Monthly Archives: Oct 2021

မြန်မာမပါသည့် အာဆီယံထိပ်သီးအစည်းအ ဝေးပြီးဆုံး၊ နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ် ရန်တောင်းဆို

မြန်မာနိုင်ငံမှာ နိုင်ငံခြားသားတွေအပါအဝင် နိုင်ငံရေးအရ ဖမ်းဆီးထိန်းသိမ်းခံထားရသူအားလုံးကို ပြန်လွှတ်ပေးဖို့နဲ့ ဘုံသဘောတူညီချက် ၅ ချက်ကို လိုက်နာ အကောင်အထည်ဖော်ဖို့ အာဆီယံက တောင်းဆိုလိုက်ပါတယ်။  

၃၈ ကြိမ်မြောက်နဲ့ ၂၉ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေကို   အောက်တိုဘာ ၂၆ ရက်ကနေ ၂၈ ရက်အထိ ၃ ရက်ကြာ ကျင်းပပြီးစီးသွားပြီးနောက် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌက ကြေညာချက် ထုတ်ပြန် တောင်း ဆိုလိုက်တာပါ။

ဒီအစည်းအဝေးမှာ မြန်မာအာဏာသိမ်း စစ်ခေါင်းဆောင်ကို အာဆီယံကမဖိတ်ခေါ်ပဲ ကျင်းပခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံ အာဆီယံအဖွဲ့ဝင်စဖြစ်ခဲ့တဲ့ ၁၉၉၇ ခုနှစ်ကတည်းက မြန်မာကိုယ်စားလှယ်မပါဘဲ ပထမဆုံးအကြိမ် ကျင်းပတဲ့ ထိပ်သီး အစည်းအဝေးလည်း ဖြစ်ပါတယ်။

ဒီအစည်းအဝေးမှာ အာဆီယံခေါင်းဆောင်တွေက မြန်မာနိုင်ငံရဲ့ လတ်တလောဖြစ်ပေါ်တိုးတက်မှု အခြေအနေတွေနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ပြီး အသေအပျောက်နဲ့ အကြမ်းဖက်မှု သတင်းတွေနဲ့ ပတ်သက်လို့ စိုးရိမ်ပူပန်တဲ့ အကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြတယ်။ 

နိုင်ငံခြားသားတွေ အပါအဝင် နိုင်ငံရေးအရ ထိန်းသိမ်းထားသူအားလုံးကို ပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက်ပြီး အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို လိုက်နာကာ အချိန်မီ အပြည့်အဝ အကောင်အထည်ဖော်ဖို့ တောင်းဆိုပါတယ်။

ဒါ့အပြင်အာဆီယံ အထူးကိုယ်စားလှယ်အနေနဲ့ တွေ့ဆုံဆွေးနွေးရေးလုပ်ငန်းစဉ်တွေ၊ လူသားချင်းစာနာမှု အကူအညီပေးရေးကိစ္စတွေကို ကြားဝင်ညှိနှိုင်းဆောင်ရွက်ဖို့နဲ့ အထူးကိုယ်စားလှယ်နဲ့ အဖွဲ့ မြန်မာနိုင်ငံကို သွားရောက်ပြီး သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံဖို့ အာဆီယံခေါင်းဆောင်တွေက တိုက်တွန်းပါတယ်။

ဒီအစည်းအဝေးမှာ အောက်တိုဘာ ၁၅ ရက်နေ့  အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးဆုံးဖြတ်ချက်အရ မြန်မာကိုယ်စားလှယ်အဖြစ် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မဖိတ်ဘဲ နိုင်ငံရေးနယ်ပယ်က မဟုတ်တဲ့ နိုင်ငံခြားရေးဌာန အမြဲတမ်းအတွင်းဝန်ကို အစည်းအဝေးတက်ဖို့ ဖိတ်ခေါ်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးဆုံးဖြတ်ချက်ကို အာဆီယံခေါင်းဆောင်တွေက ထပ်လောင်းပြီး အခိုင်အမာ သဘောတူခဲ့ကြတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံဟာ အာဆီယံမိသားစုအဖွဲ့အဝင်အဖြစ် ဆက်ရှိနေပြီး မြန်မာနိုင်ငံဟာ ရှုပ်ထွေးများပြားလှတဲ့ စိန်ခေါ်မှုတွေကို ဖြေရှင်းဖို့ အချိန်နဲ့ နိုင်ငံရေး အခြေအနေ နှစ်ခုစလုံးလိုအပ်နေတာကို အာဆီယံကအသိအမှတ်ပြုတယ်လို့ဆိုပါတယ်။ မြန်မာပြည်သူတွေရဲ့ ဆန္ဒနဲ့ အညီ ပုံမှန်အတိုင်းပြန်ဖြစ်ဖို့ မြန်မာရဲ့ ကြိုးစားအားထုတ်မှုတွေကို အာဆီယံအနေနဲ့ ဆက်လက်ပြီး ပံ့ပိုးကူညီသွားမယ်လို့လည်း အာဆီယံ ဥက္ကဋ္ဌရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ရက်တွေအတွင်းမှာ အာဆီယံနဲ့ မိတ်ဖက်နိုင်ငံတွေဖြစ်တဲ့  အမေရိကန်၊ ဩစတြေးလျ၊ တောင်ကိုရီးယား၊ ဂျပန်၊ ရုရှား၊ အိန္ဒိယ စတဲ့ နိုင်ငံတွေက ခေါင်းဆောင်တွေနဲ့လည်း သီးခြားထိပ်သီးအစည်းအဝေးတွေကျင်းပခဲ့ပါတယ်။

