Monthly Archives: Oct 2021

ဝက်လက်တွင် “တိုက်ရဲလား တိုက်ရဲတယ် သေရဲလား သေရဲတယ်” ဖက်ဆစ် စစ်ကောင်စီ ချေ မှုန်းရေး အမျိုးသမီး သပိတ်စစ်ကြောင်း ချီတက် ဆန္ဒပြ

khit thit

သာကေတတွင် ဒလန်ဆိုပြီး နာမည်ကြီးနေသူတစ်ဦး ပစ်သတ်ခံရ

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်အတွင်း ဒလန်လို့ နာမည်ကြီးနေတဲ့ ၂ မြောက်ရပ်ကွက်၊ အနော်မာ ၂၁ လမ်း(အရှေ့)မှာ နေထိုင်သူ သိန်းထိုက် (ခ)ချိုကြီး ဆိုသူကို ဒီကနေ့ မနက် ပစ်သတ်ခံရတယ်လို့ သိရပါတယ်။

လက်ဖက်ရည်ဆိုင် ထိုင်နေချိန်မှာ အမည်မသိလူတစုက သေနတ်နဲ့ အနီးကပ် ပစ်ခတ်ခဲ့တာကြောင့် နေရာမှာတင် သေဆုံးသွား‌တယ်လို့ သိရပါတယ်။

ဒေသခံတစ်ဦးရဲ့ ပြောကြားချက်အရ ပစ်ခတ်ခံရသူဟာ သာကေတမြို့နယ် လက်ဖက်ရည်ဆိုင်တခုအတွင်း လူငယ်တွေ ဖမ်းဆီးခံရမှုမှာ ပါဝင်ပတ်သက်နေသူလို့ ကနဦး သိရပါတယ်။

ကိုသိန်းထိုက် ပစ်သတ်ခံရမှုအပေါ် မိသားစုနှင့်နီးစပ်သူတစ်ဦးမှ ဒလန်မဟုတ်ကြောင်း ငြင်းဆိုထားပြီး ပစ်ခတ်မှုပြုလုပ်သူတွေဘက်ကလည်း တစုံတရာ ထုတ်ပြန်ကြေညာတာမျိုး အခုအချိန်ထိ မရှိသေးပါဘူး။

ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်တွေ ရောက်ရှိလာကာ စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။DVB

ထားဝယ်တွင် မပန်းအိဖြူကို မမိ၍ မိခင်နှင့် ၇နှစ်အရွယ်ကလေးငယ် အပါ အဝင် မိသားစုဝင်အားလုံးကို စစ်တပ်က အကြမ်းဖက် ဖမ်း ဆီးသွား

တနင်္သာရီတိုင်း၊ ထားဝယ်မြို့တွင် ဖက်ဆစ်တပ်က အလိုရှိသူ မပန်းအိဖြူ မမိ၍ မိခင်ဖြစ်သူ ဒေါ်မာမာသက် ၊ ၇နှစ်အရွယ်ကလေးငယ် အပါ အဝင် မိသားစုဝင်အားလုံးကို ဖက်ဆစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရသည်။အောက်တိုဘာ ၂၃ ရက်နေ့ ည၈နာရီခန့်တွင် ထား ဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်တွင် စစ်တပ်က အလိုရှိသူ မပန်းအိဖြူကို မမိ၍ မိခင်ဖြစ်သူ ဒေါ်မာမာသက် နေအိမ်သို့ စစ်ကောင်စီ ဖက်ဆစ်တပ်များ ရောက်ရှိလာပြီး ဖမ်းဆီးသွားကြောင်း သိရှိရသည်။

“ကားအသံ ကြားတော့ စစ်သားတွေဒေါ်မာမာသက်အိမ်ရှေ့ ကားရပ်ပြီးအိမ်ပေါ်တက်သွားပြီးပြန်ဆင်းလာတော့ ဒေါ်မာမာသက်ကို ကားပေါ်ခေါ်တင် ဖမ်းသွားတယ်။

