Monthly Archives: Oct 2021

ကန်ဒေါ်လာဈေး၊ ရွှေဈေး ဆက်လက်ကျဆင်း

စစ်အာဏာသိမ်းပြီးနောက် နိုင်ငံရေး၊ စီးပွားရေး မတည်ငြိမ်မှုတွေနဲ့အတူ တရိပ်ရပ်မြင့်တက်ခဲ့တဲ့ ဒေါ်လာဈေး နဲ့ ရွှေဈေးနှုန်းတွေဟာ အခုရက်ပိုင်းမှာ ပြန်လည်ကျရိပ်ပြလာပါတယ်။

တစ်လအတွင်း ဒေါ်လာဈေး တစ်ဒေါ်လာကျပ် ၉၀၀နီးပါး ကျဆင်းခဲ့ပြီး၊ ရွှေဈေးက တစ်လအတွင်း ကျပ် ၅ သိန်းနီးပါး ပြန်ကျဆင်းလာတာပါ။

ပြီးခဲ့တဲ့ စက်တင်ဘာလ နှောင်းပိုင်းမှာ မြန်မာကျပ်ငွေနဲ့ကန်ဒေါ်လာငွေလဲနှုန်း တစ်ဒေါ်လာကို ကျပ် ၃၀၀၀ နီးပါးထိ စံချိန်တင်ဈေးမြင့်တက်ခဲ့ပေမဲ့ အောက်တိုဘာ ၂၇ရက်နေ့မှာတော့ တစ်ဒေါ်လာကို ကျပ် ၁၈၃၀ထိ ပြန်ကျဆင်းလာပါတယ်။ 

အလားတူ ရွှေဈေးနှုန်းကလည်း တစ်ကျပ်သားကို ကျပ် ၂၂၀၀၀၀၀ ထိ စံချိန်မြင့်တက်ခဲ့ရာကနေ အခုအခါမှာ ကျပ် ၁၇၁၀၀၀၀ ကို ပြန်ကျဆင်းခဲ့တာပါ။

စစ်ကောင်စီ ဗဟိုဘဏ်ကလည်း ဒေါ်လာစျေးကျဆင်းဖို့အတွက် စျေးကွက်အတွင်း ဒေါ်လာထုတ် ရောင်းချတာကို ပမာဏတိုးပြီး ခပ်စိပ်စိပ်လုပ်ဆောင်လာပါတယ်။ 

အခုလအတွင်းမှာပဲ  ဒေါ်လာသန်း ၁၁၀ အထိ စံချိန်တင် ထုတ်ရောင်းချထားပြီး အရင်လတွေထက် ၂ ဆလောက် ပိုများလာပါတယ်။

လက်ရှိမှာ ဒေါ်လာစျေး၊ ကမ္ဘာ့ရွှေစျေးနဲ့အတူ ပြည်တွင်းရွှေစျေး လိုက်ပါကျဆင်းနေပြီး၊ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်တွေ အသင်းကလည်း စျေးကွက်ကလိုအပ်တဲ့ ရွှေကို ထုတ်ရောင်းချပေးနေတဲ့အတွက် ရွှေက အကျဘက်ကို သွားနေတာလို့ အသင်းတာဝန်ရှိသူက ပြည်တွင်းမီဒီယာတစ်ခုကို ပြောကြားထားပါတယ်။ 

ကမ္ဘာ့ရွှေစျေးကလည်း အခုအခါမှာ ကျရိပ်ပြနေပြီး ဒီကနေ့မှာတော့ ရွှေတစ်အောင်စကို အမေရိကန် ဒေါ်လာ၁၇၈၉ ရှိနေပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၅ ရက်နေ့ကတော့ ရွှေတစ်အောင်စကို အမေရိကန်ဒေါ်လာ ၁၇၉၉ ဒါ်လာထိရှိခဲ့ပါတယ်။

အဲလိုကျရိပ်ပြနေပေမဲ့လည်း ပြီးခဲ့တဲ့ စက်တင်ဘာ ၂၉ရက်နေ့က ကမ္ဘာ့ရွှေတစ်အောင်စကို အမေရိ ကန်ဒေါ်လာ ၁၇၃၉ ဒေါ်လာသာရှိခဲ့ပြီး ဒေါ်လာစျေးမြင့်တက်နေတာကြောင့် ပြည်တွင်းရွှေစျေးက တစ်ကျပ်သား ကို ကျပ် ၂၂ သိန်းဝန်းကျင်ထိ စံချိန်တင်အမြင့်ဆုံးစျေးကို ရောက်ရှိခဲ့ပါတယ်။DVB

နေပြည်တော်တွင် စစ်ကောင်စီခန့် ရာအိမ်မှူး ၁ ဦး ပစ်သတ်ခံရ

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဇီးကုန်းကျေးရွာအုပ်စု၊ သာယာဝှမ်းကျေးရွာအနီးမှာ စစ်ကောင်စီခန့်ရာအိမ်မှူး ဦးဌေးအောင်  အောက်တို ဘာလ ၂၆ ရက် မနေ့ညနေ ၅ နာရီလောက်က ပစ်သတ်ခံလိုက်ရတယ်လို့ ဒေသခံ တွေဆီကသိရပါတယ်။

ဒေသခံတဦးက “ပစ်သတ်ခံရသူက စစ်ကောင်စီခန့်ရာအိမ်မှူး ဦးဌေးအောင်လေ။ ညနေက ဆိုင်ကယ်နဲ့ ကျည်တောင်ကန်ကျေးရွာဘက်ကနေ ဇီးကုန်းဘက်ကို ရွာလမ်းအတိုင်းပြန်လာရင်း လမ်းမှာပစ်သတ်ခံရတာ။ ကျည်ဆန်မှန်ရာ ၄ ချက်တွေ့တယ်။ နေရာမှာသေသွားတယ်” လို့ ပြောပြပါတယ်။

