Monthly Archives: Oct 2021

ပုသိမ်ကြီးမြို့နယ်၊ ကြာနီကန်ရွာ အုပ်ချုပ်ရေးမှူးသေနတ်ဖြင့် ပစ်သတ်ခံရ

မန္တလေးတိုင်းဒေသကြီး၊  ပုသိမ်ကြီးမြို့နယ် ၊  ကြာနီကန်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်စိုးကို   ဒေသ ကာကွယ်ရေးတပ်ဖွဲ့နှစ်ဖွဲ့  ပူးပေါင်းပြီး ယနေ့  အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းတွင် သုတ်သင် လိုက်ကြောင်း ပုသိမ်ကြီးမြို့နယ် တော်လှန်ရေးအင်အားစု ( Patheingyi Revolution Force – PRF) က သတင်းထုတ်ပြန်သည်။

PRF  နှင့် မြို့ပြပြောက်ကျား အထူးတပ်ဖွဲ့ (Urban Guerrilla Special Force-UGSF) တို့  ပူးပေါင်းပြီး ယနေ့နံနက် ၈ နာရီ အချိန်ခန့်က သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ဦးတင်စိုးသည် စစ်ကောင်စီအလိုကျ သတင်းပေး ဒ လန် လုပ်နေသည်ကို  တွေ့ရခြင်းကြောင့် ယခုကဲ့သို့ ရှင်းလင်းရခြင်း ဖြစ်သည်ဟု PRF တာ၀န်ရှိသူတစ်ဦးက ပြောသည်။

“သတင်း  တိကျသေချာမှ ရှင်းလင်းသုတ်သင်တာပါ” ဟု  ၎င်းက ဆိုသည်။

”  ဒလန်တင်စိုးအား ကျွန်ုပ်တို့ညီနောင်အဖွဲ့မှ ယနေ့အောက်တိုဘာ ၂၆ ရက် မနက် ၈ နာရီခန့်က အပြစ် ပေး သုတ်သင် ရှင်းလင်းလိုက်သည်။

ထိုနည်းတူ ဖက်ဆစ်အကြမ်းဖက်  စစ်တပ်နှင့်  ပတ် သက် ဆက်နွှယ်နေသည့်  အုပ်ချုပ်ရေးမှူးများ၊ ဒလန်များနှင့်  စစ်ကောင်စီ ထောက်တိုင်များအား ပြင်းထန်စွာ  အပြစ်ပေးသွားမည်  ဖြစ်သည် ” ဟု PRF ၏  သ တင်းထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ပုသိမ်ကြီးမြို့နယ်၊  မြောက်တံတိုင်းရှည် ကျေးရွာမှ စစ်ကောင်စီခန့်  အုပ်ချုပ်ရေးမှူး  ဦးမြင့်နိုင် ဆိုသူသည်လည်း ယမန်နေ့  အောက်တိုဘာ ၂၅ ရက်နေ့က သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ပွဲချင်းပြီး သေဆုံးခဲ့သည်။mizzima

မြောင်းမြထောင်၌ မတရား ဖမ်း ဆီး ခံထားရသည့် အမျိုးသား သေ ဆုံး

ဧရာဝတီတိုင်း၊ မြောင်းမြမြို့ အကျဉ်းထောင်တွင် စစ်ကောင်စီက ပုဒ်မ ၅၀၅ (က) ဖြင့်မတရား ဖမ်းဆီးထားသော အသက် ၆၈ နှစ်အရွယ် ဦးအင်ဟုတ်သည် ယ နေ့ အောက်တိုဘာလ ၂၆ ရက်တွင် သေဆုံးသွားကြောင်း မြောင်းမြမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဦးဝေလင်းအောင်က ပြောသည်။

“ပုဒ်မ ၅၀၅ တွေ ပြန်လွှတ်ပေးချိန်မှာ ပါလာမယ် ထင်ပြီး မပါခဲ့ဘူး။ အခုသူ့ကို စစ်ကောင်စီက ဖမ်းဆီးထားတာမှာ ၁၄၆ ရက်မြောက်နေ့ ဖြစ်ပါတယ်။ ထောင်အ တွင်းမှာ လုံလောက်တဲ့ ဆေးဝါးကုသမှုတွေ မရရှိတာကြောင့် အခုလိုဖြစ်ခဲ့ရတာပါ။ သူ့ကို မတရား ဖမ်းဆီးခဲ့သူတွေဟာ ဒီဖြစ်စဉ်ကို တာဝန်ခံရမယ်။ ကျွန်တော် ရရှိထားတဲ့ သတင်းအရ ဆေးရုံကို ပို့တဲ့အချိန်မှာ အ သက် မရှိတော့ဘူး။ သူ့ကို ဝင်ရောက် ဖမ်းဆီးချိန်မှာလည်း လေးခွတစ်လက်က လွဲလို့ ဘာမှ မိခဲ့တာ မ ဟုတ်ဘူး”လို့  ၎င်းက ပြောသည်။