သမီးကိုလာဖမ်းတာမရှိလို့ အမေကိုဖမ်းခေါ်သွားတာ”ဟု မျက် မြင်တွေ့သူက ရှင်းပြသည်။အောက်တိုဘာ ၂၄ ရက်နေ့ နံနက်၈နာရီခန့်တွင် လည်း ဒေါင်းငူရပ်ကွက်၊ အောင် သုခလမ်းတွင် နေထိုင်သော မပန်းအိဖြူ၏ မောင်နှမများဖြစ်ကြသည့် မောင်အောင်သက်ဖြိုး(ခ)သားကြီးနှင့် အစ်မဖြစ်သူ မသက်သက်လှိုင်အပါ အဝင် ၇နှစ်အရွယ်သားငယ်လေးကိုပါ ဖက်ဆစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မျက်မြင်တွေ့သူများက အတည် ပြု ပြောသည်။

မသက်သက်လှိုင်၊ မောင်အောင်ဖြိုး တို့သည် မပန်းအိဖြူ၏ မောင်နှမ အရင်းများဖြစ်ကြပြီး မိခင်ဖြစ်သူ ဒေါ်မာမာသက်မှာလည်း ကျန်းမာရေး မကောင်းမွန်ဟု သိရှိရသည်။khit thit

မြေအောက်ဆက်သွယ်ရေးကြိုးလာပြုပြင်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့ မိုင်းဆွဲတိုက်ခိုက်

မွန်ပြည်နယ်၊ ရေးမြို့နယ် မြောက်ပိုင်း၊ လိမ္မော်ခြံကျေးရွာနှင့် ဘုရားကုန်းကျေးရွာကြားရှိ စစ်ကောင်စီ၏ မြေအောက်ဆက်သွယ်ရေးကြိုးဟု ယူဆရသည့် ဓာတ်ကြိုးလိုင်းအားလာရောက်ပြုပြင်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဒေသခံကာကွယ်ရေးပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“ညကတည်းက ဆက်သွယ်ရေးကြိုးဖြတ် မိုင်းထောင်ပြီး စောင့်နေတာ သူတို့ရောက်တော့ ခါတိုင်းလိုပဲ ကြိုးလာစစ်တာ ငါးဦး အနီးရောက်လာတော့ မိုင်းခွဲပြီး ပြေးတာပါ။ မိုင်းက တစ်လုံးထဲပါ။ မုန့်ဟင်းခါး သုံးပွဲတော့သိရတယ်။ သီးခြားတော့အတည်မပြုနိုင်သေးဘူး “ ဟု ရေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မှ ဗိုလ်ရန်နိုင်က ဆိုသည်။

ဖြစ်စဉ်မှာ အောက်တိုဘာလ ၂၃ ရက်နေ့ ည ၁၁နာရီဝန်းကျင်ခန့်က လိမ္မော်ခြံကျေးရွာနှင့် ဘုရားကုန်းကျေးရွာကြားရှိ စစ်ကောင်စီ၏ မြေ အောက် ဆက်သွယ်ရေးကြိုးကို ရေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် နှင့် သံဖြူဇရပ်ပြည်သူ့ကာကွယ်ရေးတပ်တို့ ပူးပေါင်းပြီး ဖျက်ဆီးခဲ့ကြောင်း ရေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်က ၎င်းတို့၏ လူမူကွန်ယက်စာမျက်နှာပေါ်က တဆင့်‌ ယနေ့ အောက်တိုဘာ ၂၄ ရက်တွင် ထုတ်ပြန်ထားသည်။

ဖျက်ဆီးခံရသည့် မြေအောက်ဆက်သွယ်ရေးကြိုးကို ယနေ့အောက်တိုဘာလ ၂၄ ရက်နေ့ နံနက် ၁၀နာရီ ၅မိနစ်အချိန်တွင် စစ်ကောင်စီအဖွဲ့မှ အင်အား ၁၀ ဦး ဝန်းကျင်ခန့်ဖြင့် လာရောက်ပြုပြင်နေစဉ် မိုင်းခွဲ တိုက်ခိုက်ခံရခြင်း ဖြစ်ကြောင်း သိရသည်။ ယင်းကဲ့သို့ မိုင်းဆွဲတိုက်ခိုက်မှု မလုပ်ဆောင်မီ ဒေသခံပူးပေါင်းအဖွဲ့က ရေးမြို့နယ်မြောက်ပိုင်း နယ်မြေအတွင်း သုံးကြိမ်အယောင်ပြ ဖြတ်တောက်ခဲ့ပြီးနောက် ယခုတစ်ကြိမ်တွင် မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း ဗိုလ်ရန်နိုင်က ပြောသည်။

