Monthly Archives: Oct 2021

ဝါးခယ်မနယ်က မိုင်တဲတာဝါတိုင်ကို မိုင်းခွဲ ဖျက်ဆီးလိုက်ကြောင်း ပြောက်ကျားအဖွဲ့ပြောကြား

ဝါးခယ်မမြို့နယ် မဒေါ့ချောင်ကျေးရွာတွင်ရှိသည့် မိုင်တဲတဝါတိုင်တစ်ခုကို ယနေ့ညပိုင်းတွင် မိုင်းခွဲဖျက်ဆီးလိုက်ကြောင်း မြို့ခံပြောက်ကျား တပ်ဖွဲ့အပြောအရသိရသည်။

ည ၇နာရီ မိနစ် ၂၀ ခန့်တွင် “တာဝါတိုင်ကို မိုင်းခွဲခဲ့တယ်၊ပြီးတော့ ဓာတ်ဆီလောင်းပြီးတော့လည်း မီးရှို့ခဲ့တယ် ၊တာဝါတိုင်ကလွဲပြီး ရှိသမျှအ ကုန်ပျက်စီးသွားပါတယ်”ဟု ဝါးခယ်မ STF အဖွဲ့ဝင်တစ်ဦးက ပြောသည်။ဧရာ၀တီတိုင်းဒေသကြီးအတွင်း မိုင်တဲတာဝါတိုင် စုစုပေါင်း ၁၂ ခု ဖျက်ဆီးပြီးဖြစ်သည်ဟု ပြောက်ကျားအဖွဲ့ထုတ်ပြန်မှုအရသိရသည်။ mizzima

အုပ်ချုပ်ရေးမှုးများ နတ္ထိကုန်ပြီဖြစ်တဲ့ ရန်ကုန်က ခရမ်းမြို့

စစ်အခြေစိုက်စခန်းပေါင်း ၁၀၀ ကျော် ဝန်းရံထားသည့် မြို့တော်ရန်ကုန်နှင့် မိုင် ၂၀ ခန့်သာ ကွာဝေးသည့် ရန်ကုန်တောင်ပိုင်းခရိုင်တွင်းရှိ ခရမ်းမြို့နယ်တွင် ရပ်ကျေးအဆင့်အုပ်ချုပ်ရေးမှူးအများအပြား နုတ်ထွက်ကုန်သဖြင့် စစ်ကောင်စီက​ ၎င်းတို့အာဏာစက် သက်ရောက်ရန် ရုန်းကန်နေရသည်။

ရပ်ကျေးအုပ်ချုပ်ရေးမှူးများ ၁၅ ရက်အတွင်း နုတ်ထွက်ကြရန် ခရမ်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့  (PDF – Kayan) က အောက်တိုဘာလဆန်းပိုင်းတွင် သတိပေးစာထုတ်ပြန်ခဲ့သည်။ ထို့နောက်ပိုင်းမှစ၍ အုပ်ချုပ်ရေးမှူးများ အစုလိုက်အပြုံလိုက် နုတ်ထွက်ခဲ့ကြခြင်းဖြစ်သည်။ 

ဒေသခံများ၏ Facebook လူမှုကွန်ရက်စာမျက်နှာများအပါအဝင် ဒေသခံအချို့နှင့် ခရမ်းမြို့နယ် PDF အဖွဲ့ခေါင်းဆောင်ကို Myanmar Now က ဆက်သွယ်မေးမြန်းထားချက်များအရ ယခုလအတွင်း မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုအားလုံးနီးပါးတွင် အုပ်ချုပ်ရေးမှူးများ နုတ်ထွက်ခဲ့သည်ဟု ဆိုသည်။ 

စစ်ကောင်စီ၏ အကြမ်းဖက်ဖြိုခွင်းမှုများကြောင့် လက်နက်ကိုင်တော်လှန်ခုခံတော်လှန်မှုများ စတင်ပေါ်ထွက်လာချိန်မှစ၍ အာဏာသိမ်းစစ်ကောင်စီအောက်တွင် အမှုထမ်းနေကြသော မြို့နယ်နှင့် ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးများ မကြာခဏ လုပ်ကြံသတ်ဖြတ်ခံနေရသည်။ 

အုပ်ချုပ်ရေးမှူးများသည် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များ၏ လှုပ်ရှားမှုများကို စစ်ကောင်စီထံ သတင်းပေးခြင်း၊ ဧည့်စာရင်းတိုင်ကြားစေခြင်း၊ ဖမ်းဆီးစစ်ဆေးခြင်း စသည့် အောက်ခြေအဆင့်ထိ ပြည်သူလူထုကို ဖိနှိပ်ရေးလုပ်ငန်းများတွင် အလိုတူအလိုပါဖြစ်နေသည့်အတွက် ထိုသို့ပစ်မှတ်ထား လုပ်ကြံသတ်ဖြတ်ခံနေရခြင်းဖြစ်သည်။

အုပ်ချုပ်ရေးမှူးများသည် အရပ်သားများဖြစ်သည့်အတွက် သတ်ဖြတ်ဖို့ ညွှန်ကြားထားခြင်း မရှိကြောင်း သို့သော် ၎င်းတို့အနေဖြင့် စစ်‌ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားကို ကူညီနေသူများဖြစ်သည့်အတွက် အကြမ်းဖက်ဆိုင်ရာဥပဒေနှင့် ငြိစွန်းနေရာ တော်လှန်ရေးပြီးဆုံးချိန်တွင် ဥပဒေအရ ရင်ဆိုင်ရမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကာကွယ်‌ရေးဝန်ကြီးဌာန၊ အတွင်းဝန် ဦးနိုင်ထူးအောင်က Myanmar Now ကို ပြောသည်။

သို့သော် အုပ်ချုပ်ရေးထက် ကျော်လွန်ပြီး စစ်ရေးကိစ္စရပ်များတွင် ပါဝင်သည့် အုပ်ချုပ်ရေးမှူးများကိုမူ စစ်ရေးအရ ဆက်လက်ဆောင်ရွက်သွားမည်ဟု ၎င်းက ဆိုသည်။ 

