ရာဇဝင်တွင် အကြမ်းကြုတ်ဆုံးစစ်ပွဲ ဆင်နွှဲရန် မြန်မာစစ်တပ်ပြင်ဆင်နေ

မြန်မာစစ်တပ်သည် သူတို့အသုံးပြုနေကျ လက်နက်ကြီးများကို အနှေးနှင့်အမြန် အသုံးပြုလာပါတော့မည်။ ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာ သိမ်းမှုကို ဆန့်ကျင်သော ငြိမ်းချမ်းစွာ ဆန္ဒပြပွဲများသည် မတ်လကတည်းက လက်နက်ကိုင်ခုခံတော်လှန်မှုအသွင် ပြောင်းလဲခဲ့ပါသည်။ ထိုအချိန်ကာလမှစ၍ နိုင်ငံတစ်ဝန်းတွင် ပြည်သူလူထုသည် ရရာလက်နက်စွဲကိုင်လျက် ၎င်းတို့ကို နည်းအမျိုးမျိုးဖြင့် ပုန်ကန်ထကြွလာသည်ကို နေပြည်တော်ရှိ စစ်ဗိုလ်ချုပ်ကြီးများ မြင်တွေ့ခဲ့ရသည်။ ဗမာတိုင်းရင်းသားအများစုနေထိုင်ရာ ပြည်မရှိ အချက်အချာနေရာများတွင် ပြည်သူ့ကာကွယ်ရေးတပ်များ (PDF) သည် စစ်အာဏာပိုင်များကို အန်တုစိန်ခေါ်ရန် နေရာအနှံ့ ပေါ်ထွက်လာနေသည်။

တရုတ်နှင့် ထိုင်း နယ်စပ်ဒေသေများမှ တိုင်းရင်းသားလက်နက်ကိုင်တပ်များသည် PDF များကို ခိုလှုံခွင့်ပေးခြင်း၊ စစ်သင်တန်းပေးခြင်းနှင့် လက်နက်တပ်ဆင်ပေးခြင်းတို့ဖြင့် လက်ကမ်းကြိုဆိုခဲ့ကြသည်။ နိုင်ငံ၏ အနောက်ဘက်နှင့် အရှေ့ဘက်ရှိ မဟာဗျူဟာအရ အလွန်အရေးကြီးသော ဒေသများတွင် ဗုံးပေါက်ကွဲမှုများနှင့် သတ်ဖြတ်မှုများသည် အင်အားပြည့်တော်လှန်ပုန်ကန်ခြင်းအဆင့်ထိ အရှိန်မြင့်လာခဲ့သည်။

ထိုကဲ့သို့ အခြေအနေတွင် အတိုက်အခံ စင်ပြိုင်အစိုးရဖြစ်သော အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စက်တင်ဘာလ ၇ ရက်နေ့တွင် “ပြည်သူ့ခုခံတော်လှန်စစ်” စတင်ကြောင်း ကြေညာချက်သည် ပြန့်နှံ့နေပြီးသား မီးတောက်ကို အရှိန်ကောင်းအောင် လုပ်ဆောင်ခဲ့ခြင်း ဖြစ် သည်။

နိုင်ငံ၏ အမျိုးသားရေးအခန်းကဏ္ဍကို စစ်တပ်၏ ဆယ်စုနှစ်နှင့်ချီ အခိုင်အမာလက်ဝါးကြီးအုပ်ထားမှုကို ဖြိုခွဲမည့် လူမှုတော်လှန်ရေး သို့မ ဟုတ် (သင်၏ ရှုမြင်မှုပေါ် မူတည်ပြီး) အထိန်းအချုပ်ကင်းမဲ့သည့် ပြိုကွဲမှုဆီ ပို၍နီးကပ်စွာ ဦးတည်နေသော မြန်မာနိုင်ငံတွင် ငြိမ်ဝပ်ပိပြားမှုဆိုသည့် သရုပ်သကန်ကို ပြန်လည်ရရှိရန် “အနော်ရထာစစ်ဆင်ရေး” အမည်ရ တပ်မတော်၏ ပထမဆုံးအင်အားပြည့်စစ်ဆင်ရေးအ တွက် နေပြည်တော်စစ်ဌာနချုပ်တွင် စစ်ဆင်ရေးမြေပုံများ ခင်းကျင်းရန် အချိန်ရောက်လာခဲ့ပြီ။

စစ်တပ်က နှစ်နှစ်တစ်ခါပြုလုပ်သော စစ်ရေးလေ့ကျင့်မှုမြင်ကွင်းတစ်ခု။ 

အနော်ရထာစစ်ဆင်ရေး

စစ်တပ်က ပြင်ဆင်နေသော စစ်ဆင်ရေးနယ်မြေ ကျယ်ပြန့်မှုနှင့် အင်အားကြီးမားပုံက ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးကတည်းက တစ် လျှောက် လုံး စစ်တိုက်လာခဲ့သည့် စစ်တပ်တစ်ခု၏ မှတ်တမ်းမှာပင် အမှန်တကယ်ပင် ယခင်က မရှိခဲ့ဖူးသော စစ်ဆင်ရေးမျိုး ဖြစ်ပါသည်။

နိုင်ငံ၏ မတည်ငြိမ်သော နယ်စပ်ဒေသများရှိ စိုးရိမ်စရာကောင်းဖွယ် တိုင်းရင်းသားလူနည်းစုများကို နှစ်စဉ် စစ်ဆင်လေ့ရှိသော တိုက်ပွဲများ သို့မဟုတ် အစောပိုင်းကာလ ပဲခူးရိုးမနှင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသများတွင် ကွန်မြူနစ်ပုန်ကန်ထကြွမှုများကို ရှင်းလင်းခဲ့သည့် တိုက်ပွဲများနှင့် ခြားနားသော အနော်ရထာစစ်ဆင်ရေးသည် ထူးခြားသောအသွင်နှင့် ကြီးမားသောစွန့်စားမှု နှစ်မျိုးစလုံး ထင်ဟပ်လျက်ရှိသည်။ ပထမဆုံးအကြိမ် တပ်မတော်သည် ကာလရှည်ရယူထားခဲ့သော မဟာဗျူဟာအသာစီးရမှုကို ပြန်လည်ရရှိရန် လုပ်ဆောင်နေရသည်။ သို့သော် ၂၀၂၁ ခုနှစ် နှစ်လယ်ပိုင်းရောက်လာသည်အထိ ရက်သတ္တပတ်များ ကုန်ဆုံးလာသည်နှင့်အမျှ အဆိုပါ မဟာဗျူဟာအသာစီးရမှုအခြေအနေသည် ကျဆင်းလာနေပြီး၊ နိုင်ငံ၏ အနောက်ဘက်ခြမ်းက သတိထားစရာ အကောင်းဆုံးဖြစ်နေသည်။