ဦးအင်ဟုတ်သည်  ယနေ့ နံနက်ပိုင်းတွင် ထောင်အ တွင်း  မူးလဲခြင်းကြောင့် ဆေးရုံသို့ ပို့ဆောင်စဉ် အ သက်ဆုံးပါး ခဲ့ခြင်း ဖြစ်သည်။

ဦးအင်ဟုတ်သည် မြောင်းမြမြို့ နယ်၊ ညောင်ခြေ ထောက် ကျေးရွာရှိ ၎င်း၏ နေအိမ်တွင် ဇွန်လ ၃ ရက်နေ့က ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး ၎င်းအိမ်တွင် နေသော အိမ်ငှားများက ဖောက်ခွဲရေး လုပ်သည်ဆိုသော စွပ် စွဲချက်ဖြင့် စစ်ကောင်စီတပ်များက လာရောက်ရှာဖွေရင်း ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။mizzima

မုံရွာမြို့ပေါ် ဆည်မြောင်းရုံးနှင့်ရဲမှူးကားကို မဟာမိတ်၄ဖွဲ့က ရှော့တိုက်ဒုံး၊ အဝေးထိန်းမိုင်းများဖြင့် ဖောက်ခွဲဖျက်ဆီး၊ စစ်ကောင်စီတပ်သားတချို့ ထိခိုက်ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊မုံရွာမြို့ပေါ်ရှိ ဆည်မြောင်းရုံးနှင့် ရဲမှူးတစ်ဦး၏ ကားကို ယနေ့ အောက်တိုဘာလ ၂၆ ရက်နေ့ မွန်းလွဲ ၂နာရီဝန်းကျင်အချိန် မဟာမိတ်၄ဖွဲ့က ရှော့တိုက်ဒုန်း၊ အဝေးထိန်းမိုင်းများဖြင့် ဖောက်ခွဲဖျက်ဆီးခဲ့လိုက်သဖြင့်  စစ်ကောင်စီတပ်သားတချို့ ဒဏ်ရာရရှိကြောင်း သိရှိရသည်။

မုံရွာမြို့ ကျောက္ကာလမ်း မုံရွာတက္ကသိုလ်နှင့်သန်းကု ဋေအောင်ဆီဆိုင်အနီးတွင်ရှိနေသည့် ရဲမှူး၏ဂျစ်ကားတစ်စီးကို မိုင်းခွဲဖျက်ဆီးခဲ့ပြီး ဂျစ်ကားမှာ အစိတ် စိတ်အမွှာမွှာ ကြေမွပျက်ဆီးသွားကြောင်း သိရှိရသည်။

အလားတူ မုံရွာမြို့ပေါ်ရှိ ဆည်မြောင်းရုံးကို PDF-South Monywa ၊ Monywa Night King ၊ Monywa Heroes Group ၊ Monywa UG Group တို့က ရှော့တိုက်ဒုန်းဖြင့် တိုက်ခိုက်ခဲ့ရာ ရဲတပ်သားတစ်ဦး လက်မောင်းစုတ် ပြတ်ဒဏ်ရာရရှိခဲ့ပြီး ဆည် မြောင်းရုံးအတွင်းမှ သေနတ်ပစ်ဖောက်ခြောက်လှန့်နေကြောင်း သိရှိရသည်။khit thit

