စစ်အာဏာသိမ်းပြီးနောက် မတရားနှိပ်စက်သတ်ဖြတ်ခံရသည့် ကျန်းမာရေးဝန်ထမ်း ၂၉ ဦးရှိကြောင်း NUG အစိုးရ ထုတ်ပြန်


စစ်အာဏာသိမ်းပြီးနောက် မတရားနှိပ်စက်သတ်ဖြတ်ခံရသည့် ကျန်းမာရေးဝန်ထမ်း ၂၉ ဦး အထိရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ( NUG )၏ ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့ အောက်တိုဘာလ ၂၅ ရက် ညပိုင်းတွင် ထုတ်ပြန်သည်။ခိုင်လုံသော အချက်အလက်များအရ စစ်အာဏာသိမ်းပြီး ဖေဖော်ဝါရီလ ၁ ရက်မှ စက်တင်ဘာလ ၃ဝ ရက်အထိ မတရား နှိပ်စက်သတ်ဖြတ်ခံရသူ ကျန်းမာရေးဝန်ထမ်း၂၉ ဦး၊ ထိ ခိုက်ဒဏ်ရာရရှိသူ ကျန်းမာရေးဝန်ထမ်း ဦးရေ ၄ဝ နှင့် မတရားဖမ်းဆီးချုပ်နှောင်ခံရသည့် ကျန်းမာရေးဝန်ထမ်း ၂၁ဝ ဦးရှိကြောင်း NUG က ဆိုသည်။
ထို့နောက် အကြမ်းဖက်စစ်ကောင်စီတပ်၏ ကျူးကျော်ဝင်ရောက်ခြင်းခံရသော ကျန်းမာရေးအဆောက်အဦ ၉၂ ခု၊ သိမ်းပိုက်ခြင်း ခံရသော ကျန်းမာရေးအဆောက်အဦ ၅၇ ခု၊ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်း အကြမ်းဖက်ခံရသော ဖြစ်စဉ် ၂၉ဝ နှင့် လိုရာစွဲပုဒ်မများဖြင့် မတရား ဝရမ်းအထုတ်ခံရ၍ တိမ်းရှောင်နေရသူ ကျန်းမာရေးဝန်ထမ်း ၇ဝ၆ ဦးနှင့် အထက် ရှိကြောင်းသိရသည်။
ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်ရှိ ပင်လုံဆေးရုံကို အကြမ်းဖက်စစ်ကောင်စီက ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အပေါ် ပြင်းထန်စွာရှုတ်ချကြောင်း N UG အစိုးရ၏ ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့ ညပိုင်းတွင် ထုတ်ပြန်ခဲ့ရာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကျန်းမာရေးဝန်ထမ်းများ နှိပ် စက်သတ်ဖြတ် ဖမ်းဆီးခံရမှုကိုလည်း ထည့်သွင်းဖော်ပြထားခြင်း ဖြစ်သည်။
စစ်ကောင်စီတပ်များက အောက်တိုဘာလ ၂၄ ရက် မနက် ၃ နာရီခန့်က ပင်လုံအိမ်ရာနှင့် ပင်လုံဆေးရုံအနီးတွင် အငှားယာဉ်တစ်စီးကို ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ယာဉ်ပေါ်တွင် လိုက်ပါလာသူတစ်ဦး သေဆုံးခဲ့ကြောင်း NUG အစိုးရ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့နောက် စစ်ကောင်စီတပ်များက ပင်လုံဆေးရုံကို ပစ်ခတ်ခဲ့ရာ ပင်လုံဆေးရုံ၏ ပထမထပ်ရှိ အထူးကြပ်မတ်ကုသဆောင် (ICU) မှ မှန်တစ်ချပ်ကွဲခဲ့ပြီး ဓာတ်ရောင်ခြည်ဌာန၏ ဝင်ပေါက်ကို ကျည်ဆန်ထိမှန်ခဲ့ကြောင်း ဆိုသည်။
ပစ်ခတ်တိုက်ခိုက်နေစဉ် ဆေးရုံတာဝန်ကျ ကျန်းမာရေးဝန်ထမ်းများနှင့် လူနာများသည် ကြမ်းပြင်တွင် ဝပ်၍ နေခဲ့သောကြောင့်သာ အသက်သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာများ မရရှိခဲ့ခြင်းဖြစ်ကြောင်းလည်း ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။
အာဏာသိမ်းစစ်ကောင်စီ၏ ယင်းလုပ်ရပ်များသည် ဂျီနီဗာကွန်ဗန်းရှင်းနှင့် ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် (၂၂၈၆) အပါအ ဝင် ပြည်တွင်းဥပဒေများ၊ နိုင်ငံတကာ ဥပဒေများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေခြင်းဖြစ်ပြီး ပြင်းထန်စွာရှုံ့ချကြောင်း NUG အစိုးရ ၏ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။mizzima