ဒီအစည်းအဝေးမှာ အာဆီယံနိုင်ငံတွေအားလုံးမှာ ကြုံတွေ့နေရတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ ကပ်ဘေးအလွန် ပြန်လည်ထူထောင်ရေးအခြေအ နေတွေ၊ ရာသီဥတုပြောင်းလဲမှု၊ တောင်တရုတ်ပင်လယ်အရေး၊ ဒေသတွင်းငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးတိုးမြှင့်ဖို့ နည်းလမ်းတွေနဲ့ မြန်မာနိုင်ငံ အခြေအနေတွေကို ဆွေးနွေးခဲ့ကြပါတယ်။ 

အစည်းအဝေးအပြီးမှာတော့ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ တာဝန်ကို ဘရူနိုင်းနိုင်ငံက ကမ္ဘောဒီးယားနိုင်ငံထံ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။DVB

ချိပ်ပိတ်ထားသည့် မန္တလေးတိုင်း NLD ပါတီရုံး ဖောက်ခွဲဖျက်ဆီးခံရ

မန္တလေး၊ ချမ်းအေးသာစံမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) မန္တလေးတိုင်းရုံးကို ယမန်နေ့ ညပိုင်းတွင် မည်သူမည်ဝါ မသိရသူ ၈ ဦးက ဖောက်ခွဲဖျက်ဆီးခဲ့သည်ဟု မျက်မြင်တွေ့ရှိသူတစ်ဦးက အတည်ပြုသည်။ 

အာဏာသိမ်းသည့် နေ့ကတည်းက ချိပ်ပိတ်ခံထားရသည့် ၆၂လမ်း ( ၃၃ လမ်းနှင့် ၃၄ လမ်းကြား) ရှိ NLD တိုင်းရုံးသို့ ယမန်နေ့ည ၁၂ နာရီခန့်တွင် ကားနှစ်စီးဖြင့် အရပ်ဝတ် လူ ၈ ဦးရောက်ရှိလာကာ ၎င်းတို့ဝင်သွားပြီး မိနစ်အနည်းငယ်အကြာတွင် ပေါက်ကွဲမှုဖြစ်ခဲ့သည်ဟု ဆိုသည်။ 

“အရပ်ဝတ်တွေနဲ့ပဲ ရောက်လာတယ်။ ပြီးတော့ ချိပ်ပိတ်ထားတဲ့ ဒီရုံးထဲကို ဖျက်ပြီး သူတို့ဝင်တယ်။ အထပ်နှစ်ထပ်မှာ ဖောက်ခွဲသွားတာ။ ညမထွက်ရအချိန်မှာ ဖြစ်တာ။ ဒီအချိန်က ဘယ်သူတွေပဲ ထွက်ခွင့်ရတာလဲ သိတဲ့အတိုင်းပဲ” ဟု မျက်မြင်တွေ့ရှိသူ အမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။

အထက်ပါ ငါးထပ်ရှိ NLD ပါတီ မန္တလေးတိုင်းရုံး၏ တတိယအထပ်နှင့် စတုတ္ထထပ်တွင် ဖောက်ခွဲဖျက်ဆီးခံရခြင်းဖြစ်သည်ဟု ထိုမျက်မြင်တွေ့ရှိသူထံမှ သိရသည်။

Myanmar Now က ရရှိထားသည့် ဓာတ်ပုံများအရ ပါတီရုံးအဆောက်အအုံမျက်နှာစာရှေ့တွင် အပျက်အစီးများ တွေ့ရှိရသည့်နည်းတူ ပေါက်ကွဲမှုကြောင့် ရုံးအဆောက်အအုံမျက်နှာစာအထက်ပိုင်းတွင်လည်း ထိခိုက်ပျက်စီးမှုအချို့ တွေ့မြင်ရသည်။

” အကြမ်းဖက်တဲ့နည်းနဲ့ ပါတီကို ချေဖျက်တဲ့သဘောဖြစ်တာ ထင်ရှားသထက် ထင်ရှားလာတာပါပဲ။ စစ်ကောင်စီဟာ ဥပဒေမဲ့ အကြမ်းဖက်အဖွဲ့အစည်းဖြစ်ကြောင်း သူတို့ကိုယ်တိုင် ကမ္ဘာကို သက်သေခံပြနေတယ်လို့ ပြောရမှာပဲ” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုကော်မတီဝင် ဦးအောင်ကြည်ညွန့်က Myanmar Now ကို ယနေ့ ပြောသည်။ 

အဆိုပါရုံးမှာ အာဏာသိမ်းပြီးနောက်ပိုင်း တတိယအကြိမ်မြောက် တိုက်ခိုက်ခံရခြင်းဖြစ်ကာ ပြီးခဲ့သည့် ဇွန် ၁၃ ညပိုင်း၌ တစ်ကြိမ်၊ အောက်တိုဘာ ၁၆ တွင် တစ်ကြိမ် ရုံးတွင်းသို့ ဝင်ရာက်ဖျက်ဆီးခံခဲ့ရသည်။

အောက်တိုဘာ ၁၆ ရက်က ဒုတိယအကြိမ်တိုက်ခိုက်ခံရမှုအတွင်း ရုံးအတွင်းရှိ ကျပ်သိန်းပေါင်း ၁၅၀ ကျော် တန်ဖိုးရှိ ပန်းချီကားများနှင့် ရုံးပစ္စည်းများ ပျက်စီးခဲ့သည်ဟု NLD ပါတီဝင်တစ်ဦးက ပြောသည်။ 

“ဒုတိယအကြိမ်က ပိုပြီး ဆုံးရှုံးမှုအကြီးဆုံးပါပဲ။ အမေ့ပုံတွေ၊ ပန်းချီကားတွေပါ ဖျက်ဆီးခံရတာ။ အရမ်းစိတ်ထိခိုက်ပါတယ် ”ဟု မန္တလေးမြို့မှ NLD ပါတီဝင်က ပြောသည်။