မြောင်မြို့နယ်တွင် အမျိုးသမီးပြောက်ကျား စစ်သည်တော်များအဖွဲ့ကို စတင်ဖွဲ့စည်း

စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်တွင် အမျိုးသမီးပြောက်ကျားစစ်သည်တော်များအဖွဲ့ (Myaung Women Warriors –MWW) ကိုစ တင်ဖွဲ့စည်းလိုက်ပြီဟု ယနေ့ အောက်တိုဘာ ၂၆ ရက်တွင် ကြေညာလိုက်သည်။စစ်ကောင်စီမှ မတရားအာဏာသိမ်းယူခဲ့သည့်နေ့ မှစ၍ အမျိူးသမီးထုသည်လည်း သပိတ်ကြောင်းပေါင်းစုံတွင် ကျား/မ တန်းတူပါဝင်ခဲ့ပြီး ယနေ့တွင် တိုက်ပွဲဝင်ရန်ပြင်ဆင်နေသည့် အမျိုးသမီးများဖြစ်လာရကြောင်း ကြေညာ ချက်တွင် ဖော်ပြထားသည်။

“အမျိုးသမီးထုကလည်း ဒီတော်လှန်ရေးအစဆုံးထိ ပါဝင်နေတယ်ဆိုတာ ဆက်ပြီးပါဝင်နေဦးမယ်ဆိုတာကို ကြေညာလိုက်တာပါပဲ။ အမျိုး သမီးထုနဲ့ လူငယ်တွေအတွက် ကျွန်မတို့အားလုံး ပါဝင်နေကြတယ်ဆိုတာ သိသိသာသာမြင်စေချင်လို့ပါ” ဟု MWW အဖွဲ့၏ တာဝန်ရှိသူက မဇ္ဈိမသို့ပြောသည်။“ ကျွန်မတို့သည် အမျိုးသမီးများဖြစ်သည်။ မှန်၏။ ပုခက်လွှဲသောလက်များလည်းဖြစ်သည်။

မှန်ပါသည်။ ထို့အပြင် အာ ဏာရှင်ကို တော်လှန်နေသော အမျိုးသမီးများလည်းဖြစ်ကြပါသည်” ဟူ၍လည်း MWW အဖွဲ့မှ ထုတ်ပြန်ရေးသားထားသည်။ MWW ၏ ရည်ရွယ်ချက် လေးချက်မှာ – အာဏာသိမ်းခြင်းအားလက်မခံ တော်လှန်မည့်အမျိုးသမီးများဖြစ်ကြောင်း၊ အမျိုးသားများနှင့် နည်းတူ၊ တန်းတူ အာဏာရှင်ကို တော်လှန်သည့် နေရာများတွင် အားအင်အပြည့်ပါဝင်သွားမည်ဖြစ်ကြောင်း၊ စစ်မှန်သော ဖက်ဒရယ် ဒီမိုက‌ရေစီနိုင်ငံတော်သစ် တစ်ရပ်ပေါ်ပေါက်လာ‌ရေးအတွက် စွမ်းစွမ်းတမံပါဝင်မည်ဖြစ်ကြောင်းနှင့် အနာဂတ်တွင် ကျားမတန်းတူညီမျှမှုနှင့် ခွဲခြားဆက်ဆံခြင်းကင်းပြီး အမျိုးသမီးများအခန်းကဏ္ဍကို မြှင့်တင်သွားမည်ဟူ၍ ဖြစ်သည်။

ထို့အပြင် လူသားချင်းစာနာမှုမရှိသည့် လုပ်ရပ်များကိုလုပ်ဆောင်နေသော စစ်ကောင်စီကို အသက်ပေးပြီး ခုခံတော်လှန်သွာမည်ဖြစ်ကြောင်းနှင့် အမျိုးသမီးများအပေါ် ညှဉ်းပန်းနှိပ်စက် ဖျက်ဆီးနေခြင်းကိုလက်မခံနိုင်ကြောင်းလည်း MWW အဖွဲ့မှ ပြောသည်။mizzima

တရုတ်ဘက်က ကျူးကျော်ကာထားသည့် နယ်ခြားစည်းရိုးကို ဒေသခံများ ပြန်ဖျက်ပစ်

မြန်မာ-တရုတ် နယ်စပ်၊ မူဆယ်မြို့နယ် ပန်ခမ်းရွာဘက်မှာ တရုတ်ဘက်က နယ်နိမိတ် ကျူးကျော်ကာ နယ်ကျွံကာထားတဲ့ နယ်ခြားစည်းရိုးတွေကို အောက်တိုဘာ ၂၅ ရက်နေ့က ပန်ခမ်းရွာသားတွေက ပြန်ဖျက်ပစ်လိုက်ကြပါတယ်။

