မဇ္ဈိမ အယ်ဒီတာ ကိုသန်းထိုက်အောင် မတ ရားဖမ်းဆီးခံရသည့် ရက်ပေါင်း ၂၂၂ ရက်အထိ ရှိလာ

မဇ္ဈိမ သတင်းဌာန၏ နေပြည်တော်အခြေစိုက် အယ်ဒီတာ ကိုသန်းထိုက်အောင် မတရားဖမ်းဆီးခံရသည်မှာ ယနေ့ အောက်တိုဘာလ ၂၆ ရက်ထိ ဆိုလျှင် ရက်ပေါင်း ၂၂၂ ရက်အထိ ရှိလာပြီ ဖြစ်သည်။ “ အခု သူက အချုပ်ပဲ ရှိသေးတယ်။ ခုနှစ်လပိုင်း အစလောက်က ရုံးထုတ်ခဲ့ပြီး အခုချိန်ထိ မစစ်ဆေးသေးဘူး။
တရားရုံးက မဖွင့်သေးတော့ သူအမှု အခြေအနေက ရပ်နေတယ်။ သူဘက်က နစ်နာတာပေါ့။ ကျန်းမာရေး ကောင်း မွန်ပါတယ် ”ဟု ကိုသန်းထိုက်အောင် အမှုကို လိုက်ပါ ဆောင်ရွက်ပေးနေသူ တစ်ဦးက ပြောသည်။ နေပြည်တော် ဒက္ခိဏခရိုင် တရားရုံးတွင် မတ်လ ၁၉ ရက်က အ မျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးဝင်းထိန်၏ ရုံးထုတ်မှုကို သွားရောက်ခဲ့သည့် ကိုသန်းထိုက်အောင် နှင့် ဘီဘီစီ သတင်းထောက် ကိုအောင်သူရ တို့ကို စစ်ထောက်လှမ်းရေးများက ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
မတ်လ ၂၂ ရက်တွင် ကိုအောင်သူရ ပြန်လည်လွတ်မြောက်ခဲ့သော်လည်း ကိုသန်းထိုက်အောင်သည် ယနေ့အချိန်ထိ ဖမ်းဆီးခံနေရဆဲ ဖြစ် သည်။ကိုသန်းထိုက်အောင်ကို ဇမ္ဗူသီရိမြို့နယ် အမှတ် (၁) ရဲစခန်းမှ ဒုရဲမှူးသိန်းဌေးက တရားလို ပြုလုပ်ကာ ပုဒ်မ ၅၀၅ (က) ဖြင့် တရား စွဲဆိုခဲ့ခြင်း ဖြစ်သည်။
အောက်တိုဘာ ၁၈ ရက်နှင့် ၁၉ ရက်များတွင် အာဏာသိမ်း စစ်ကောင်စီက ပြန်လွှတ်ခဲ့သော စာရင်းတွင် မဇ္ဈိမသတင်းဌာန ပူးတွဲတည်ထောင်သူ ဒေါ်သင်းသင်းအောင်လည်း ပါဝင်ခဲ့ပြီး သတင်းမီဒီယာသမား ၁၈ ဦး ပြန်လည် လွတ်မြောက်ခဲ့သော်လည်း ကိုသန်းထိုက်အောင် ပါဝင်လာခဲ့ခြင်း မရှိပေ။
စစ်ကောင်စီက အောက်တိုဘာ ၂၁ ရက် အထိ သတင်းမီဒီယာသမား ၁၀၂ ဦးကို ဖမ်းဆီးထားကြောင်း သတင်းသမားများ ဖမ်းဆီးခံရမှုကို ပြုစုထားသည့် စာရင်းများမှ သိရသည်။mizzima