ယနေ့ ခုခံတော်လှန်နေသော ဧရာဝတီမြစ်ဝှမ်းဒေသ၏ နှလုံးသည်းပွတ်နေရာကိုပင် စုစည်းညီညွတ်သော နိုင်ငံတစ်ခုအဖြစ် သက္ကရာဇ် ၁၀၁၄ ခုနှစ်တွင် ထူထောင်ပြီး ပုဂံထီးနန်းစိုးစံခဲ့သော မြန်မာနိုင်ငံတော်ကို တည်ထောင်ခဲ့သူ စစ်ဘုရင်ကို ဂုဏ်ပြုလျက် ပြင်ဆင်လျက်ရှိသော စစ်ဆင် ရေးအမည်ပေးခဲ့သည်မှာ တိုက်ဆိုင်မှုမဟုတ်တာ သေချာပါသည်။

မုတ်သုန်အကုန် ခြောက်သွေ့ရာသီ ဝင်ရောက်လာမည့် အောက်တိုဘာလနှောင်းပိုင်း သို့မဟုတ် နိုဝင်ဘာလအစောပိုင်းတွင် အပြင်းအထန်စ တင် မည့် အနော်ရထာစစ်ဆင်ရေးသည် “လျှပ်တစ်ပြက် အငိုက်မိ” စေသော D-Day လေ့ကျင့်မှုပုံစံဖြင့် စတင်မည် မဟုတ်တာ သေချာသ လောက်ရှိပါသည်။

စစ်တပ်သည် တပ်အင်အားကို ကစားနိုင်ရန်နှင့် တပ်များကို အလွယ်တကူရွှေ့ပြောင်းနိုင်ရန် အရေးကြီးသည်။ ထို့ကြောင့် ဖြစ်နိုင်ခြေရှိသော ဗျူဟာမှာ သီးခြားဖြစ်သော်လည်း ချိတ်ဆက်မှုရှိနေသည့် စစ်ဆင်ရေးများကို နှစ်သစ်ကူးကာလနှင့် လာမည့်နှစ် မြန်မာနိုင်ငံအလယ်ပိုင်း အပူဒဏ်ပြင်းထန်သော ခြောက်သွေ့ရာသီအထိ အဆင့်လိုက် လုပ်ဆောင်သွားခြင်းမျိုးဖြစ်သည်။

အနည်းဆုံး ယခုနှစ် စက်တင်ဘာလက စပြီး ကျယ်ပြန့်သော စစ်ဆင်ရေးတစ်ခုအတွက် ပြင်ဆင်မှုများကို စစ်တပ်သည် ပြုလုပ်နေပါသည်။

သတင်းမီဒီယာများ သတိမထားလိုက်မိချိန်မှာပင် စစ်ဆင်ရေးအခြေစိုက်စခန်းများဖြစ်သော ပခုက္ကူ၊ မုံရွာနှင့် ကလေးမြို့များတွင် ခြေလျင်တပ်များ၊ ယန္တရားတပ်များ၊ အမြောက်များနှင့် သံချပ်ကာကားများကို အဆင်သင့်တပ်ဖြန့်ထားပြီး ဖြစ်ပါသည်။

ထိုမြို့များသည် အနောက်တောင်ဘက် ဘင်္ဂလားပင်လယ်အော်ထဲက ရခိုင်ပြည်နယ်နှင့် မြောက်ပိုင်း ကချင်ပြည်နယ်အကြား တိုင်းရင်းသားလက်နက်ကိုင်တပ်များ၏ အခိုင်အမာခြေကုပ်စခန်းများ တည်ရှိရာ မြန်မာနိုင်ငံအနောက်ပိုင်းက လခြမ်းသဏ္ဌာန် မဟာဗျူဟာကျ အရေးပါသည့် ကျယ်ပြန့်သောနယ်မြေတစ်လျှောက်တွင် တည်ရှိသောမြို့များဖြစ်သည်။

စက်တင်ဘာလတွင် စတင်ပြီး စစ်တပ်က ပစ်မှတ်ထားသည့် နိုင်ငံအနောက်ပိုင်း မြို့နယ် ၂၅ မြို့နယ်တွင် စိုးရိမ်ဖွယ်ရာ အင်တာနက်ဆက်သွယ်ရေးဖြတ်တောက်မှုနှင့် တယ်လီဖုန်းလိုင်းများပင် မကြာခဏဖြတ်တောက်မှုများ လုပ်ဆောင်ခဲ့သည်။ ၂၀၁၉ နှင့် ၂၀၂၀ ခုနှစ် ရခိုင်ပြည်နယ်က ပဋိပက္ခများအတွင်း လအတော်ကြာ ဆက်သွယ်ရေးဖြတ်တောက်မှုများကို စမ်းသပ်ခဲ့ပြီး၊ ဆက်သွယ်ရေးအမှောင်ချမှုက PDF တပ်ဖွဲ့များ၏ ဟန်ချက်ညီ ပူးပေါင်းတန်ပြန်တိုက်ခိုက်မှုနှင့် စစ်တပ်၏ စစ်ဆင်ရေးနှင့်အတူ တွဲဆက်ဖြစ်ပွားလေ့ရှိသော အလွန်အကျွံလုပ်ဆောင်မှုတွေအ ပေါ် သတင်းမီဒီယာများမှ သတင်းရယူ ပေးပို့မှု နှစ်မျိုးစလုံးကို ရှုပ်ထွေးသွားစေရန် ရည်ရွယ်ပုံရပါသည်။

စစ်ကိုင်းအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ဖြိုးသန့်ကို အလျင်အမြန်ဖယ်ရှားခဲ့ပြီးနောက် စစ်ဆင်ရေးအစီအမံကို အရှိန်မြှင့်ဆောင်ရွက်လာနေသည်မှာ သံသယရှိစရာ မလိုပါ။ လက်နက်မပြည့်စုံသော PDF တိုက်ခိုက်ရေးသမားများကြောင့် မျက်နှာပန်းမလှဖြစ်နေသော စစ်တပ်ကို နေ့စဉ် စီမံကွပ်ကဲနေရပြီး၊ သစ္စာဖောက်မှုစွပ်စွဲချက်များဖြင့် အောက်တိုဘာလအစောပိုင်းတွင် ထိန်းသိမ်းခံခဲ့ရသော စစ်တိုင်းမှူးကို အကျယ်ချုပ်ချထားသည်ဟု သတင်းရရှိသည်။ (မှတ်ချက်-ထိုအချက်သည် မူရင်းဆောင်းပါးတွင် ပါရှိသော အချက်ဖြစ်ပြီး Myanmar Now အနေဖြင့် သီးခြားအတည်မပြုနိုင်ပါ)

