ရခိုင်စစ်ရှောင်များ နေရပ်ပြန်ရေးကို မြေမြှုပ်မိုင်းအန္တရာယ်က ဟန့်တားနေ

ရခိုင်ပြည်နယ်တွင် တိုက်ပွဲများရပ်စဲနေသည်မှာ တစ်နှစ်နီးပါး ကြာမြင့်နေပြီးနောက်တွင် စစ်ကောင်စီက စစ်ရှောင်များကို နေရပ်ပြန်နိုင်သည်ဟု အသိပေးခဲ့ပြီး ဖြစ်သည်။ 

သို့သော်လည်း နီးစပ်ရာစစ်ရှောင်စခန်းများတွင် ဆက်လက်ခိုလှုံနေကြသည့် မြို့နယ်အသီးသီးမှ စစ်ရှောင်ဒုက္ခသည် တစ်သိန်းကျော်ခန့်မှာ လက်ရှိနေရာမှ ရွေ့လျားနိုင်ခြင်း မရှိသေးပေ။

ရပ်ရွာဟောင်းရှိ နေအိမ်များအနက် အများစုမှာ ပျက်စီးနေပြီဖြစ်သလို လူသူလေးပါးကင်းဝေးခဲ့သည့် ရပ်ရွာတွင်လည်း ချုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းရန် လိုအပ်နေသည်။

အဆိုးရွားဆုံးမှာ စစ်ရှောင်ရသူတို့ နေရပ်ရင်းတွင် ပြန်လည်နေထိုင်သွားလာလျှင် မပေါက်ကွဲသေးသည့် စစ်ကျန်လက်နက်တို့၏ အန္တရာယ်ကို ရင်ဆိုင်ရမည့် အခြေအနေပင် ဖြစ်လေသည်။ ကျယ်ပြန့်လှသော မြေမြှုပ်မိုင်းနယ်မြေကို အန္တရာယ်ကင်းသည်အထိ ရှင်းလင်းရန် စစ်ကောင်စီက စီမံနိုင်ရန် အလှမ်းဝေးနေသေးပြီး ရပ်ရွာနှင့် လုပ်ငန်းခွင်ဝန်းကျင်ရှိ ပေါက်ကွဲစေတတ်သော အရာများကို သတိထားနိုင်စေရန်လည်း ပညာပေးအစီအစဉ်များ ဆက်လက်လိုအပ်နေသည်။

ပလက်ဝမှ စစ်တပ်တိုက်တွန်းချက်

စက်တင်ဘာ ၂၈ တွင် ချင်းပြည်နယ်၊ ပလက်ဝမြို့၊ ခလရ ( ၂၈၉ ) က ထိုနယ်မှ စစ်ရှောင်စခန်းတာဝန်ခံများကို ခေါ်ယူပြီး နေရပ်ပြန်နိုင်ကြောင်း အသိပေးခဲ့သည်။

ထို့ပြင် ပျက်စီးသွားသည့် နေအိမ်စာရင်းများကို ကောက်ယူခဲ့သည်ဟုလည်း အမည်မဖော်လိုသူ စစ်ရှောင်စခန်းတာဝန်ခံတစ်ဦးက ပြောသည်။ 

“လက်နက်တွေကျလို့ ပျက်စီးသွားတဲ့ နေအိမ်တွေကို ပြုပြင်ဖို့ ငွေထောက်ပံ့မယ်။ နေရပ်ပြန်ချင်ပြီဆိုရင် ပြန်နိုင်တယ်လို့ ပြောတယ်”ဟု ထိုအမျိုးသားက ဆက်ပြောသည်။

ပလက်ဝမြို့နယ်မှ  စစ်ရှောင်စခန်း ၅ ခုတွင် လူဦးရေ ၇,၀၀၀ ကျော် ခိုလှုံနေသည်။ ယင်းအထဲမှ ၄၀၀ ခန့်သည် နေရပ်တွင် ချုံနွယ်ရှင်းလင်းရန် ပြည်နယ်စစ်ကောင်စီက သွားခွင့်ပြုထားသည်ဟု စစ်ရှောင်များထံမှ သိရသည်။ 

