Monthly Archives: Oct 2021

ကိုဂျင်မီ အကြမ်းဖက်ဖမ်းဆီးခံရမှု အကျိုး ဆက်အားလုံး စစ်အုပ်စုတွင် တာဝန်ရှိဟု အေအေပီပီ ပြော

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ကိုဂျင်မီ အဖမ်းခံရမှုနဲ့ ပတ်သက်ပြီး ဖြစ်ပေါ်လာမယ့် အကျိုးဆက်တွေအားလုံးဟာ မတရားဖမ်းဆီးခဲ့တဲ့ စစ်အုပ်စုမှာ တာဝန်အပြည့်အဝရှိပြီး စစ်အုပ်စုအနေဲ့ တာဝန်ယူ၊ တာဝန်ခံရမှာဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်း သားများကူညီစောင့်ရှောက်အသင်း(အေအေပီပီ)က ထုတ်ပြန်ပါတယ်။

၈၈ ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းရဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုဂျင်မီ(ခ) ကိုကျော်မင်းယုကို အာဏာသိမ်းစစ်အုပ်စုက အောက်တို ဘာ ၂၃ ရက်နေ့ ညပိုင်းက အင်အား အလွန်အကျွံသုံးပြီး အကြမ်းဖက်ဖမ်းဆီးခဲ့တာဖြစ်ပြီး အဲဒီလို ဖမ်းဆီးချိန်အတွင်း ဦးခေါင်းမှာ အသက်အန္တရာယ် စိုးရိမ်ရတဲ့အထိ ထိခိုက်ဒဏ်ရာရရှိထားတယ်လို့ သိရှိရပါတယ်။

ကိုဂျင်မီဟာ ဖမ်းဆီးခံရစဉ်  ဒဏ်ရာပြင်းထန်စွာ ရရှိတဲ့အတွက် မင်္ဂလာဒုံ စစ်ဆေးရုံမှာ ဆေးကုသမှု ခံယူနေရတယ်လို့ စုံစမ်းသိရကြောင်း သူ့ရဲ့ ဇနီးဖြစ်သူ မနီလာသိန်းက သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်မှာ အသိပေးထားပါတယ်။

အာဏာသိမ်း စစ်အုပ်စုဟာ သူတို့နဲ့ အယူအဆမတူတွေကို ဖမ်းဆီးရာမှာ မလိုလားအပ် ဘဲ ကြမ်းတမ်းစွာဆက်ဆံတာတွေကို ပြုလုပ်နေတာကိုလည်း တွေ့ရှိနေရပြီး ဖမ်းဆီးစဉ် ပစ်ခတ်ခံရပြီး သေဆုံးတာတွေ၊ စစ်ကြောရေးမှာ ညှဉ်းပန်းနှိပ်စက်တာကြောင့် သေဆုံး တာတွေလည်း ရှိနေတာကို တွေ့ရှိနေရပါတယ်။

အဲဒီလို လုပ်ရပ်တွေဟာ အာဏာသိမ်း စစ်အုပ်စုက အာဏာတည်မြဲရေးအတွက် တရားဥပဒေကို မထေမဲ့မြင်ပြုပြီး အပြစ်မဲ့ ပြည်သူတွေကို စိတ်ထင်တိုင်း တရားမဲ့ပြုကျင့်နေကြောင်း ပေါ်လွင်နေတယ်လို့ အေအေပီပီက ပြောပါတယ်။

ဒါကြောင့်မို့ နိုင်ငံတကာအသိုက်အဝန်း အနေနဲ့လည်း ကိုဂျင်မီအပါအဝင် မတရားဖမ်းဆီး ခံထားရသူတွေကို ညှဉ်းပန်းနှိပ်စက်မှုတွေက ကာကွယ်ပေးဖို့နဲ့ လွတ်မြောက်ရေးအတွက် အား ထုတ်ဆောင်ရွက်ပေးဖို့ အေအေပီပီက အလေးအနက် မေတ္တာရပ်ခံထားပါတယ်။DVB

အောင်မင်္ဂလာအဝေးပြေးရှိ ရဲစခန်းအနီး ဗုံးပေါက်ကွဲ​ပြီး လုံခြုံရေးတင်းကျပ်

ရန်ကုန်၊ အောင်မင်္ဂလာအဝေးပြေးဝင်းအတွင်းက ရဲစခန်းအနီးမှာ  အောက်တိုဘာ ၂၅ ရက် ဒီနေ့ နေ့လယ် ၂ နာရီခွဲလောက်က  ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။