ဆက်လက်၍ “ပါတီကို တိုက်ခိုက်တာ၊ ထိခိုက်စေချင်တာ ဘယ်အဖွဲ့အစည်းလဲ အားလုံးသိသာပါတယ်။ သူတို့လက်ချက်ပါပဲ” ဟုလည်း ၎င်းက ပြောသည်။ 

ဇွန်လဆန်းပိုင်းက ပထမဆုံးအကြိမ်တိုက်ခိုက်ခံရမှုတွင် ညအချိန်၌  NLD ပါတီ တိုင်းရုံးအတွင်း လူတစ်စုက သော့ဖျက်ဝင်ရောက်ပြီး ရွေး ကောက်ပွဲအောင်နိုင်ရေး ဗီနိုင်းဆိုင်းဘုတ်များကို ဖျက်ဆီးခဲ့ကြခြင်း ဖြစ်သည်။ ယင်းညမှာပင် ​​ချမ်းမြသာစည်မြို့နယ် NLD ပါတီရုံးသည်လည်း လက်ပစ်ဗုံးနှစ်လုံးဖြင့် ပစ်ခတ်ခံရပြီး ဗုံးတစ်လုံးပေါက်ကွဲခဲ့သည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁၄ ရက်ကလည်း မဟာအောင်မြေမြို့နယ်၊ ကံတက်ကုန်းမစိုးရိမ်ကျောင်းတိုက်အတွင်း စိုက်ထူထားသည့် ဒေါ်အောင်ဆန်းစုကြည်ရုပ်တုကို မည်သူမည်ဝါ မသိရသူ ၃၀ ခန့်က တုတ်ဓားလက်နက်များဖြင့် အင်အားသုံးဖျက်ဆီးခဲ့သည်။  

အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ အမြို့မြို့အနယ်နယ်ရှိ NLD ပါတီရုံးများ ဆက်တိုက်ဆိုသလို တိုက်ခိုက်ဖျက်ဆီးခံနေရပြီး အောက်တိုဘာ ၂၁ ရက်တွင် တနင်္သာရီတိုင်း ထားဝယ်မြို့ရှိ NLD တိုင်းရုံးနှင့် အောက်တိုဘာ ၂၀ တွင် မြိတ်မြို့ရှိ NLD ပါတီရုံး ဗုံးခွဲတိုက်ခိုက်ခံခဲ့ရသည်။ 

ထို့ပြင် မန္တလေးတိုင်း တောင်သာမြို့လယ်ရှိ NLD ပါတီရုံးမှာ ဩဂုတ်လအတွင်း သုံးညဆက်တိုက် တိုက်ခိုက်ဖျက်ဆီးခံခဲ့ရသည်။ 

ရန်ကုန်မြို့ရှိ NLD ပါတီရုံးချုပ်ကိုလည်း မတ်လအတွင်းက အမည်မသိရသူများက မီးကွင်းပစ်ကာ မီးရှို့ ဖျက်ဆီးရန် ကြိုးပမ်းခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက အပြတ်အသတ်အနိုင်ရခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် မဲစာရင်းမှားယွင်းသည်ဟု အကြောင်းပြလျက် စစ်တပ်က အာဏာသိမ်းယူခဲ့ပြီးနောက်ပိုင်း NLD ပါတီ ထိပ်ပိုင်းခေါင်းဆောင်များအပါအဝင် နိုင်ငံအနှံ့ရှိ ပါတီဝင်များနှင့် ပါတီထောက်ခံသူ များကို စစ်ကောင်စီက ပစ်မှတ်ထား ဖမ်းဆီးနှိပ်ကွပ်နေသည်။ myanmar now

နိုင်ငံတစ်ဝန်း မြို့နယ်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ပျူစောထီးများနှင့် သတင်း ပေးဟု စွပ်စွဲခံရသူ နှင့် ပြည်သူတချို့ အပါအဝင် ၁၂ ဦးထက်မနည်း အသတ်ခံရ

နိုင်ငံတစ်ဝန်း စစ်ကောင်စီသတင်းပေးဟု စွပ်စွဲခံရသူများ၊ စစ်ကောင်စီခန့် မြို့နယ်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ပျူစောထီးများ၊ သတင်းပေးဟု စွပ်စွဲခံရသူ ၊ ပြည်သူတချို့အပါအဝင် ၁၂ ဦးထက်မနည်း ပစ်သတ်ခံရကြောင်း ဒေသခံများထံမှ သိရှိရသည်။

စစ်ကိုင်းတိုင်းချောင်းဦးမြို့နယ်

========================

စစ်ကိုင်းတိုင်း၊ချောင်းဦးမြို့နယ် အမြင့်တိုက်နယ် ဝယာကျေးရွာတွင် စစ်ကောင် စီသတင်းပေးဟု သတ်မှတ်ခံထားရသူ သော်တာ အောက် တိုဘာ ၂၆ရက်နေ့ နံနက်ပိုင်း လည်ပင်းပြတ်ရှဒဏ်ရာဖြင့် တောထဲတွင် သေဆုံးနေကြောင်း သိရှိရသည်။

မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ်

======================

မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ်၊ ပုလိပ်မြို့မှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး အောင်မြင့်ကို PDFက ယနေ့ အောက်တိုဘာလ ၂၈ ရက်နေ့ နံနက် ၈ နာရီတွင် ပစ်ခတ်သတ်ဖြတ်လိုက်ကြောင်း သိရှိရသည်။ မန္တလေးတိုင်း စဉ့်ကိုင်မြို့နယ် ပလိပ်မြို့အုပ်ချုပ်ရေးမှူးအောင်မြင့်ကို ယနေ့နံနက်ပိုင်းက သေနတ်ပစ်ခံရပြီး သေဆုံးသွားကာ စစ်ဆေးရန်လာသည့် စကစတပ်များပါ ဗုံးဖောက်ခွဲခံရကြောင်း စဉ့်ကိုင် LPDF ပြန်ကြားရေးကပြောသည်။