တောင်ယာလုပ်ငန်းကို ပြန်လည်လုပ်ကိုင်လိုသော်လည်း စွန့်စားရမည့်အခြေအနေ ဖြစ်နေသည်ဟု မီးလက်ဝကျေးရွာမှ စစ်ရှောင်အမျိုးသမီးတစ်ဦးက ဆိုသည်။

“နေရပ်ပြန်နိုင်ပြီဆိုပေမဲ့ တိုက်ပွဲမဖြစ်ဘူးလို့ ဘယ်သူမှ အာမမခံနိုင်ဘူး။ နောက် နေအိမ် ပြန်ပြင်လို့ရပြီဆိုပေမဲ့ တောတောင်ကိုသွားပြီး အရင်လို သစ်ခုတ်ဝါးခုတ်လုပ်နိုင်ဖို့ဆိုတာ မိုင်းအန္တရာယ်ကို စိုးရိမ်ရတယ်” ဟု ထိုအမျိုးသမီးက ပြောသည်။ 

“မိုင်းရှင်းလင်းပြီးမှ သွားနိုင်မယ်။ ရေလမ်းကြောင်းကိုလည်း လွတ်လွတ်လပ်လပ် ဖွင့်ပေးဖို့လိုတယ်။ ဒါမှ စားနပ်ရိက္ခာတွေ သယ်လို့ရမယ်။ အဓိက မိုင်းရှင်းလင်းပေးဖို့ လိုတယ်”

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းမှ ဒေသခံများသည် စားနပ်ရိက္ခာအတွက် ရခိုင်ပြည်နယ် ကျောက်တော်မြို့မှတစ်ဆင့် မှာယူရပြီး ၎င်းတို့ အားထားရသည့် ကျောက်တော်-ပလက်ဝ ကုလားတန်ရေလမ်းကြောင်းကို စစ်တပ်က ထိန်းချုပ်ထားသည်။

စစ်ကောင်စီက ထိုလမ်းကြောင်းတွင် စက်လှေ ၂ စီးစီသာ သွားလာခွင့်ပြုထားရာမှ အောက်တိုဘာလလယ်ပိုင်းက စတင်ကာ သွားလာခွင့် ပြန်လည်ပိတ်ထားကြောင်း စက်လှေပိုင်ရှင်များက ဆိုသည်။  

စစ်တွေ၊ ရန်ကုန်မြို့များသို့ ဆေးကုသရန် သွားလိုလျှင်လည်း ပလက်ဝအခြေစိုက် စစ်တပ်က ခွင့်ပြုမှသာ သွားလာခွင့်ရနေကြောင်း သိရသည်။ သွားရေးလာရေး ခက်ခဲနေသည့်အတွက် စားနပ်ရိက္ခာနှင့် ဆေးဝါးများ အဆမတန် ဈေးမြင့်တက်နေကြောင်း ပလက်ဝမြို့ခံများက ပြောသည်။

ရန်ကုန်အခြေစိုက် ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA MYANMAR) က  ပလက်ဝစစ်ရှောင်များအတွက် အစားအစာ၊ အကာအကွယ်ပေးရေးဝန်ဆောင်မှု အပါအဝင် အရေးပေါ်အကူအညီများ ဆက်လက် ပေးအပ်နိုင်ရန် ကြိုးစားနေကြောင်း အောက်တိုဘာ ၁၈ တွင် ထုတ်ပြန်သည်။ 

တင်းမရွာသားများ နေရပ်ပြန်ရေး

နေရပ်ပြန်ရန် ဆုံးဖြတ်ထားကြသည့် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ တင်းမကျေးရွာသားများက ကျေးရွာနှင့် အနီးတဝိုက်တွင် မိုင်းရှင်းလင်းပေးစေလိုသည်ဟု ပြည်နယ်စစ်ကောင်စီထံ ဧပြီ ၂၆ နှင့် မေ ၁ဝ တို့တွင် စာရေးသားတောင်းဆိုခဲ့ကြသည်။ ဇွန် ၂၄ တွင် ပြည်နယ်စစ်ကောင်စီက ၎င်းတို့နှင့် တွေ့ဆုံကာ မိုင်းရှင်းလင်းရေး၊ နေအိမ်များ ပြန်လည်တည်ဆောက်ပေးရေး၊ စားနပ်ရိက္ခာထောက်ပံ့ပေးရေးတို့ကို သဘောတူခဲ့သည်။ 