ရဲစခန်းနားက အမှိုက်ပုံးထဲကနေ ဗုံးနှစ်လုံး ရှေ့ဆင့်နောက်ဆင့် ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။ ဗုံးပေါက်ကွဲမှုကြောင့် အမှိုက်ပုံး ပျက်စီးသွားပြီး လုံခြုံရေးယူထားတဲ့ ရဲတွေ ထိခိုက်မှု ရှိ၊ မရှိ မသိရသေးဘူးလို့ ယာဥ်လိုင်းတာဝန်ခံတစ်ဦးက ပြောပါတယ်။ 

အဲဒီလို ဗုံးပေါက်ကွဲပြီးတဲ့နောက် အဝေးပြေး အဝင်အထွက် ကားတွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးသလို ဒီညနေထွက်မယ့် အဝေးပြေးကားနဲ့ လိုက်ပါမယ့် ခရီးသည်တွေရဲ့ မှတ်ပုံတင်အချက်အလက်တွေ ယူထားဖို့ ယာဥ်လိုင်းတွေကို ညွှန်ကြားထားတယ်လို့ သိရပါတယ်။

အဲဒီဗုံးပေါက်ကွဲတာဟာ ဘယ်အဖွဲ့ လုပ်တယ်ဆိုတာတော့ မသိရသေးပါဘူး။  မနေ့ကလည်း မင်္ဂလာဒုံမြို့နယ်မှာ ဗုံး ၅ လုံးထက်မနည်း ပေါက် ကွဲခဲ့ပါတယ်။DVB

မင်းအောင်လှိုင်(သို့မဟုတ်) ဝန်ကြီးတစ်ဦး အာဆီယံထိပ်သီးအစည်းအဝေး တက်ခွင့်မရလျှင် မတက်ဟု အကြမ်းဖက်စစ်ကောင်စီ ထုတ်ပြန်

အကြမ်းဖက် ဖက်ဆစ် စစ်ခေါင်းဆောင် မင်းအောင်လှိုင်(သို့မဟုတ်) ဝန်ကြီး တစ်ဦးဦး အာဆီယံ ထိပ်သီးအစည်းအဝေး တက်ခွင့်မရလျှင် တက်ရောက်တော့မည်မဟုတ်ကြောင်း ဖက်ဆစ် စစ်ကောင်စီက ယနေ့ည သတင်းထုတ်ပြန်သည်။

၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ ကျင်းပမည့် (၃၈) ကြိမ်မြောက်နှင့် (၃၉) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်း အဝေးများ နှင့် ဆက်စပ် ထိပ်သီးအစည်းအဝေးများသို့ နိုင်ငံအကြီးအကဲ(မင်းအောင်လှိုင်) သို့မဟုတ် အစိုးရအဖွဲ့အကြီးအကဲ သို့မဟုတ် နိုင်ငံအကြီးအကဲ( မင်းအောင်လှိုင်) ကို ကိုယ်စားပြုမည့် ပြည်ထောင်စုဝန်ကြီးအဆင့်ပုဂ္ဂိုလ် က ပါဝင်တက်ရောက် နိုင်ရေးကိုသာ မြန်မာနိုင်ငံက လက်ခံမည်ဖြစ်ကြောင်း အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်း နိုင်ငံခြားရေးဝန်ကြီးဌာနသို့ အကြောင်းပြန်ထားပြီးဖြစ်ကြောင်း စစ်ကောင်စီ ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။khit thit

လူ ၅ ဦးထက်ပိုမစုရ အမိန့်ထုတ်ထားသည့် ပုသိမ်မြို့ ၌ အကြမ်းဖက်စစ်တပ်ထောက်ခံပွဲပြု လုပ်

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့၊ ဟစ်တိုင်ကွင်းထဲမှာ အောက်တိုဘာလ ၂၅ ရက်နေ့ ညနေပိုင်းက အကြမ်းဖက်  စစ်တပ် ထောက်ခံပွဲကို လူတချို့နဲ့ ပြုလုပ်သွားပါတယ်။ 

ပုသိမ်မြို့မှာ အောက်တိုဘာ ၁၅ ရက်ကတည်းက  လူ ၅ ဦးထက်ပိုပြီး စုဝေးခြင်းမလုပ်ဖို့ အာဏာသိမ်းစစ်ကောင်စီတပ်က ပုဒ်မ ၁၄၄ ထုတ်ပြန်ထားပြီး  တပ်ထောက်ခံပွဲကို စီစဉ် ကျင်းပခဲ့တာ ဖြစ်ပါတယ်။