“အုပ်ချုပ်ရေးမှူးမဟုတ်တော့ဘဲ စစ်ရေးဆိုင်ရာကိစ္စတွေမှာ ပြုလုပ်နေသူများရှိပါတယ်။ စစ်ရေးကိစ္စရပ်တွေမှာ တချို့ဆိုလို့ရှိရင် လက်နက် ကိုင်ပြီးခြိမ်းခြောက်တာ အနိုင်ကျင့်တာမျိုးအထိပါ လုပ်လာတယ်၊ ဒါမှမဟုတ်လည်း စစ်ရေးသတင်းပေးပုံစံမျိုး Spy ပုံစံမျိုး လုပ်လာတာမျိုးတွေရှိတယ်။ ဒီလိုစစ်ရေးကိစ္စတွေ ပါဝင်လာရင်တော့ နိုင်ငံတကာက စစ်ရေးဆိုင်ရာဥပဒေနဲ့အညီတော့ PDF ကလည်း တပ်မတော်တစ်ခုဖြစ်တဲ့အခါကျတော့ စစ်ရေးကိစ္စတွေအတိုင်း လုပ်သွားမယ်” ဟု ၎င်းက ပြောသည်။

“အသက်အန္တရယ်စိုးရိမ်ရပါသဖြင့်”

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ၂၀၁၉ ခုနှစ်မှတ်တမ်းအရ လူဦးရေ နှစ်သိန်းနီးပါး နေထိုင်သည့် ခရမ်းမြို့နယ်သည် လယ်ယာလုပ်ငန်းကို အဓိကထားလုပ်ကိုင်ပြီး စီးပွားရေးဖွံ့ဖြိုးမှုမြင့်သည်ဟု ဖော်ပြထားသည်။ မုတ္တမပင်လယ်ကွေ့၊ ပဲခူးတိုင်း ကဝမြို့နယ်တို့နှင့် နယ်နိမိတ်ချင်းထိစပ်နေသလို ရန်ကုန်သို့ ဝင်ပေါက်ဖြစ်သည့် သန်လျင်မြို့နှင့်လည်း တစ်ဆက်တည်းတည်ရှိနေသည့် မြို့နယ်ဖြစ်သည်။

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ခရမ်းမြို့နယ်တွင် မြို့ပေါ်ရပ်ကွက် ၁၂ ခုနှင့် ကျေးရွာအုပ်စု ၅၃ ခုရှိပြီး၊ လက်ရှိတွင် မြို့ပေါ်ရပ်ကွက်တစ်ခု ထပ်တိုးထားသည်ဟု သိရသည်။ ထိုရပ်ကွက်များနှင့် ကျေးရွာများတွင် တာဝန်ထမ်းဆောင်နေသော အုပ်ချုပ်ရေးမှုးအများစု နုတ်ထွက်သွားပြီဖြစ်ကြောင်း ဒေသခံများက ပြောဆိုကြသည်။ 

နုတ်ထွက်စာတင်ခဲ့သည့် အုပ်ချုပ်ရေးမှူး အယောက် ၆၀ ဝန်းကျင်တွင် ထက်ဝက်ခန့်မှာ မိသားစုကိုပါ အသက်အန္တရာယ်ခြိမ်းခြောက်ခံရသဖြင့် ရာထူးစွန့်ခြင်းဖြစ်သည်ဟု ခရမ်းမြို့နယ်နှင့်ဆိုင်သော အကြောင်းအရာများကို စုစည်းဖော်ပြနေသည့် Khayan Channel အမည်ရ Facebook စာမျက်နှာတွင် တွေ့ရှိရသည်။

ခရမ်းမြို့နယ်အတွင်း ကျေးရွာအုပ်စုကြီးတစ်ခုဖြစ်သော ကမာကလူမှ ယာယီအုပ်ချုပ်ရေးမှူး ဦးခင်မောင်အေး၏ နုတ်ထွက်စွာတွင် “မိသားစု၏ အသက်အန္တရာယ် စိုးရိမ်ရပါသဖြင့် နုတ်ထွက်ခွင့်ပြုနိုင်ပါရန် တင်ပြအပ်ပါသည်” ဟု ရေးသားထားသည်။ 

ကျန်းမာရေးအကြောင်းပြချက်ဖြင့် နုတ်ထွက်စာတင်သည့် အုပ်ချုပ်ရေးမှူးများလည်း ရှိနေသည်။ ခရမ်းမြို့နယ် လှဘီလူးကျေးရွာအုပ်စု ယာယီအုပ်ချုပ်ရေးမှူး ဦးတင့်ဆွေက အောက်တိုဘာ ၁၃ ရက်စွဲဖြင့် တင်ခဲ့သည့် နုတ်ထွက်စာတွင် “ကျန်းမာရေအနေအထားကြောင့် တာဝန်မှ နုတ်ထွက်ခွင့်ပြုပါရန် တင်ပြအပ်ပါ သည်” ဟု ရေးသားထားသည်။

ခရမ်း PDF အနေဖြင့် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှုးများကို မည်ကဲ့သို့ ပစ်မှတ်ထားတိုက်ခိုက်သွားမည်ကို မပြောသော်လည်း စစ်ကောင်စီလက်အောက်တွင် ဆက်လုပ်နေပါက သစ္စာဖောက်ဒလန်အဖြစ် သတ်မှတ်သွားမည်ဖြစ်ကြောင်း ခရမ်း PDF ခေါင်းဆောင်က ဆိုသည်။

“ဆက်လုပ်မယ်ဆိုရင် ပြည်သူ့သစ္စာဖောက်ဒလန်များအဖြစ် သတ်မှတ်မှာပါ၊ ပြည်သူ့သစ္စာဖောက်ဒလန်အဖြစ် သတ်မှတ်တယ်ဆိုလို့ရှိရင်တော့ ဒလန်တွေရဲ့ သွားရာလမ်းအတိုင်း ပြည်သူတွေရဲ့ ဆန္ဒအတိုင်းပဲ ဖြစ်ရမှာပါ” ဟု ၎င်းက ပြောသည်။

ပြည်ထဲရေးဝန်ကြီးဌာန၏ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနလက်အောက်ရှိ ရပ်ကျေးအုပ်ချုပ်ရေးသည် အခြေခံအကျဆုံးအုပ်ချုပ်ရေးယန္တရားဖြစ်သည့်အတွက် ထိုယန္တရားလည်ပတ်အောင် လုပ်ပေးနေသည့် အုပ်ချုပ်ရေးမှုးများကို သတိပေးခြင်းဖြစ်ကြောင်း၊ ထိုယန္တရားတွင် ပါဝင်နေသည့် ရပ်ကျေးစာရေးများကိုလည်း အောက်တိုဘာ ၃၁ ရက် နောက်ဆုံးထားပြီး လုပ်ငန်းတာဝန်များရပ်ဆိုင်းဖို့ နုတ်ထွက်ခြင်းသို့မဟုတ် CDM လုပ်ကြဖို့ သတိပေးထားသည်ဟု သူက ဆက်ပြောသည်။