သို့သော်လည်း အောက်တိုဘာ ၃ အထိ စစ်ကောင်စီဘက်မှ ထူးခြားမှုမရှိသေးကြောင်း ၎င်းတို့ထံမှ သိရသည်။

ကျောက်တော်မြို့ပေါ်ရှိ စစ်ရှောင်စခန်းတစ်ခုတွင် ခိုလှုံနေသူ တင်းမကျေးရွာသား ဦးမောင်အေးလှက မိုင်းရှင်းလင်းခြင်း မပြုသေးပါက ရွာပြန်နေရေး မဖြစ်နိုင်သေးကြောင်း ပြောသည်။

“ရွာကို ပြန်ဖို့အတွက် တင်ပြထားတာရှိတယ်။ အဓိက မိုင်းရှင်းပေးဖို့လိုတယ်။ အိမ်က ဖြစ်သလို ဆောက်နေလို့ရတယ်။ ရွာကို ပြန်ရင်လည်း ရွာမှာ ဒီအတိုင်းနေလို့ရတာမှ မဟုတ်တာ။ နေအိမ်တွေကို ပြန်ပြင်ဆောက်ဖို့ တောတောင်တွေကို သစ်ဝါးခုတ်ဖို့ သွားရတော့မယ်” ဟု ဦးမောင်အေးလှက ပြောသည်။

“မိုင်းက ရွာထဲမှာလည်း ရှိနိုင်တယ်။ ရွာအနား တောတောင်တွေထဲလည်း ရှိနိုင်တယ်။ ဒီအတွက် မိုင်းရှင်းလင်းရေးတွေ လုပ်ပေးဖို့ တောင်းဆိုထားတယ်” 

​​နေအိမ် ၁၀၀ ကျော် မီးရှို့ခံခဲ့ရသော ကျောက်တော်မြို့နယ်၊ တင်းမကျေးရွာ ၂ ရွာ မှ ဒေသခံ ၄၀၀၀ ကျော်သည် အောက်တိုဘာ ၂၂ တွင် နေရပ်ပြန်ကြမည်ဟု ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။ 

သို့ရာတွင် ပြည်နယ်စစ်ကောင်စီဘက်မှ မိုင်းရှင်းလင်းရေး၊ နေရပ်ပြန်ရေးတို့နှင့် ပတ်သက်ပြီး တုံ့ပြန်မှုမရှိသောကြောင့် ထိုနေ့က ရွာသို့ ပြန်ပြီး ချုံနွယ်ရှင်းလင်းမည့် အစီအစဉ်ပျက်ပြယ်ခဲ့ရသည်။

စစ်ကျန်လက်နက်အန္တရာယ်

စစ်ရှောင်များ နေရပ်ပြန်ရေးတွင် မပေါက်ကွဲသေးသည့် စစ်ကျန်လက်နက်များသည် အတားအဆီးတစ်ခုဖြစ်နေပြီး တိုက်ပွဲဖြစ်ပွားခဲ့ရာနေရာများ၊ စစ်တပ်စခန်းချခဲ့ရာနေရာများနှင့် တပ်စခန်း လက်ရှိအခြေစိုက်နေသည့် နေရာများအနီး မြေမြှုပ်မိုင်းကြောင့် အပြစ်မဲ့အရပ်သားတို့ သေဆုံးဒဏ်ရာရရှိမှု ဆက်လက်ဖြစ်ပွားနေသည်။

ပလက်ဝမြို့နယ် အောက်သံထောင်ကျေးရွာနေ အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦး ဇွန် ၁၆ တွင် တောင်ပေါ်တက် မျှစ်ခူးနေစဉ် မိုင်းနင်းမိသဖြင့် ညာဘက်ခြေထောက် ဆုံးရှုံးသွားခဲ့သည်။

ဧပြီ ၁၅ ကလည်း ပလက်ဝမြို့နယ်၊ လောင်းကဒူးကျေးရွာနေ အမျိုးသားတစ်ဦး မိုင်းနင်းမိ၍ ဘယ်ဘက်ခြေထောက် ဖြတ်တောက်လိုက်ရသည်။