ရာအိမ်မှူး ဦးဌေးအောင်ဟာ စစ်ကောင်စီတပ်သားတွေနဲ့ ရောရောနှောနှောနေတတ်ပြီး ဒေသခံလူငယ်တွေအား မျက်ခြည်မပြတ်စောင့်ကြည့်ကာ စစ်ကောင်စီကို သတင်းပေးနေတဲ့ ဒလန်တဦးဖြစ်တယ်လို့လည်း ဒေသခံတဦးက ပြောပါတယ်။

ဦးဌေးအောင်ဟာ နေပြည်တော်မှာ စစ်ကောင်စီထောက်တိုင် အုပ်ချုပ်ရေးအဖွဲ့ဝင်တွေထဲက ပထမဆုံး ပစ်သတ်ခံရသူဖြစ်ပြီး အဆိုပါပစ်ခတ်မှုကို ဘယ်အဖွဲ့က ပြုလုပ်တယ်ဆိုတာ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။

အခုရက်ပိုင်း နေပြည်တော်မှာ ပစ်ခတ်တိုက်ခိုက်မှုတွေအပါအဝင် ဗုံးခွဲတိုက်ခိုက်မှုတွေ ခပ်စိတ်စိတ်ဖြစ်လာကာ စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးမှုတွေလည်း ရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။DVB

ဒီးမော့ဆိုတိုက်ပွဲတွင် စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံး

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှာ အောက်တိုဘာ ၂၆ ရက် မနေ့ညနေပိုင်းက စစ်ကောင်စီယဉ်တန်းကို ကရင်နီအမျိုးသားကာကွယ်ရေးတပ်က မိုင်းဆွဲတိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်ဘက်က  ၁၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့  (KNDF) က ထုတ်ပြန်ထားပါတယ်။

မနေ့ညနေပိုင်းက  ဒီးမာ့ဆိုနဲ့ ဖရူဆိုမြို့နယ်ဘက် စစ်ကြောင်းထိုလာတဲ့ စစ်ကောင်စီယာဉ်တန်းကို ဒီးမော့ဆိုမြိုနယ်၊ ထွီလွီးဘီလာကျေးရွာနဲ့ ငွေတောင်ရွာသစ် ကျေးရွာကြား ကရင်နီပူးပေါင်းတပ်တွေက မိုင်ဆွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ၁၀ ဦးထက်မနည်း သေဆုံးပြီး စစ်ကား ၂ စီး ပျက်စီးခဲ့ကြောင်း နဲ့ ကရင်နီပူးပေါင်းတပ်ဘက်တော့ ထိ ခိုက်မှုမရှိခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။ 

စစ်ကောင်စီတပ်တွေဟာ   ဒီး‌မော့ဆိုသဲတောင်နဲ့ ခြေရာတော်ဘုရား အနီးတဝိုက်မှာ တပ်စွဲထားပြီး လက်နက်ကြီး လက်နက်ငယ်တွေနဲ့  လူနေရပ်ကွက်တွေဆီ ပစ်ခတ်ခဲ့သလို ဒီတိုက်ပွဲဖြစ်ပွားရာ ဒီး‌မော့ဆိုမြို့ကောင်းကင်ယံမှာ   စစ်လေယာဉ်တွေပျံဝဲခဲ့တယ်လို့လည်း  KNDF တပ်က ဆိုပါတယ်။

စစ်ကောင်စီတပ်တွေဟာ ဖယ်ခုံ၊ မိုးဗြဲ၊ ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့နယ်တို့မှာ စစ်ဆင်‌ရေး တွေ အပြင်းအထန် ပြုလုပ်နေပြီး  အခုရက်ပိုင်း မိုးဗြဲနဲ့ ဒီးမော့ဆိုတို့မှာ  တိုက်ပွဲဆက်တိုက် ဖြစ်ပွားနေပါတယ်။ 

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၁ ရက်ကလည်း  ဖရူဆုမို့နယ် ထားလဲကျေးရွာ၊ ဘောလခဲမြို့နယ် နန်းမဲကျေးရွာနဲ့ ကျိုးပင်ကုန်းကျေးရွာတွေမှာ  စစ်ကောင်စီတပ်တွေကို ကရင်နီပူးပေါင်းတပ်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲ ၄  ကြိမ်ဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်က  ၂၆ ဦးသေဆုံး၊ စစ်ကား ၃ စီး ပျက်စီးခဲ့ပါတယ်။ DVB

၂၀၂၀ ရွေးကောက်ပွဲ၌ တကြိမ်ထက်ပိုမဲပေးသူများကို တရားစွဲရန် စစ်ကောင်စီကော်မရှင် ညွှန်ကြား