စစ်တပ်က နှစ်နှစ်တစ်ခါပြုလုပ်သော စစ်ရေးလေ့ကျင့်မှုမြင်ကွင်းတစ်ခု။ 

သူ့နေရာကို သဘောထားတင်းမာပြီး ရာထူးပိုကြီးသည့် စစ်ဗိုလ်ချုပ်နှစ်ဦးနှင့် အစားထိုးခဲ့ပြီး၊ ရှေ့တန်းတပ်မှူးများ၏ ဆောင်ရွက်ချက်များနှင့် စစ်ဆင်ရေးတစ်ခုလုံးကို နေပြည်တော်နှင့် စစ်ကိုင်းကနေ အနီးကပ်ကွပ်ကဲသွားလိမ့်မည်။အစားထိုးလိုက်သူနှစ်ဦးထဲက တစ်ဦးက ပြည်ထဲရေး ဒု-ဝန်ကြီးနှင့် ပို၍စစ်တပ်ဆန်လာသော ရဲတပ်ဖွဲ့၏ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင်ဖြစ်ပြီး၊ နောက်တစ်ဦးက နိုင်ငံမြောက်ပိုင်းက စစ်ဌာနချုပ်များကို ပူးပေါင်းစစ်ဆင်ရေးအတွက် တာဝန်ယူရသော ကာကွယ်ရေးစစ်ဆင်ရေးအထူးအဖွဲ့ (၁) မှူး၊ ဒုတိယဗိုလ်ချုပ်ကြီးတေဇကျော် ဖြစ်သည်။

တပ်မတော်၏ “အထူးတပ်ဖွဲ့”

ထိုဗိုလ်ချုပ်ကြီးနှစ်ဦးနှင့်အဖွဲ့ ကွပ်ကဲရသော တပ်အင်အားအရေအတွက်ကို ခန့်မှန်းရခက်ခဲပြီး၊ နည်းဗျူဟာလိုအပ်ချက်များအပေါ် မူတည်၍ အမျိုးမျိုးဖြစ်နိုင်သည်မှာ သေချာပါသည်။

သို့သော် သမိုင်းတစ်လျှောက် လက်နက်ကိုင်ပုန်ကန်မှုများ မရှိသလောက်နည်းပြီး တည်ငြိမ်အေးချမ်းပြီး စစ်တပ်အတွက် စိန်ခေါ်မှုမရှိခဲ့သော အနောက်ပိုင်းစစ်မြေပြင်တွင် ဗဟိုနှင့် ဒေသစစ်ဆင်ရေး ကွပ်ကဲမှုလက်အောက်တွင် ဖြန့်ကြက်ဖွဲ့စည်းထားမှု အရေအတွက်ပေါ် အခြေခံပြီး ကျိုးကြောင်းဆီလျော်သော ခန့်မှန်းတွက်ဆချက်က တပ်အင်အား ၃ သောင်းခန့်ရှိမည် ထင်ပါသည်။ ထိုအရေအတွက်မှာ အင်အား ၁ သိန်းနှင့် ၁ သိန်း ၂ သောင်းထက်မပိုသော တပ်မတော်၏ အခြေခံ ခြေလျင်တိုက်ခိုက်ရေးအဖွဲ့များထဲမှ ဆွဲထုတ်၍ သုံးနိုင်သော ပမာဏဖြစ်သည်။

မှန်းဆချက်များအရ နေပြည်တော် ဗဟိုစစ်ဌာနချုပ်ကွပ်ကဲမှုအောက်ရှိ ခြေမြန်တပ်မ ၁၀ ခု၏ စစ်ဆင်ရေးများ၏ တပ်ဦးတွင် အထင်အရှားရှိပါလိမ့်မည်။ ထိုတပ်မ ၁၀ ခုအနက် တပ်မ ၄ ခု (သို့တည်းမဟုတ် ထိုတပ်မများ၏ အဓိကအင်အားများ) ကို မြန်မာပြည်အနောက်ဘက်စစ် မြေပြင်တွင် ဖြန့်ကြက်ချထားပြီး ဖြစ်သည်။

အနောက်တိုင်းသတင်းမီဒီယာများတွင် “အထူးတပ်ဖွဲ့” ဟု မကြာခဏဖော်ပြလေ့ရှိသော ခြေမြန်တပ်မများသည် မြန်မာ့စစ်မြေပြင်များတွင် အဓိကအခန်းကဏ္ဍမှာ ရှိသော်လည်း ဗြိတိသျှအထူးလေကြောင်းချီတပ်ဖွဲ့(SAS) သို့မဟုတ် ရုရှား၏ စပစ်နဇ် (Spetsnaz( စသည့် အဆင့်မြင့်တပ်မတော်များတွင် သုံးနှုန်းသော “အထူးတပ်ဖွဲ့” ကဲ့သို့ အဆင့်မြင့်လေ့ကျင်ထားပြီး၊ လက်နက်အပြည့်အစုံတပ်ဆင်ထားသော တပ်ဖွဲ့မျိုးနှင့် အရည်အသွေး အလွန်ကွာခြားပါသည်။

အမြောက်များပါဝင်ပြီး လိုအပ်သည့်အချိန်တွင် လေကြောင်းပစ်ကူရယူနိုင်သော တပ်မ ၃ ခု ပါဝင်သည့် ရွေ့လျားနည်းဗျူဟာ စစ်ဆင်ရေးကွပ် ကဲမှုအဖွဲ့များ Tactical Operations Commands (TOCs) အဖြစ် ဖြန့်ခွဲထားသော ခြေမြန်တပ်မများသည် တစ်ချိန်က ခြေလျင်တပ်သားများကို ယနေ့ခေတ်တွင် စစ်လက်နက်ကိရိယာများ ပိုမိုတပ်ဆင်ထားသော မရှိမဖြစ်အားထားရသည့် တိုက်ခိုက်ရေးတပ်များဖြစ်ပါသည်။ ထိုတပ်မများသည် ချိတ်ဆက်မှုကောင်းခြင်း၊ အတွေ့အကြုံရှိခြင်း၊ ရက်စက်ကြမ်းကြုတ်ခြင်းနှင့် စစ်တပ်ကြီးတစ်ခုအတွင်း သစ္စာခံတပ်တစ်ခုအဖြစ် ဖွဲ့စည်းထားပါသည်။ ကွယ်လွန်ပြီဖြစ်သော အီရတ်နိုင်ငံအာဏာရှင် ဆဒ္ဒမ်ဟူစိန်၏ ရီပတ်ဘလစ်ကန်တပ်ကို “အထူးတပ်” အဖြစ် စဉ်းစားကြည့်ပါ။