ဖေဖော်ဝါရီ ၁၇ တွင် အမ်းမြို့နယ် သရက်ပင်ချောင်းကျေးရွာ ဒေသခံတစ်ဦး ဟင်းရွက်ခူးထွက်ရာ အုန်းတည်ချောင်းကျေးရွာအနီး တောင်ကုန်းတောင်တန်းရှိသည့်နေရာတွင် မိုင်းနင်းမိပြီး ညာဘက်ခြေထောက် ပြတ်ထွက်ခဲ့သည်။

ဇွန် ၄ တွင် ပုဏ္ဏားကျွန်းမြို့တွင် ရွာပြင်ထွက် ဖားရှာရာမှ ကောက်ယူလာသည့် စစ်လက်နက်ပစ္စည်း ပေါက်ကွဲခြင်းကြောင့် ဒေသခံ ၄ ဦး သေဆုံးသွားသည်။

ဇွန်တတိယပတ်တွင် ဗုံးသီး အလုံး ၄၀ ကျော်ကို ရသေ့တောင်မြို့နယ်၊ ငစံဘော်ကျေးရွာအနီး လယ်ကွင်းရှိ တွင်းတစ်တွင်းထဲတွင် အစုလိုက်တွေ့ရှိခဲ့ရကြောင်း၊ အဆိုပါနေရာကို သတိပေးတားမြစ်နယ်မြေအဖြစ် သတ်မှတ်ထားရကြောင်း ဒေသခံများက ပြောဆိုသည်။  

အမှတ် ၃၇၇ အမြောက်တပ်ရင်းနှင့် ၃ ဖာလုံခန့်သာ ဝေးသည့် ကျောက်တော်မြို့နယ်၊ ဦးစွန်းတောင်ရွာနေ အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦးသည် ဩဂုတ် ၁၇ ၌  ရွာမှ ၂ မိုင်ခန့်အကွာအဝေးရှိ တောင်ခြေတွင် နွားကျောင်းနေစဉ် မိုင်းနင်းမိသဖြင့် ခြေတစ်ဘက် ပြတ်သွားခဲ့သည်။ 

အဆိုပါ မိုင်းနင်းမိသည့် နေရာသည် ကျေးရွာသားများ နေ့စဉ်သွားလာ နွားကျောင်းနေသည့် နေရာဖြစ်သည့်အတွက် ယခု နင်းမိသည့် မိုင်းမှာ အသစ်ထောင်သည့် မိုင်းဖြစ်နိုင်မည်ဟု ၎င်းရွာဒေသခံများက ယူဆကြသည်။

အရေးပါသည့် ပညာပေးအစီအစဉ် 

ရခိုင်ပြည်နယ်၌ ဖြစ်ပွားခဲ့သည့် နှစ်နှစ်တာစစ်ပွဲအတွင်း မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်အန္တရာယ်ကြောင့် သေဆုံးသူ ၅၄ ဦးနှင့် ထိခိုက်ဒဏ်ရာရသူ ၈၃ ဦး ရှိသည်ဟု စစ်ရှောင်များအရေးဆောင်ရွက်နေသည့် ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများအစည်းအရုံး (REC) ၏ စာရင်းအရ သိရသည်။

ကျေးလက်နေပြည်သူများမှာ ဟင်းရှာ၊ ဝါးခုတ်ရန်အတွက် တောထဲသို့ နေ့စဉ်သွားလာနေကြရာ မြေမြှုပ်မိုင်းနင်းမိ၍ ဒုက္ခိတဘဝရောက်ရှိနေသည်။  

မြန်မာနိုင်ငံရှိ မြေမြှုပ်မိုင်းနှင့် မပေါက်ကွဲသေးသည့် စစ်ကျန်လက်နက်များကြောင့် သေဆုံးဒဏ်ရာရရှိသူများအနက် သုံးပုံတစ်ပုံမှာ ရခိုင်ပြည်နယ်မှ ဖြစ်နေပြီး ရခိုင်ဒေသ၌ ထိခိုက်သေဆုံးသူ ၄၇ ရာခိုင်နှုန်းသည် ကလေးငယ်များဖြစ်သည်ဟု ဧပြီလဆန်း၌ ထုတ်ပြန်သည့် ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (မြန်မာ) ၏ စစ်တမ်းတွင် ဖော်ပြထားသည်။ 