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်က ကျင်းပပြီးစီးခဲ့တဲ့ ပါတီစုံဒီမိုကရေစီ  အထွေထွေရွေးကောက်ပွဲမှာ  တကြိမ်ထက်ပို မဲပေးခဲ့သူတွေကို တ ရားစွဲအရေးယူဖို့ စစ်ကောင်စီက ဖွဲ့စည်းထားတဲ့ ရွေးကောက်ပွဲ ကော်မရှင်က ညွှန်ကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ သက်ဆိုင်ရာမြို့နယ်အလိုက် နိုင်ငံသားစိစစ်ရေးကတ်အမှတ် တခုတည်းနဲ့ မဲစာရင်းမှာ ၂ ကြိမ် ၃ ကြိမ်နဲ့အထက် ပါ ဝင်သူတွေရဲ့ ဆန္ဒမဲပေးမှုအခြေအနေတွေကို စိစစ်နေပြီး နိုင်ငံသားစိစစ်ရေးကတ်အမှတ်တူ နာမည်တူနဲ့ ကျန်အချက်အလက်အားလုံးတူတဲ့ မဲ ဆန္ဒရှင် တယောက်တည်းက မဲရုံမဲနဲ့ ကြိုတင်မဲပေးတာ၊ ဒါမှမဟုတ် တကြိမ်ထက်ပိုပြီးဆန္ဒမဲပေးတဲ့ ဆန္ဒရှင်တွေကို သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၅၉ နဲ့အညီ သက်ဆိုင်ရာ ရဲစခန်းတွေမှာ အမှုဖွင့်အရေးယူနိုင်ရေး အကြောင်းကြားထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

မဲဆန္ဒရှင်စာရင်းတွေကို စိစစ်တာဟာ သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၅၃ အရ စီစစ်တာလို့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က ဆိုပါတယ်။ 

ပြီးတော့ စိစစ်တွေ့ရှိချက်တွေအရ တကြိမ်ထက်ပိုပြီး ဆန္ဒမဲပေးတာဟာ ရွေးကောက်ပွဲ ပျက်ပြားစေဖို့ ဆောင်ရွက်တာဖြစ်ပြီး နောင်အခါ အဲဒီ ပြစ်မှု မကျူးလွန်နိုင်ဖို့ အရေးယူဖို့လိုအပ်တာကြောင့် ညွှန်ကြားခဲ့တာ လို့လည်း ဆိုပါတယ်။

အဲ့ဒီလို သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၅၉ နဲ့အညီ အမှုဖွင့်အရေးယူ နိုင်ရေး ဆောင်ရွက်ရာမှာ မြို့နယ် နယ်မြေရဲတပ်ဖွဲ့စခန်းတွေရဲ့ အကြောင်းပြန်ကြားချက်အရ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲတွေအနေနဲ့ အမှုဖွင့်လှစ် အရေးယူဆောင်ရွက်နိုင်တာ မရှိသေး​ကြောင်း တင်ပြလာတယ် လို့လည်း ညွှန်ကြားစာမှာ ဖော်ပြထားပါတယ်။

တကြိမ်ထက်ပို မဲပေးတာဟာ ရာဇသတ်ကြီးပုဒ်မ ၁၇၁- (ဃ) နဲ့ (စ) အရ တနှစ်အထိထောင်ဒဏ် တမျိုးမျိုးဖြစ်စေ ငွေဒဏ်ဖြစ်စေ၊ ဒဏ် ၂ ရပ် လုံးဖြစ်စေ ချမှတ်ရမယ်လို့ ပြဋ္ဌာန်းထားတယ်လို့ စစ်ကောင်စီရဲ့ ကော်မရှင်က  ဆိုပါတယ်။

ဒါကြောင့် သက်ဆိုင်ရာမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေအနေနဲ့ တကြိမ်ထက်ပိုပြီး ဆန္ဒမဲပေးခဲ့သူတွေကို သက်ဆိုင်ရာတရားရုံးမှာ ရာဇသတ်ကြီးပုဒ်မ ၁၇၁ – (ဃ) နဲ့တရားစွဲဆို ဆောင်ရွက်သွားဖို့ အကြောင်းကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲပြစ်မှုကျူးလွန်သူတွေကိုလည်း အရေးယူနေတယ်လို့ ကော်မရှင်က ထုတ်ပြန်ထားခဲ့ပါတယ်။

ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီ၀င်တချို့ဆီကနေ ကော်မရှင်တံဆိပ်တုံး အတုတွေဖမ်းမိခဲ့သလို မဲမသမာမှုလုပ်တာတွေလည်း သက်သေနဲ့ မိခဲ့တာတွေရှိခဲ့ပါတယ်။

ရွေးကောက်ပွဲအပြီး ၂ လအကြာမှာ အာဏာာသိမ်းလိုက်တဲ့ စစ်တပ်ဟာ ၂၀၂၀  ရွေးကောက်ပွဲရလဒ်ကို  ပယ်ဖျက်ကြောင်း ကြေညာထားပြီး ရွေးကောက်ပွဲ ကော်မရှင် တာ၀န်ရှိသူတွေကိုလည်း ဖမ်းဆီးထိန်းသိမ်းခဲ့တာပါ။ 

ဒါအပြင် မဲစာရင်းမှားယွင်းမှုတွေကို အကြောင်းပြပြီး မဲမသမာမှုလုပ်တယ်လို့ စွပ်စွဲ  အာဏာသိမ်းခဲ့ပေမဲ့ ခုအချိန်အထိ မဲမသမာမှု အထောက်အထား ခိုင်ခိုင်မာမာပြသနိုင်ခြင်းမရှိပါဘူး။ 

ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူတွေနဲ့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာကလည်း ၂၀၂၀ ရွေးကောက်ပွဲဟာ လွတ်လပ် တရားမျှတတဲ့ ရွေးကောက်ပွဲအဖြစ် အသိအမှတ်ပြု ကြေညာထားကြပါတယ်။  DVB

လှိုင်သာယာမြို့နယ်တွင် YBS (၂၀) ယာဉ်ပေါ် ဗုံးပေါက်၊ လူငယ် ၄ ဦး ဖမ်းခံရ

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်တွင် ဂက်(စ်)ဆိုင်ရှေ့ရပ်ထားသော YBS (၂၀) ယာဉ်ပေါ်၌ ဗုံးပေါက်ခဲ့ပြီးနောက် ထိုနေရာအနီး ဖြတ်သွားသော လူငယ် အမျိုးသား လေးဦးကို စစ်ကောင်စီက ဖမ်းဆီးသွားသည်ဟု ဒေသခံများထံက သိရသည်။