ပန်ခမ်း ရွာခံတစ်ဦးက “ပန်ခမ်းကျေးရွာ တရုတ်-မြန်မာနယ်စပ် ခြံစည်းရိုး မြန်မာပြည်ထဲမှာ ဝင်လာတာ။ နယ်နိမိတ်ကျူးကျော်တာ ကျနော်တို့ ရွာသူရွာသားတွေ ပြန်လာဖျက်တယ်။ ငါတို့မြေမှာ တရုတ်တွေ ခြံစည်းရိုး လာဆောက်တာ။ ငါတို့နယ်မြေမှာ ဘယ်သူ့မှ ဆောက်ခွင့်မပေးဘူး။  ငါတို့ မြေ ငါတို့ ကာကွယ်သွားမယ်” လို့ ပြောပါတယ်။

တရုတ်ဘက်က နယ်ခြား နယ်နိမိတ် ကျူးကျော်ကာ ခြံစည်းရိုးကာရံနေတာကို နယ်စစ်လုံခြုံရေးတာဝန်ရှိတဲ့ စစ်ကောင်စီတပ်တွေက လျစ် လျူရှု အရေးယူဆောင်ရွက်ခြင်းမရှိပေမယ့် မူဆယ်၊ နမ့်ခမ်း တဘက်ကမ်းက  ရွာပေါင်း ၁၉ ရွာက  ဒေသခံတွေကတော့ လက်မခံဘဲ မကြာ ခဏ ပြန်ဖျက်ပစ်ခဲ့ကြတယ်လို့ ရွာသားတဦးက ပြောပါတယ်။

“ကျနော်တို့  မူဆယ် နမ့်ခမ်း ဟိုဘက်ကမ်းက  ၁၉ ရွာ အပါဝင် ဒီလို နယ်မြေကျူးကျော်မှုတွေဆိုလျှင် လက်မခံခဲ့တာလည်း  တော်တော်ကြာခဲ့ပြီဗျ။” 

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၈ ရက်လောက်ကလည်း နမ့်ခမ်းမြို့နယ် နောင်ခမ်းကျေးရွာဘက်မှာ တရုတ်ဘက်က နယ်ကျွံကာ နယ်ခြားစည်းရိုး ထပ်ခတ်ခဲ့ပြီး စက်တင်ဘာ ၁၂ ရက်နေ့ကလည်း မူဆယ်မြို့နယ်၊ မန်ဟီးရိုးမြို့နယ်ခွဲ ဟက်ဟင်ရွာဘက်မှာ တရုတ်ဘက်က နယ်ကျွံ စည်းရိုးကာယူထားတာကြောင့် ရွာခံတွေ ဆန္ဒပြကာ စည်းရိုးတွေကို ပြန်ဖျက်ခဲ့ကြပါတယ်။

ခုလို ခြံစည်းရိုးခတ်တာကို ဒေသခံတွေ သဘောမတူပါက မြန်မာဘက်ထွက်တဲ့ ကြံတွေကို ဝယ်ယူမှာ မဟုတ်ဘူးလို့ တရုတ်ဘက်က ‌နယ်စပ်ဒေသခံတွေကို ခြိမ်းခြောက် ဖိအားပေး ပြောဆိုတာရှိတယ်လို့လည်း  ဒေသခံတွေဆီက သိရပါတယ်။

တရုတ်ဘက်က ကိုဗစ်-၁၉ ရောဂါ အကြောင်းပြကာ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် မြန်မာ-တရုတ် နယ်နိမိတ်တလျှောက် နေရာတော်တော်များများမှာ နယ်ခြားစည်းရိုး နယ်ကျွံကာရံယူမှုတွေ ပိုမိုများပြားလာနေပြီး စစ်တပ်အာဏာသိမ်းပြီး  နောက်ပိုင်းမှာလည်း တရုတ်ဘက်က နယ် စပ်ဒေသ‌မှာ နယ်မြေကျူးကျော်ကာ နယ်ခြားစည်းရိုးပိုမို တိုးချဲ့လာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။DVB

စစ်အာဏာသိမ်းပြီးနောက် မတရားနှိပ်စက်သတ်ဖြတ်ခံရသည့် ကျန်းမာရေးဝန်ထမ်း ၂၉ ဦးရှိကြောင်း NUG အစိုးရ ထုတ်ပြန်