ဖော်ပြပါ အရည်အသွေးများနှင့် ခြေမြန်တပ်များတွင် ရှိတတ်သော သစ္စာခံဂုဏ်ထူးဝိသေသများက ဒေသဆိုင်ရာ စစ်ဌာနချုပ်များလက် အောက် ရှိ သာမန်တပ်ရင်းတပ်ဖွဲ့များနှင့် လွန်စွာကွာခြားမှုရှိပါသည်။

ထိုခြေမြန်တပ်ဖွဲ့များသည် သာမန်တပ်ရင်းတပ်ဖွဲ့များနှင့် ယှဉ်ပါက လေ့ကျင့်မှု၊ စည်းကမ်းလိုက်နာမှုနှင့် စိတ်ဓာတ်ခိုင်မာမှုတို့က သာလွန်ပါ သည်။ ယခုကဲ့သို့ကွာဟနေမှုများက လာမည့်လများအတွင်း စစ်တပ်အတွင်း တင်းမာမှုများ မလွဲမသွေဖြစ်ပေါ်နိုင်ပါသည်။

ကြည်းတပ်များအပြင် လာမည့်စစ်ဆင်ရေးသည် လေတပ်၏ ရဟတ်ယာဉ်များနှင့် မြေပြင်တိုက်ခိုက်ရေးဂျက်လေယာဉ်များ၊ ရေတပ်၏ မြစ်တွင်းသွားကင်းလှည့်ရေယာဉ်များနှင့် ကမ်းတက်ရေယာဉ်များကိုလည်း အလေးထားသုံးစွဲလာပါလိမ့်မည်။ အနည်းဆုံးအားဖြင့် နှစ်နှစ်တစ်ကြိမ် မိတ္ထီလာမြို့ပြင်ရှိ စစ်တပ်၏ လေ့ကျင့်ရေးကွင်းများတွင် အသေအချာဇာတ်တိုက်ပြီးမှ မီဒီယာများရှေ့မှောက်တွင် ပြုလုပ်လေ့ရှိသည့် ပူးပေါင်းစစ်ရေးလေ့ကျင့်မှုများတွင် တွေ့ရသည့် စစ်ဆင်ရေးမျိုးဖြစ်နိုင်သည်။

သို့ရာတွင် မိတ္ထီလာလို မြေပြန့်အနေအထားနှင့် တောင်တန်းချိုင့်ဝှမ်းများပေါသော မြန်မာပြည်အနောက်ဘက် ပထဝီမြေပြင်အနေအထားမှာ အလွန်ကွာခြားပြီး ကြောက်စရာကောင်းလောက်အောင် ကျယ်ပြန့်ပါသည်။ လာမည့်ရက်သတ္တပတ်များနှင့် လများအတွင်း စစ်ဆင်ရေးများ သည် အနည်းဆုံး ထင်ရှားသော စစ်မျက်နှာ ၄ ခုတွင် PDF များကို ပစ်မှတ်ထားပါလိမ့်မည်။

စစ်ဆင်ရေးဇုန်များ

ဖြစ်နိုင်သော အရေးအပါဆုံး စစ်မျက်နှာနှစ်ခုမှာ ချင်းပြည်နယ်မြောက်ပိုင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး အရှေ့မြောက်ပိုင်းတို့ ဖြစ်သည်။ ထိုစစ် ဆင်ရေးဇုန်နှစ်ခုစလုံးတွင် ကာလာကြာရှည်ရှိခဲ့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက မကြာသေးခင်ကမှ ပေါ်ထွက်လာပြီး တိုက် ခိုက်ရေးစွမ်းရည်တက်လာနေသော PDF များကို စစ်သင်တန်းပေးခြင်း၊ လက်နက်တပ်ဆင်ပေးခြင်းနှင့် စစ်ဆင်ရေးအထောက်အပံ့ပေးခြင်းတို့ကို လိုလိုလားလား ဆောင်ရွက်လျက်ရှိသည်။

တိုက်ဆိုင်သည်ဟု မဆိုနိုင်၊ ပြီးခဲ့သော ရက်သတ္တပတ်များက အဆိုပါ ဒေသနှစ်ခုစလုံးရှိ နေရာများတွင် တပ်မတော်၏ မြေပြင်တိုက်ခိုက်ရေးတပ်များသည် တန်ပြန်ခုခံတွန်းလှန်တိုက်ခိုက်မှုများကို ရင်ဆိုင်ခဲ့ရပါသည်။ ထိုဒေသများကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့သည်။

ချင်းပြည်နယ်မြောက်ပိုင်းတွင် လွန်ခဲ့သောနှစ်များအတွင်း လှုပ်ရှားမှုမရှိခဲ့သော အင်အားအနည်းငယ်သာရှိသည့် ချင်းအမျိုးသားတပ်မ တော် (CNA) သည် လေ့ကျင့်ထားသော အမာခံတပ်အင်အားတစ်ခုကို ယခုအချိန်ထိ ထိန်းသိမ်းထားနိုင်ခဲ့ပြီး၊ အိန္ဒိယနယ်စပ်နှင့် နီးသော ချင်း ပြည်နယ် ထန်တလန်မြို့နယ်အတွင်းရှိ ၎င်းတို့၏ ဗစ်တိုးရီးယားစခန်းဌာနချုပ်တွင် ရာနှင့်ချီသော PDF များကို လိုလိုလားလား လက်ခံခဲ့သည်။ CNA သည် အိန္ဒိယနိုင်ငံဘက်ခြမ်းက မီဇိုရမ်နှင့် မဏိပူပြည်နယ်များမှ လက်နက်ခဲယမ်းများရရှိနိုင်မည့် နယ်စပ်ဖြတ်ကျော်ဆက်သွယ်မှုများ ရှိနိုင်ပါသည်။

