတွင် ဆောင်ရွက်စရာ များစွာရှိနေသည်ဟု ဘူးသီးတောင်မြို့နယ်မှ အမတ်ဟောင်းတစ်ဦးက ထောက်ပြသည်။

အဓိက တိုက်ပွဲပြန်မဖြစ်ဖို့တော့ လိုတာပေါ့”ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးအောင်သောင်းရွှေက ပြောသည်။

လက်ရှိတွင် သိန်းဂဏန်းရှိသော စစ်ရှောင်များအနက်မှ တစ်သောင်းခန့်သည် မိမိအစီအစဉ်ဖြင့် နေရပ်ပြန်ပြီးဖြစ်သည်ဟု REC စာရင်းအရ သိရသည်။ 

သို့ရာတွင် နေရပ်ပြန်တချို့မှာ တောတောင်များကို မှီခိုစားသောက်သူများဖြစ်သဖြင့် မိုင်းအန္တရာယ်ကို စိုးရိမ်ရသဖြင့် ဝမ်းရေးနှင့် ဝင်ငွေရလုပ် ငန်းအတွက် အလုပ်မလုပ်နိုင်ကြပေ။

ရခိုင်တွင် တိုက်ပွဲများ ရပ်တန့်နေစဉ် မိုင်းကြောင့် ကိုယ်လက်မသန်စွမ်းဖြစ်ခဲ့ရသူများထဲတွင် အသက် ၁၃ နှစ်အရွယ် ၈ တန်းကျောင်းသား မောင်ဘမောင်လည်း ပါဝင်သည်။ 

ပုဏ္ဏားကျွန်းမြို့နယ် အထက်မြတ်လှဲကျေးရွာမှ ထိုကျောင်းသားငယ်သည် ၂၀၂၁ ဇူလိုင် ၂၁ နံနက်ပိုင်း ရွာအနောက်ဘက် တောင်တန်းသို့ ဟင်း ရွက်ခူးသွားစဉ် မိုင်းနင်းမိသဖြင့် ညာဘက်ခြေ ပြတ်တောက်ခဲ့ရသည်။ 

မောင်ဘမောင်မှာ သားသမီး ၅ ဦးအနက် အကြီးဆုံးသားဖြစ်ပြီး မိသားစုကို နိုင်ရာကူညီနေသူဖြစ်သည့်အတွက် အားကိုးရသည့် သားတစ်ဦးဖြစ်သည်ဟု သူ၏ ဖခင်ဖြစ်သူ ဦးထွန်းအောင်က ပြောသည်။

“သူ့ကို ပညာတတ်ဖြစ်အောင်သင်မယ်။ ပြီးရင် ဌာနတစ်ခုခုမှာ အရာရှိဖြစ်အောင် ကြိုးစားပေးမယ်လို့ ရည်မှန်းထားတာ။ သူက မိသားစုအ တွက် နိုင်ရာတာဝန်ကို ထမ်းဆောင်တယ်။ ဒါပေမဲ့ မမျှော်လင့်ဘဲ အခုလိုဖြစ်သွားတဲ့အခါကျတော့ ဘာမှ မျှော်လင့်ချက်မရှိသလို ဖြစ်သွားပြီ။ အခုထိ လမ်းမလျှောက်နိုင်သေးဘူး။ သူ့အောက်က ညီငယ်၊ ညီမငယ်တွေကလည်း ငယ်သေးတော့ သူ့ကို ဝိုင်းကူနေရလို့ အပြင်အလုပ်ထွက်မလုပ်နိုင်ဘူး။ နောက် စစ်တွေဆေးရုံကိုလည်း သွားပြနေရသေးတယ်” ဟု ဖခင်ဖြစ်သူက ဆိုသည်။ 