မိုင်းဆွဲတိုက်ခိုက်မှုဖြစ်စဉ်တွင် ဒေသခံပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့မှ ထိခိုက်မှုမရှိခဲ့ကြောင်း၊စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုစာ ရင်းကို အတည်မပြုနိုင်သေးပေဟု ရေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။mizzima

မြန်မာအမျိုးသမီးအသင်း အာရှဖလားခြေစစ် ပွဲ ၅ ကြိမ်မြောက် အောင်မြင်

မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းဟာ ဒီကနေ့မွန်းလွဲပိုင်းမှာ ကစားခဲ့တဲ့ ယူအေအီးနဲ့ အုပ်စုနောက်ဆုံးပွဲစဉ်မှာ ၂ ဂိုး ဂိုးမရှိနဲ့အနိုင်ရခဲ့ပြီး အာရှဖလားခြေစစ်ပွဲကို ၅ ကြိမ်မြောက် အောင်မြင်ခဲ့ပါတယ်။

မြန်မာအမျိုးသမီးအသင်းဟာ အာရှခြေစစ်ပွဲစဉ်တွေကို ကာဂျစ္စတန်နိုင်ငံ ဘီရှက်မြို့မှာ  သွားရောက်ကစားနေတာပါ။ 

အောက်တိုဘာ ၁၈ ရက်က လက်ဘနွန်နဲ့ပွဲမှာ ၄ ဂိုးဂိုးမရှိနဲ့အနိုင်ရခဲ့သလို အောက်တိုဘာ ၂၁ ရက်ကလည်း ဂူအမ်ကို ၈ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။ အုပ်စုပွဲစဉ်တွေအပြီးမှာ ၃ ပွဲကစား ၃ ပွဲနိုင်ရလဒ်နဲ့ အုပ်စုပထမရခဲ့ပြီး ခြေစစ်ပွဲအောင်မြင်ခဲ့တာဖြစ်ပါတယ်။

အမျိုးသမီး​အာရှဖလား ခြေစစ်ပွဲစဉ်တွေမှာ အုပ်စု ၈ ခု ခွဲကာယှဉ်ပြိုင်ကစားခဲ့ပြီး အုပ်စုပထမ ၈ သင်းက အိမ်ရှင် အိန္ဒိယ၊ လက်ရှိချန်ပီယံ ဂျပန်၊ ဒုတိယရ ဩစတြေးလျ၊ တတိယရ တရုတ်အသင်းတွေနဲ့အတူ စုစုပေါင်း ၁၂ သင်းက နောက်ဆုံးအဆင့်ပွဲတွေ ယှဉ်ပြိုင်ကြမှာပါ။

အဲဒီနောက်ဆုံးအဆင့်ပွဲစဉ်တွေကို  ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၀ ရက်ကနေ ဖေဖော်ဝါရီ ၆ ရက်အထိ အိန္ဒိယနိုင်ငံမှာ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ 

မြန်မာအမျိုးသမီးအသင်းဟာ အာရှဖလားနောက်ဆုံးအဆင့်ကို ၂၀၀၃၊ ၂၀၀၆၊ ၂၀၁၀ နဲ့ ၂၀၁၄ ခုနှစ်ပြိုင်ပွဲတွေမှာလည်း ခြေစစ်ပွဲအောင်မြင်ပြီး ယှဉ်ပြိုင်ခွင့်ရခဲ့ဖူးပါတယ်။ DVB

လွိုင်ကော်မြို့၊ ဗဟိုဈေးအတွင်း ဒုရဲမှူး အနီး ကပ် ပစ်သတ်ခံရ

ကယားပြည်နယ် (ကရင်နီပြည်နယ်)၊ လွိုင်ကော်မြို့ရှိ ဗဟိုဈေးအတွင်း သတင်းရဲတပ်ဖွဲ့ဝင် ဒုရဲမှုး မျိုးသိန်းထွန်း ဆိုသူ အနီးကပ် ပစ်သတ် ခံလိုက်ရကြောင်း လွိုင်ကော် ဒေသခံများက ပြောသည်။လွိင်ကော်မြို့ ဗဟိုဈေးအတွင်းရှိ မုန့်ဟင်းခါးဆိုင် တစ်ဆိုင်ရှေ့တွင် ယနေ့၊ အောက်တို ဘာ ၂၄ ရက်၊ နံနက် ၇ နာရီခွဲ ဝန်းကျင်က ပစ်ခတ်ခံလိုက်ရခြင်း ဖြစ်သည်။