စစ်ကျန်လက်နက်ပစ္စည်းများကြောင့် သေဆုံး၊ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့် ကလေးငယ်များသည် ကျေးရွာအနီး တွေ့ရှိသည့် စစ်ကျန်လက်နက်ပစ္စည်းကို စူးစမ်းလိုစိတ်ဖြင့် ပစ်ပေါက်ထုခွဲရာမှ ပေါက်ကွဲမှုအများဆုံး ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ဖေဖော်ဝါရီ ၄ က ဘူးသီးတောင်မြို့နယ်၊ ပြင်ရှည်ကျေးရွာအနီးတွင် တွေ့ရှိသည့် စစ်ကျန်ဗုံးသီးတစ်လုံးကို ထုခွဲကစားရာမှ ပေါက်ကွဲမှုဖြစ်ပြီး ၁၃ နှစ်အရွယ် တစ်ဦး သေဆုံးခဲ့ပြီး ၁၂ နှစ်အရွယ် နှစ်ဦး ပြင်းထန်ဒဏ်ရာရခဲ့သည်။ 

သို့အတွက် စစ်ရှောင်ဒုက္ခသည်စခန်းများနှင့် တိုက်ပွဲဖြစ်ပွားခဲ့ရာဒေသရှိ ကျေးရွာများတွင် စစ်ကျန်လက်နက်ပစ္စည်းများနှင့် ပတ်သက်၍ ကာကွယ်ရေးအစီအစဉ် များစွာလိုအပ်ကြောင်း ထောက်ပြသူတချို့ ရှိလာသည်။ ထိုအထဲတွင် ကျောက်တော်မြို့နယ်၊ တောင်မင်းကုလားစစ်ရှောင်စခန်းတွင် ခိုလှုံနေသူ အမျိုးသမီးနှင့်ကလေးငယ်တာဝန်ခံ မအေးခိုင်လည်း ပါ၀င်သည်။ 

ရသေ့တောင်မြို့နယ်အနီး လယ်ယာမြေများတွင် မပေါက်ကွဲသေးသည့် ကျည်ဆန်အမြောက်အများကို တွေ့ရှိပြီးနောက် ရသေ့တောင်မြို့နယ်၌ မပေါက်ကွဲသေးသည့် စစ်ကျန်ပစ္စည်းများနှင့် စပ်လျဉ်း၍ ဘေးကင်းစွာ ဖြေရှင်းနိုင်ရန် အရေးပေါ်သင်တန်းတစ်ခုကို စီစဉ်ခဲ့သည်ဟု UNICEF က ၂၀၂၁ ခုနှစ် ဇူလိုင်တွင် သတင်းထုတ်ပြန်သည်။

အလားတူ ရခိုင်ဒေသတွင်း အရပ်ဘက်အဖွဲ့တစ်ခုဖြစ်သည့် REC သည်လည်း မိုင်းအန္တရာယ်နှင့် ပတ်သက်သည့် ပညာပေးလုပ်ငန်းများကို အဓိကလုပ်ဆောင်နေပြီး ကိုဗစ်ကာလတွင် ပညာပေးလုပ်ငန်းများကို မလုပ်နိုင်ဘဲ ရပ်နားထားရသည်။

ထို့အတူ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီတို့ကလည်း စစ်ရှောင်စခန်းများတွင် မိုင်းအန္တရာယ်ပညာပေးခဲ့သည်။ 

စစ်ကောင်စီတပ်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီအတွင်း စစ်တွေ -အမ်း လမ်းမကြီးတစ်လျှောက်နှင့် အငူမော် – ဗန္ဓုလလမ်းတစ်လျှောက်တွင် မိုင်းရှင်းလင်းခဲ့သော်လည်း ကျေးရွာအနီး တောတောင်များတွင် မိုင်းရှင်းလင်းမှု မပြုလုပ်ခဲ့ပေ။