ထိုကာလအတွင်း စစ်ကိုင်းတိုင်းအရှေ့မြောက်ဒေသက PDF များသည် ကချင်လွတ်မြောက်ရေးတပ် (KIA) ၏ တပ်မဟာ (၉) လက်အောက်ခံ တပ်ရင်းများနှင့် ပူးတွဲစစ်ဆင်ရေးများမှတစ်ဆင့် အထောက်အပံ့များရရှိနေသည်။ ကချင်ပြည်နယ် မိုးညှင်းမြို့နယ်မှ တောင်ဘက်ပိုင်းသို့ အင်းတော်နှင့် ကသာမြို့နယ်များမှတစ်ဆင့် ရွေ့လျားလာသော ထိုတပ်ဖွဲ့များသည် မြန်မာတိုင်းရင်းသားများအခြေချရာ အနီးပတ်ဝန်းကျင်ရှိ ပင်လည်ဘူး၊ ဝန်းသို၊ ကောလင်းနှင့် ထီးချိုင့်မြို့များအထိ ဒေသခံ PDF အဖွဲ့များကို ရုပ်ဝတ္ထုပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ကူညီပံ့ပိုးမှုများပေးလျက် ထိုးဖောက်စိမ့်ဝင်လှုပ်ရှားလာကြပြီ ဖြစ်သည်။

လာမည့်လများအတွင်း အဓိကစစ်ဆင်ရေးများအဖြစ် မြင်တွေ့လာရဖွယ်ရှိသော အခြားဒေသနှစ်ခုမှာ မကွေးတိုင်းဒေသကြီး မြောက်ပိုင်းနှင့် ကပ်လျက်ရှိ စစ်ကိုင်းတိုင်းတောင်ပိုင်းတို့ဖြစ်သည်။ ထိုဒေသနှစ်ခုစလုံးတွင် ယခုနှစ် နှစ်လယ်ပိုင်းကစပြီး PDF များ၏ ဆက်တိုက်လှုပ်ရှားနယ်မြေများအဖြစ် ပေါ်ထွက်လာခဲ့သည်။ ၎င်းတို့အား တပ်မတော်နှင့် ရဲတပ်ဖွဲ့တို့က အကြိမ်ကြိမ် ဝင်ရောက်စီးနင်းတိုက်ခိုက်သော်လည်း ထူးထူးခြားခြားသက်ရောက်မှုမရှိခဲ့ပေ။

မကွေးတိုင်းမြောက်ပိုင်းတွင် တပ်မတော်၏ ရှေ့တန်းစစ်ဆင်ရေးဌာနချုပ်သည် ဧရာဝတီမြစ်ကမ်းနံဘေးက စစ်တပ်မြို့ဖြစ်သော ပခုက္ကူမြို့ဖြစ်ပြီး၊ စစ်တပ်၏ အဓိကစစ်အခြေစိုက်စခန်းမြို့နှင့် ခြေမြန်တပ်မ (၁၀၁) ဌာနချုပ်ရှိရာ မြို့ဖြစ်သည်။ PDF များ၏ တိုက်ခိုက်မှုများ ပုံမှန်ဖြစ်ပွားလျက်ရှိသော ပေါက်မြို့အလွန်တွင် အဓိကပစ်မှတ်များမှာ တစ်မြို့နှင့်တစ်မြို့ ကပ်လျက်ရှိနေသော ဂန့်ဂေါ၊ ထီးလင်းနှင့် ဆော သုံးမြို့ ဖြစ်နိုင်ဖွယ်ရှိသည်။ ထိုမြို့များသည် ယောဒေသိယ မြန်မာစကားပြော ဒေသများဖြစ်ပြီး ယောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YDF) အဖြစ် စုပေါင်းဖွဲ့စည်းထားသည်။

စစ်တပ်၏ စစ်ဆင်ရေးရေးဆွဲသူများအတွက် စိုးရိမ်စရာကောင်းသည်မှာ ဗမာတိုင်းရင်းသားများ၏ YDF သည် ချင်းပြည်နယ်နယ်စပ်ကို ဖြတ်ကျော်ပြီး မင်းတပ်-ကန်ပက်လက်ရှိ ချင်းတိုင်းရင်းသားများ၏ ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (CDF) နှင့် ဆက်သွယ်ချိတ်ဆက်မှုများ လုပ် ဆောင်ထားပြီး ဖြစ်သည်။

ပထဝီအနေအထားအရ မကွေးတိုင်းမြောက်ပိုင်းနှင့် တစ်ဆက်တစ်စပ်တည်းဖြစ်သော စစ်ကိုင်းတိုင်းတောင်ပိုင်းသည် ချင်းတွင်းမြစ်ဝှမ်းဒေသတစ်လျှောက် စိုက်ပျိုးမြေများ တနံတလျား ကျယ်ပြန့်စွာရှိနေသော ဒေသဖြစ်သည်။ ထိုမြစ်ဝှမ်းဒေသသည် အိန္ဒိယနယ်စပ်မှ စီးဆင်းလာသော ချင်းတွင်းမြစ်နှင့် ဧရာဝတီမြစ်တို့ ပေါင်းစုံသောနေရာဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကာလကြာရှည် ထောက်ခံလျက်ရှိသော အမာခံနယ်မြေဖြစ်သည့် ထိုဒေသသည် လုံခြုံရေးတပ်ဖွဲ့များ အလျင်အမြန်ရွေ့လျားနိုင်ရန် သင့်လျော်သော ကျယ်ပြန့်သည့် ဟင်းလင်းမြေပြင်အနေအထားရှိပြီး၊ ယင်းအချက်က PDF အရေအတွက်အများအပြား စုဖွဲ့မှုနှင့် မြို့နယ်နိမိတ်ကို ဖြတ်ကျော်ပြီး ထိရောက်သော ပူးတွဲစစ်ဆင်မှု နှစ်မျိုးစလုံးအတွက် ရေခံမြေခံကောင်းဖြစ်နေသည်။

သို့ဆိုစေကာမူ အထူးထင်ရှားသော မင်းကင်း၊ ကန်နီ၊ ပုလဲ စသည့် မြို့နယ်အတော်များများရှိ PDF များသည် မကြာခဏ စစ်တပ်ကို ပြင်းထန်သော ခုခံတိုက်ခိုက်မှုများပြုလုပ်ခဲ့ကြပြီး၊ သူတို့ကိုလည်း စစ်တပ်က ပြန်ပြီး ပြင်းပြင်းထန်ထန်တိုက်ခိုက်မှုများ ပြုလုပ်လာနိုင်ပါသည်။

နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးများ

ထိုးစစ်များ၏ ပမာဏနှင့် ပုံသဏ္ဌာန်က မြေပြင်အနေအထားနှင့် ဆန့်ကျင်ဘက်အဖွဲ့ကို အကဲဖြတ်မှုများအပေါ် မူတည်ပါလိမ့်မည်။ သို့သော် များသောအားဖြင့် အဓိကကျသော “နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးများ” ပေါ်တွင် ဗဟိုပြုဖွယ်ရှိသည်။ ပုံမှန်အားဖြင့် သံချပ်ကာတပ်များ နောက်ခံအားပြုထားသော ခြေလျင်တပ်များပါဝင်သည့် အဆိုပါ နယ်မြေရှင်းလင်းရေးက PDF ခုခံတွန်းလှန်မှုများ၏ ဗဟိုချက်နေရာများကို အဓိကပစ်မှတ်ထားလေ့ရှိပြီး သာလွန်လက်နက်အင်အားနှင့် တိုက်ခိုက်လေ့ရှိသည်။

အလွယ်တကူသတ်မှတ်နိုင်သော အခြေစိုက်ပစ်မှတ်အနည်းငယ်ထဲမှ တစ်ခုမှာ ချင်းအမျိုးသားတပ်မတော် (CNA) ၏ ထန်တလန်မြို့နယ်ရှိ ဗစ်တိုးရီးယားစခန်းဌာနချုပ်ဖြစ်ပြီး၊ အရေးပါသော စစ်သင်တန်းကျောင်းနှင့် အဖွဲ့အစည်း၏ ဌာနချုပ်လည်း ဖြစ်သည်။

သို့သော် အိန္ဒိယနယ်စပ်တွင် တည်ရှိနေသောကြောင့် ထိုစခန်းကို သိမ်းဖို့ကြိုးစားမှုသည် အမြောက်ကျည်များနှင့် လေကြောင်းတိုက်ခိုက်မှုများ အိန္ဒိယနယ်မြေထဲ ကျရောက်နိုင်သည့်အလားအလာနှင့် ထောင်ပေါင်းများစွာသော ဒုက္ခသည်များလည်း အိန္ဒိယပိုင်နက်ထဲ ရောက်ရှိသွားနိုင်သဖြင့် ယခုအချိန်ထိ အာဏာသိမ်းစစ်အစိုးရနှင့် ၎င်းတို့၏ တိုင်းပြည်တည်ငြိမ်ရေးကြိုးပမ်းမှုများအပေါ် စာနာပေးလျက်ရှိသော အိမ်နီးချင်းနိုင်ငံကြီးကို စိတ်ဆိုးဒေါသထွက်အောင် လုပ်သလိုဖြစ်နေပါလိမ့်မည်။

စစ်ရေးလေ့ကျင့်နေသည့် PDF တပ်ဖွဲ့များ။ 

မလွှဲမရှောင်သာပဲ “နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးများ” သည် PDF များ၏ လက်နက်များနှင့် PDF ထောက်ခံသူများရှာဖွေရန် ကျေးရွာများကို ဝင်ရောက်ရှင်းလင်းရာမှ အရပ်သားများကို ပိတ်ဆို့ဖမ်းဆီး စစ်ဆေးမေးမြန်းခြင်းများပြုလုပ်လာနိုင်သည်။ ထိုအခြေအနေတွင် အရပ်သားများသည်လည်း နီးစပ်ရာ တောတောင်များထဲ ရှောင်ပြေးခြင်းတို့ ဖြစ်လာပါလိမ့်မည်။

ခန့်မှန်းရ ပို၍ခက်ခဲသည်က ထိုစစ်ဆင်ရေးများကို PDF များက မည်သည့်အတိုင်းအတာအထိ ခုခံတွန်းလှန်နိုင်မည် သို့မဟုတ် ထိုးစစ်ဆင်လာသော တပ်မတော်စစ်ကြောင်းများနှင့် ရင်ဆိုင်မှုကို ရှောင်ရှားပြီး၊ နောက်ပိုင်းမှ ပေါ်ထွက်လာကာ စစ်တပ်၏ ဆက်သွယ်ရေးနှင့် ထောက်ပံ့ရေးလမ်းကြောင်းများကို ပြောက်ကျားတိုက်ခိုက်မှုများ မည်သည့်အတိုင်းအတာအထိ ပြန်လည်လုပ်ဆောင်နိုင်မလဲဆိုသည့် အချက်ဖြစ်သည်။

အတွေ့အကြုံနှင့် ခေါင်းဆောင်မှုမရှိခြင်းက အဆီအငေါ်မတည့်သော၊ ဆုံးရှုံးမှုများသော ခုခံတွန်းလှန်မှုကို အားပေးနိုင်ပါသည်။ အထူးသဖြင့် အရပ်သားများ၊ ၎င်းတို့မိသားစုများ ချက်ချင်းအန္တရာယ်ကျရောက်နိုင်သော နေရာများတွင် ဖြစ်သည်။ PDF များတွင် စက်သေနတ်၊ အာပီဂျီနှင့် မော်တာကဲ့သို့ လက်နက်ခဲယမ်းများ ထောက်ပံ့မှု မရရှိခြင်းက စစ်ရေးအရ ပို၍ပါးနပ်သော ပြောက်ကျားတုံ့ပြန်မှုကို ရှုပ်ထွေးစေမည့် အချက်ဖြစ်လိမ့်မည်။

ဖြစ်နိုင်ခြေရှိသည့် အချက်မှာ ပြင်ပကမ္ဘာနှင့် ဆက်သွယ်ရေး အကြီးအကျယ်ဖြတ်တောက်ခံထားရသော နေရာများတွင် နှစ်ဖက်စလုံး၏ တုံ့ပြန်မှုများသည် ရှုပ်ထွေးပြီး သွေးထွက်သံယိုများသော တိုက်ပွဲတစ်ခုကို မွေးဖွားပေးနိုင်သည့် အထောက်အထားများရှိပါသည်။

သို့သော် မည်သို့ပင်ဖြစ်လာပါစေ တပ်မတော်၏ အခြေခံကျသော အခက်အခဲကို သက်သာစေမည်မဟုတ်ပေ။ ထိုအချက်မှာ ပြင်းထန်သော တိုက်ပွဲများအဆုံးသတ်သွားချိန် စစ်တပ်က အပိုင်အနိုင်သိမ်းပိုက်ထားသော နယ်မြေများကို ဆက်လက်ထိန်းချုပ်ရန် လိုအပ်သော လူအင်အားလျော့နည်းမှုက တပ်မတော်၏ စွမ်းရည်ကို အမှန်တကယ်အတားအဆီးဖြစ်စေပြီး၊ ခုခံတွန်းလှန်ရေးအင်အားစုများ အင်အားပြန်လည်စုစည်းပြီး တိုက်ပွဲပြန်ဝင်ဖို့ အခွင့်အရေးရစေပါသည်။