ဒေသအခြေစိုက် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်သည့်အလျောက် စစ်ကောင်စီပြုတ်ကျရေး ဦးတည်လှုပ်ရှားနေရသည့်အတွက် ၎င်း၏ အမည်ကိုမူ ထုတ်ဖော်ပြောဆိုလိုခြင်း မရှိဟု ခရမ်း PDF ခေါင်းဆောင်က ဆိုသည်။

ခရမ်း PDF အနေဖြင့် စစ်ရေးပစ်မှတ်များကိုသာ အဓိကထားတိုက်ခိုက်မှုပြုလုပ်ခဲ့သည်ဟုဆိုပြီး မည်သည့်တိုက်ခိုက်မှုများပြုလုပ်ခဲ့သည်ကိုမူ ၎င်းက ဖြေကြားခြင်းမပြုခဲ့ပေ။ သို့‌သော် ခရမ်းမြို့နယ်အတွင်း မေလအတွင်းက သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံရသူတစ်ဦးရှိပြီး၊ သြဂုတ်လအတွင်း က ၂၀၂၀ ရွေးကောက်ပွဲဝင်ပြိုင်ခဲ့သူ စစ်တပ်ကျောထောက်နောက်ခံပြု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ်လောင်း ဦးဝင်းခိုင်နှင့် ရေတပ်ဗိုလ်ကြီးတစ်ဦး၊ ထို့ပြင် စက်တင်ဘာလအတွင်း အုပ်ချုပ်ရေးမှုးတစ်ဦးတို့ လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်။ ထိုဖြစ်စဉ်များနှင့် ပတ်သက်၍ ခရမ်း PDF မည်မျှပတ်သက်သည်ကို ခရမ်း PDF တာဝန်ခံက ဖြေကြားခြင်းမရှိပေ။၊ 

ခရမ်း PDF သည် လွန်ခဲ့သည့် စက်တင်ဘာလလယ်ပိုင်းတွင် မြို့နယ်အားကစားရုံအနီး တပ်စွဲထားသည့် စစ်တပ်စစ်ဆေးရေးစခန်းကို လက်ပစ်ဗုံးဖြင့် သွားရောက်တိုက်ခိုက်ရာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ထိုဖြစ်စဉ်တွင် စစ်ကောင်စီဘက်မှ ထိခိုက်မှုကို မသိရသော်လည်း PDF ဘက်မှ နှစ်ဦးသေဆုံးကာ တစ်ဦးဖမ်းဆီးခံခဲ့ရသည်။ ထိုဖြစ်စဉ်အနှစ်ချုပ်ကို ခရမ်း PDF က ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာတွင် ထုတ်ပြန်ထားသည်။ 

ခရမ်းမြို့နယ်တွင် အုပ်ချုပ်ရေးယန္တရား ပြိုလဲသွားသည်အထိ ရပ်ကျေးအဆင့်အုပ်ချုပ်ရေးမှူးအားလုံး နုတ်ထွက်ခဲ့ခြင်းနှင့် ပတ်သက်၍ စစ်ကောင်စီက တစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မရှိပေ။

အာဏာသိမ်းစစ်ကောင်စီအောက်တွင် တာဝန်ထမ်းဆောင်ခြင်း မပြုရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တိုက်တွန်းပြီး တစ်လခန့်အကြာ အောက်တိုဘာလဆန်းပိုင်းတွင် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ရန်ကုန်တိုင်းရှိ ဒေသအချို့တွင် ရပ်ကျေးအဆင့်အုပ်ချုပ်ရေးမှူး ၈၀ ထက်မနည်း နုတ်ထွက်ခဲ့သည်။ 

Myanmar Now ၏ စုစည်းထားသည့် အချက်အလက်များအရ နိုင်ငံတစ်ဝန်း လုပ်ကြံသတ်ဖြတ်ခံရခြင်းကြောင့် သေဆုံးသွားသည့် အုပ်ချုပ်ရေးမှူးပေါင်း ၁၁၀ကျော်ရှိ ပြီး စစ်ကိုင်းတိုင်းတွင် လုပ်ကြံသတ်ဖြတ်ခံရမှုအများဆုံးဖြစ်သည်။ စစ်ကောင်စီက စက်တင်ဘာလအတွင်းသတင်းထုတ်ပြန်ချက်တွင် ဩဂုတ်လကုန်အထိ မြို့နယ်နှင့် ရပ်ကျေးအဆင့် အုပ်ချုပ်ရေးမှူး ၁၀၂ ဦး လုပ်ကြံသတ်ဖြတ်ခံခဲ့ရကြောင်း ထုတ်ပြန်ထား သည်။

လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည့် အုပ်ချုပ်ရေးမှူးများအတွက် အာဏာသိမ်းစစ်ကောင်စီက တစ်ဦးလျှင် ကျပ်ငါးသိန်းစီ သတ်မှတ်ကာ ကျန်ရစ်သူမိသားစုများထံ ပေးအပ်ခဲ့ကြောင်း ဇွန် ၁၂ ထုတ် စစ်ကောင်စီ၏ သတင်းစာများတွင် ဖော်ပြထားသည်။ နောက်ပိုင်းတွင် အုပ်ချုပ်ရေးမှူးများစွာလုပ်ကြံသတ်ဖြတ်ခံရပြီး လုပ်ကြံသတ်ဖြတ်ခံရသည့် အုပ်ချုပ်ရေးမှူးများအတွက် စစ်ကောင်စီက ငွေကြေးထောက်ပံ့ခြင်းများ ဆက်လက်လုပ်ဆောင်ခြင်းရှိမရှိကိုမူ မသိရပေ။

အုပ်ချုပ်ရေးမှုးများအပြင် စစ်တပ်၏ ဒေါက်တိုင်ပါတီဖြစ်သော ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် စစ်တပ်ကို သတင်းပေးဟု ယူဆခံရသော စစ်မှုထမ်းဟောင်းများ၊ စစ်တပ်၏ ခါးပိုက်ဆောင်အဖွဲ့သဖွယ် လွန်ခဲ့သည့်နှစ်များက လှုပ်ရှားခဲ့သည့် မဘသအဖွဲ့ဝင်များပါ နိုင်ငံတစ်ဝန်း ပစ်မှတ်ထားလုပ်ကြံခံနေရသည်။ 

ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့

အုပ်ချုပ်ရေးမှူးအများအပြား နုတ်ထွက်ခဲ့သည့် ခရမ်းမြို့နယ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ပူးပေါင်းကာ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ယာယီ) ဖွဲ့စည်းကာ ကိုယ်ပိုင်အုပ်ချုပ်ရေးယန္တရား အစားထိုးမည်ဟု အောက်တိုဘာ ၁၂ တွင် ခရမ်းမြို့နယ် PDF က ကြေညာသည်။

ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို မည်သို့ပုံဖော်သွားမည်ကို NUG နှင့် ခရမ်း PDF တို့က အသေးစိတ်ထုတ်ဖော်ပြောဆိုခြင်း မရှိသော်လည်း ထိုအုပ်ချုပ်ရေးအဖွဲ့တွင် ရပ်မိရပ်ဖများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ PDF အဖွဲ့ဝင်များနှင့် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်နေသည့် အစိုးရဝန်ထမ်းများ၊ တက်ကြွလှုပ်ရှားသူများ၊ တရားရေးနှင့် ကျန်းမာရေးဝန်ထမ်းများပါဝင်မည်ဟု ဆိုသည်။

ရန်ကုန်တိုင်းအတွင်း စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားကို ပထမဆုံးဖြိုလှဲနိုင်ခဲ့သည့် မြို့နယ်ဖြစ်သည်ဟု ခရမ်း PDF ခေါင်းဆောင်က ကြွေးကြော်သည်။  

ခရမ်းမြို့နယ်တွင် NUG နှင့် PDF က ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းမည်ဖြစ်ကြောင်း ကြေညာပြီးနောက် အောက်တိုဘာ ၁၇ တွင် စစ်ကောင်စီ၏ ရန်ကုန်တိုင်း နယ်စပ်ရေးရာနှင့်လုံခြုံရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့် ရောက်ရှိလာပြီး ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံခဲ့သည်။

ဗိုလ်မှူးကြီးဝင်းတင့် လာရောက်စဉ်အတွင်း ပညာရေး၊ ကျန်းမာရေး၊ လုံခြုံရေး၊ အုပ်ချုပ်ရေးကိစ္စများကို မြို့မိမြို့ဖများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် ဆွေးနွေးသည်ဟု စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့သော်လည်း အသေးစိတ်ဖော်ပြခြင်း မရှိပေ။

နိုင်ငံပိုင် မြန်မာ့ရုပ်မြင်သံကြားက ထုတ်လွှင့်သည့် ရုပ်သံမှတ်တမ်းအရ အရပ်သားဟု ယူဆရသည့် ၃၀ ခန့်သော လူတစ်စုနှင့် ဗိုလ်မှူးကြီးဝင်းတင့်တို့ တွေ့ဆုံခဲ့သည်ကို တွေ့ရသည်။ 

ထို့နောက်တွင် ခရမ်းမြို့အတွင်း၌ စစ်ကောင်စီက လုံခြုံရေးအထူးတင်းကျပ်လာပြီး အချက်အချာကျရာ နေရာတိုင်းတွင် ကင်းစခန်းများချကာ ရှာဖွေစစ်ဆေးနေသည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် မြို့ခံအမျိုးသားက ပြောသည်။

“ရွာဘက်တွေမှာကော နေ့တိုင်း ဟိုလူ့ဝင်ဖမ်းသွားပြီ၊ ဒီလူ့ဝင်ဖမ်းသွားပြီဆိုတာ ကြားနေရတာပဲ။ မြို့မှာဆိုရင်တော့ စစ်ကားနဲ့ ပတ်နေတာလည်း တွေ့ရတယ်။ မြို့ဝင်ဂိတ်တွေကိုလည်း ပိတ်ပြီး စစ်နေတယ်”ဟု ၎င်းက ပြောသည်။

ထောက်ခံစာ ပြန်အသက်သွင်းခြင်း

ခရမ်းမြို့နယ်တွင် အုပ်ချုပ်ရေးယန္တရား ရပ်ဆိုင်းမသွားစေရန် စစ်ကောင်စီဘက်က အပြင်းအထန်ဖိအားပေးနေပြီး အုပ်ကြီးရာထူးယူကာ စစ်ကောင်စီအတွက် တိုးတိုးတိတ်တိတ်အလုပ်လုပ်ပေးနေသူအချို့ပင် ရှိလာသည်ဟု ခရမ်း PDF ခေါင်းဆောင်က ဆိုသည်။ 

သို့သော် အများသိ ထုတ်ဖော်ပြောဆို လုပ်ကိုင်ခြင်းမျိုးမဟုတ်၍ စစ်ကောင်စီလက်အောက်တွင် ပြန်လည်တာဝန်ထမ်းဆောင်နေသူ မည်မျှရှိမည်ကို မခန့်မှန်းနိုင်သေးကြောင်း ၎င်းက ပြောသည်။

ခရမ်း PDF ခေါင်းဆောင်နှင့် မြို့ခံအချို့၏ အဆိုအရ စစ်ကောင်စီက ထောက်ခံစာနည်းလမ်းအားဖြင့်  အုပ်ချုပ်ရေးယန္တရားကို ပြန်လည်အသက်သွင်းရန် ကြိုးပမ်းနေကြောင်း၊ ခရီးသွားထောက်ခံစာယူလိုလျှင် အုပ်ချုပ်ရေးမှူးရှိမှဖြစ်မည်ဆိုသော အခြေအနေကို ဖန်တီးနေသည်ဟု ဆိုသည်။ 

နုတ်ထွက်ပြီးနောက် အုပ်ချုပ်ရေးမှူး ပြန်မလုပ်တော့သည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများလည်းရှိသည်။ ထို့ကြောင့် အဆိုပါရပ်ကွက်များမှ ဒေသခံများအနေဖြင့် ထောက်ခံစာလုပ်မရဖြစ်နေသော်လည်း စစ်ဆေးသည့် စစ်ကောင်စီတပ်သားများက ထောက်ခံစာပါမှသာ သွားလာခွင့်ပြုနေသည်။

“ ခရီးသွားမှာကို ထောက်ခံစာမပါလို့ ဆိုပြီး(အစောင့်စစ်သားတွေက) သွားလို့ မရဘူးလို့ ပြောတယ်။ မှတ်ပုံတင်ပြလည်း မရဘူး။ ရပ်ကွက်အုပ်ချုပ်ရေးမှူး မရှိလို့ ထောက်ခံစာလုပ်လို့မရလို့ပါဆိုလည်း ပြောလို့မရဘူး” ဟု ခရမ်းမြို့ခံ အမျိုးသားနောက်တစ်ဦးက ပြောသည်။

ခရမ်းမြို့နယ်တွင် စစ်ကောင်စီ၏ ခြေလှမ်းများအပေါ် မည်သို့တုံ့ပြန်ဆောင်ရွက်မည်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို မည်သို့ဖော်ဆောင်မည်ကို ရှင်းရှင်းလင်းလင်းမသိရသော်လည်း ကိုယ်ပိုင်လုံခြုံရေးနှင့် တရားစီရင်ရေးဆိုင်ရာ စီမံခန့်ခွဲမှုများကို ခြေလှမ်းထားပြီးဖြစ်သည့် ကရင်နီပြည်နယ်ကဲ့သို့ ဖြစ်လာရန် မျှော်မှန်းပြင်ဆင်နေသည်ဟု ခရမ်း PDF ခေါင်းဆောင်က ဆိုသည်။ 

ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီး ခြောက်လကျော်အကြာ ဩဂုတ်တွင် CDM ရဲဝန်ထမ်း ၃၀၀ ကျော်ရှိသည့် ကယားပြည်နယ်၊ ယင်းနှင့် အနီးတစ်ဝိုက် ကရင်နီလူမျိုးများနေထိုင်ရာ ဒေသများ၌ ကရင်နီရဲတပ်ဖွဲ့ထူထောင်နိုင်ခဲ့ခြင်းကို ၎င်းက ရည်ညွှန်းခြင်းဖြစ်သည်။

“ဒါပေမဲ့​ ကျွန်တော်တို့ တစ်မြို့တည်းနဲ့ လုပ်လို့တော့ မရနိုင်ဘူး။ ခရမ်းကို နမူနာယူပြီး ရန်ကုန်က တခြားမြို့နယ်တွေက အုပ်ချုပ်ရေးမှူးတွေနုတ်ထွက်ပြီး အားလုံးပူးပေါင်းဆောင်ရွက်စေချင်တယ်။ တစ်မြို့နယ်ထဲက လှုပ်ရင် အဲဒီတစ်မြို့နယ်ထဲကိုပဲ ဖိတာမျိုးတွေဖြစ်နိုင်ပါတယ်” ဟု ခရမ်း PDF ခေါင်းဆောင်က ပြောသည်။ 

ရန်ကုန်တိုင်းအတွင်း ရပ်ကျေးအုပ်ချုပ်ရေးနုတ်ထွက်မှုတွင် ခရမ်းမြို့နယ်ပြီးနောက် ၎င်းနှင့်ကပ်လျက် သုံးခွမြို့နယ်တွက်လည်း အစုအလိုက်အပြုံလိုက်နုတ်ထွက်နေကြသည်။ သုံးခွမြို့နယ်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူး ၆၀ ကျော်နုတ်ထွက်ထားပြီး စစ်ကောင်စီအနေဖြင့် ခရမ်းမြို့နည်းတူ ထောက်ခံစာအကြောင်းပြပြီး အုပ်ချုပ်ရေးယန္တရား ပြန်လည်အသက်သွင်းနိုင်ရန် ကြိုးပမ်းနေသည်။ မကွေးတိုင်းအတွင်း ရေစကြိုနှင့် ယောဒေသ၊ ပဲခူးတိုင်းအတွင်းက ရေစကြိုမြို့နယ်၊ စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်၊ မြောင်၊ ပုလဲနှင့် ယင်းမာပင်မြို့နယ်တို့တွင်လည်း အုပ်ချုပ်ရေးမှူးများ နုတ်ထွက်နေကြသည်။ 

အုပ်ချုပ်ရေးမှုးအများအပြားနုတ်ထွက်ခြင်းသည် စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားကို အကြီးအကျယ်အဟန့်အတားဖြစ် ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကာကွယ်ရေးအတွင်းဝန် ဦးနိုင်ထူးအောင်က ဆိုသည်။ 

“အုပ်ချုပ်ရေးမှူးတွေအနေနဲ့ကတော့ ကျနော်တို့ မြန်မာနိုင်ငံရဲ့ အုပ်ချုပ်ရေးတည်ဆောက်မှုပုံစံမှာ တကယ့်ကို အခြေခံအကျဆုံးယူနစ်ဖြစ်ပါတယ်။ အခု ဒီရပ်ကျေးအုပ်ချုပ်ရေးမှူးတွေနုတ်ထွက်လာတော့ စစ်တပ်အုပ်ချုပ်ရေးယန္တရားကို လုံးဝအပြီးသတ်ရှင်သန်လို့မရတော့အောင်အထိ ဖြစ်စေမှာဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။myanmar now

စစ်ကောင်စီတပ်နှင့် ကိုးကန့် MNDAA တပ်တို့ တိုက်ပွဲ ပြင်းထန်

ရှမ်းပြည်နယ်၊ ကြူကုတ် (ပန်ဆိုင်း) မြို့နယ်ခွဲနဲ့  မုံးကိုးမြို့နယ်ခွဲအတွင်း စစ်ကောင်စီတပ်တွေနဲ့ ကိုးကန့် MNDAA တို့အကြား အောက်တိုဘာ ၂၈ ရက် ဒီနေ့လယ်ပိုင်းက  တိုက်ပွဲ ပြန်လည် ပြင်းထန်ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“နမ့်ဘာတက် သင်္ချိုင်းကုန်း အပေါ်ဘက်  နေ့လယ် ၁၂ နာရီ ဝန်းကျင်က စပစ်နေတယ်။ ပစ်လိုက်နားလိုက် ပစ်နေဆဲပဲ။” လို့ နမ့်ဘာတက် ရွာခံတဦးက ပြောပါတယ်။

အဝေးကနေ လက်နက်ကြီးနဲ့ နှစ်ဘက်တပ်က လှမ်းပစ်နေတာကြောင့် မြို့တွင်း၊ ရွာတွင်းထဲမှာ လက်နက်ကျည်တွေ ကျရောက်လာမှာကို ဒေသခံ ပြည်သူလူထုတွေ ထိတ်လန့် စိုးရိမ်နေကြတယ် လို့ဆိုပါတယ်။

ပန်ဆိုင်း မြို့ခံတဦးကတော့ “ပန်ဆိုင်းနဲ့ ၄ မိုင်လောက်ဝေးတဲ့ ယိခူးရွာ ဘက်မှာလည်း အခု လက်ရှိတိုက်ပွဲ ဖြစ်နေတယ်။ ၁ နာရီ မိနစ် ၂၀ လောက်ကစ ပစ်နေတယ်။ လက်နက်ကြီးလည်းပါတယ်။ ဗုံးသံတွေလည်း ကြားနေရတယ်” လို့ ပြောပါတယ်။

ပန်ဆိုင်းအနီး ရေပူစမ်းရွာနား၊ နမ့်ဟူးရွာနားတွေမှာလည်း တိုက်ပွဲပြင်းထန်နေတာကြောင့် ရွာသားတွေ ပုန်းနေရတယ်လို့ ဆိုပါတယ်။