ကလေးငယ်များ ဘေးကင်းလုံခြုံစေရေး၊ ကလေးများ၏ အကာအကွယ်ရပိုင်ခွင့်ကို ထိန်းသိမ်းကြရေးအလို့ငှာ မြေမြှုပ်မိုင်းများထောင်ခြင်း ရပ်တန့်ရန်နှင့် ထောင်ထားပြီးဖြစ်သော မိုင်းများနှင့် မပေါက်ကွဲသေးသော စစ်လက်နက်ပစ္စည်းများကို ရှင်းပေးရန် ယူနီဆက်မြန်မာက ပဋိပက္ခဖြစ်ပွားနေသည့် သက်ဆိုင်ရာ အဖွဲ့များအားလုံးကို ၂၀၂၁ ဇန်နဝါရီလ ၁၂ တွင် ကြေညာချက်ထုတ်ပြန် တောင်းဆိုထားသည်။

စစ်ကောင်စီတပ်တို့သည် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များလှုပ်ရှားသည့် နယ်မြေအတွင်း တောတောင်များ၊ ကျေးရွာများတွင် မိုင်းထောင်လေ့ရှိသည်ဟု ဒေသခံတို့က ဆိုသည်။

မြေမြှုပ်မိုင်းစောင့်ကြည့်လေ့လာရေးအဖွဲ့ (Landmine Monitor-LM) ၏ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလက ထုတ်ပြန်သော အစီရင်ခံစာ၌  မြန်မာ နိုင်ငံသည် တခြားအာရှနိုင်ငံများနှင့် နှိုင်းယှဉ်ပါက မြေမြှုပ်မိုင်းအသုံးပြုမှု အဆင့် ၃ နေရာတွင် ရှိနေကြောင်း ဖော်ပြထားသည်။

သို့သော်လည်း လူသတ်မိုင်းများ အသုံးပြုခြင်း၊ သိုမှီးထားခြင်း၊ ထုတ်လုပ်ခြင်းနှင့် လွှဲပြောင်းခြင်း တို့ကို တားမြစ်ခြင်းနှင့် ၎င်းတို့ကို ဖျက်ဆီးခြင်းဆိုင်ရာ အပြည်ပြည်ဆိုင်ရာသဘောတူစာချုပ်ကို မြန်မာနိုင်ငံက လက်မှတ်ရေးထိုးထားခြင်း မရှိသေးပေ။  

မြန်မာနိုင်ငံတွင် ၂၀၂၁  ဇန်နဝါရီမှ သြဂုတ်အတွင်း မြေမြှုပ်မိုင်းပေါက်ကွဲမှုဖြစ်စဉ် ၉၀ ကျော် ရှိခဲ့ပြီး ၅၃ ဦး သေဆုံးခဲ့ကာ ၁၀၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း UNOCHA Myanmar က ၂၀၂၁ ခု အောက်တိုဘာ ၈ ရက်တွင် ထုတ်ပြန်သည်။ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့သည် မိုင်းအန္တရာယ် အမြင့်မားဆုံးရှိနေသည့် နေရာများဖြစ်ကာ မိုင်းဒဏ်သင့် သေဆုံးဒဏ်ရာရရှိမှု စုစုပေါင်း၏ ၆၇ ရာခိုင်နှုန်းသည် အဆိုပါနေရာများတွင် ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။ ယင်းကာလအတွင်း ရခိုင်ပြည်နယ်တွင် မိုင်းကြောင့် သေဆုံးသူ ၁၂ ဦးထိ ရှိခဲ့ပြီး ဒဏ်ရာရရှိသူ ၃၅ ဦးထိ ရှိခဲ့သည်ဟုလည်း UNOCHA Myanmar ၏ စာရင်းအရ သိရသည်။

လက်ရှိ ရခိုင်ပြည်နယ်၏ စစ်ရေး နိုင်ငံရေးအခြေအနေမှာ တည်ငြိမ်နေသည်ဟု ဆိုရမည်ဖြစ်သော်လည်း ဒေသတွင်း စစ်ပွဲများ အချိန်မရွေးပြန်ဖြစ်လာနိုင်သည်ကို ဒေသခံတို့က နားလည်ထားကြသည်။