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်

=======================

ထီးချိုင့်၊ပိတောက်လှရွာမှ စစ်ကောင်စီသတင်းပေးဟု စွပ်စွဲခံထားရသူ နိုင်ထွန်းကို Fox-army-HPDFကယနေ့ နံနက် ၇ နာရီတွင် ပစ်ခတ် သတ်ဖြတ်လိုက်ကြောင်း သိရှိရသည်။

ဧရာ၀တီတိုင်း၊ ဘိုကလေးမြို့နယ်

==========================

ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့ မြို့မဈေးအတွင်း ပျူစောထီးအဖွဲဝင်ဟု အမည်ထွက်နေသည့် သား ရေအိတ် ပြုပြင်ရေးလုပ်ငန်း လုပ်ကိုင်သူ ချစ်စမ်းမောင်ကို အမည်မသိ အမျိုးသားတစ်ဦးက သေနတ်ဖြင့် ယနေ့ ပစ်သတ်သွားကြောင်း သိရှိရသည်။

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်

========================

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် သတင်းပေးဟု စွပ်စွဲခံထားရသူ ဇီးဖြူပင်ရွာမှ ဦးသန်းထွန်းတို့ လင်မယားသည် ယနေ့နံနက် ၈ နာရီတွင် ပစ်သတ်ခံလိုက်ရကြောင်း သိရှိရသည်။

မန္တလေး ပုသိမ်ကြီးမြို့နယ်

====================

မန္တလေးခရိုင် ပုသိမ်ကြီးမြို့နယ် ရေထွက်ကျေးရွာနေ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ကြည်အောင် ယနေ့ အောက်တိုဘာ(၂၈)ရက် နံနက်ပိုင်း သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း သတင်းရရှိသည်။

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်

======================

ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့အရှေ့ဘက်၊ တောင်ညိုတိုက်နယ်၊ ကွင်းစန်းကျေးရွာမှ ဦးသိန်းထွန်းနှင့် ကိုကောင်းထက်ခန့် (ခေါ် ) ကိုကောင်း တို့ကို စစ်ကောင်စီကိုသတင်းပေးတိုင်ကြားမှုများ လုပ်ဆောင်သဖြင့် ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့က ယမန်နေ့ ပစ်သတ်ခဲ့ကြောင်း သိရှိရသည်။

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်

========================

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် မူးကမ်းနှင့်တည်တောကြာ်တွင် ဇီးဖြူကုန်းနွယ်မှ မူးကမ်းကြီးကျေးရွာသား ပြည်သူတစ်ဦးဖြစ်သူ ဇော်မိုးမြင့်(ခ ) ချပ်စူ ယနေ့ ဓားဖြင့် ထိုးသတ်ခံရကြောင်း သိရှိရသည်။ မူးကမ်း ကိုချပ်စူ ခေါ် ဇော်မိုးမြင့် အသတ်ခံရမှုသည် နိုင်ငံရေးနှင့်မဆက်နွယ်ဘဲ နွားကုန်သည်ဖြစ်၍ လုယက်မှုဖြစ်နိုင်ကြောင်း ဒေသခံတချို့က ဆိုသည်။

မွန်ပြည်နယ်၊ ပေါင်မြို့နယ်

=========================

ပေါင်မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဦးကျော်လင်းဦး၏နေအိမ် အောက်တိုဘာ ၂၈ ရက် နံနက်အ​စောပိုင်းက ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း၊ ပေါင်မြို့၊ ပေါင်းရပ်ကွက်၊ ဘုရားကြီးလမ်း၊ မီးရထားလမ်းအပေါ်ဘက်ခြမ်းရှိ ဦးကျော်လင်းဦးနေအိမ်အပေါ်ကို အမည်မသိလူတစ်စုက ယနေ့ နံနက် ၄ နာရီတွင် လက်ပစ်ဗုံးဖြင့် လာရောက် ပစ်သွင်းသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်

=========================

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှ လွှဲဆိပ်ကျေးရွာနေ စစ်ကောင်စီသတင်းပေးဟု သတ်မှတ်ခံထားရသူ ဇော်ဇော် ကို KBU-UG က ယနေ့ ပစ်ခတ်သတ်ဖြတ်လိုက်ကြောင်း သိရှိရသည်။khit thit

PDFများ အားကောင်းလာပြီဖြစ်သည့်အတွက် Non-CDM များ CDM တွင် ပါဝင်ရန် ဟင်္သာ တနည်းပညာတက္ကသိုလ်၏ ကြားကာလတက္က သိုလ်ယာယီအုပ်ချုပ်ရေးကောင်စီတိုက်တွန်း

ဧရာဝတီတိုင်းအတွင်းမှာရှိသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDFများ အား ကောင်းလာပြီ ဖြစ်သည့်အတွက် စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေသည့် Non-CDM ဝန်ထမ်းများအနေဖြင့် အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM တွင် ပါဝင်လာကြရန် ဟင်္သာတနည်းပညာတက္ကသိုလ် ကြားကာလယာယီ တက္ကသိုလ်အုပ်ချုပ်ရေးကောင်စီက တိုက်တွန်းသည့် စာတစ်စောင်ကို အောက်တိုဘာလ ၂၆ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

