ချိပ်ပိတ်ထားသည့် မန္တလေးတိုင်း NLD ပါတီရုံး ဖောက်ခွဲဖျက်ဆီးခံရ

မန္တလေး၊ ချမ်းအေးသာစံမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) မန္တလေးတိုင်းရုံးကို ယမန်နေ့ ညပိုင်းတွင် မည်သူမည်ဝါ မသိရသူ ၈ ဦးက ဖောက်ခွဲဖျက်ဆီးခဲ့သည်ဟု မျက်မြင်တွေ့ရှိသူတစ်ဦးက အတည်ပြုသည်။ 

အာဏာသိမ်းသည့် နေ့ကတည်းက ချိပ်ပိတ်ခံထားရသည့် ၆၂လမ်း ( ၃၃ လမ်းနှင့် ၃၄ လမ်းကြား) ရှိ NLD တိုင်းရုံးသို့ ယမန်နေ့ည ၁၂ နာရီခန့်တွင် ကားနှစ်စီးဖြင့် အရပ်ဝတ် လူ ၈ ဦးရောက်ရှိလာကာ ၎င်းတို့ဝင်သွားပြီး မိနစ်အနည်းငယ်အကြာတွင် ပေါက်ကွဲမှုဖြစ်ခဲ့သည်ဟု ဆိုသည်။ 

“အရပ်ဝတ်တွေနဲ့ပဲ ရောက်လာတယ်။ ပြီးတော့ ချိပ်ပိတ်ထားတဲ့ ဒီရုံးထဲကို ဖျက်ပြီး သူတို့ဝင်တယ်။ အထပ်နှစ်ထပ်မှာ ဖောက်ခွဲသွားတာ။ ညမထွက်ရအချိန်မှာ ဖြစ်တာ။ ဒီအချိန်က ဘယ်သူတွေပဲ ထွက်ခွင့်ရတာလဲ သိတဲ့အတိုင်းပဲ” ဟု မျက်မြင်တွေ့ရှိသူ အမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။

အထက်ပါ ငါးထပ်ရှိ NLD ပါတီ မန္တလေးတိုင်းရုံး၏ တတိယအထပ်နှင့် စတုတ္ထထပ်တွင် ဖောက်ခွဲဖျက်ဆီးခံရခြင်းဖြစ်သည်ဟု ထိုမျက်မြင်တွေ့ရှိသူထံမှ သိရသည်။

Myanmar Now က ရရှိထားသည့် ဓာတ်ပုံများအရ ပါတီရုံးအဆောက်အအုံမျက်နှာစာရှေ့တွင် အပျက်အစီးများ တွေ့ရှိရသည့်နည်းတူ ပေါက်ကွဲမှုကြောင့် ရုံးအဆောက်အအုံမျက်နှာစာအထက်ပိုင်းတွင်လည်း ထိခိုက်ပျက်စီးမှုအချို့ တွေ့မြင်ရသည်။

” အကြမ်းဖက်တဲ့နည်းနဲ့ ပါတီကို ချေဖျက်တဲ့သဘောဖြစ်တာ ထင်ရှားသထက် ထင်ရှားလာတာပါပဲ။ စစ်ကောင်စီဟာ ဥပဒေမဲ့ အကြမ်းဖက်အဖွဲ့အစည်းဖြစ်ကြောင်း သူတို့ကိုယ်တိုင် ကမ္ဘာကို သက်သေခံပြနေတယ်လို့ ပြောရမှာပဲ” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုကော်မတီဝင် ဦးအောင်ကြည်ညွန့်က Myanmar Now ကို ယနေ့ ပြောသည်။ 

အဆိုပါရုံးမှာ အာဏာသိမ်းပြီးနောက်ပိုင်း တတိယအကြိမ်မြောက် တိုက်ခိုက်ခံရခြင်းဖြစ်ကာ ပြီးခဲ့သည့် ဇွန် ၁၃ ညပိုင်း၌ တစ်ကြိမ်၊ အောက်တိုဘာ ၁၆ တွင် တစ်ကြိမ် ရုံးတွင်းသို့ ဝင်ရာက်ဖျက်ဆီးခံခဲ့ရသည်။