အဆိုပါ ပေါက်ကွဲမှုသည် လှိုင်သာယာမြို့ နယ်၊ အနော်ရထာလမ်းမပေါ် ရိုးကြီးမှတ်တိုင် အကျော်ရှိ CNG Gas ဆိုင်အနီးတွင် ယနေ့ အောက်တို ဘာ ၂၇ ရက် မနက် ၁၁ နာရီခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ “ဂတ်စ်ဆိုင်မှာ ဖြည့်ဖို့ တန်းစီနေတဲ့ ဘတ်စ်ကားတွေပါ။ အဲထဲကမှ YBS (၂၀) ပေါ်မှာ ပေါက်တာပါ။ အလွဲအချော်ဖြစ်တဲ့ သဘောမို့ ပေါက်တော့လည်း အငွေ့လောက်ပဲ ထွက်လာလို့ ကားပေါ်ဗုံးရှိနေတယ်ဆိုတာ သိရတာပါ။

လူရော၊ ကားရော ထိခိုက်ပျက်စီးတာမျိုး မရှိခဲ့ပါဘူး” ဟု မျက်မြင်တွေ့ခဲ့ရသူက မဇ္စျိမကို ပြောသည်။ ပြည်သူထိခိုက်မှု မဖြစ်အောင် စစ်ဆင် ရေး ပြုလုပ်ရန် ကြိုးပမ်းခဲ့သော်လည်း လွဲချော်မှု တစ်ခုကြောင့် မဖြစ်မြောက်ခဲ့ခြင်း ဖြစ်ကြောင်း အမည်မဖော်လိုသော အဖွဲ့တစ်ဖွဲ့က ပြော သည်။

ဗုံးပေါက်ကွဲမှုကြောင့် လှိုင်သာယာမြို့နယ်အတွင်း လုံခြုံရေး တင်းကျပ်ထားပြီး အနီးတစ်ဝိုက်ရှိ CCTV ကင်မရာများကိုပါ စစ်ဆေးနေသည်ဟု ဒေသခံများက ပြောသည်။ YBS (၂၀) ယာဉ်လိုင်းသည် စစ်အာဏာရှင်ဟောင်း ဦးနေဝင်း၏ ‌မြေးများ ပိုင်ဆိုင်သည့် ယာဉ်လိုင်း ဖြစ်သည်။mizzima

တောင်သာမြို့၌ ထောက်ခံစာလာလုပ်သူနှစ်ဦးက ကျေးရွာအုပ်ချုပ်ရေးမှူးကို သေနတ်ဖြင့်ပစ်ခတ်

မန္တလေးတိုင်း တောင်သာမြို့နယ် အရှေ့ချောင်းဆုံကျေးရွာမှာ အောက်တိုဘာ ၂၇ ရက်မနက်ပိုင်းက ထောက်ခံစာပြုလုပ်သူနှစ်ဦးက  အုပ်ချုပ်ရေးမှူးကို သေနတ်နဲ့ ပစ်ခတ်သွားပါတယ်။

အရှေ့ချောင်းဆုံကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမှတ်တင်ရဲ့ နေအိမ်ကို အမည်မသိ အမျိုးသားနှစ်ဦးက ထောက်ခံစာလာလုပ်ရင်း သေနတ်နဲ့ ဝင်ရောက်ပစ်ခတ်ခဲ့တာလို့ ဒေသခံတွေဆီကသိရပါတယ်။

“မနက် ၇ နာရီလောက်က အုပ်ကြီးအိမ်မှာ လူနှစ်ယောက်ရောက်က ထောက်ခံစာလိုချင်လို့ပါဆိုပြီး အုပ်ကြီးအိမ်ပေါ်တက်လာတယ်။ အုပ်ကြီးက လူတစ်ယောက်နဲ့ စကားပြောနေတုန်း မဆိုင်သူဘေးဖယ်ဆိုပြီး အုပ်ကြီးကို ပစ်သွားတာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အုပ်ချုပ်ရေးမှူး ဦးမှတ်တင်ကို သေနတ်ဒဏ်ရာ (စိုးရိမ်ရ) ကြောင့် ဆေးရုံပို့ထားပြီး သူနဲ့ အတူရှိတဲ့ အမျိုးသားတစ်ဦးကိုတော့ သေနတ်နဲ့ ပစ်မသွားပါဘူး။

အုပ်ချုပ်ရေးမှူး သေနတ်နဲ့အပစ်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့က အင်အားအလုံးအရင်းနဲ့ ကျေးရွာကို ရောက်ရှိလာပြီး စစ်ဆေးမှုတွေ ပြု လုပ်နေပါတယ်။DVB

၂၂ လောင်း သင်္ဂြိုဟ်ပေးပြီးနောက် လက်နက် ကိုင်ခေါင်းဆောင် ဖြစ်လာသူ 

သိုသိုသိပ်သိပ် နေထိုင်လှုပ်ရှားကြသည့် လက်နက်ကိုင်တော်လှန်ရေးသမားများမှာ အင်တာနက်အသုံးပြုရာတွင် ဂရုစိုက်ဆင်ခြင်ကြသော်လည်း မြင်းခြံမှ မြို့ပြပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင်မှာ အများနှင့် သိသိသာသာကွဲပြားနေသည်။