“သူ့ကို သေနတ်နဲ့ သုံးချက် ပစ်သတ်လိုက်တာတော့ ကျွန်တော်တို့လူက မြင်လိုက်တယ်။ ဘယ်က လုပ်တယ် ဆိုတာတော့ သတင်းထုတ်ပြန်လို့ မရသေးဘူးဗျ” ဟု ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDF) လွိုင်ကော်ဇုန်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ အဆိုပါ ပစ်ခတ်ခံရသူ ဒုရဲမှူး မျိုးသိန်းထွန်း ဆိုသူသည် စစ်ကြောရေးတွင် နှိပ်စက်သည်ဟု နာမည်ကြီးသူ တစ်ယောက်ဖြစ်သောကြောင့် မကျေနပ်သည့် လူငယ်တချို့က ပစ်ခတ်ခြင်း ဖြစ်နိုင်ကြောင်းလည်း မြို့ခံတစ်ဦးက သုံးသပ်သည်။

လွိုင်ကော်မြို့တွင် တိုက်ပွဲအခြေအနေ ငြိမ်သက်နေသော်လည်း စစ်ကောင်စီဘက်မှ ကား၊ ဆိုင်ကယ်များအား တားဆီး စစ်ဆေးမှုများ တင်းကြပ်နေကြောင်း ဒေသခံများထံမှ သိရသည်။ ရှမ်း-ကယား နယ်စပ်အနီး မိုးဗြဲမြို့တွင်မှု စစ်ရေးတင်းမာနေပြီး တိုက်ပွဲ ပြင်းထန်လာနိုင်သဖြင့် ဒေသခံများက စိုးရိမ်နေကြသည်။mizzima

ကျောင်းသားခေါင်းဆောင် ဦးဂျင်မီကို စစ်ကောင်စီက ဖမ်းဆီး၊ အသက်အန္တရာယ်စိုးရိမ်နေရ

၈၈ ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်ပြီး နွေဦးတော်လှန်ရေးတွင် ပါဝင် ဦးဆောင်နေသူ ဦးဂျင်မီကို ယမန်နေ့ညပိုင်း မြောက်ဒဂုံတွင် ဖမ်း ဆီးသွားကြောင်း ဦးဂျင်မီ၏ဇနီးဖြစ်သူက လူမှုကွန်ရက်တွင် သတင်းထုတ်ပြန် ရေးသားထားသည်။

“23-10-21ရက်ညပိုင်းမှာ မြောက်ဒဂုံမှာ ကိုဂျင်မီ ကိုစကစ တွေဖမ်းဆီးသွားပါတယ်။ အသက်အန္တရယ်ကိုစိုးရိမ်ပါတယ်။ စကစ ဖမ်းဆီးမှု့နောက်ပိုင်းဖြစ်ပေါ်လာတဲ့အခြေအနေ အားလုံးကိုတာဝန်ယူဖြေရှင်းရမယ်” ဟု ဇနီးဖြစ်သူ မနီလာသိန်းက လူမှုကွန်ရက်တွင် ရေးသားထား သည်။

“မနေ့ ညနေ ၉ နာရီ မြောက်ဒဂုံမှာ အဖမ်းခံရတယ်လို့ သိရတယ်။ မိသားစုကို အကြောင်းကြားတာလည်း မရှိပါဘူး။ သူတို့က အရေးတယူလုပ်ဆောင်တာလည်း ဘယ်တုန်းကမရှိပါဘူး။ မိသားစုကို ဆက်သွယ်လို့သိရတာမဟုတ်ဘူး။ ကိုယ့်ဟာကိုယ် စုံစမ်းပြီးတော့ သိရှိရတာပါ။