အောက်တိုဘာ ၁၆ ရက်က ဒုတိယအကြိမ်တိုက်ခိုက်ခံရမှုအတွင်း ရုံးအတွင်းရှိ ကျပ်သိန်းပေါင်း ၁၅၀ ကျော် တန်ဖိုးရှိ ပန်းချီကားများနှင့် ရုံးပစ္စည်းများ ပျက်စီးခဲ့သည်ဟု NLD ပါတီဝင်တစ်ဦးက ပြောသည်။ 

“ဒုတိယအကြိမ်က ပိုပြီး ဆုံးရှုံးမှုအကြီးဆုံးပါပဲ။ အမေ့ပုံတွေ၊ ပန်းချီကားတွေပါ ဖျက်ဆီးခံရတာ။ အရမ်းစိတ်ထိခိုက်ပါတယ် ”ဟု မန္တလေးမြို့မှ NLD ပါတီဝင်က ပြောသည်။

ဆက်လက်၍ “ပါတီကို တိုက်ခိုက်တာ၊ ထိခိုက်စေချင်တာ ဘယ်အဖွဲ့အစည်းလဲ အားလုံးသိသာပါတယ်။ သူတို့လက်ချက်ပါပဲ” ဟုလည်း ၎င်းက ပြောသည်။ 

ဇွန်လဆန်းပိုင်းက ပထမဆုံးအကြိမ်တိုက်ခိုက်ခံရမှုတွင် ညအချိန်၌  NLD ပါတီ တိုင်းရုံးအတွင်း လူတစ်စုက သော့ဖျက်ဝင်ရောက်ပြီး ရွေး ကောက်ပွဲအောင်နိုင်ရေး ဗီနိုင်းဆိုင်းဘုတ်များကို ဖျက်ဆီးခဲ့ကြခြင်း ဖြစ်သည်။ ယင်းညမှာပင် ​​ချမ်းမြသာစည်မြို့နယ် NLD ပါတီရုံးသည်လည်း လက်ပစ်ဗုံးနှစ်လုံးဖြင့် ပစ်ခတ်ခံရပြီး ဗုံးတစ်လုံးပေါက်ကွဲခဲ့သည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁၄ ရက်ကလည်း မဟာအောင်မြေမြို့နယ်၊ ကံတက်ကုန်းမစိုးရိမ်ကျောင်းတိုက်အတွင်း စိုက်ထူထားသည့် ဒေါ်အောင်ဆန်းစုကြည်ရုပ်တုကို မည်သူမည်ဝါ မသိရသူ ၃၀ ခန့်က တုတ်ဓားလက်နက်များဖြင့် အင်အားသုံးဖျက်ဆီးခဲ့သည်။  

အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ အမြို့မြို့အနယ်နယ်ရှိ NLD ပါတီရုံးများ ဆက်တိုက်ဆိုသလို တိုက်ခိုက်ဖျက်ဆီးခံနေရပြီး အောက်တိုဘာ ၂၁ ရက်တွင် တနင်္သာရီတိုင်း ထားဝယ်မြို့ရှိ NLD တိုင်းရုံးနှင့် အောက်တိုဘာ ၂၀ တွင် မြိတ်မြို့ရှိ NLD ပါတီရုံး ဗုံးခွဲတိုက်ခိုက်ခံခဲ့ရသည်။ 

ထို့ပြင် မန္တလေးတိုင်း တောင်သာမြို့လယ်ရှိ NLD ပါတီရုံးမှာ ဩဂုတ်လအတွင်း သုံးညဆက်တိုက် တိုက်ခိုက်ဖျက်ဆီးခံခဲ့ရသည်။ 

ရန်ကုန်မြို့ရှိ NLD ပါတီရုံးချုပ်ကိုလည်း မတ်လအတွင်းက အမည်မသိရသူများက မီးကွင်းပစ်ကာ မီးရှို့ ဖျက်ဆီးရန် ကြိုးပမ်းခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက အပြတ်အသတ်အနိုင်ရခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် မဲစာရင်းမှားယွင်းသည်ဟု အကြောင်းပြလျက် စစ်တပ်က အာဏာသိမ်းယူခဲ့ပြီးနောက်ပိုင်း NLD ပါတီ ထိပ်ပိုင်းခေါင်းဆောင်များအပါအဝင် နိုင်ငံအနှံ့ရှိ ပါတီဝင်များနှင့် ပါတီထောက်ခံသူ များကို စစ်ကောင်စီက ပစ်မှတ်ထား ဖမ်းဆီးနှိပ်ကွပ်နေသည်။ myanmar now

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s