၄၇ နှစ်အရွယ် ကိုသက်ကြီး ခေါ် ဦးသက်နိုင်အောင်သည် လက်နက်မျိုးစုံကိုင်ဆောင်ပြကာ စတိုင်အမျိုးမျိုးပေးထားသော ဓာတ်ပုံများကို Facebook တွင် တင်၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို စိန်ခေါ်လျက်ရှိသည်။ 

“သူတို့ကို မကြောက်ပါဘူး။ မကြောက်လို့လည်း လက်နက်မရှိစဉ်ကတည်းက သူတို့ကို တော်လှန်ခဲ့တာ။ အခု လက်နက်ရှိပြီဆိုတော့ ပိုပြီး မကြောက်တာပေါ့” ဟု Zero ပြောက်ကျားတပ်ဖွဲ့၏ ခေါင်းဆောင်က ပြောသည်။

ထို့အပြင် အောက်တိုဘာ ၂၀ သီတင်းကျွတ်လပြည့်နေ့တွင် မောင်းပြန်သေနတ်များ နောက်ခံထား၍ ထိုင်နေသော သူ့ကိုလက်နက်ကိုင်လူငယ်များက သီတင်းကျွတ်ကာလ ဓလေ့ထုံးတမ်းအတိုင်း ကန်တော့နေပုံကိုလည်း ၎င်းတို့တပ်ဖွဲ့၏ Facebook စာမျက်နှာတွင် တင်ထားသည်။ 

မတ် ၃ ရက်နေ့တွင် အာဏာသိမ်းစစ်ကောင်စီတပ်၏ လက်ချက်ကြောင့် မြင်းခြံတွင် ငြိမ်းချမ်းစွာ ဆန္ဒပြနေသည့် ၂၂ နှစ် အရွယ် ကိုဇင်ကိုကိုဇော် ဦးခေါင်းပွင့် သေဆုံးကာ ၁၅ ဦး ဒဏ်ရာရရှိခဲ့သည်။ 

သူ့နည်းတူ အမှတ် ၁၉ စွန်းလွန်းရပ်ကွက်တွင် နေထိုင်သော ကိုဇင်ကိုကိုဇော်မှာ မြင်းခြံမြို့၌ စစ်ကောင်စီလက်ချက်ဖြင့် ပထမဆုံး ကျည်ထိမှန်သေဆုံးခြင်းဖြစ်ရာ ထိုဖြစ်ရပ်ကြောင့် လက်နက်ကိုင်ခုခံရန် ဆုံးဖြတ်ခဲ့သည်ဟု ကိုသက်ကြီးက ပြောသည်။ 

သူ့မျက်စိရှေ့တွင်ပင် ပစ်သတ်ခံရသည့် လူငယ်အရေအတွက် တဖြည်းဖြည်း များပြားလာသည်။ 

ကိုသက်ကြီးသည် ထိုလူငယ်အပါအဝင် ပစ်သတ်ခံရသည့် ဆန္ဒပြသူများ၏ ရုပ်အလောင်း ၂၂ လောင်းကို ကျည်ဆန်ကြား၊ မျက်ရည်ယိုဗုံးကြားထဲမှ စွန့်စားကောက်ယူကာ ဈာပနကော်မတီဖွဲ့၍ သင်္ဂြိုဟ်ပေးခဲ့သူ၊ သေဆုံးသူများ၏ မိသားစုဝင်များအတွက် အလှူခံကာ ထောက်ပံ့ခဲ့သူလည်း ဖြစ်သည်။ 

“ကျွန်တော်ကိုယ်တိုင် (ကျည်ဆန်) မှန်တဲ့ ကလေးတွေကို ကောက်တယ်။ ကျွန်တော်ကိုယ်တိုင် ရေးချိုးသန့်စင်တယ်။ ကျွန်တော်ကိုယ်တိုင် မြေချတဲ့အထိ အလောင်းတိုင်း ကျွန်တော်ပါဝင်ခဲ့တယ်ဗျ။ အဲဒီကနေ စပြီး ပိုပြီး ပေါက်ကွဲတာပေါ့ ။ အဲဒီကနေ တော်လှန်ရေးကို ပြင်းပြင်းထန်ထန်လုပ်ဖြစ်တာဗျ” ဟု ၎င်းက ပြောသည်။   

ကိုသက်ကြီးသည် ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်နိုင်တင်းကပ်ဘေး မြန်မာနိုင်ငံသို့ ရောက်လာသည့် ၂၀၂၀ တွင် မြင်းခြံနာရေးကူညီမှုအသင်းနှင့် ချိတ်ဆက်ပြီး အင်တိုက်အားတိုက် လုပ်အားပေးခဲ့သူဖြစ်သည်ဟု ဒေသခံပရဟိတသမားတစ်ဦးက ပြောသည်။ 

“ကိုဗစ်ဖြစ်တုန်းက နာရေးအသင်းကို အပြင်က ဝင်ကူညီရင်း နောက်ပိုင်းမှာ စေတနာ့ဝန်ထမ်းအနေနဲ့ အသင်းမှာ ပါဝင်လာတာပေါ့။ အာဏာသိမ်းတော့ ဆန္ဒပြတဲ့သူတွေအတွက် (ဆေးကုသ ပြုစု) ပေးတယ်၊ အလောင်းကောက်ကြတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ ပရဟိတသမားက ပြောသည်။ 

လုံခြုံရေးအရ အမည်မဖော်လိုသော နိုင်ငံရေးသမားတစ်ဦးကလည်း ကိုသက်ကြီးသည် လမ်းပေါ်တွင် ဒဏ်ရာရသေဆုံးသော ဆန္ဒပြသူတို့ကို ကူညီခြင်းကြောင့် ၎င်းတို့နှင့် ရင်းနှီးကာ မြို့တွင်လည်း လူသိများလာကြောင်း Myanmar Now ကို ပြောသည်။ 