စစ်အာဏာသိမ်းပြီးနောက် မတရားနှိပ်စက်သတ်ဖြတ်ခံရသည့် ကျန်းမာရေးဝန်ထမ်း ၂၉ ဦး အထိရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ( NUG )၏ ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့ အောက်တိုဘာလ ၂၅ ရက် ညပိုင်းတွင် ထုတ်ပြန်သည်။ခိုင်လုံသော အချက်အလက်များအရ စစ်အာဏာသိမ်းပြီး ဖေဖော်ဝါရီလ ၁ ရက်မှ စက်တင်ဘာလ ၃ဝ ရက်အထိ မတရား နှိပ်စက်သတ်ဖြတ်ခံရသူ ကျန်းမာရေးဝန်ထမ်း၂၉ ဦး၊ ထိ ခိုက်ဒဏ်ရာရရှိသူ ကျန်းမာရေးဝန်ထမ်း ဦးရေ ၄ဝ နှင့် မတရားဖမ်းဆီးချုပ်နှောင်ခံရသည့် ကျန်းမာရေးဝန်ထမ်း ၂၁ဝ ဦးရှိကြောင်း NUG က ဆိုသည်။

ထို့နောက် အကြမ်းဖက်စစ်ကောင်စီတပ်၏ ကျူးကျော်ဝင်ရောက်ခြင်းခံရသော ကျန်းမာရေးအဆောက်အဦ ၉၂ ခု၊ သိမ်းပိုက်ခြင်း ခံရသော ကျန်းမာရေးအဆောက်အဦ ၅၇ ခု၊ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်း အကြမ်းဖက်ခံရသော ဖြစ်စဉ် ၂၉ဝ နှင့် လိုရာစွဲပုဒ်မများဖြင့် မတရား ဝရမ်းအထုတ်ခံရ၍ တိမ်းရှောင်နေရသူ ကျန်းမာရေးဝန်ထမ်း ၇ဝ၆ ဦးနှင့် အထက် ရှိကြောင်းသိရသည်။

ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်ရှိ ပင်လုံဆေးရုံကို အကြမ်းဖက်စစ်ကောင်စီက ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အပေါ် ပြင်းထန်စွာရှုတ်ချကြောင်း N UG အစိုးရ၏ ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့ ညပိုင်းတွင် ထုတ်ပြန်ခဲ့ရာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကျန်းမာရေးဝန်ထမ်းများ နှိပ် စက်သတ်ဖြတ် ဖမ်းဆီးခံရမှုကိုလည်း ထည့်သွင်းဖော်ပြထားခြင်း ဖြစ်သည်။

စစ်ကောင်စီတပ်များက အောက်တိုဘာလ ၂၄ ရက် မနက် ၃ နာရီခန့်က ပင်လုံအိမ်ရာနှင့် ပင်လုံဆေးရုံအနီးတွင် အငှားယာဉ်တစ်စီးကို ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ယာဉ်ပေါ်တွင် လိုက်ပါလာသူတစ်ဦး သေဆုံးခဲ့ကြောင်း NUG အစိုးရ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့နောက် စစ်ကောင်စီတပ်များက ပင်လုံဆေးရုံကို ပစ်ခတ်ခဲ့ရာ ပင်လုံဆေးရုံ၏ ပထမထပ်ရှိ အထူးကြပ်မတ်ကုသဆောင် (ICU) မှ မှန်တစ်ချပ်ကွဲခဲ့ပြီး ဓာတ်ရောင်ခြည်ဌာန၏ ဝင်ပေါက်ကို ကျည်ဆန်ထိမှန်ခဲ့ကြောင်း ဆိုသည်။

ပစ်ခတ်တိုက်ခိုက်နေစဉ် ဆေးရုံတာဝန်ကျ ကျန်းမာရေးဝန်ထမ်းများနှင့် လူနာများသည် ကြမ်းပြင်တွင် ဝပ်၍ နေခဲ့သောကြောင့်သာ အသက်သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာများ မရရှိခဲ့ခြင်းဖြစ်ကြောင်းလည်း ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

အာဏာသိမ်းစစ်ကောင်စီ၏ ယင်းလုပ်ရပ်များသည် ဂျီနီဗာကွန်ဗန်းရှင်းနှင့် ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် (၂၂၈၆) အပါအ ဝင် ပြည်တွင်းဥပဒေများ၊ နိုင်ငံတကာ ဥပဒေများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေခြင်းဖြစ်ပြီး ပြင်းထန်စွာရှုံ့ချကြောင်း NUG အစိုးရ ၏ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။mizzima