မုံးကိုးဘက်မှာကတော့ မနခပြိန်းရွာနဲ့ နမ့်ဆူရွာကြားမှာ တိုက်ပွဲ ပြင်းထန်နေတယ်လို့ ဒေသခံ တဦးက ပြောပါတယ်။

လတ်တလော စစ်ကောင်စီအနေနဲ့ ရှမ်းပြည်မြောက်ပိုင်းမှာ လက်နက်ခဲယမ်းနဲ့ လူအင်အားဆက်လက်ဖြည့်ဆည်းပြီး စစ်ဆင်နေတာကြောင့် တိုက်ပွဲဖြစ်ပွားရာဒေသအတွင်း ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ဖို့ ခက်ခဲနေတယ်လို့ ကိုးကန့်သတင်းဌာနက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။ 

အခုလိုနေရာအနှံ့ တိုက်ပွဲမကြာခဏ ဖြစ်နေတဲ့အပြင် နှစ်ဖက် စစ်ရေးတင်းမာနေတာကြောင့် ဒေသခံတွေ လယ်ယာခြံမြေသွားဖို့ အခက်အခဲ ဖြစ်ကာ စပါးရိတ်သိမ်းဖို့ လည်း အခက်ကြုံနေကြရပါတယ်။

မူဆယ်မြို့နယ်အတွင်း ယခုလမှာ  နေ့စဉ် ရက်ဆက် တိုက်ပွဲ ဖြစ်ပွားနေကာ ‌တိုက်ပွဲ‌ ‌ကြောင့် အရပ်သားပြည်သူတွေ ထိခိုက်ဒဏ်ရာရ၊ သေဆုံးမှုတွေ များပြားလာတဲ့အပြင် နေအိမ် အဆောက်အအုံတွေ ထိခိုက်ပျက်စီး ခဲ့ရတာတွေလည်း ရှိနေပါတယ်။ myanmar now

မြစ်ငယ်မှ ၇၀ ကျော် အဘွားနှင့် ၅ နှစ်သမီးကို စစ်တပ်က ရိုက်နှက် 

ယမန်နေ့ (အောက်တိုဘာ ၂၆ ရက်နေ့) က မန္တလေး၊ အမရပူရမြို့နယ်၊ မြစ်ငယ်မြို့၊ သရက်တန်းကျေးရွာတွင် ဆန္ဒပြခေါင်းဆောင်တစ်ဦး၏ မိသားစုဝင်များကို ယူနီဖောင်းဝတ် စစ်သားများက ခြိမ်းခြောက်ရိုက်နှက်ခဲ့ရာတွင် သက်ကြီးရွယ်အိုနှင့် ၅ နှစ်ကလေးပါမချန် ရိုက်နှက်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

ထိုရွာအနီးရှိ စစ်တပ်ပိုင် Mytel မိုဘိုင်းဖုန်းတာဝါတိုင်ကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) က အောက်တိုဘာ ၂၃ ၌ ဖောက်ခွဲဖျက်ဆီးခဲ့ပြီးနောက် အောက်တိုဘာ ၂၅ နှင့်၂၆ တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ၎င်းကျေးရွာကို ဝင်ရောက်စီးနင်းခဲ့ရာတွင် ထိုသို့ ရိုက်နှက်ခံရခြင်းဖြစ်သည်ဟု သရက်တန်းရွာသားတစ်ဦးက ဆိုသည်။

“အသက် ၇၀ အရွယ် အဘွားကအစ ရိုက်တယ်၊ အသက် ၅ နှစ်အရွယ်ကလေးလေးကို ရိုက်တာဆို ညိုမည်းရာတွေကို ဖြစ်လို့။ သူတို့ဆို အမျိုးတော်တယ်ဆိုရုံပဲဗျာ။ တစ်ရွာလုံးကိုလည်း လမ်းတွေ့သမျှ၊ မြင်သမျှကိုလည်း ရိုက်တာတွေ လုပ်တယ်” ဟု ၎င်းက မြင်တွေ့ရပုံကို ပြောသည်။

Myanmar Now က ရရှိထားသည့် ဓာတ်ပုံများတွင် ၅ နှစ်အရွယ် ကလေးငယ်နှင့် အသက် ၇၀ အရွယ် အဘွားတို့၏ ကျောပြင်၊ ပေါင်၊ လက်မောင်းတို့တွင် အညိုအမည်းဒဏ်ရာများကို တွေ့ရှိရသည်။

အိမ်ခြေ ၆၀၀ ခန့်ရှိသော ထိုရွာကို စစ်ကောင်စီတပ်က မကြာခဏ ဝင်ရောက်စီးနင်းနေသည်ဟု မြစ်ငယ်မြို့မှ ဒေသခံနောက်တစ်ဦးက ပြောသည်။ 

“ကျွန်တော်တို့ မြစ်ငယ်ထဲက သရက်တန်းဆိုတဲ့ရွာက NLD ထောက်ခံသူတွေချည်းနေတဲ့ရွာလို့ ပြောရမယ်။ ရွေးကောက်ပွဲအောင်ပွဲခံတော့လည်း တစ်ရွာလုံးကျွတ်ကို ချတာ။ ဆန္ဒပြတော့လည်း မြစ်ငယ်ထဲမှာ အားအကောင်းဆုံးလို့ ပြောလို့ရတဲ့ရွာ။ အဲ့ဒီရွာက အခုကျတော့ ပစ်မှတ်ထားခံနေရတာပေါ့ဗျာ” ဟု ၎င်းက ဆိုသည်။ 

“မြစ်ငယ်ထဲမှာ တစ်ခုခုဆို သရက်တန်း(ရွာ) ကို အရင်ဝင်စီးတယ်၊ ရိုက်နှက်တယ်။ ဖမ်းဆီးတယ်၊ ဒါမျိုးတွေ ဖြစ်နေတာ”  

နေအိမ်နှင့် ပစ္စည်းများကိုလည်း ဖျက်ဆီးခဲ့သည်ဟု ဆိုသည်။ 

အဆိုပါ ဆန္ဒပြခေါင်းဆောင်၏ မိသားစုဝင်များနှင့် ဆွေမျိုးနီးစပ်များကို စစ်ကောင်စီတပ်က ထိုရွာသို့ ဝင်စီးနင်းတိုင်း ရိုက်နှက်ကြောင်း ရွာသားများထံမှ သိရသည်။ 

