ဒီးမော့ဆိုတိုက်ပွဲတွင် စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံး

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှာ အောက်တိုဘာ ၂၆ ရက် မနေ့ညနေပိုင်းက စစ်ကောင်စီယဉ်တန်းကို ကရင်နီအမျိုးသားကာကွယ်ရေးတပ်က မိုင်းဆွဲတိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်ဘက်က ၁၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ (KNDF) က ထုတ်ပြန်ထားပါတယ်။
မနေ့ညနေပိုင်းက ဒီးမာ့ဆိုနဲ့ ဖရူဆိုမြို့နယ်ဘက် စစ်ကြောင်းထိုလာတဲ့ စစ်ကောင်စီယာဉ်တန်းကို ဒီးမော့ဆိုမြိုနယ်၊ ထွီလွီးဘီလာကျေးရွာနဲ့ ငွေတောင်ရွာသစ် ကျေးရွာကြား ကရင်နီပူးပေါင်းတပ်တွေက မိုင်ဆွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ၁၀ ဦးထက်မနည်း သေဆုံးပြီး စစ်ကား ၂ စီး ပျက်စီးခဲ့ကြောင်း နဲ့ ကရင်နီပူးပေါင်းတပ်ဘက်တော့ ထိ ခိုက်မှုမရှိခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်တွေဟာ ဒီးမော့ဆိုသဲတောင်နဲ့ ခြေရာတော်ဘုရား အနီးတဝိုက်မှာ တပ်စွဲထားပြီး လက်နက်ကြီး လက်နက်ငယ်တွေနဲ့ လူနေရပ်ကွက်တွေဆီ ပစ်ခတ်ခဲ့သလို ဒီတိုက်ပွဲဖြစ်ပွားရာ ဒီးမော့ဆိုမြို့ကောင်းကင်ယံမှာ စစ်လေယာဉ်တွေပျံဝဲခဲ့တယ်လို့လည်း KNDF တပ်က ဆိုပါတယ်။
စစ်ကောင်စီတပ်တွေဟာ ဖယ်ခုံ၊ မိုးဗြဲ၊ ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့နယ်တို့မှာ စစ်ဆင်ရေး တွေ အပြင်းအထန် ပြုလုပ်နေပြီး အခုရက်ပိုင်း မိုးဗြဲနဲ့ ဒီးမော့ဆိုတို့မှာ တိုက်ပွဲဆက်တိုက် ဖြစ်ပွားနေပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၁ ရက်ကလည်း ဖရူဆုမို့နယ် ထားလဲကျေးရွာ၊ ဘောလခဲမြို့နယ် နန်းမဲကျေးရွာနဲ့ ကျိုးပင်ကုန်းကျေးရွာတွေမှာ စစ်ကောင်စီတပ်တွေကို ကရင်နီပူးပေါင်းတပ်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲ ၄ ကြိမ်ဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်က ၂၆ ဦးသေဆုံး၊ စစ်ကား ၃ စီး ပျက်စီးခဲ့ပါတယ်။ DVB