တောတောင်များ မိုင်းရှင်းရေး

စစ်ဘေးသင့်သူများ နေရပ်ပြန်နိုင်ရေးအတွက် စစ်ကောင်စီတွင် ဆောင်ရွက်စရာ များစွာရှိနေသည်ဟု ဘူးသီးတောင်မြို့နယ်မှ အမတ်ဟောင်းတစ်ဦးက ထောက်ပြသည်။

အဓိက တိုက်ပွဲပြန်မဖြစ်ဖို့တော့ လိုတာပေါ့”ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးအောင်သောင်းရွှေက ပြောသည်။

လက်ရှိတွင် သိန်းဂဏန်းရှိသော စစ်ရှောင်များအနက်မှ တစ်သောင်းခန့်သည် မိမိအစီအစဉ်ဖြင့် နေရပ်ပြန်ပြီးဖြစ်သည်ဟု REC စာရင်းအရ သိရသည်။ 

သို့ရာတွင် နေရပ်ပြန်တချို့မှာ တောတောင်များကို မှီခိုစားသောက်သူများဖြစ်သဖြင့် မိုင်းအန္တရာယ်ကို စိုးရိမ်ရသဖြင့် ဝမ်းရေးနှင့် ဝင်ငွေရလုပ် ငန်းအတွက် အလုပ်မလုပ်နိုင်ကြပေ။

ရခိုင်တွင် တိုက်ပွဲများ ရပ်တန့်နေစဉ် မိုင်းကြောင့် ကိုယ်လက်မသန်စွမ်းဖြစ်ခဲ့ရသူများထဲတွင် အသက် ၁၃ နှစ်အရွယ် ၈ တန်းကျောင်းသား မောင်ဘမောင်လည်း ပါဝင်သည်။ 

ပုဏ္ဏားကျွန်းမြို့နယ် အထက်မြတ်လှဲကျေးရွာမှ ထိုကျောင်းသားငယ်သည် ၂၀၂၁ ဇူလိုင် ၂၁ နံနက်ပိုင်း ရွာအနောက်ဘက် တောင်တန်းသို့ ဟင်း ရွက်ခူးသွားစဉ် မိုင်းနင်းမိသဖြင့် ညာဘက်ခြေ ပြတ်တောက်ခဲ့ရသည်။ 

မောင်ဘမောင်မှာ သားသမီး ၅ ဦးအနက် အကြီးဆုံးသားဖြစ်ပြီး မိသားစုကို နိုင်ရာကူညီနေသူဖြစ်သည့်အတွက် အားကိုးရသည့် သားတစ်ဦးဖြစ်သည်ဟု သူ၏ ဖခင်ဖြစ်သူ ဦးထွန်းအောင်က ပြောသည်။

“သူ့ကို ပညာတတ်ဖြစ်အောင်သင်မယ်။ ပြီးရင် ဌာနတစ်ခုခုမှာ အရာရှိဖြစ်အောင် ကြိုးစားပေးမယ်လို့ ရည်မှန်းထားတာ။ သူက မိသားစုအ တွက် နိုင်ရာတာဝန်ကို ထမ်းဆောင်တယ်။ ဒါပေမဲ့ မမျှော်လင့်ဘဲ အခုလိုဖြစ်သွားတဲ့အခါကျတော့ ဘာမှ မျှော်လင့်ချက်မရှိသလို ဖြစ်သွားပြီ။ အခုထိ လမ်းမလျှောက်နိုင်သေးဘူး။ သူ့အောက်က ညီငယ်၊ ညီမငယ်တွေကလည်း ငယ်သေးတော့ သူ့ကို ဝိုင်းကူနေရလို့ အပြင်အလုပ်ထွက်မလုပ်နိုင်ဘူး။ နောက် စစ်တွေဆေးရုံကိုလည်း သွားပြနေရသေးတယ်” ဟု ဖခင်ဖြစ်သူက ဆိုသည်။ 