ယခင် NCGUB ဝန်ကြီးဟောင်း ဦးဘိုလှတင့်ကို အမျိုးသားညီညွတ်ရေးအစိုးရ ၏ အာဆီယံဆိုင်ရာ သံအမတ်ကြီးအဖြစ် ခန့်အပ်တာ၀န်ပေး

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သည်၊ အာဆီယံအဖွဲ့ကြီးနှင့် ဆက်ဆံရေး ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းများ ပိုမိုတိုးမြှင့်လုပ်ဆောင်နိုင်ရန်အ တွက် ဦးဘိုလှတင့် အား သံအမတ်ကြီးအဖြစ် အောက်တိုဘာလ ၂၄ ရက်နေ့ ခန့်အပ်တာဝန်ပေးအပ်လိုက်ကြောင်း NUGအစိုးရ တ ရား ဝင်သတင်းထုတ် ပြန်သည်။

ဦးဘိုလှတင့်သည် ၁၉၉၀ ခုနှစ်က ဒေါက်တာစိန်ဝင်းဦးဆောင်သည့် National Coalition Government of the Union of Burma (NCGU B) အစိုးရအဖွဲ့တွင် ဆောက်လုပ်ရေးဝန်ကြီး၊ သတ္တုတွင်းဝန်ကြီးတာဝန်များကို ထမ်းဆောင်ခဲ့ကြောင်း၊ NCG UB ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်းဦးဆောင်သည့် ကုလသမဂ္ဂ မြန်မာကိုယ်စားလှယ်အဖွဲ့တွင်လည်း ပါဝင်တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရှိရသည်။

ထို့နောက် NCGUB အစိုးရအဖွဲ့ ၏ နိုင်ငံခြားရေးဝန်ကြီးတာဝန်ကို ၂၀၁၂ ခုနှစ်အထိထမ်းဆောင်ခဲ့ကြောင်း၊ ယခုအခါ အမျိုးသားညီညွတ်ရေးအစိုးရ NUG က အာဆီယံဆိုင်ရာ သံအမတ်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးအပ်ခဲ့ခြင်းဖြစ် ကြောင်း သိရှိရသည်။khit thit

စမ်းချောင်းပင်မ သပိတ်စစ်ကြောင်း အဖွဲ့ဝင် နေအိမ်ကို အင်အားအလုံးအရင်းဖြင့် စစ်တပ်ဝင်စီး

စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြနေသည့် စမ်းချောင်းပင်မ သပိတ်စစ်ကြောင်း အဖွဲ့ဝင်နှစ်ဦး နေထိုင်ရာ နေအိမ်တစ်လုံးကို ယမန်နေ့ အောက်တိုဘာလ ၂၅ ရက်နေ့ ည ၁၀ နာရီကျော်အချိန်တွင် စစ်ကောင်စီ တပ်ဖွဲ့များက အင်အားအလုံး အရင်းဖြင့် ဝင်ရောက်စီးနင်းခဲ့ကြောင်း စမ်းချောင်းသပိတ်စစ်ကြောင်း တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

ရန်ကုန်မြို့၊ မြေနီကုန်း ဈေးလမ်းအတွင်းရှိ စမ်းချောင်းပင်မသပိတ်စစ်ကြောင်း အဖွဲ့ဝင်တချို့နေရာထိုင်ရာ ထိုနေအိမ်ကို အနည်းဆုံးစစ်ကား ၁၇ စီးနှင့်အတူ အင်အား ၁၀၀ ခန့်ပါဝင်သည့် အာဏာသိမ်း စစ်ကောင်စီတပ်သားများက မြေနီကုန်းအတွင်း ပိတ်ဆို့ကာ လိပ်စာအတိအကျဖြင့် လာရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ထိုသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဝင်ရောက်စီးနင်းမှုကိုခံရသော်လည်း သပိတ်စစ်ကြောင်း အဖွဲ့ဝင်နှစ်ဦးသည် ကြိုတင် တိမ်းရှောင်နိုင်လိုက်သည့်အတွက် ဖမ်းဆီးမခံခဲ့ရကြောင်း သိရသည်။“မြေနီကုန်းကို စစ်ကား ၁၇ စီး အင်အား၁၀၀လောက်နဲ့ အင်အားဖြန့်ပြီး ပိတ်ဖမ်းတာပါ။ အခုအချိန်မှာတော့ အခြေအနေ တည်ငြိမ်သွားပါပြီ။ ကျွန်တော်တို့ ရဲဘော်ကိုတော့ လိပ်စာ အိမ်အတိအကျနဲ့ လာဖမ်းတာပါ။ သူတို့ကိုတော့ အ ခြား မြို့ပြောင်းပြီးလို့ လုံခြုံပါပြီ” ဟု စမ်းချောင်း သပိတ်တာဝန်ရှိသူက ပြောသည်။