“ပစ်လို့ အကုန် ခွေးပြေးဝက်ပြေး ပြေးနေရတဲ့အချိန်မှာ သူက နာရေးကားနဲ့ ရောက်ချလာပြီး အလောင်းတွေရအောင် ကောက်တော့တာပဲ” ဟု ထိုအမျိုးသားက ပြောသည်။  

ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးမှာ အာဏာမသိမ်းမီက ပန်းပုလုပ်ငန်း၊ ကားအဟောင်းဖျက်သည့် လုပ်ငန်း၊ ကရိန်းကားအငှားလိုက်ခြင်း စသည့် အလုပ်အမျိုးမျိုး လုပ်ကိုင်ခဲ့ပြီး ၂၀၂၀ တွင် စီးပွားရေးအဆင်ပြေလာသည့်အပြင် ကိုဗစ်နိုင်တင်းကူးစက်ရောဂါဖြစ်ပွားသူများကို ကူညီပေးရာမှ ပရဟိတလုပ်ငန်းတွင် ပျော်မွေ့လာသည်ဟု ပြောသည်။  

၁၉၉၇ တွင် မိထ္တီလာစက်မှုလက်မှုကျောင်း – GTI မှ စက်မှုအင်ဂျင်နီယာဘွဲ့ ရခဲ့သော။ မည်သည့်ပါတီမျှ မဝင်ခဲ့သော ကိုသက်ကြီးသည် ပစ်သတ်ခံရသည့် လူငယ်များ၏ အလောင်းကို ကောက်ယူရင်း ပေါ်ပေါက်လာသည့် သောကနှင့် စာနာစိတ်များကြောင့် အသက်ပင်ဆုံးနိုင်သည့် ကြမ်းတမ်းသော လမ်းကို ရွေးချယ်လိုက်သည်။ 

ဤသို့ဖြင့် ဆန္ဒပြစဉ် ပစ်သတ်ခံရသူ ၂၂ ဦးကို ခမ်းနားစွာ အလေးပြု သင်္ဂြိုဟ်ပေးပြီးနောက် နယ်စပ်ဒေသ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိန်းချုပ်နယ်မြေတစ်ခုသို့ သွားရောက်ပြီး ပြောက်ကျားတိုက်ခိုက်ရေးသင်တန်းတက်ကာ  လက်နက်ရရှိရေး ကြိုးပမ်းခဲ့သူ ကိုသက်ကြီးသည် သူ့ဒေသ၏ လက်နက်ကိုင်တပ်ဖွဲ့ခေါင်းဆောင် ဖြစ်လာသည်။ 

ကိုသက်ကြီးက ၎င်းတို့၏ ဇီးရိုးပြောက်ကျားတပ်ဖွဲ့သည် မြင်းခြံခရိုင်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ကျော်ကို သုတ်သင်နိုင်ခဲ့ကြောင်း၊ ထိုအထဲတွင် အရာရှိ ၆ ဦး ပါဝင်ကြောင်း ပြောသည်။ 

“သေနတ်အစစ်တွေ မရခင် တူမီးနဲ့ ပစ်ခဲ့တာလည်း ပါတယ်။ လက်နက်ကြီးမရခင် လက်နက်ကြီးလက်နက်ငယ်နဲ့ ပြန်ပစ်တာလည်း ပါတယ်” ဟု ၎င်းက ဆိုသည်။ 

မဲစာရင်းမှားသဖြင့် အာဏာသိမ်းသည်ဟူသော စစ်ဗိုလ်ချုပ်များကမူ လက်နက်ကိုင်တော်လှန်သူတို့ကို အကြမ်းဖက်သမားများအဖြစ် သတ်မှတ်ထားသည်။

နိုင်ငံတစ်ဝန်း အစောဆုံးပေါ်ပေါက်လာသည့် လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များထဲတွင် သူတို့အဖွဲ့လည်း ပါဝင်သည်။

ဧပြီ ၁၈ တွင် မြင်းခြံ၌ Zero ပြောက်ကျားတပ်ဖွဲ့ဟု အတိအလင်းကြေညာပြီးနောက်ပိုင်း ဒလန်များကိုလည်း သုတ်သင်ရှင်းလင်းနေသည်ဟု ဆိုသည်။ ယခုအခါ စစ်တပ်၏ စီးပွားရေးလုပ်ငန်းဖြစ်သည့် Mytel တာဝါတိုင်များကိုလည်း မိုင်းခွဲဖျက်ဆီးနေသည်။

လမ်းသွားလမ်းလာ ပြည်သူများထံမှ ငွေညှစ်ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တက်တက်ကြွကြွပူးပေါင်းဆောင်ရွက်သည်ဆိုသော ယာဉ်ထိန်းရဲတစ်ဦးကိုလည်း သုတ်သင်ခဲ့ကြောင်း၊ ၎င်းတို့အဖွဲ့ ရှင်းလင်းသည့် ဒလန်အရေအတွက်နှင့် စာရင်းကို ရန်ငြိုးရန်စကြီးထွားမည်ကို စိုးရိမ်သဖြင့် ထုတ်ဖော်မပြောလိုကြောင်း ကိုသက်ကြီးက ဆိုသည်။