တုံ့ပြန်မှုတစ်ခုမှာ PDF များ သိသာထင်ရှားစွာ လှုပ်ရှားနေသော မြို့နယ်များရှိ ကျေးရွာအုပ်စုများတွင် တပ်ဖြန့်ထားမှုများကို ဆက်လက်လုပ် ဆောင်ရန် တပ်မတော်က ကြိုးပမ်းလာနိုင်ခြေဖြစ်သည်။ သို့သော် ကျေးလက်ဒေသအနီးပတ်ဝန်းကျင်အားလုံး စိုးမိုးနိုင်သည့် ပုန်ကန်မှုတန်ပြန်နှိမ်နှင်းရေးကွန်ရက်တစ်ခု လိုအပ်နေချိန်တွင် တပ်များကို ဖြန့်ကြက်ထားမှုသည် PDF များ၏ မိုင်းခွဲတိုက်ခိုက် နှောင့်ယှက်မှုမျိုးများနှင့် ထို့ ပြင် အထိုင်တပ်စခန်းများနှင့် ထောက်ပံ့ပို့ဆောင်ရေးတို့ကို အတိုက်ခိုက်ခံရရန် အခွင့်ပေးသလိုလည်း ဖြစ်လာနိုင်ပါသည်။ ပြီးခဲ့သော ဇူလိုင်နှင့် စက်တင်ဘာလအကြား စစ်ကိုင်းနှင့် ချင်းပြည်နယ်ဒေသများတွင် PDF  များက တပ်မတော်တပ်ဖွဲ့ဝင်များကို ချုံခိုတိုက်ခိုက်ရာတွင် တပ်ဘက်က ရာနှင့်ချီ သေဆုံးခဲ့ရပါသည်။ 

ဖြတ်လေးဖြတ်နှင့် ဖျက်သုံးဖျက်

စစ်တပ်အတွက် အခြားနည်းလမ်းတစ်ခုမှာ ပိုပြီးအစွန်းရောက်သည့် စစ်ဆင်ရေးကို ပြောင်းလဲဖော်ဆောင်ရန် ဖြစ်သည်။ ယင်းက ပုန်ကန်မှုကို အားပေးလျက်ရှိသော ကျေးရွာများအားလုံးကို လူမနေနိုင်အောင် ရှင်းလင်းခြင်းဖြစ်သည်။

ကျေးလက်လူဦးရေကို စစ်တပ်၏ အခိုင်အမာထိန်းချုပ်နယ်မြေများအတွင်းသို့ အဓမ္မရွှေ့ပြောင်းအခြေချခိုင်းသည့် မဟာဗျူဟာကျင့်သုံးခဲ့သည့် ခေတ်တစ်ခုရှိခဲ့ပြီး၊ အရပ်သားများနှင့် သူပုန်များအကြား အဆက်အသွယ်မလုပ်နိုင်စေရန် ပြင်းပြင်းထန်ထန်လုပ်ဆောင်ခြင်းသည် တပ်မတော်၏ ပုန်ကန်မှုတန်ပြန်နှိမ်နှင်းရေးလက်စွဲကျမ်းများတွင် ပါဝင်ခဲ့သည်။

မြန်မာနိုင်ငံတွင် “ဖြတ်လေးဖြတ်” ဟု လူသိများသော ထိုသီအိုရီကို ၁၉၆၀ ခုနှစ်များတွင် အနောက်တိုင်းစစ်ရေးအကြံပေးများထဲက အထင်ရှားဆုံးဖြစ်သော ဩစတြေးလျစစ်တပ်က ဗိုလ်မှူးကြီး တက်ဒ် စရွမ် (Ted Serong) က စတင်မိတ်ဆက်ခဲ့ပြီး၊ စစ်အေးကာလအတွင်း ပထမ မလေးရှားနှင့် ထို့နောက်ပိုင်း တောင်ဗီယက်နမ်တို့တွင် ပုန်ကန်မှုတန်ပြန်နှိမ်နှင်းရေးအဖြစ် ကျင့်သုံးခဲ့သည်။

ထိုနည်းစနစ်သည် သူပုန်များကို အစားအစာ၊ ငွေကြေး၊ လူသစ်စုဆောင်းမှုနှင့် ထောက်လှမ်းရေးသတင်းအချက်အလက် စသည့် မရှိမဖြစ် အရာလေးမျိုး ရရှိခြင်းမှ ဖြတ်တောက်ရန် ရည်ရွယ်သည်။ တစ်ဖက်တွင် ရွှေ့ပြောင်းထားသော ကျေးလက်နေပြည်သူများကို ကွန်မြူနစ်ပုန် ကန်မှုများနှင့် အရှင်းပြတ်စည်းခြားကာ ထိုလူထုအား တရားဝင်အုပ်ချုပ်ရေးစနစ်၏ ကောင်းကျိုးများကို ခံစားစေသည့် ဗျူဟာဖြစ်သည်။

၁၉၅၀ ခုနှစ်များအတွင်း ကိုလိုနီစနစ်အောက် မာလာယုကျွန်းဆွယ်တွင် “ကျေးရွာသစ်စီမံကိန်း” ဟု လူသိများသော ကွန်မြူနစ်ယိမ်းသည့် တရုတ်လူမျိုးများကို ပြန်လည်နေရာချထားရေးသည် ဗြိတိသျှစစ်တပ်အတွက် ကျယ်ပြန့်သော အောင်မြင်မှုတစ်ခုဖြစ်ခဲ့သည်။ သို့သော် တောင်ဗီယက်နမ်ကဲ့သို့ လူမှုရေးနှင့် နိုင်ငံရေး အလွန်ကွဲပြားခြားနားသော အခြေအနေတွင် အလားတူပုံတူကူးချရန် ကြိုးပမ်းမှုသည် အကြီးအကျယ်ကျရှုံးခဲ့သည်။

၁၉၆၀ ခုနှစ်များအတွင်း မြန်မာနိုင်ငံတွင် ကွန်မြူနစ်ဆန့်ကျင်မှုစစ်ဆင်ရေး၏ အစိတ်အပိုင်းတစ်ခုဖြစ်သော ဖြတ်လေးဖြတ်ဆိုသည့် အရင်း အမြစ်များဖြတ်တောက်မှုကို မဟာဗျူဟာအရ လုံလုံလောက်လောက် ဦးစားပေးလုပ်ဆောင်ခဲ့သည်ဟု မဆိုနိုင်။