မနေ့ နေ့ခင်းပိုင်းက နောက်ဆုံး အဆက်အသွယ်ရတာပေါ့။ သူက သွေးတိုးရောဂါရှိတယ်။ အသည်းမကောင်းဘူး။ အဓိက ကျမစိုးရိမ်တာက ကျန်းမာရေးဆိုတာထက် စစ်ကောင်စီက အမြဲတမ်းဖမ်းဆီးပြီးသွားလို့ရှိရင် အသက်ရှင်လျက်ရှိတယ်ဆိုတာ ပြန်ကြားရတာ နည်းပါတယ်။

အသက်ရှင်လျက် ရှိတယ်ဆိုရင်တောင် သူတို့ရဲ့ စစ်ကြောရေး စခန်းတွေမှာ ညှဉ်းပန်းနှိပ်စက် ရိုက်နှက်မှုဒဏ်တွေကို အလူးအလဲခံရတဲ့အတွက် သူ့အသက်အန္တရာယ်ကို အရမ်းစိုးရိမ်ပါတယ်”ဟု ဦးဂျင်မီ၏ ဇနီးဖြစ်သူ မနီလာသိန်းက ပြောဆိုသည်။

ယမန်နေ့ညပိုင်းနှင့် ယနေ့ နံနက်အစောပိုင်းတွင် မြောက်ဒဂုံမြို့နယ်၊ ပင်လုံအိမ် ရာအတွင်းသို့ စစ်ကောင်စီတပ်များက ဝင်ရောက်စီးနင်းခဲ့ပြီး ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း၊ ပြည်သူတစ်ဦး သေဆုံးကြောင်း ရန်ကုန်ခေတ်သစ်က သတင်းဖော်ပြခဲ့ပြီးဖြစ်သည်။khit thit

NUG၊ CRPH တို့နှင့် တွေ့ဆုံဆွေးနွေးရေးမူကို လက်မခံနိုင်ဟု စစ်ကောင်စီပြော

အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် တွေ့ဆုံဆွေးနွေးညှိနှိုင်းရေး မူကို လက်ခံနိုင်မည်မဟုတ်ကြောင်း စစ်ကောင်စီက ယမန်နေ့ အောက်တို ဘာ ၂၃ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။စစ်အာဏာသိမ်းမှုနောက်ပိုင်းအခြေအနေနှင့် အာဆီယံအထူးကိုယ်စားလှယ်ကိစ္စတို့နှင့်ပတ်သက်ပြီး စစ်ကောင်စီ၏သတင်းနှင့်ပြန်ကြားရေးက ထုတ်ပြန်ချက်တွင် (NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် ပြည်သူ့ကာကွယ် ရေးတပ် (PDF) တို့ကို တွေ့ဆုံဆွေးနွေးရန် ငြင်းဆန်ထားခြင်းဖြစ်သည်။

NUG၊ CRPH၊ PDF တို့ကို အားပေးကူညီပံ့ပိုးနေသည့် နိုင်ငံများ၊ အဖွဲ့အစည်းများကိုလည်း “ကျင့်ဝတ်အပေါ်မေးခွန်းထုတ်စရာဖြစ်ပါသည်” ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရအနေဖြင့် ရွေးကောက်ပွဲတွင် မသမာမှုရှိသည်ဟု အကြောင်းပြကာ ဖေဖော်ဝ ါရီ ၁ရက်တွင် စစ်တပ်က အာဏာသိမ်းခဲ့သည်။ သို့သော် ရွေးကောက်ပွဲရလာဒ်ကိုသာ ပြည်သူများက လက်ခံပြီး အာဏာသိမ်းမှုကို ဆန့် ကျင် ဆန္ဒပြမှုများ အာဏာသိမ်းပြီးရက်ပိုင်းအတွင်း၌ပင် နိုင်ငံအဝှမ်းတွင် ပေါ်ပေါက်ခဲ့သည်။

ထိုသို့ ဆန့်ကျင်ဆန္ဒပြမှုများကို စစ်ကောင်စီတပ်က ပစ်ခတ်ဖြိုခွင်းခြင်း၊ ဖမ်းဆီးနှိပ်စက်ခြင်းများပြုလုပ်ခဲ့ရာ အောက်တိုဘာ ၂၃ရက်ထိ သေ ဆုံးသူ ၁၁၉၆ဦးထက်မနည်းရှိခဲ့သည်။ ဖမ်းဆီးခံရသူမှာ ၉၁၇၅ဦး ရှိခဲ့ပြီး လက်ရှိအချိန်ထိ ၇၀၁၆ဦးမှာ အကျဉ်းထောင်များထဲတွင် ရှိနေဆဲဖြစ် သည်။