မျက်မြင်တွေ့သူ ဒေသခံတွေရဲ့ ပြောဆိုချက်အရ လူအင်အား ၂၀၀ နဲ့ ၃၀၀ ကြားရှိတဲ့ လူအုပ်ကြီးဟာ ကားတွေနဲ့ ဟစ်တိုင်ကွင်းကို ရောက်လာပြီး စစ်တပ်ကို ထောက်ခံတာတွေ ပြုလုပ်ခဲ့ကြတယ်လို့ ပြောပါတယ်။ 

တပ်ထောက်ခံပွဲပြုလုပ်ဖို့ ရောက်လာသူတွေဟာ ဒေသခံတွေ မဟုတ်သလို ကိုဗစ် ရောဂါကူးစက်မှုကို ကာကွယ်ဖို့ သတ်မှတ်ထားတဲ့ စည်း ကမ်း တွေကို လိုက်နာတာလည်း မတွေ့ရဘူးလို့ ဆိုပါတယ်။DVB

မီတာခ အဓမ္မကောက်ခံသူများကို ပြင်းထန်စွာ အရေးယူမည်ဟု NUG သတိပေး

အတင်းအဓမ္မ မီတာခကောက်ခံနေသူတွေနဲ့ လျှပ်စစ်မီးဖြတ်နေသူတွေ ပြင်းထန်စွာ အရေးယူခံရမယ်လို့  အမျိုးသားညီညွတ်ရေးအစိုးရ (N UG)၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက သတိပေးထုတ်ပြန်ထားပါတယ်။

ပြည်သူလူထု အကျိုးစီးပွားထိခိုက်စေဖို့ ဓာတ်အားဖြတ်တောက်တာတွေ ဆက်လုပ်နေတဲ့ စစ်ကောင်စီ ယန္တရား လည်ပတ်နိုင်ဖို့ အားပေးကူညီနေကြတဲ့ ညွှန်ကြားသူ အဆင့်ဆင့်၊ ဆောင်ရွက်သူ အဆင့်ဆင့်ဟာ အရေးယူခံရမယ်လို့ ဆိုပါတယ်။

ကိုဗစ်-၁၉ ကပ်ဘေးနဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ ဖိနှိပ်ညှင်းပန်းနှိပ်စက် မှုတွေကြောင့် ပြည်သူလူထုကိုယ်စိတ်ဆင်းရဲ ပင်ပန်းနေတာအပြင် စီးပွားရေးလုပ်ငန်းတွေ ကောင်းမွန်စွာလည်ပတ်နိုင်ခြင်း မရှိတာကြောင့် စားဝတ်နေရေးအခက်အခဲတွေ ကြုံတွေ့နေရတဲ့ ပြည်သူလူထု ဝန်ထုပ် ဝန်ပိုးလျော့စေဖို့နဲ့ စစ်ကောင်စီဆီကို လျှပ်စစ်ဓာတ် အားခရန်ပုံငွေ မရောက်ရှိစေဖို့ အိမ်သုံးလျှပ်စစ်ဓာတ်အားခတွေကို NUG အစိုးရက ကင်း လွတ်ခွင့်ပြုထားပြီး ဖြစ်ပါတယ်။

ပြည်သူလူထုဘက်ကလည်း မီတာခမပေးဆောင်တာ၊ CDM လှုပ်ရှားမှုမှာ တက်ညီလက်ညီ ဆောင်ရွက်နေတာတွေကို တွေ့ရပြီး ဆက်လက်ပြီးတော့လည်း ပူးပေါင်းပါဝင်ပေးကြမယ်လို့ ယုံကြည်တယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ တော်လှန်ရေးရဲ့ အဓိကမဏ္ဍိုင်တခုဖြစ်တဲ့ CDM လှုပ်ရှားမှာ အမှန်တရား ဘက်တော်သားဖြစ်တဲ့ လျှပ်စစ်ဝန်ထမ်းတွေနဲ့ ပြည်သူတွေက စိတ်အားထက်သန်စွာ ကြံ့ကြံ့ခံဆောင်ရွက်နေကြပေမယ့် တချို့ဝန်ထမ်းတွေက CDM လှုပ်ရှားမှာ ပါဝင် ခြင်းမရှိတဲ့အပြင် စစ် ကောင်စီရဲ့ ယန္တရား လည်ပတ်နိုင်ဖို့ လျှပ်စစ်ဓာတ်အားခကောက်ခံ ပေးနေတာတွေကိုလည်း တွေ့ရှိနေရတယ်လို့ ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က စစ်အာဏာရှင် ဆန့်ကျင်ရေး ခုခံတွန်းလှန်စစ် စတင်ကြောင်းနဲ့ မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်း ဖက် စစ်အုပ်ချုပ်ရေးကို လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် တွန်းလှန်တိုက်ဖျက်ကြဖို့ စက်တင်ဘာ ၇ ရက်က ကြေညာထားခဲ့ပြီးဖြစ်ကာ အဲဒီနေ့က စတင်ကာ စစ်ကောင်စီလက်အောက်ခံဝန်ထမ်းတွေ အနေနဲ့ ရုံးတက်ခြင်းမပြုကြဖို့လည်း ထုတ်ပြန်ပြီး ဖြစ်ပါတယ်။