“အခုဆိုရင် ဧရာဝတီတိုင်းထဲမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေတော် တော်အားကောင်းနေပြီ၊ဒီအခြေအနေကို အခွင့်ကောင်းယူပြီး Non CDMဝန်ထမ်းအားလုံး CDM မှာပါဝင်သင့်ပါတယ်၊ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကလည်း အားကောင်း၊CDM မလုပ်ဘဲ ကျန်နေသေးတဲ့ ဝန်ထမ်းတွေလဲ CDM မှာပါဝင်လာရင် စစ်အုပ်စု ပြုတ်ကျဖို့ ရာခိုင်နှုန်းတော်တော်များသွားပါပြီ”လို့ ဟင်္သာတနည်းပညာတက္ကသိုလ်မှ CDM ဆရာတစ်ဦးက မဇ္စျိမကို ပြောသည်။အခြေအနေ အရပ်ရပ်ကြောင့် Non CDM ပြုလုပ်နေကြရသော်လည်း စစ်အာဏာရှင်အား လက်မခံသောဝန်ထမ်းများကို စနစ်တကျပြန်လည်စီစစ်၍ လက်ခံသွားမည်ဖြစ်ကြောင်း နည်းပညာတက္ကသိုလ် ကြားကာလ ယာယီတက္ကသိုလ်အုပ်ချုပ်ရေးကောင်စီမှ ထုတ်ပြန်ချက်တွင် ပါရှိသည်။ဟင်္သာတနည်းပညာတက္ကသိုလ် ကြားကာလ ယာယီတက္ကသိုလ်အုပ်ချုပ်ရေးကောင်စီကို CDM တွင်ပါဝင်သည့် ဆရာ၊ဆရာမများ၊ အခြားဝန်ထမ်းများ ၊ ကျောင်းသား၊ကျောင်းသူ များဖြင့် ဖွဲ့စည်းထားပြီး ကျောင်းသာဟောင်းများလည်း ပါဝင်သည်ဟု CDM ဆရာတစ်ဦးက မဇ္စျိမကို ပြောသည်။mizzima

မုံရွာ ပင်မသပိတ်စစ်ကြောင်း ဦးဆောင်ကာ “မြန်မာပြည်ကို ကယ်တင်ရေး စစ်ကောင်စီကို ငွေမပေး” ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ချီတက် ဆန္ဒပြ

khit thit

မြိုင်မြို့နယ်တွင် တိုက်ပွဲဖြစ်၊ စစ်ကောင်စီ တပ် သား ၅ ဦးခန့်သေဆုံး

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ အောက်တိုဘာ ၂၈ ရက်မနက်က တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၅ ယောက်လောက် သေဆုံးခဲ့တယ်လို့ မြိုင်PDF တပ်ဖွဲ့ထံက သိရပါတယ်။

ဆင်စွယ်ရွာမှာ မနေ့ညက ဒလန် ၂ ယောက်အသတ်ခံရတဲ့နေရာကို သွားတဲ့ အကြမ်းဖက်စစ်အုပ်စု ကို ဒီကနေ့ မနက် ၉ နာရီခွဲလောက်က ဗဟင်းရွာနဲ့ ဆင်စွယ်ရွာကြားမှာ မိုင်းခွဲတိုက်ခိုက်ခဲ့တာလို့ မြိုင်PDF တပ်ဖွဲ့ ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“အကြမ်းဖက်စစ်အုပ်စု အင်အား ၂၀ ကျော်လောက်ဟာ အိမ်စီး  Mark II ကား တစ်စီး၊ ဆိုင်ကယ်ဆိုင်ကယ် ၇ စီးနဲ့ ဒလန်အသတ်ခံရတဲ့ ဆင် စွယ်ရွာကို လာချိန် မိုင်းဆွဲ တိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်သား ၃ ယောက်နဲ့ ၅ ယောက်ကြား သေဆုံးပြီးတော့ အများအပြား ဒဏ်ရာ ရသွားတယ်”

မြိုင် PDF တပ်ဖွဲအနေနဲ့ စစ်အုပ်စုကို မိုင်းဆွဲတိုက်ခိုက်ပြီးနောက်  သေနတ်နဲ့ ကာပစ်ပစ်ကာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီးတော့ မြိုင်ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဘက်က ထိခိုက်ကျဆုံးမှုမရှိဘူးလို့ ဆိုပါတယ်။

PRA တပ်ဖွဲ့ကလည်း အဆိုပါတိုက်ပွဲမှာ  မြိုင်PDF နဲ့ ပူးပေါင်းတိုက်ခိုက်တယ်လို့ ကြေညာချက်ထုတ်ထားပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့အချိန်မှာ PRA တပ်ဖွဲ့က မှတ်တမ်းယူနေပြီးတော့ မြိုင် PDF တပ်ဖွဲ့က တပ်ဖွဲ့ဝင်တွေ သီးသန့်တိုက်ခိုက်ခဲ့တာဖြစ်ကြောင်းနဲ့ ဒီကနေ့တိုက်ပွဲကို မြိုင်PDF ရဲ့လူမှုကွန်ယက်စာမျက်နှာမှာ ဗွီဒီယိုဖိုင်နဲ့ ဖော်ပြသွားမယ်လို့ ပြောပါတယ်။

တိုက်ပွဲဖြစ်ပြီးတော့ ရဲဘော်တွေပြန်ဆုတ်လို့ လမ်းခုလပ်လောက်ပဲ ရောက်သေးတဲ့အချိန်မှာ အွန်လိုင်းမှာ သတင်းချက်ချင်းတင်တာတွေကြောင့် အန္တရာယ် အခက်ခဲတွေ ကြုံနေရပြီး မြိုင် PDF က တရားဝင် သတင်းထုတ်ပြန်မှသာ ရေးသား ဖော်ပြကြဖို့ တောင်းဆိုထားပါတယ်။DVB

လာမည့် အာဆီယံအစည်းအဝေးများ၌ မြန်မာ တက်မတက် ဆိုသည်က ‘ဒေါ်လာတစ်သန်းတန် မေးခွန်း’ ဟု မလေးရှား ပြော

