ဖလမ်းမြို့နယ်၊ ထလန်ရောန်ရွာရှိ နေအိမ်များကို စစ်ကောင်စီတပ် ဖျက်ဆီး

ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ်၊ ထလန်ရောန်ရွာရှိ လူနေအိမ် သုံးလုံးကို ယနေ့ အောက်တိုဘာ ၂၅ ရက် မွန်းလွဲ ၁ နာရီတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက မီးရှို့ ဖျက်ဆီးသွားကြောင်း ချင်းအမျိုးသား ကာကွယ်ရေးတပ်မတော် (CNDF) မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ “ဒါဟာ စစ်သူ ပုန်ဖြစ်ကြောင်းကို သူတို့ဟာနဲ့သူတို့ သက်သေပြလိုက်တာ ဖြစ်တယ်လို့ ကျွန်တော်တို့က ယူဆပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ ပြည်သူတွေကို သူတို့ရဲ့ ပြည်သူတွေလို့ မသတ်မှတ်တော့ဘူး။ တွေ့သမျှလူက သူ့တို့ရဲ့ ရန်သူလို့ပဲ သတ်မှတ်တော့တယ်။ လက်နက် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ တွေ့သမျှလူ၊ တွေ့သမျှ အိမ်တွေကို မီးရှို့ ဖျက်ဆီးတာဟာ သူတို့ကိုယ်တိုင်က အစိုးရ မ ဟုတ်ဘူး။ သူပုန်တွေ ဖြစ်တယ်။
အဲဒါကြောင့်မို့လို့ ပြည်သူလူထု အနေနဲ့ ကိုယ့်စစ်တပ် ဖြစ်တဲ့ CNDF နဲ့ ပူးပေါင်းပြီးတော့ ဒီသူပုန်စစ်တပ်ကို အမြန်ဆုံး ချေမှုန်းဖို့ ပူးပေါင်း လာမယ်လို့ ကျွန်တော်ယုံ ကြည်ပါတယ်” ဟု ၎င်းက ပြောသည်။
ယနေ့ မနက်ပိုင်းတွင်လည်း ဖလမ်းမြို့နယ်၊ တားရ်ကျေးရွာရှိ နေအိမ် ရှစ်လုံးကို စစ်ကောင်စီ တပ်များက မီးရှို့ဖျက်ဆီးသွားခဲ့သေးသည်ဟု ဒေသခံများက ဆိုသည်။ လက်ရှိအချိန်တွင် စစ်ကားယာဉ်တန်း အစီး ၅၀ ကျော် သည် ဖလမ်းမြို့ လုံပီး ရပ်ကွက်သို့ ရောက်ရှိနေပြီ ဖြစ် ကြောင်း ဒေသခံများထံမှ သိရသည်။ စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် အောက်တိုဘာ ၁၃ ရက်နှင့် ၁၄ ရက်များတွင် ထလန်ရောန် ရွာမှ လူနေအိမ် ၁၃လုံးအား မီးရှို့ ဖျက်ဆီးခဲ့ကြသေးသည်။mizzima