စစ်ကောင်စီက အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်သည့် မြစ်ငယ်မြို့ မီးရထားဝန်ထမ်းများကို နေအိမ်လိုင်းခန်းများမှ ဖယ်ရှားခြင်း၊ ဖမ်းဆီးခြင်းများကို လုပ်ခဲ့စဉ်ကလည်း သရက်တန်းရွာသားများက မြစ်ငယ်ရဲစခန်းကို ဝိုင်းကာ ဖမ်းထားသူများကို လွှတ်ပေးရန် တောင်းဆိုခဲ့ခြင်းများရှိသည့်အတွက် ပိုမိုပစ်မှတ်ထားခံနေရခြင်း ဖြစ်နိုင်ကြောင်း အထက်ပါသရက်တန်းရွာဒေသခံက ဆိုသည်။ 

“တကယ်ဆို တာဝါတိုင်တိုက်ခိုက်ခံရတာက PDF တွေ လုပ်တာဆိုတာ လူတိုင်းသိနေတာပဲ။ မဆိုင်တဲ့ ရွာသားတွေကို ဘာမှ မဲစရာမှ မရှိတာ။ သက်သက်ကို နှိပ်စက်ချင်လို့ နှိပ်စက်နေတာလို့ပဲ ယူဆတယ်”ဟု ၎င်းက ဆက်ပြောသည်။

သရက်တန်းရွာခံများသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များ မကြာခဏ ဝင်ရောက်စီးနင်းမှုများကြောင့် ဖမ်းဆီးခြင်း၊ ရိုက်နှက်ခြင်းများ ခံရမည်ကို ကြောက်ရွံ့သည့်အတွက် အများစုမှာ ထွက်ပြေးတိမ်းရှောင်နေရပြီး ဆန္ဒပြခေါင်းဆောင်သည်လည်း ထွက်ပြေးတိမ်းရှောင်နေရသည်။

မန္တလေးမြို့မှ ၉ မိုင်အကွာတွင်ရှိသော မြစ်ငယ်မြို့တွင် ​​CDM မီးရထားဝန်ထမ်းများသတင်းကို စစ်တပ်ထံ သတင်းပေးနေသည်ဟု စွပ်စွဲခံရသည့် မီးရထားအရာရှိတစ်ဦး စက်တင်ဘာ ၆ ၌ ဈေးအနီး ပစ်သတ်ခံရပြီး မြစ်ငယ်မြို့၊ ၁၂ ရပ်ကွက်၏ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဒေါ်သက်သက်ချိုသည်လည်း မြစ်ငယ်ဈေးဝင်ပေါက်အနီးတွင် ဇူလိုင် ၁၄ ၌ အနီးကပ်ပစ်သတ်ခံရသည်။ 

ထိုမီးရထားအရာရှိ ပစ်သတ်ခံရစဉ်ကလည်း သရက်တန်းကျေးရွာအတွင်း စစ်တပ်ဝင်လာပြီး ရွာသားတချို့ကို ရိုက်နှက်ခဲ့သည်ဟု ဆိုသည်။ 

ယနေ့ညနေပိုင်းအထိ သရက်တန်းဒေသခံများနှင့် တယ်လီဖုန်းဆက်သွယ်ပြောဆိုချက်အရ စစ်သားများက ရိုက်နှက်ခဲ့သောကြောင့် ဒေသခံတချို့ လက်ကျိုးသည်အထိ ဒဏ်ရာရခဲ့ကြောင်း၊ ရွာသားအများစု ထွက်ပြေးနေသောကြောင့် ရွာ၌ လူအနည်းငယ်သာ ကျန်တော့ကြောင်း သိရသည်။ 

စစ်တပ်က သရက်တန်းရွာသားတို့ကို ရိုက်နှက်သည်ဟူသော ပြောဆိုချက်နှင့် ပတ်သက်ပြီး တုံ့ပြန်ချက်ဖော်ပြနိုင်ရေးအတွက် စစ်ကောင်စီ ပြန်ကြားရေးအရာရှိ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ယနေ့ညနေပိုင်း မေးမြန်းရန် ကြိုးစားသော်လည်း ဖုန်းအဆက်အသွယ် မရခဲ့ပေ။myanmar now

ကော့မှူးမြို့တွင် ဖမ်းဆီးရိုက်နှက်ခံ ပြင်းထန်ဒဏ်ရာနှင့် ဆေးကုနေရသူ ၂ ဦးကို ရဲက စခန်းပြန်ခေါ်

ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့တွင် ဒလန် သတင်းပေးမှုကြောင့် ရိုက်နှက် ဖမ်းဆီးခံရပြီး ဒဏ်ရာပြင်းထန်စွာ ရရှိထားသူ နှစ်ဦးကို ဆေးရုံမှ ရဲစခန်းသို့ ပြန်လည် ခေါ်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။ အဆိုပါ နှစ်ဦးထဲတွင် ဦးခေါင်းဒဏ်ရာ ပြင်းထန်စွာ ရရှိထားသည့် အ မျိုးသမီးသည် သတိ ပြန်ရသော်လည်း စကား မပြောနိုင်သေးဟု ဆိုသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၆ ရက်နေ့က ကော့မှူးမြို့နယ်၊ ဘုရားလမ်း ရပ်ကွက်တွင် ဒလန် သတင်းပေးမှုကြောင့် အရပ်သားပြည်သူ ၁၆ ဦး ရိုက်နှက် ဖမ်းဆီးခံခဲ့ရပြီး ရှစ်ဦးကို ဖမ်းဆီးသည့် နေ့မှာပင် ပြန်လွှတ်ပေးခဲ့သည်။ အောက်တိုဘာ ၂၇ ရက်တွင် နှစ်ယောက်ကို ထပ်မံ ပြန်လွှတ် ပေးခဲ့ပြီး လက်ရှိအချိန်အထိ ခြောက်ဦးကို ဖမ်းဆီးထားဆဲ ဖြစ်သည်။

ယခု ဒဏ်ရာပြင်းထန်စွာ ရထားပြီး ရဲစခန်းပြန်ခေါ်ခံရသူ နှစ်ဦးသည် အဆိုပါ ခြောက်ဦးထဲမှ ဖြစ်ပြီး ဆေးကုသမှု ခံယူနေရသူများ ဖြစ်သည်။ “ဒဏ်ရာပြင်းထန်တဲ့ သုံးယောက်မှာ အမျိုးသမီး တစ်ယောက်နဲ့ အမျိုးသား တစ်ယောက်ကို မနေ့က ဆေးရုံကနေ ရဲစခန်း ပြန်ခေါ်သွားတယ်လို့ သိရတယ်။ ရဲစခန်း ပြန်ခေါ်သွားတဲ့ အမျိုးသမီးကလည်း ရိုက်နှက် ခံထားရတာကြောင့် တစ်ကိုယ်လုံးမှာ ဒဏ်ရာတွေ ရထားတယ်။