အောက်တိုဘာ ၁၅ ညပိုင်း မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ဆူးဖြူကုန်းရွာ စာသင်ကျောင်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လက်လုပ်စိန်ပြောင်း၊ လက်နက်ငယ်များ အသုံးပြုကာ အလစ်ဝင်တိုက်ခိုက်ခဲ့သည်။ ထိုနေ့က မိတ္ထီလာမြို့နယ် အမှတ် ၁၁၃ ခြေမြန်တပ်ရင်းမှ ဗိုလ်ကြီးထွန်းထွန်းအောင် (ကြည်း ၆၃၉၃၆) အပါအဝင် ၁၁ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရသွားသည်ဟု ဆိုသည်။

သူ၏ လှုပ်ရှားမှုကို သိရှိနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက မြင်းခြံမြို့ပေါ်ရှိ သူ၏ ရှေးဟောင်းပစ္စည်းများနှင့် ပိုင်ဆိုင်မှုများကို သုံးကြိမ်တိုင် သွားရောက်ယူဆောင်ကြသည်။

“ကျွန်တော့်ကို နောက်ယောင်ခံလို့လည်း မရဘူး၊ ဖမ်းလို့လည်း မမိဘူး။ အဲ့ဒီအတွက် လူမတွေ့တဲ့အတွက် ဒီပစ္စည်းတွေကို (ကျွန်တော့်) ဘဝပျက်အောင် ယူဆောင်သွားတယ်လို့ သုံးသပ်တာပဲ” ဟု ၎င်းက ပြောသည်။  

စက်တင်ဘာ ၃၀ တွင် စစ်ကောင်စီတပ်က စွန်းလွန်းရပ်ကွက်ရှိ သူပိုင်ဆိုင်သည့် အဆောက်အအုံမှ ရှေးဟောင်း ကားပစ္စည်းများ၊ ပန်းပုများ၊ ကျွန်း၊ ပိတောက်၊ ကျည်းသားတို့ဖြင့် ပြုလုပ်ထားသော စားပွဲများ ယူဆောင်သွားကြောင်း၊ လုံခြုံရေးကင်မရာတပ်ဆင်ထားသော ကွန်တိန်နာအိမ်ငယ်ကို ကရိန်းဖြင့် သယ်သွားသည်ဟု သိရကြောင်း ကိုသက်ကြီးက ပြောသည်။  

ဧပြီ ၂၅ တွင်လည်း နေအိမ်ရှိ ခေတ်ဟောင်း မြန်မာငွေများ၊ တရုတ်ယွမ်ငွေများ၊ အလေးများ၊ အဝေးကြည့်မှန်ပြောင်း၊ ရုပ်သေး၊ ပန်းပု၊ ကြေးအိုး၊ လောင်စာဆီသုံး ထမင်းအိုး၊ နာမည်ကျော် ဇာတ်မင်းသား ရွှေမန်းတင်မောင် မိတ်ကပ်ပေါင်ဒါရိုက်ရာတွင် သုံးခဲ့သည့် ငွေဖလား၊ ရှမ်းစော်ဘွားကိုင်ဆောင်ခဲ့သည့် ဓား စသည့် ပစ္စည်းများကို ယူဆောင်သွားကြသည်။ 

တန်ဖိုးဖြတ်ရခက်ခဲသော်လည်း သံထည်ပစ္စည်းအလေးချိန်ဖြင့် ရောင်းသကဲ့သို့ ရောင်းစားကြဖွယ်ရှိသည်ဟု သူက ယူဆသည်။ 

“ရှေးဟောင်းပစ္စည်းက ကြိုက်ရောင်းကြိုက်ဝယ်ဆိုတော့ (တန်ဖိုး) ပြောလို့တော့ မရဘူး။ သူတို့ကတော့ သူခိုးလက်ကောင်းမှန်း ဘယ်သိလိမ့်မလဲ။ ကျွန်တော် နားလည်တဲ့သူသာ ဒါ သိမှာပေါ့” ဟု ၎င်းက ဆိုသည်။

“ကျွန်တော်အပါအဝင် ကျွန်တော့်တပ်သားတွေ အကုန်လုံးက သရဏဂုံတင်ပြီးသားတွေ။ ရဲရဲတိုက်ပြီး ရဲရဲသေဖို့လည်း ဆုံးဖြတ်ချက်ရှိတယ်။ ခံယူချက်အပြည့်နဲ့လည်း တိုက်ခိုက်နေတယ်။ ကျွန်တော့်ကလေးတွေကလည်း တအားညီညွတ်တဲ့ ကလေးတွေ ဖြစ်တယ်။ အဲဒီလိုမျိုးကြောင့် ကျွန်တော့်မှာ တပ်ဖွဲ့နဲ့ ပတ်သက်လို့တော့ အခက်အခဲမရှိခဲ့ပါဘူး၊ ဒီချိန်ထိလေ”  

တော်လှန်ရေးအောင်မြင်သည့်အခါ ကိုင်ဆောင်သည့် လက်နက်များကို နိုင်ငံတော်သို့ စာရင်းဇယားနှင့် အကုန်အပ်နှံမည်၊ ၎င်းတို့တပ်ဖွဲ့အနေ ဖြင့် ဇီးရိုးဟူသော အမည်ဖြင့် ပရဟိတအသင်းထူထောင်ကာ လူမှုကူညီရေးလုပ်ဆောင်မည်ဟု ဆုံးဖြတ်ထားကြောင်း ကိုသက်ကြီးက ပြောလိုက်သည်။  myanmar now