ယခုအပတ်ထဲ ကျင်းပသည့် အာဆီယံထိပ်သီးအစည်းအဝေးများ၌ နိုင်ငံရေးပိုင်းက မဟုတ်သည့် ကိုယ်စားလှယ်တစ်ဦးကို မြန်မာအာဏာ သိမ်းစစ်ကောင်စီဘက်က တက်ရောက်စေခဲ့ခြင်း မရှိသည့်နောက် နောက်လာမည့် အာဆီယံအစည်းအဝေးများတွင် မြန်မာ တက်မတက် ဆိုသည်က ရှင်းရှင်းလင်းလင်း မရှိသေးဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီးက အောက် တိုဘာ ၂၈ ရက်တွင် ပြောကြားသည်။

နောက်လာမည့် အာဆီယံအစည်းအဝေးများ၌ မြန်မာသည် အဖွဲ့ဝင်အဖြစ် ဆက်လက် ပါ ဝင်တက်ရောက်မည်လား ဆိုပြီး သတင်းစာရှင်း လင်းပွဲတစ်ခု၌ မေးမြန်းမှုကို မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင် အဗ္ဗဒူလာက “အဲဒါက ကျွန်တော် မဖြေနိုင်တဲ့ ဒေါ်လာတစ် သန်းတန် မေးခွန်းပဲ” ဟု ပြောခဲ့သည်။

ထို့ပြင် ယခု အာဆီယံအစည်းအဝေး၌ မြန်မာ မပါခြင်းက အာဆီယံ၏ အပြစ်မဟုတ်ဘဲ မြန်မာ (အာဏာသိမ်းစစ်ကောင်စီ) ၏ ဆုံးဖြတ်ချက်သာ ဖြစ်ကြောင်း ၎င်းက အလေးပေးပြောသွားခဲ့သည်။တချိန်တည်းမှာပင် အာဆီယံအဖွဲ့သည် တရုတ်နှင့်အကြား ဆက်ဆံရေးကို ပြည့်စုံကျယ်ပြန့်သည့် မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှု လယ်ဗယ်ကို မြှင့်တင်ရန် သဘောတူခဲ့ကြောင်း အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဘရူနိုင်းက အောက်တိုဘာ ၂၈ ရက်တွင် ပြောခဲ့သည်။

ယင်းမတိုင်မီ တစ်ရက်ကလည်း အာဆီယံသည် သြစတြေးလျနှင့်အကြား အလားတူ သဘောတူညီချက်တစ်ခု ရထားခဲ့သည်။ငြိမ်းချမ်းရေး သဘောတူညီချက်တစ်ရပ်ကို ဖော်ဆောင်ရန် ပျက်ကွက်မှုအတွက် မြန်မာကို အာဆီယံကနေ ထုတ်ပယ်မလား ဆိုသည့် မေးခွန်းကို ဘရူနိုင်းဘုရင် ဆူလ်တန် ဟာဆန်နယ် ဘိုကီးယားက ဖြေကြားရာတွင် အာဆီယံ၌ မြန်မာ၏ အဖွဲ့ဝင်ဖြစ်မှုက မည်သည့်အခါကမှ စဉ်းစားဖွယ်ရာ မဖြစ်ခဲ့ကြောင်းနှင့် မြန်မာသည် အာဆီယံမိသားစု၏ သီးခြားခွဲမရသည့် အဖွဲ့ဝင်တစ်နိုင်ငံဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောသွားခဲ့သည်။mizzima

စစ်ကောင်စီက ရုရှားနှင့် စီးပွားရေးဆက်ဆံမှု တိုးမြှင့်လာ

စစ်အာဏာ သိမ်းပြီးနောက် အရေးယူလာနိုင်သည့် ဒဏ်ခတ်ပိတ်ဆို့မှုများကို အတွေ့အကြုံနှင့် ခံနိုင်ရည်ရှိပြီး မိတ်ဆွေနိုင်ငံအနည်းငယ်ဖြင့် ရှေ့ဆက်သွားမည်ဟု တရားဝင်ထုတ်ဖော်ပြောဆိုထားသည့် စစ်ကောင်စီသည် ရုရှားနိုင်ငံနှင့် စီးပွားရေးဆက်ဆံမှုများ တိုးမြှင့်လာသည်။

စစ်လက်နက်ပစ္စည်း ရောင်းဝယ်မှုမှလွဲ၍ မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံသည့် ၅၁ နိုင်ငံတွင် ရုရှားက အဆင့် ၂၂ တွင် ရှိနေသည်။ နှစ်နိုင်ငံကုန် သွယ်မှုသည်လည်း ၂၀၁၉-၂၀ တွင် အမေရိကန်ဒေါ်လာ ၆၀ သန်းသာရှိသော်လည်း စစ်ကောင်စီက ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေး တိုး တက်စေရန် ဆက်တိုက်စီစဉ်လာခြင်းဖြစ်သည်။

ပထမအကြိမ် မြန်မာ-ရုရှားစီးပွားရေးလုပ်ငန်းရှင်များဆွေးနွေးပွဲကို စက်တင်ဘာ ၂၈ တွင် ပြုလုပ်ခဲ့ပြီး ဘဏ်၊ အာမခံ၊ စိုက်ပျိုးမွေးမြူရေး၊ စွမ်းအင်နှင့် သဘာဝဓာတ်ငွေ့၊ စားသောက်ကုန်ထုတ်လုပ်ခြင်း၊ သတ္တုတူးဖော်ရေးတို့တွင် ရင်းနှီးမြှုပ်နှံရန်၊ အကောက်ခွန်ကင်းလွတ်ခွင့်ဖြင့် ပို့ကုန်တင်ပို့နိုင်ရန် ဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီ၏ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