ဒါကြောင့် စစ်ကောင်စီ ယန္တရား လည်ပတ်စေမယ့် ကိစ္စရပ်တွေကို လုံးဝဆောင်ရွက်ခြင်း မပြုကြဖို့နဲ့ အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ပြီးဖြစ်တဲ့ လျှပ်စစ်ဓာတ်အားခ ကင်းလွတ်ခွင့်ပြုတာ၊ ဆိုင်းငံ့တာတွေနဲ့ ပတ်သက်တဲ့ အမိန့်ကို နာခံကြဖို့ တတိယအကြိမ် သတိပေးတား မြစ်ကြောင်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။

သတိပေးတားမြစ်နေတဲ့ကြားက အတင်းအဓမ္မ ဓာတ်အားခ ကောက်ခံတာ၊ ပြည်သူလူထု အကျိုးစီးပွားထိခိုက်စေဖို့ ဓာတ်အားဖြတ်တောက် တာတွေကို ဆက်လက်ဆောင်ရွက်နေကြမယ်ဆိုရင်တော့ ညွှန်ကြားသူ အဆင့်ဆင့်၊ ဆောင်ရွက်သူ အဆင့်ဆင့်ကို နိုင်ငံ့ဝန်ထမ်းဥပဒေအရသော်လည်းကောင်း၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၂၂/၁၂၄ ပါအရ နိုင်ငံတော်ရဲ့ ကျေးဇူးသစ္စာကို ဖောက်ဖျက်ပုန်ကန်မှုအဖြစ်အရေးယူခံရမှာဖြစ်တယ်လို့ ဆိုပါတယ်။DVB

ကျိုက်လတ်မြို့နယ်က အုပ်ချုပ်ရေးမှူးအား လုံး အမြန်ဆုံးနုတ်ထွက်ရန် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ သတိပေး

ဧရာဝတီတိုင်း၊ ကျိုက်လတ်မြို့နယ် အတွင်းရှိ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ အားလုံး နိုဝင်ဘာလ ၁ ရက်နေ့ နောက်ဆုံးထားပြီး အမြန်ဆုံး နုတ်ထွက်ကြရန် ကျိုက်လတ်မြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (PDF-Kyaiklat) က ယမန်နေ့ အောက်တိုဘာ ၂၄ ရက်တွင် သတိ ပေး ထုတ်ပြန်ခဲ့သည်။

ကျိုက်လတ်မြို့တွင် ရှိသော အုပ်ချုပ်ရေးမှူးများသည် စစ်ကောင်စီက အသစ်ခန့်ထားသည့် အုပ်ချုပ်ရေးမှူးများ ဖြစ်ခြင်းကြောင့် ယခုကဲ့သို့ အားလုံးကို အသိပေး အကြောင်းကြားရခြင်း ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဆိုထားသည်။

သတိပေးမှုကို လိုက်နာခြင်း မရှိသည့် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများကို PDF – Kyaiklat နှင့် မြစ်ဝကျွန်းပေါ် ပြောက်ကျား စစ်ဆင်ရေး တပ်ပေါင်းစုတို့ ပူးပေါင်းပြီး ရှင်းလင်းသုတ်သင် သွားမည်ဟု သတိပေးထားသည်။
အုပ်ချုပ်ရေးမှူးများအ‌နေဖြင့် နုတ်ထွက်ပြီးပါက မိမိတို့ တရားဝင် နုတ်ထွက်ထားသည့် ရုံးစာကို PDF – Kyaiklat ကို လူမှုကွန်ရက်မှ တဆင့် မှတ်တမ်းအဖြစ် ပေးပို့ရမည်ဟုလည်း ဆိုထားသည်။mizzima

ရေဦးမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ်တစ်ဦး နေအိမ်ကို စစ်ကောင်စီက နိုင်ငံပိုင်သိမ်း

စစ်ကိုင်းတိုင်း၊ရေဦးမြို့နယ်၊အမှတ် ၂ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ထွေးရဲ့ နေအိမ်ကို အောက်တိုဘာလ ၂၅ ရက် ညနေပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့တွေက လာရောက်ချိတ်ပိတ်ကာ အကြမ်းဖက် PDF နဲ့ ပတ်သက်တယ်လို့ဆိုကာ နိုင်ငံပိုင်သိမ်းဆည်း လိုက်တယ်လို့သိရပါတယ်။

မြို့ခံတစ်ဦးက “တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ကိုမြင့်ထွေးကို အကြမ်းဖက် PDF ထောက်ပံ့သူ။ အကြမ်းဖက် PDF အားပေးသူဆိုပြီး စွပ်စွဲချက်နဲ့သူအိမ်ကို ဒီနေ့ ‌ညနေပိုင်းမှာ အကြမ်းဖက် PDF နဲ့ပတ်သက်လို့ နိုင်ငံပိုင်သိမ်းဆည်းတယ်ဆိုတဲ့ ဗီနိုင်းလာကပ်ပြီး ချိတ်ပိတ်သွားတယ်” လို့ ပြောပါတယ်။

ဖေဖော်ဝါရီ ၁ ရက်စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဦးမြင့်ထွေးနဲ့မိသားစုတွေဟာ တိမ်းရှောင်နေကြ ရတာဖြစ်ပြီး မြို့ပေါ်ကနေအိမ်ကိုလည်း စောင့်ရှောက်သူမရှိ ပစ်ထားခဲ့တာဖြစ်ပါတယ်။

ရေဦးမြို့နယ်၊ အမှတ် ၂ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ထွေးဟာ ၂၀၁၅ ရွေးကောက်ပွဲနဲ့ ၂၀၂၀ ရွေးကောက် ရွေးကောက်ခံ ကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်ခဲ့သလို လတ်တလော စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားပြုကော်မတီ (CRSH) မှာလည်း ဥက္ကဋ္ဌအဖြစ်တာဝန်ယူထားကာ သားဖြစ်သူကလည်း PDF သင်တန်းဆင်းပြီးပြီလို့ သိရပါတယ်။DVB

ဖလမ်းမြို့နယ်၊ ထလန်ရောန်ရွာရှိ နေအိမ်များကို စစ်ကောင်စီတပ် ဖျက်ဆီး

ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ်၊ ထလန်ရောန်ရွာရှိ လူနေအိမ် သုံးလုံးကို ယနေ့ အောက်တိုဘာ ၂၅ ရက် မွန်းလွဲ ၁ နာရီတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက မီးရှို့ ဖျက်ဆီးသွားကြောင်း ချင်းအမျိုးသား ကာကွယ်ရေးတပ်မတော် (CNDF) မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ “ဒါဟာ စစ်သူ ပုန်ဖြစ်ကြောင်းကို သူတို့ဟာနဲ့သူတို့ သက်သေပြလိုက်တာ ဖြစ်တယ်လို့ ကျွန်တော်တို့က ယူဆပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ ပြည်သူတွေကို သူတို့ရဲ့ ပြည်သူတွေလို့ မသတ်မှတ်တော့ဘူး။ တွေ့သမျှလူက သူ့တို့ရဲ့ ရန်သူလို့ပဲ သတ်မှတ်တော့တယ်။ လက်နက် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ တွေ့သမျှလူ၊ တွေ့သမျှ အိမ်တွေကို မီးရှို့ ဖျက်ဆီးတာဟာ သူတို့ကိုယ်တိုင်က အစိုးရ မ ဟုတ်ဘူး။ သူပုန်တွေ ဖြစ်တယ်။

အဲဒါကြောင့်မို့လို့ ပြည်သူလူထု အနေနဲ့ ကိုယ့်စစ်တပ် ဖြစ်တဲ့ CNDF နဲ့ ပူးပေါင်းပြီးတော့ ဒီသူပုန်စစ်တပ်ကို အမြန်ဆုံး ချေမှုန်းဖို့ ပူးပေါင်း လာမယ်လို့ ကျွန်တော်ယုံ ကြည်ပါတယ်” ဟု ၎င်းက ပြောသည်။