ပခုက္ကူမြို့ဝင်ဂိတ်များတွင် စစ်ကောင်စီတပ်က ငွေကြေးတောင်းခံ

ပခုက္ကူမြို့မှာ မြို့ဝင်ဂိတ်တွေမှာ တာဝန်ချထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မြို့ဝင် မြို့ထွက် သွားလာသူတွေကို ဖမ်းဆီးပြီး ငွေကြေးတောင်းခံမှုတွေ ပြုလုပ်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ပခုက္ကူမြို့ဟာ မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအထိ အိမ်အပြင်မထွက်ရအမိန့် ထုတ်ပြန်ထားတာဖြစ်ပြီး မြို့ဝင် မြို့ထွက်ရာတွေမှာ ဂိတ်စောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ငွေကြေးတောင်းခံနေတာလို့ ဆိုပါတယ်။

ဒါ့အပြင် ပခုက္ကူမြို့နယ်အတွင်းက ကျေးရွာတွေ မြို့ပေါ်ဈေးတွေမှာလည်း ဈေးသည်တွေကို အဝင်အထွက်တွေမှာ ဖမ်းဆီးပြီး ငွေကြေးတောင်းခံမှုတွေ ပြုလုပ်နေတယ်လို့ ပခုက္ကူမြို့မှာ နေထိုင်သူဒေသခံတစ်ဦးက ပြောပါတယ်။ 

“မြို့အဝင်အထွက်တိုင်းမှာ ဂိတ်တွေရှိတယ်။ ဈေးရောင်းဈေးဝယ် မြို့ထဲဝင်လာတဲ့သူတွေကို ဖမ်းတယ်၊ ငွေတောင်းတယ်၊ ပြန်လွှတ်တယ်။ မပေးရင် ပြန်မလွှတ်ဘူး၊ ဆဲဆိုတယ်၊ ဖားခုန်ခိုင်းတယ်၊ သေနတ်ဒင်နဲ့ခေါင်းကို ရိုက်တယ်၊ ငွေပေးတဲ့သူတွေကို သွားခွင့်လာခွင့်ပေးတယ်။ ဧရာဝ တီတံတားထိပ်က တခြားမြို့တွေက ဝင်လာတဲ့ကားတွေဆိုရင် မြို့ထဲဝင်ဖို့  အဲဒီစစ်ခွေးဓားပြတွေကို ပိုက်ဆံပေးရတယ်။ ကျန်းမာရေးအတွက် ဆေးခန်းသွားချင်တာတောင် မသွားရဲဘူး။ နေမကောင်းလို့ မသေဘူး။ အပြင်ထွက်ရင် သူတို့သတ်လို့ သေမှာ။ နေမကောင်းလို့ ဆေးခန်းပြချင်လို့ ထွက်လာတာ ပြောလည်း နေမကောင်းတာတွေ ဘာတွေ သူတို့က နားမလည်ဘူး။ ဒုက္ခ သက်သက်ပေးပြီး နှိပ်စက်နေတာပါ။”

ပခုက္ကူမြို့ထဲ ဝင်ဖို့အတွက် အဝင်ဂိတ်တွေမှာ ငွေတောင်းခံပြီး စိစစ်နေတဲ့အတွက် ပခုက္ကူ ဧရာဝတီတံတား အရှည်နှစ်မိုင်ခွဲလောက်ကို တစ်နာရီခွဲကြာတဲ့အထိ စောင့်ဆိုင်းခဲ့ရတယ်လို့လည်း ယာဉ်မောင်းသူတစ်ဦးက ပြောပါတယ်။ 

ပခုက္ကူမြို့ဟာ မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအထိနဲ့ ည ၈ နာရီကနေ မနက် ၄ နာရီအထိ အိမ်အပြင်ထွက်ခွင့်နဲ့ မြို့ဝင်ခွင့်ပိတ်ထားတဲ့မြို့ ဖြစ်ပါတယ်။DVB

ခရမ်းစစ်ဆေးရေးဂိတ်တွင် ဗုံးပေါက်ကွဲမှုကြောင့် ၂ ဦးသေဆုံး၊ ဒေသခံ ၁၀ ဦးထက်မနည်း ဖမ်းခံရ

ခရမ်းမြို့နယ် ဒေးပေါက်လမ်းဆုံ စစ်ဆေးရေးဂိတ်မှာ အောက်တိုဘာ ၂၇ မနက်ပိုင်းက ဗုံးနှစ်လုံးပေါက်ကွဲခဲ့တဲ့အတွက် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရှိခဲ့တယ်လို့ သိရပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် စစ်ကောင်စီတပ်ဘက်က ရဲတစ်ဦး၊ စစ်သားတစ်ဦး သေဆုံးသွားခဲ့ပြီး ရဲတစ်ဦး၊ စစ်သားတစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“မနက် ၈ နာရီမထိုးခင်က ဗုံးနှစ်လုံးပေါက်တယ်။ ရဲတစ်ယောက်၊ စစ်သားတစ်ယောက်သေတယ်။ နောက်ရဲတစ်ဦးရယ်၊ စစ်သားတစ်ယောက်ရယ် ဒဏ်ရာရတယ်။ တစ်ယောက်က ခြေထောက် ဖြတ်ရမယ့်အနေအထားရှိတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဗုံးပေါက်ကွဲပြီးနောက် သေနတ်သံများကြာရပြီး အနီးနားဝန်းကျင်မှာ စုံစမ်းစစ်ဆေးတာတွေပြုလုပ်ကာ ပြည်သူ ၁၀ ဦးထက်မနည်း ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။

ခရမ်းမြို့နယ် ဒေးပေါက်ဂိတ်ဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွ‌ မနက် ၇ နာရီကစပြီး ည ၈ နာရီအထိ ထောက်ခံစာစစ်ဆေးတာတွေ ပြုလုပ်နေတဲ့ ဂိတ်တစ်ခုဖြစ်ပါတယ်။DVB

« Older Entries