အဆိုပါဆွေးနွေးပွဲရလဒ်များကို အခြေခံပြီး ဆွေးနွေးပွဲများဆက်လက်ကျင်းပရန်၊ နှစ်နိုင်ငံကုန်သွယ်ရေးနှင့် စီးပွားရေးပူးတွဲကော်မရှင်အစည်း အဝေးပြုလုပ်ရန်၊ အနာဂတ်ပူးပေါင်းဆောင်ရွက်မှုကို မဟာဗျူဟာမြောက် လက်မှတ်ရေးထိုးနိုင်ရန် ရုရှားစီးပွားရေးကောင်စစ်ဝန် Mr. Andrei Lunak နှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဒုဝန်ကြီး ဦးသန်းအောင်ကျော်တို့ အောက်တိုဘာ ၂၅ တွင် ထပ်မံဆွေးနွေးခဲ့သည်။

နှစ်နိုင်ငံစီးပွားရေးနှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာကို ရုရှား-မြန်မာ ချစ်ကြည်ရေးအသင်းနှင့် မြန်မာ-ရုရှားစီးပွားရေးဖွံ့ဖြိုးမှုအသင်းတို့ လက်မှတ်ရေးထိုးခဲ့ကြောင်းလည်း ယမန်နေ့ (အောက်တိုဘာ ၂၇) ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။

စစ်ကောင်စီသည် နိုင်ငံတကာတွင် တရားဝင်မှုရရှိရေးအတွက် အင်အားကြီးနိုင်ငံကြီးများနှင့် ဆက်ဆံနေသည့် အခြေအနေတစ်ရပ်ကို ပြသရန် ရုရှားကို ပြေးကပ်ခြင်းဖြစ်ပြီး ထိုတွေ့ဆုံမှုများမှာလည်း စစ်ကောင်စီ၏ ဝါဒဖြန်ချိရေးအတွက် အသုံးဝင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက Myanmar Now ကို ပြောသည်။

စစ်ကောင်စီလက်ထက်တွင် ရုရှားနှင့် ထိတွေ့ဆက်ဆံမှုပိုများလာသည်ကို တွေ့ရသော်လည်း ရုရှားအနေဖြင့် နိုင်ငံရေး၊ စီးပွားရေးနှင့် သံခင်တမန်ခင်းဆိုင်ရာကိစ္စများထက် စစ်လက်နက်များရောင်းချရေးအတွက်သာ အဓိကပစ်မှတ်ထားပုံရကြောင်းလည်း ၎င်းက ဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၏ ဒုတိယနိုင်ငံခြားရေးရာဝန်ကြီး ဦးမိုးဇော်ဦးကလည်း စစ်ကောင်စီသည် အိမ်နီးချင်း တရုတ်နိုင်ငံနှင့် ခိုင်မာသည့်ဆက်ဆံရေးမရှိတော့သည့်အတွက် ရုရှားကို စီးပွားရေးရော၊ နိုင်ငံရေးအရပါ အားကိုးအားထားပြုဖို့ ကြိုးစားနေပုံရကြောင်း Myanmar Now ကို ပြောဆိုသည်။ 

“ရုရှားက မြန်မာနဲ့ပတ်သက်ရင် အဓိက လက်နက်ရောင်းဖို့နဲ့ စီးပွားရေးအရ ဘာအမြတ်ထွက်မလဲဆိုတာပဲ အဓိကထားတဲ့ သဘောရှိပါတယ်။ သူက အရှေ့တောင်အာရှမှာ ခြေကုပ်ယူဖို့ ကြိုးစားနေတာ ဒေသတွင်းအတွက် ကောင်းတဲ့ သဘောမရှိပါဘူး။ ဒေသအတွင်း ရှုတ်ထွေးမှုတွေပဲ ပိုပြီး ပေါ်ပေါက်လာစေမှာပါ” ဟု ဖမ်းဆီးခံထားရသူ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၏ အနီးကပ်လက်ထောက်တစ်ဦးလည်းဖြစ်သူ ဦးမိုးဇော်ဦးက ဆိုသည်။ 

စတော့ဟုမ်း နိုင်ငံတကာငြိမ်းချမ်းရေးသုတေသန အင်စတီကျု၏ တွေ့ရှိချက်များအရ မြန်မာစစ်တပ်သည် အရှေ့တောင်အာရှတွင် ဗီယက်နမ်ပြီးလျှင် ရုရှားထံမှ စစ်လက်နက် အများဆုံးဝယ်သောနိုင်ငံဖြစ်သည်။

မြန်မာနိုင်ငံအပြောင်းအလဲကို စောင့်ကြည့်သူနှင့် ဘေးထွက်ထိုင်ရန် ကြိုးစားသူများရှိသော်လည်း ရုရှားကမူ အခွင့်အလမ်းအဖြစ် ရှုမြင်ပုံရကြောင်း “အပြောင်းအလဲကပေးသည့် အခွင့်အလမ်းကို ရှာဖွေမည့် မြန်မာ-ရုရှား စီးပွားရေးဆွေးနွေးပွဲ” ခေါင်းစဉ်ဖြင့် စက်တင်ဘာ ၂၉ တွင် စစ်ကောင်စီ၏ ပြန်ကြားရေးဝန်ကြီးဌာနက ဆောင်းပါးတစ်ပုဒ် ရေးသားထုတ်ပြန်ထားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရလက်ထက် ၂၀၁၇ မတ်တွင် အောင်မြင်နိုင်ခြေနည်း၍ ယာယီရပ်ဆိုင်းထားခဲ့သည့် တောင်ကြီးမြို့ရှိ အမှတ်(၂) သံမဏိစက်ရုံ(ပင်းပက်) ကို ရုရှားအကူအညီဖြင့် ​၂၀၂၃ တွင် ပြန်လည်ပတ်ရန် စစ်ကောင်စီက စီစဉ်နေသည်။