၂၀၂၀ နိုဝင်ဘာလဆန်းကတည်းက ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝတို့တွင် တိုက်ပွဲများ ရပ်တန့်သွားသော်လည်း နားလည်မှုဖြင့် အပစ်အခတ်ရပ်စဲထားသည့် အဆင့်သာရှိသည်ဟု ရက္ခိုင့်တပ်တော် (AA) က ပြောဆိုထားသည်။ myanmar now

ဝက်လက်နှင့် တန့်ဆည်တွင် ဉာဏ်ရည်မသန် စွမ်းသူအပါအဝင် ၂ ဦး ပစ်သတ်ခံရ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့မှာ အောက်တိုဘာ ၂၃ ရက် ည ၁၀ နာရီလောက်က အသက် ၂၀ အရွယ် ဉာဏ်ရည်မသန်စွမ်းသူတဦးကို စစ်‌ ကောင်စီက ပစ်သတ်ပြီး အလောင်းဖျောက်ဖျက်လိုက်တယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

“အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဝင်းအိမ်အနီးမှာ ကင်းပုန်းချထားပုံရတယ်။ တောင်ပိုင်းကလာတဲ့ ကလေးတစ်ယောက်ကို ရပ်ရပ်လို့ လှမ်တားတယ်။ မရပ်လို့ ပစ်သတ်လိုက်တယ်။ အလောင်းဖျောက်ဖျက်ခြင်လို့ဖြစ်မယ်။ တခါတည်း သယ်သွားပြီး သွေးတွေကိုလည်း လာဆေးသွားတယ်။”

ဒီကိစ္စကို DVB က ဆက်လက်စုံစမ်းကြည့်ရာ သေဆုံးသူဟာ ဟန်လင်းရွာ တောင်ပိုင်းကလို့သိရပြီး ဉာဏ်ရည်မသန်စွမ်းသူတစ်ဦးဖြစ်ကာ နေ့လယ်ပိုင်းကတည်းက မြို့ထဲအနှံ့လှည့်လည်သွားလာနေတာဖြစ်ပြီး ညပိုင်းမှာ ပစ်သတ်ခံလိုက်ရတာလို့ သိရပါတယ်။

ပစ်သတ်ခံရသူကို စစ်ကောင်စီက တိတ်တဆိတ် သင်္ဂြိုဟ်လိုက်ပြီး သူ့မိသားစုကိုလည်း ခြိမ်းခြောက်မှု တစုံတရာရှိနိုင်တယ်လို့ ဟန်လင်း ဒေ သခံတစ်ဦးဆီက သိရပါတယ်။

ဝက်လက်မြို့နယ်မှာ အောက်တိုဘာ ၁၇ ရက်နေ့ကလည်း ကိုယ်အင်္ဂါမသန်စွမ်းသူတစ်ဦးကို အကြမ်းဖက်စစ်ကောင်စီ ဖမ်းဆီးခေါ်ဆောင်သွားပြီး ညှဉ်းပန်းနှိပ်စက်တာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကံထူးမစံပြကျေးရွာမှာလည်း အောက်တိုဘာ ၂၂ ရက် ညနေ ၅ နာရီခန့်လောက်က အကြမ်းဖက်စစ်တပ်က ပစ်ခတ်တာကြောင့် ဆိုင်ကယ်စီးလာတဲ့ အမျိုးသားတဦး ရင်ဝကျည်ထိမှန်ပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။

ဒေသခံတစ်ဦးက “ကံထူးမအဝိုင်းနား ယာဉ်စစ်ဆေးရေးလုပ်နေတဲ့ ရဲတွေကို ဗုံးခွဲခံရလို့ စစ်တပ်က ရမ်းသမ်းပစ်တာဗျ။ ဆိုင်ကယ်စီးနေတဲ့ ကလေးဝင်မှန်တာ။ ရင်ဘတ်ကိုမှန်တာဆိုတော့ နေရာမှာတင်ဆုံးသွားတာ” လို့ ပြောပါတယ်။