ယင်းအပြင် ဖမ်းဝရမ်းထုတ်ခံရထားသူမှာလည်း ၂၀၀၀ နီးပါးရှိနေသည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP-B ၏ နေ့စဉ်မှတ်တမ်းအရ သိရသည်။စစ်ကောင်စီက တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ (EAO) များ၊ နိုင်ငံရေးပါတီများနှင့် တွေ့ဆုံမှုကိုသာ ဆက်လုပ်မည်ဟု ဆိုထားသည်။

စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ အောက်တိုဘာ ၂၁ရက်အထိ PDF ဘက်က တိုက်ခိုက်မှု ၉၈၆ကြိမ်၊ ဗုံးခွဲတိုက်ခိုက်မှု ၂၃၄၄ကြိမ်၊ မီးရှို့ ဖျက် ဆီးမှု ၃၁၂ကြိမ် စုစုပေါင်း ၃၆၄၂ကြိမ် ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

တိုက်ခိုက်မှုကြောင့် လုံခြုံရေးအဖွဲ့ဝင် စစ်သား ၇၅ ဦး၊ ရဲတပ်ဖွဲ့ဝင် ၉၃ ဦး နှင့် အစိုးရဝန်ထမ်း ၁၄ ဦး စုစုပေါင်း ၁၈၂ ဦး သေဆုံးပြီး ၆၀၂ ဦး ဒဏ်ရာရရှိထားသည်ဟု ပါရှိသည်။ အရပ်သား ၁၁၅၅ဦးမှာ PDF ၏ လုပ်ရပ်ကြောင့် သေဆုံးပြီး ၇၆၅ဦး ဒဏ်ရာရကြောင်းလည်း စွပ်စွဲထား သည်။mizzima

ရေတာရှည်တွင် တာဝန်မှနုတ်ထွက်သည့် ရပ် ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး ၂၀ ခန့် ရှိလာ

ပဲခူးတိုင်း ရေတာရှည်မြို့နယ်မှာ အောက်တိုဘာ ၂၃ ရက်နေ့အထိ ရပ်ကွက်နဲ့ကျေးရွာအသီးသီးက အုပ်ချုပ်ရေးမှူး ၂၀ နီးပါး ရာထူးကနေ နုတ်ထွက်ခဲ့တယ်လို့ သိရပါတယ်။ 

ရေတာရှည် YPDF က အုပ်ချုပ်ရေးမှူးတွေကို ရာထူးက နုတ်ထွက်ဖို့ ထုတ်ပြန်ကြေညာခဲ့ပြီးနောက် အောက်တိုဘာ ၁၈ ရက်နေ့မှာ အုပ်ချုပ်ရေးမှူး ၅ ဦး စတင် နုတ်ထွက်ခဲ့ပြီး အောက်တိုဘာ ၂၃ ရက်နေ့မှာ အုပ်ချုပ်ရေးမှူး ၉ ဦး စသဖြင့် အသီးသီး နုတ်ထွက်နေကြတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

နုတ်ထွက်ပြီး အဆက်အသွယ်မရသေးတဲ့သူတွေအပါအဝင် စုစုပေါင်း ၂၀ လောက်ရှိပြီလို့ ဆိုပါတယ်။

စစ်ကောင်စီက အုပ်ချုပ်ရေးမှူး အသစ် အစားထိုးပြန်ခန့်တာတွေလည်း ရှိတယ်လို့ ဒေသခံက ပြောပါတယ်။ 

ရေတာရှည်မြို့မှာ ပြီးခဲ့တဲ့လတွေက ရပ်ကျေးအုပ်ချုပ်ရေးမှူးအိမ်တွေ ဌာနဆိုင်ရာရုံးတွေမှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့သလို စစ်ကောင်စီကို သတင်းပေးတာကြောင့် အသတ်ခံရသူတွေလည်း ရှိတယ်လို့ သိရပါတယ်။DVB

« Older Entries Recent Entries »