သို့သော်လည်း ထိုနေအိမ်တွင်ရှိသော ပရိဘောဂပစ္စည်းတချို့နှင့် သပိတ်ပြုလုပ်ရာတွင် အသုံးပြုသော ပစ္စည်းများအား စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယူဆောင်သွားပြီး နေအိမ်အတွင်းရှိ ပစ္စည်းများကိုလည်း မွှေနှောက်ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည်ဟု ၎င်းက ပြောသည်။“ကျွန်တော်တို့ မြေပြင်မှာ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်တဲ့ သပိတ်ပွဲတွေ ရှေ့တန်းက လုံးဝလက်မလျော့ဘဲ အာဏာရှင်ကို တော်လှန်မှာပါ” ဟု စမ်းချောင်းပင်မသပိတ်စစ်ကြောင်း တာဝန်ရှိသူက ဆိုသည်။

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြနေသည့် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများကို စစ်တပ်က ပစ်မှတ်ထား ဖမ်းဆီးမှုများရှိနေသော်လည်း မြို့ကြီးအများအပြားတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ပြောက်ကျားသပိတ်များ ဆက်ရှိနေဆဲပင် ဖြစ်သည်။mizzima

ကျောက်ပန်းတောင်းက ဒလန်များကို မဟာ မိတ်ပြောက်ကျား ၃ ဖွဲ့က လက်ပစ်ဗုံးဖြင့်တိုက် ခိုက်

မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့မှာ အောက်တိုဘာ ၂၆ ရက်နေ့မနက်ပိုင်းက ဒလန်တွေ စုဝေးထိုင်နေတဲ့နေရာကို ညီနောင်မဟာမိတ်ပြောက်ကျားတပ်ဖွဲ့ ၃ ဖွဲ့ပူးပေါင်းပြီးတိုက်ခိုက်ခဲ့ရာ တစ်ချို့ ဒဏ်ရာရခဲ့တယ်လို့ ကျောက်ပန်းတောင်း 21 ပြောက်ကျားတပ်ဖွဲ့ကနေ သိရပါတယ်။

ကျောက်ပန်းတောင်းမြို့မှာ ဒီကနေ့ မနက် ၁၀ နာရီကျော်လောက်က ကုန်းတော်ကြီး၊ မြသရဖူကားဂိတ် မျက်နှာစာရှေ့မှာ ဒလန်တွေ စုဝေးထိုင်နေတဲ့နေရာကို ကျောက်ပန်းတောင်း 21-ပြောက်ကျားတပ်ဖွဲ့၊ မြင်းခြံ 21-ပြောက်ကျားတပ်ဖွဲ့နဲ့ တောင်သာTTA- ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းပြီးတော့ လက်ဗစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ကျောက်ပန်းတောင်း 21 ပြောက်ကျားတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

အဲဒီ ဒလန်တွေကို လက်ပစ်ဗုံးနဲ့တိုက်ခိုက်ပြီးတော့ အချိန်မီပြန်လည်ဆုတ်ခွာခဲ့ရတာကြောင့် သတင်းပေးဒလန် ပြန်ဆက်ဝန်ထမ်းတစ်ယောက်ထိမှန်သွားတာသာသိရပြီး ဒဏ်ရာရရှိ သူအရေတွက်ကို အတိကျမသိရသေးဘူးလို့ဆိုပါတယ်။

ကျောက်ပန်းတောင်းမြို့နယ် ကမ္ဘာတဲရွာမှာလည်း အောက်တိုဘာ ၂၄ ရက်နေ့ ညနေပိုင်းကလည်း မှုခင်းသတင်းထောက် ဒလန် အုပ်ချုပ်ရေးမှူးတစ်ယောက်ကို ပြည်သူ့ကာကွယ်ရေး ပြောက်ကျားတပ်ဖွဲ့ ၃ ဖွဲ့ပေါင်းပြီးတော့ သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ ပြောပါတယ်။