ယနေ့ မနက်ပိုင်းတွင်လည်း ဖလမ်းမြို့နယ်၊ တားရ်ကျေးရွာရှိ နေအိမ် ရှစ်လုံးကို စစ်ကောင်စီ တပ်များက မီးရှို့ဖျက်ဆီးသွားခဲ့သေးသည်ဟု ဒေသခံများက ဆိုသည်။ လက်ရှိအချိန်တွင် စစ်ကားယာဉ်တန်း အစီး ၅၀ ကျော် သည် ဖလမ်းမြို့ လုံပီး ရပ်ကွက်သို့ ရောက်ရှိနေပြီ ဖြစ် ကြောင်း ဒေသခံများထံမှ သိရသည်။ စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် အောက်တိုဘာ ၁၃ ရက်နှင့် ၁၄ ရက်များတွင် ထလန်ရောန် ရွာမှ လူနေအိမ် ၁၃လုံးအား မီးရှို့ ဖျက်ဆီးခဲ့ကြသေးသည်။mizzima

အာဆီယံထိပ်သီးအစည်းအဝေးတက်ရန် ညွှန်ချုပ် ဦးချမ်းအေးကို ဖိတ်ကြား၊ တက်ဖြစ်မတက်ဖြစ် မသေချာဟု စစ်ကောင်စီတုံ့ပြန်

အောက်တိုဘာ ၂၆ ရက် မနက်ဖန်စတင်ကျင်းပမယ့်  အာဆီယံထိပ်သီးအစည်းအဝေး တက်ရောက်ဖို့ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာန  ညွှန်ကြားရေးမှူးချုပ် အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးကို အာဆီယံက ဖိတ်ကြားထားတယ်လို့ အေပီသတင်း တပုဒ်မှာ ဖော်ပြထားပါတယ်။

၃၈ ကြိမ်မြောက်နဲ့ ၃၉ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေကို အောက်တိုဘာ ၂၆ ရက်ကနေ ၂၈ ရက်အထိ ကျင်းပမှာဖြစ်ပြီး အာဆီယံ အဖွဲ့ကတော့ အာဏာသိမ်းစစ်ခေါင်းဆောင်ကို မဖိတ်ဘဲ နိုင်ငံရေးနဲ့ မပတ်သက်တဲ့ မြန်မာ ကိုယ်စားလှယ်တဦးကို ဖိတ်ကြားခဲ့တာပါ။ 

ဒါနဲ့ပတ်သက်ပြီး စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ အာဆီယံက  နိုင် ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်ကို ဖိတ်ကြားထားကြောင်း မြန်မာမီဒီယာတချို့ကို အတည်ပြုပြောထားပါတယ်။

ဒါပေမဲ့ မြန်မာအနေနဲ့ ထိပ်သီးအစည်းအဝေး တက်ဖြစ်မတက်ဖြစ် မသေချာသေးသလို အာဆီယံကို အကြောင်းလည်း မပြန်ရသေးဘူးလို့  စစ်ကောင်စီ ဒုဝန်ကြီးကပြောပါတယ်။ 

အာဆီယံထိပ်သီးအစည်းအဝေးတက်ဖို့ ဖိတ်ကြားခံရတဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန  ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေးဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ရက်က ဗီဒီယိုကွန်ဖရင့်စနစ်နဲ့ ကျင်းပတဲ့ အာဆီယံ အဆင့်မြင့် အရာရှိကြီးများအစည်းအဝေး (ASEAN Senior Officials’ Meeting) ကိုလည်း တက်ရောက်ခဲ့ဖူးပါတယ်။

စစ်အာဏာသိမ်းပြီးခါစက တရုတ်အစိုးရကိုယ်စားလှယ်တွေနဲ့ ပြုလုပ်ခဲ့တဲ့ အရေးပေါ် အစည်းအဝေးသတင်း ပေါက်ကြားခဲ့လို့ဆိုပြီး  နိုင်ငံ ခြားရေးဝန်ကြီးဌာနက ဝါရင့်သံတမန်တဦးဖြစ်တဲ့  ဦးချမ်းအေး အပါအဝင် နေပြည်တော်က နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိတချို့ကို စစ်ကောင်စီက ဖမ်းဆီးခဲ့တယ်ဆိုပြီး သတင်းတွေ ထွက်ခဲ့ဖူးပါတယ်။ DVB

« Older Entries