ထိုနည်းတူ မော်စကိုတွင် ပြုလုပ်သည့် ရုရှားစွမ်းအင်ဖိုရမ်ကို စစ်ကောင်စီ၏ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးအောင်သန်းဦး တက်ရောက်ခဲ့ပြီး မြန်မာတွင် ရေအားလျှပ်စစ်နှင့် ဓာတ်အားပေးစက်ရုံတည်ဆောက်ရေး ဆွေးနွေးခဲ့ကြောင်း အောက်တိုဘာ ၁၄ တွင် သတင်းထုတ်ပြန်ထား သည်။

စစ်ကောင်စီလက်ထက်၌ ရုရှားနှင့် မဟာဗျူဟာမြောက် ဘက်စုံဆက်ဆံရေးအစီအစဉ်များ တိုးတက်နေကြောင်း စစ်ကောင်စီ၏ ပြောရေးဆို ခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက Mainichi Shimbun သတင်းစာကို အောက်တိုဘာ ၅ တွင် ပြောခဲ့သည်။

အာဏာသိမ်းပြီးနောက်ပိုင်း ရုရှားက အိမ်ရှင်အဖြစ် ကျင်းပသည့် ၉ ကြိမ်မြောက် နိုင်ငံတကာလုံခြုံရေးညီလာခံကို ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင် ဇူလိုင်တွင် တက်ခဲ့သလို ရုရှားနှင့် မြန်မာစစ်တပ်အရာရှိများ အပြန်အလှန်သွားရောက်သည့် ခရီးစဉ်များလည်းရှိခဲ့သည်။ 

ပြီးခဲ့သည့် ၂၀၂၁ ဇွန်အတွင်း အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရုရှားနိုင်ငံသို့ တစ်ပတ်ကြာ ရောက်ရှိစဉ် ​​စစ် လက်နက်ပစ္စည်းများတင်ပို့ရောင်းချသည့် ကုမ္ပဏီများသို့ သွားရောက်ခဲ့သည်။ 

မြန်မာနိုင်ငံ၌ ရုံးခွဲဖွင့်ထားသည့် ကမ္ဘာ့ထိပ်တန်း စစ်လက်နက်ကုမ္ပဏီတစ်ခုဖြစ်သည့် Rosoboronexport သို့ သွားရောက်ခဲ့ပြီး စစ်ဘက်နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဆွေးနွေးခဲ့သည်ဟု စစ်ကောင်စီဘက်မှ သတင်းထုတ်ပြန်ထားသည်။ 

ဗိုလ်ချုပ်မှူးကြီးသန်းရွှေခေတ်ကကဲ့သို့ပင် စစ်တပ်အရာရှိအများအပြား ရုရှားတွင် ပညာဆက်သင်လျက်ရှိသည်။myanmar now

အရာတော် လွှတ်တော်အမတ်နှင့် သပိတ်ခေါင်း ဆောင် နေအိမ်များကို စစ်ကောင်စီက သိမ်းယူ

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်က လွတ်တော်ကိုယ်စားလှယ် တယောက်ရဲ့ နေအိမ်။ သပိတ်ဦးဆောင်သူတယောက်ရဲ့ နေအိမ်နဲ့ စီးပွားရေးလုပ်ငန်းတွေကို အောက်တိုဘာ ၂၈ ရက်က စစ်တပ် အင်အား ၃၀ လောက်နဲ့ လာရောက်ပြီး ချိပ်ပိတ်သွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အရာတော်မြို့နယ်၊ ပိတောက်မြိုင်ရပ်ကွက်က ဦးသန်းရွှေရဲ့ နေအိမ်နဲ့ ဈေးတွင်းက ကုန်စုံဆိုင်ကို ပစ္စည်းတွေထုတ်ပြီး သေနတ်နဲ့ချိန်ပြောင်းရွှေ့ခိုင်းကာ ချိပ်ပိတ်ခဲ့သလို၊ NLD ပါတီ ရွေးကောက်ခံကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ဦးဝဏ္ဏရဲ့ ပိတောက်မြိုင်ရပ်ကွက်က နေအိမ်ကိုလည်း စစ် တပ်က လာရောက်ချိပ်ပိတ်သွားခဲ့တယ်လို့ သိရပါတယ်။

“သပိတ်ကာလ တက်တက်ကြွကြွဦးဆောင်ခဲ့ပြီး အရာတော်မြို့မှာ ပထမဆုံး CDM လုပ်တဲ့ အရာတော်စည်ပင်မြို့တော်ဝန်ဟောင်းရယ်၊ ရွေး ကောက်ခံကိုယ်စားလှယ်တစ်ဦးရယ်တော့ ချိပ်ပိတ်သွားပြီ။ တခြားကိုယ်စားလှယ်တစ်ဦးနဲ့ သပိတ်ခေါင်းဆောင်တစ်ဦးရဲ့ နေအိမ်တွေကိုလည်း ဆက်သွားတယ်လို့ သိရတယ်၊ အတည်ပြုလို့ကတော့ မရသေးဘူး” လို့ ဒေသခံက ပြောပါတယ်။

အောက်တိုဘာ ၂၅ ရက်ကစပြီး လွှတ်တော်ကိုယ်စားလှယ်၊ သပိတ်ဦးဆောင်သူတွေနဲ့ တက်ကြွလှုပ်ရှားသူတွေရဲ့ နေအိမ်တွေကို PDF နဲ့ ဆက်သွယ်တယ်လို့ဆိုကာ စစ်ကောင်စီက ချိပ်ပိတ်ပြီး လိုက်လံ သိမ်းဆည်းနေတာ ဖြစ်ပါတယ်။ DVB

« Older Entries