ကျောက်ပန်းတောင်း KPG-21 ပြောက်ကျားတပ်ဖွဲ့အနေနဲ့ ပထမဆုံးအကြိမ် ဒလန်တစ်ယောက်ရှင်းလင်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ယခင်ကလည်း ဒလန်အိမ်တစ်အိမ်ကို လက်ပစ်ဗုံးနဲ့ ၂ ကြိမ်သတိပေးခဲ့ကာ၊ မိုင်တဲလ်တာဝါတိုင် ၂ တိုင်နဲ့ ကျောက်ပန်းတောင်း စစ်တပ်ကို ဆက်သွယ်ထားတဲ့ ဆက်သွယ်ရေးကြိုးလိုင်းတွေကိုပါ ဖြတ်တောက်ခဲ့နိုင်ခဲ့တယ်လို့ ဆိုပါတယ်။DVB

မဇ္ဈိမ အယ်ဒီတာ ကိုသန်းထိုက်အောင် မတ ရားဖမ်းဆီးခံရသည့် ရက်ပေါင်း ၂၂၂ ရက်အထိ ရှိလာ

မဇ္ဈိမ သတင်းဌာန၏ နေပြည်တော်အခြေစိုက် အယ်ဒီတာ ကိုသန်းထိုက်အောင် မတရားဖမ်းဆီးခံရသည်မှာ ယနေ့ အောက်တိုဘာလ ၂၆ ရက်ထိ ဆိုလျှင် ရက်ပေါင်း ၂၂၂ ရက်အထိ ရှိလာပြီ ဖြစ်သည်။ “ အခု သူက အချုပ်ပဲ ရှိသေးတယ်။ ခုနှစ်လပိုင်း အစလောက်က ရုံးထုတ်ခဲ့ပြီး အခုချိန်ထိ မစစ်ဆေးသေးဘူး။

တရားရုံးက မဖွင့်သေးတော့ သူအမှု အခြေအနေက ရပ်နေတယ်။ သူဘက်က နစ်နာတာပေါ့။ ကျန်းမာရေး ကောင်း မွန်ပါတယ် ”ဟု ကိုသန်းထိုက်အောင် အမှုကို လိုက်ပါ ဆောင်ရွက်ပေးနေသူ တစ်ဦးက ပြောသည်။ နေပြည်တော် ဒက္ခိဏခရိုင် တရားရုံးတွင် မတ်လ ၁၉ ရက်က အ မျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးဝင်းထိန်၏ ရုံးထုတ်မှုကို သွားရောက်ခဲ့သည့် ကိုသန်းထိုက်အောင် နှင့် ဘီဘီစီ သတင်းထောက် ကိုအောင်သူရ တို့ကို စစ်ထောက်လှမ်းရေးများက ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

မတ်လ ၂၂ ရက်တွင် ကိုအောင်သူရ ပြန်လည်လွတ်မြောက်ခဲ့သော်လည်း ကိုသန်းထိုက်အောင်သည် ယနေ့အချိန်ထိ ဖမ်းဆီးခံနေရဆဲ ဖြစ် သည်။ကိုသန်းထိုက်အောင်ကို ဇမ္ဗူသီရိမြို့နယ် အမှတ် (၁) ရဲစခန်းမှ ဒုရဲမှူးသိန်းဌေးက တရားလို ပြုလုပ်ကာ ပုဒ်မ ၅၀၅ (က) ဖြင့် တရား စွဲဆိုခဲ့ခြင်း ဖြစ်သည်။

အောက်တိုဘာ ၁၈ ရက်နှင့် ၁၉ ရက်များတွင် အာဏာသိမ်း စစ်ကောင်စီက ပြန်လွှတ်ခဲ့သော စာရင်းတွင် မဇ္ဈိမသတင်းဌာန ပူးတွဲတည်ထောင်သူ ဒေါ်သင်းသင်းအောင်လည်း ပါဝင်ခဲ့ပြီး သတင်းမီဒီယာသမား ၁၈ ဦး ပြန်လည် လွတ်မြောက်ခဲ့သော်လည်း ကိုသန်းထိုက်အောင် ပါဝင်လာခဲ့ခြင်း မရှိပေ။

စစ်ကောင်စီက အောက်တိုဘာ ၂၁ ရက် အထိ သတင်းမီဒီယာသမား ၁၀၂ ဦးကို ဖမ်းဆီးထားကြောင်း သတင်းသမားများ ဖမ်းဆီးခံရမှုကို ပြုစုထားသည့် စာရင်းများမှ သိရသည်။mizzima

« Older Entries