ကလေးငယ်များ ဘေးကင်းလုံခြုံစေရေး၊ ကလေးများ၏ အကာအကွယ်ရပိုင်ခွင့်ကို ထိန်းသိမ်းကြရေးအလို့ငှာ မြေမြှုပ်မိုင်းများထောင်ခြင်း ရပ်တန့်ရန်နှင့် ထောင်ထားပြီးဖြစ်သော မိုင်းများနှင့် မပေါက်ကွဲသေးသော စစ်လက်နက်ပစ္စည်းများကို ရှင်းပေးရန် ယူနီဆက်မြန်မာက ပဋိပက္ခဖြစ်ပွားနေသည့် သက်ဆိုင်ရာ အဖွဲ့များအားလုံးကို ၂၀၂၁ ဇန်နဝါရီလ ၁၂ တွင် ကြေညာချက်ထုတ်ပြန် တောင်းဆိုထားသည်။

စစ်ကောင်စီတပ်တို့သည် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များလှုပ်ရှားသည့် နယ်မြေအတွင်း တောတောင်များ၊ ကျေးရွာများတွင် မိုင်းထောင်လေ့ရှိသည်ဟု ဒေသခံတို့က ဆိုသည်။

မြေမြှုပ်မိုင်းစောင့်ကြည့်လေ့လာရေးအဖွဲ့ (Landmine Monitor-LM) ၏ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလက ထုတ်ပြန်သော အစီရင်ခံစာ၌  မြန်မာ နိုင်ငံသည် တခြားအာရှနိုင်ငံများနှင့် နှိုင်းယှဉ်ပါက မြေမြှုပ်မိုင်းအသုံးပြုမှု အဆင့် ၃ နေရာတွင် ရှိနေကြောင်း ဖော်ပြထားသည်။

သို့သော်လည်း လူသတ်မိုင်းများ အသုံးပြုခြင်း၊ သိုမှီးထားခြင်း၊ ထုတ်လုပ်ခြင်းနှင့် လွှဲပြောင်းခြင်း တို့ကို တားမြစ်ခြင်းနှင့် ၎င်းတို့ကို ဖျက်ဆီးခြင်းဆိုင်ရာ အပြည်ပြည်ဆိုင်ရာသဘောတူစာချုပ်ကို မြန်မာနိုင်ငံက လက်မှတ်ရေးထိုးထားခြင်း မရှိသေးပေ။  

မြန်မာနိုင်ငံတွင် ၂၀၂၁  ဇန်နဝါရီမှ သြဂုတ်အတွင်း မြေမြှုပ်မိုင်းပေါက်ကွဲမှုဖြစ်စဉ် ၉၀ ကျော် ရှိခဲ့ပြီး ၅၃ ဦး သေဆုံးခဲ့ကာ ၁၀၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း UNOCHA Myanmar က ၂၀၂၁ ခု အောက်တိုဘာ ၈ ရက်တွင် ထုတ်ပြန်သည်။ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့သည် မိုင်းအန္တရာယ် အမြင့်မားဆုံးရှိနေသည့် နေရာများဖြစ်ကာ မိုင်းဒဏ်သင့် သေဆုံးဒဏ်ရာရရှိမှု စုစုပေါင်း၏ ၆၇ ရာခိုင်နှုန်းသည် အဆိုပါနေရာများတွင် ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။ ယင်းကာလအတွင်း ရခိုင်ပြည်နယ်တွင် မိုင်းကြောင့် သေဆုံးသူ ၁၂ ဦးထိ ရှိခဲ့ပြီး ဒဏ်ရာရရှိသူ ၃၅ ဦးထိ ရှိခဲ့သည်ဟုလည်း UNOCHA Myanmar ၏ စာရင်းအရ သိရသည်။

လက်ရှိ ရခိုင်ပြည်နယ်၏ စစ်ရေး နိုင်ငံရေးအခြေအနေမှာ တည်ငြိမ်နေသည်ဟု ဆိုရမည်ဖြစ်သော်လည်း ဒေသတွင်း စစ်ပွဲများ အချိန်မရွေးပြန်ဖြစ်လာနိုင်သည်ကို ဒေသခံတို့က နားလည်ထားကြသည်။

၂၀၂၀ နိုဝင်ဘာလဆန်းကတည်းက ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝတို့တွင် တိုက်ပွဲများ ရပ်တန့်သွားသော်လည်း နားလည်မှုဖြင့် အပစ်အခတ်ရပ်စဲထားသည့် အဆင့်သာရှိသည်ဟု ရက္ခိုင့်တပ်တော် (AA) က ပြောဆိုထားသည်။ myanmar now

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s