အကြမ်ဖက်စစ်တပ်ကပစ်လို့ သေနတ်မှန် သေဆုံးသူဟာ ကြက်ဆူကန်ရွာက  အသက် ၃၀ အရွယ် ကိုအေးမင်းဖြစ်ပြီး အိမ်ဆိုင်အတွက် ဈေးဝယ်လာစဉ် ‌ရင်ဝကျည်မှန်ပြီးသေဆုံးခဲ့ရကာ ဇနီးနဲ့ ၆ လအရွယ် သမီးလေးကျန်ခဲ့တယ်လို့ သိရပါတယ်။

တန့်ဆည်မြို့နယ်၊ ကံထူးမအဝိုင်းပတ်အနီး ယာဉ်စစ်ဆေးနေတဲ့ ရဲတွေကို ဗုံးခွဲတိုက်ခိုက်ခံရလို့ ရဲ ၃ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။DVB

မအူပင် မြို့နယ်အတွင်း ငါးမွေးမြူရေး လုပ် ငန်း ထောင်ဂဏန်း ရပ်ဆိုင်း

ဧရာဝတီတိုင်း မအူပင်မြို့နယ်ရှိ ငါးမွေးမြူရေး လုပ်ငန်း တစ်ထောင်နီးပါး လုပ်ငန်း ရပ်ဆိုင်းသွားကြောင်း လုပ်ငန်းလုပ်ကိုင်သူများက ပြော သည်။”အစာဈေး စက်ဆီဈေး အကုန်တက်တယ်။ ငါးရောင်းဖို့ကျတော့ ပြည်တွင်း ပြည်ပ ဈေးကွက်ပျက် ငါး ဈေး ကျတယ်။ ကန်ငှားခတောင် မပေးနိုင်တော့လို့ တချို့ ကန်ပစ်ပြေးပြီး ထွက်ပြေးသလို တချို့လည်း ရပ် လိုက် ရတယ်” ဟု ငါးမွေးမြူရေး လုပ်ကိုင်သူ ဦးမျိုးဝင်း က ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ကုန်စည်ပို့ဆောင်ရေး အပိုင်း ခက်ခဲလာခဲ့ရာ ပြည်တွင်းပြည်ပ ငါးဈေး ကွက်ပျက်သွားသည့်အတွက် အရှုံး ပေါ်လာခဲ့ပြီး ၈ လအကြာတွင် လုပ်ငန်းအများအပြား ရပ်ဆိုင်းသွားခဲ့ခြင်းဖြစ်သည်ဟု ငါးမွေးမြူရေး လုပ်ငန်း လုပ်ကိုင်သူများက ပြောသည်။ထို့အပြင် လုပ်ငန်း ရှေ့ဆက် လုပ်ကိုင်ရန်အတွက် ဘဏ်မှငွေထုတ်ယူရန်လည်း အတော်ခက်ခဲလေး ခက်ခဲ လာသည် ဟု ဆိုကြသည်။

လက်ရှိတွင် ငါးမွေးမြူရေးသုံးပစ္စည်းများ၊ ငါးစာများ ကုန်စျေးနှုန်းတက်လည်သော်လည်း ပြည်တွင်းပြည်ပ ငါးစျေးကွက်မှာ ပျက်ဆီးနေသည့်အ တွက် လုပ်ငန်းရှင်များအနေဖြင့် ထပ်မံ ရင်းနှီးမြုပ်နှံရေး အခက်အခဲ များ ရှိလာသည့်အတွက် ငါးမွေးမြူရေး လုပ်ငန်းကို လက်လွှတ်လိုက်ကြခြင်း ဖြစ်သည်ဟု ဆိုကြသည်။