အမှန်တော့ စစ်တပ်၏ ထိုအချိန်ကလုပ်ဆောင်မှုသည် အနောက်တိုင်းသီအိုရီများက သုံးသပ်သော “ဖြတ်လေးဖြတ်”နှင့် မည်သို့မျှ သက်ဆိုင်မှုမရှိသော ပုန်ကန်မှုတန်ပြန်နှိမ်နှင်းရေးပုံစံတစ်ခုသာ ဖြစ်သည်။ ဆိုလိုသည်မှာ မြန်မာစစ်တပ်၏ ဗျူဟာမှာ ၁၉၄၀ ခုနှစ်များအတွင်း တရုတ်နိုင်ငံကို ကျူးကျော်စဉ် ဂျပန်ဘုရင့်တပ်မတော်၏“အကုန်မီးရှို့၊ အကုန်သတ်၊ အကုန်လုယက်” ဆိုသည့် “ဖျက်သုံးဖျက်” (three all’s) နှင့် ပုံစံတူသည်။ မြန်မာနိုင်ငံ၏ အခြေအနေမှာ ရွာပါမကျန်မြေလှန်မီးရှို့သတ်ဖြတ်သည့် ဗျူဟာအား နောက်ထပ်ဗျူဟာတစ်ခုဖြစ်သည့် ဒေသခံ လူပေါင်းသောင်းသိန်းချီအား အိမ်နီးချင်း ထိုင်း၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ်နှင့် ယခု အိန္ဒိယ စသည့် နိုင်ငံများသို့ မောင်းထုတ်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံအနောက်ပိုင်းတစ်လျှောက် ကျေးရွာများမှ ထွက်ရှိလာနေပြီဖြစ်သော မီးခိုးလုံးများက ရှင်းလင်းစွာ ဖော်ညွှန်းနေသည့်အတိုင်း ဗမာတိုင်းရင်းသားဒေသများမှာပင် တပ်မတော်၏ စစ်ဆင်ရေးလုပ်ရပ်များက “ဖျက်သုံးဖျက်” ကို အပြင်းအထန် ဆက်လက်ကျင့်သုံးနေပြီး “ဖြတ်လေးဖြတ်” ကို တစ်ခါတစ်ရံ သတင်းဝေဖန်ရေးနယ်ပယ်မှာသာ အဓိကကြားရတော့သည်။

လာမည့်လများအတွင်း ပိုမိုများပြားစွာ မီးရှို့ခံနေရသော ကျေးရွာများမှ ထွက်ပြေးနေရသော ကျေးလက်နေပြည်သူများသည် “ကျေးရွာသစ်များ” သို့မဟုတ် “မဟာဗျူဟာကျသော ရွာငယ်များ” မှာပင် နေထိုင်ခွင့်ဆိုသည့် အကျိုးကျေးဇူးတစ်ခုခု မည်သည့်အရာမှ မရရှိမှာ သေချာသလောက် ရှိပါသည်။ တပ်မတော်တွင် ပုန်ကန်မှုတန်ပြန်နှိမ်နှင်းရေးကို စီမံခန့်ခွဲနိုင်သည့် အရင်းအမြစ်နှင့် စိတ်ဓာတ်အခြေအနေ ဘယ်အရာမှ ရှိမနေပါ။

ဘေးထွက်ဆိုးကျိုး

ရလဒ်အနေဖြင့် မြို့နှင့် ဒေသန္တရ အချက်အချာကျသော နေရာများတွင် ဖြစ်သလိုတည်ဆောက်ထားသော ဒုက္ခသည်စခန်းများ မှိုလိုပေါက်လာနိုင်ပါသည်။ ထိုနေရာများသည် ခုခံတော်လှန်မှု၏ ဗဟိုချက်အသစ်များအဖြစ်နှင့် စစ်ကောင်စီ ဖြေရှင်းနိုင်စွမ်းမရှိသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဘေးဒုက္ခကို ပိုမိုဆိုးရွားစေသည့် နေရာများအဖြစ် ပေါ်ထွက်လာမှာ ဖြစ်သည်။

အဆိုပါ ပြင်ဆင်လျက်ရှိသော အနော်ရထာစစ်ဆင်ရေးက ဖြစ်ပေါ်လာနိုင်သော ဘေးထွက်ဆိုးကျိုးနှင့် လူထုအုံကြွတော်လှန်မှုအပေါ် ဆပွားသက်ရောက်မှုကို အသေအချာစဉ်းစားထားခြင်း ရှိမရှိဆိုသည်ကို သံသယဖြစ်မိပါသည်။

လာမည့်လများအတွင်း ဖြစ်တန်ရာခြေရှိသော ပို၍ပင် အရေကြီးသော ဘေးထွက်ဆိုးကျိုးတစ်ခုက စစ်တပ်အတွင်းရှိ အခြားအဆင့် အကြပ် တပ်သားများနှင့် အငယ်တန်းအရာရှိများအပေါ် သက်ရောက်မှုဖြစ်ပါသည်။ သူတို့၏ တပ်မှူးများက သူတို့ကို နိုင်ငံသားအချင်းချင်း သတ်ဖြတ်ညှင်းပန်းနှိပ်စက်ရန် ခိုင်းစေသည်ကို သူတို့က မည်သို့မည်ပုံ တုံ့ပြန်မလဲဆိုသည့် ကိစ္စဖြစ်သည်။

ရေတိုတွင် တပ်မတော်၏ သံမဏိစည်းကမ်းဆောင်ပုဒ်များက စစ်သားများကို သူတို့၏ ဆောင်ရွက်ချက်များအတွက် အကာအကွယ်ဖြစ်နိုင် သည်။ သို့သော် ရက်သတ္တပတ်များမှ လများသို့ ကူးပြောင်းလာသည်နှင့်အမျှ အရပ်သားသေဆုံးမှုများ မြင့်တက်လာပြီး တပ်မတော်သားများအတွင်း စိတ်ဓာတ်ပိုင်းဆိုင်ရာ ဆုတ်ယုတ်ပျက်စီးမှုသည် PDF လက်နက်ကိုင်တော်လှန်ပုန်ကန်မှုထက် ဗိုလ်ချုပ်ကြီးများအတွက် သောကများဖွယ်ရှိသည်။myanmar now

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s