နေပြည်တော်တွင် စစ်ကောင်စီခန့် ရာအိမ်မှူး ၁ ဦး ပစ်သတ်ခံရ

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဇီးကုန်းကျေးရွာအုပ်စု၊ သာယာဝှမ်းကျေးရွာအနီးမှာ စစ်ကောင်စီခန့်ရာအိမ်မှူး ဦးဌေးအောင် အောက်တို ဘာလ ၂၆ ရက် မနေ့ညနေ ၅ နာရီလောက်က ပစ်သတ်ခံလိုက်ရတယ်လို့ ဒေသခံ တွေဆီကသိရပါတယ်။
ဒေသခံတဦးက “ပစ်သတ်ခံရသူက စစ်ကောင်စီခန့်ရာအိမ်မှူး ဦးဌေးအောင်လေ။ ညနေက ဆိုင်ကယ်နဲ့ ကျည်တောင်ကန်ကျေးရွာဘက်ကနေ ဇီးကုန်းဘက်ကို ရွာလမ်းအတိုင်းပြန်လာရင်း လမ်းမှာပစ်သတ်ခံရတာ။ ကျည်ဆန်မှန်ရာ ၄ ချက်တွေ့တယ်။ နေရာမှာသေသွားတယ်” လို့ ပြောပြပါတယ်။
ရာအိမ်မှူး ဦးဌေးအောင်ဟာ စစ်ကောင်စီတပ်သားတွေနဲ့ ရောရောနှောနှောနေတတ်ပြီး ဒေသခံလူငယ်တွေအား မျက်ခြည်မပြတ်စောင့်ကြည့်ကာ စစ်ကောင်စီကို သတင်းပေးနေတဲ့ ဒလန်တဦးဖြစ်တယ်လို့လည်း ဒေသခံတဦးက ပြောပါတယ်။
ဦးဌေးအောင်ဟာ နေပြည်တော်မှာ စစ်ကောင်စီထောက်တိုင် အုပ်ချုပ်ရေးအဖွဲ့ဝင်တွေထဲက ပထမဆုံး ပစ်သတ်ခံရသူဖြစ်ပြီး အဆိုပါပစ်ခတ်မှုကို ဘယ်အဖွဲ့က ပြုလုပ်တယ်ဆိုတာ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။
အခုရက်ပိုင်း နေပြည်တော်မှာ ပစ်ခတ်တိုက်ခိုက်မှုတွေအပါအဝင် ဗုံးခွဲတိုက်ခိုက်မှုတွေ ခပ်စိတ်စိတ်ဖြစ်လာကာ စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးမှုတွေလည်း ရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။DVB