ငါးစာ ပဲဖတ် နှမ်းဖတ် ဈေးနှုန်းများ သာမက ဒေသတွင်း၌ အလွယ်တကူ ရရှိပြီး ဈေးသက်သာသည့် ဖွဲနု ဈေးနှုန်းသည်ပင် ၁၆ ပိသာဝင် တစ်အိတ်လျှင် ကျပ် ၂၀၀၀ ဈေးတက်သွားခဲ့သည်ဟု ဦးမျိုးဝင်း က ပြော သည်။သို့သော် ငါးဈေးမှာ တစ်ပိဿာနှင့် အထက် အရွယ်ဆိုဒ် ငါးတစ်ပိသာလျှင် ကျပ် ၄၀၀၀ ရှိရာမှ ယခုခါထက် ဝက်ခန့် ဈေးကျသွားသည့်အပြင် လမ်းခရီး ပိတ်ဆို့မှုများကြောင့်လည်း ကုန်ပစ္စည်း ပို့ဆောင်ရာတွင် ပျက် ဆီး ဆုံးရှုံးမှုများရှိနေသည်ဟု ငါးမွေးမြူရေး လုပ်ငန်းရှင်များက ပြောသည်။

ဧရာဝတီတိုင်း ငါးလုပ်ငန်းရှင်များ အ သင်း၏ အမှုဆောင် တစ်ဦးက “လုပ်ငန်းတွေ ရပ်သွားတော့ ဒီလုပ် ငန်းကို မှီခိုရတဲ့ အလုပ်သမားတွေ အ လုပ်လက်မဲ့ ဖြစ်သွားတယ်။ စားဝတ်နေရေး နဲ့ ဒေသတွင်း တည်ငြိမ် အေးချမ်းရေး၊ ပြည်သူ တစ်ဦးခြင်းရဲ့ ဘဝလုံခြုံရေးပါ ထိခိုက်လာ တယ်” ဟု ပြောသည်။ငါးကန် တစ်ဧကလျှင် ငါးပိဿာချိန် ၂၀၀၀ အထိ မွေးမြူထုတ်လုပ်ကြပြီး အနိမ့်ဆုံး ငါးမွေးသူ လုပ်ငန်းရှင် တစ်ဦးလျှင် ဧက ၂၀ အနည်းဆုံးရှိရာ ငါးကန်လုပ်သား ၃ ဦး ရှိကြောင်း၊ ယခုနှစ် ငါးဈေးကျသဖြင့် ငါးတစ် ပိဿာ ကို ကျပ် ၄၀၀ ခန့် အရှုံးပေါ်နေသည်ဟု ငါးမွေးသူများ က ပြောသည်။

ငါးမွေးမြူရေး လုပ်ငန်းရှင်များ လုပ်ငန်းများရပ်ဆိုင်းသွားရသည့်အတွက် ငါးကန်လုပ်သားအချို့လည်း အလုပ်လက်မဲ့ဖြစ်ကုန်သည်ဟု ဆို သည်။ ဧရာဝတီတိုင်းအတွင်း မြို့နယ် ၂၆ မြို့နယ်ရှိပြီး မြို့နယ် အများစုတွင် ငါးမြစ်ချင်း၊ ငါးခေါင်းပွ၊ ငါးမုတ်၊ ငါး ကြင်း နှင့် ငါးဒန် တို့ကို မွေး မြူ ထုတ်လုပ်ကြသည်။ကျေးရွာ ၈၈ အုပ်စုရှိသည့် မအူပင်မြို့နယ်တွင် ငါးမွေးမြူသည့် ကန်ဧက ၂၀၀၀၀ ကျော်ရှိကာ ၁၀ ဧက ရှိ ငါးကန် တစ်ကန်လျှင် ကန်လုပ်သား ၂ ဦး ထားရှိရကြောင်း ဧရာဝတီတိုင်း ငါးလုပ်ငန်း ဦးစီးဌာန၏ မှတ် တမ်းများအရ သိရသည်။mizzima

« Older Entries