အထိတောင် မခံနိုင်ဘူး လို့လည်း သိရတယ်။ လက်လည်း ကျိုးသွားတယ်။ ဆေးကုသခွင့် ဆက်မပေးဘဲ ရဲစခန်း ပြန်ခေါ်သွားတာ” ဟု ကော့မှူး ဒေ သခံ တစ်ဦးက ပြောသည်။ ဦးခေါင်းဒဏ်ရာ ပြင်းထန်စွာ ရရှိထားသည့် အမျိုးသမီးမှာ အောက်တိုဘာလ ၂၇ ရက် ညနေပိုင်းက သတိ ပြန်ရလာသော်လည်း မျက်လုံးများ ယောင်ကိုင်းနေပြီး စကားပြောဆိုနိုင်ခြင်း မရှိသေးဟု သိရသည်။

“ရိုက်နှက်ဖမ်းဆီးခံရတဲ့ အချိန်မှာ ခေါင်းထိသွားတာ ဆိုတော့ ဒဏ်ရာက တော်တော် ပြင်းထန်တယ်။ ငွေကြေး အခက်အခဲကြောင့် ကျိုက်ထော်ဆေးရုံမှာပဲ ဆက်ကုသ နေရတယ်။ မနေ့က ညနေပိုင်းမှာ သတိ ပြန်ရလာတယ်။ ဒါပေမဲ့ ဘာစားစားအန်တယ်။ ခေါင်းက ဒဏ်ရာအပြင် မျက်နှာနဲ့ ကျောကုန်းမှာလည်း ညိုမည်းနေတယ်။ စကားလည်း မပြောနိုင်သေးဘူး” ဟု ဦးခေါင်းဒဏ်ရာ ပြင်းထန်သည့် အမျိုးသမီး မိသားစုနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၅ ရက် ညပိုင်းတွင် ကော့မှူးမြို့နယ်၊ ဘုရားလမ်း ရပ်ကွက်ရှိ ဒလန် ဆိုသူ လင်မယားကို အဖွဲ့တစ်ဖွဲ့က လာရောက်သုတ်သင်ရာ အဆိုပါ လင်မယား၏ အော်ဟစ် အကူအညီတောင်းခံမှုအား အနီးပတ်ဝန်းကျင်မှ လူများက အကူအညီမပေးခဲ့ဟု ဒေသခံက ပြောသည်။

ထို့အတွက် အဆိုပါ လင်မယားက စစ်တပ်ကိုခေါ်၍ ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သူများ၏ အိမ်များကို ညွှန်ပြကာ ဖမ်းဆီး ခိုင်းခဲ့ခြင်းကြောင့် ဘု ရား လမ်းရပ်ကွက် အတွင်းရှိ ပြည်သူ ၁၆ ဦး ယခုကဲ့သို့ ရိုက်နှက် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။mizzima

ရခိုင်တပ်တော် AA စိုးမိုးနယ်မြေသို့ စစ်ကောင် စီတပ်များ ချည်းကပ်လာမှု ဝင်ခွင့်မရဘဲ တပ်ပြန်ဆုတ်သွားရ

ရခိုင်ပြည်နယ် မင်းပြားမြို့နှင့် ၅ မိုင်ခန့်အကွာ ချော်ချောင်းကျေးရွာအနီး AA နယ်မြေအနီးသို့ စစ်တပ်မှ ဝင်လာရန်ပြုလုပ်ခဲ့ရာ ဝင်ရောက်မှုမရှိခဲ့ဘဲ ပြန် လည်ဆုတ်ခွာသွားခဲ့သည်ဟု အနီးအနားရှိကျေးရွာဒေသခံများကပြောသည်။စစ်တပ်မှ ဝင်ရောက်လာမှုတွင် တင်းမာမှုဖြစ်မည်ကိုစိုး ရိမ်သောကြောင့် နှစ်ဖက်လုံးအားညှိနှိုင်းပြီး ပြောဆိုခဲ့ရကာ နှစ်ဦးနှစ်ဖက်ထိတွေ့မှုတစ်စုံတစ်ရာမရှိခဲ့ကြောင်း ချော်ချောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်စိန် မှပြောသည်။

“စစ်တပ်ကဝင်လာတယ်။ ဟိုဖက်ကလည်း ရှေ့တိုးလာရင် ရွာနားမှာဖြစ်လိမ့်မယ်လို့ပြောတော့။ ကျနော်တို့ကပဲ နှစ်ဖက်လုံးကို ညှိနှိုင်းတောင်း ပန်ပြီးပြောဆိုခဲ့ရတယ်။ စစ်တပ်ကတော့ပြန်ဆုတ်သွားတယ်” ဟုပြောသည်။လက်ရှိတွင် အဆိုပါစစ်တပ်မှာ ဖလောင်းပြင်ကျေးရွာ ဘုန်းကြီး ကျောင်း၌ တပ်စွဲလျက်ရှိပြီး လူအင်အား ၆၀ ကျော်ခန့်ပါရှိသည်ဟု ဖလောင်းပြင်ကျေးရွာအုပ် ချုပ် ရေးမှူး ဦးစံသိန်းမောင် ကပြောသည်။“နှစ်ဖွဲ့ကထိပ်တိုက်တွေ့ခဲ့တာမျိုးမဟုတ်ပါဘူး။

ပြည်သူလူထုတွေကလည်း အရင်တုန်းကဖြစ်ပျက်ခဲ့တာတွေရှိ တော့စိုးရိမ်မှုတွေများကြတယ်လေ။ အဲ့ဒီတပ်ကတော့ ခုကျနော်တို့ရွာရဲ့ဘုန်း ကြီးကျောင်းမှာ တပ်စွဲနေနေကြ တယ်။ လူ အင်အားကတော့ ၆၂ ယောက်၊ ၆၃ ယောက်လောက်တော့မြင်တယ်” ဟုပြောသည်။၎င်းစစ်တပ်မှာ မင်းပြားမြို့ ခမရ ၅၄၁ တပ်ရင်းမှဖြစ်ပြီး နံနက်ပိုင်းအချိန်ခန့်တွင် ကြပ်စင်တံတားအနီးအထိ ကားများဖြင့် လာရောက်ကြခြင်းဖြစ်သည်ဟု သူကဆက်ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ မင်းပြားမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးလှသိန်းအောင်အား မေးမြန်းကြည့်ရာ စစ်တပ်မှ AA သတ်မှတ်နယ်မြေနားသို့ရောက်ရှိလာပြီး စစ်တပ်ဖက်မှပြန်ဆုတ်ခွာခဲ့သည်ဟု ကြားသိရကြောင်း ပြောသည်။“မင်းပြားဘက်ကနေ စစ်ကားတွေကတော့မနက်တိုင်းထွက်တယ်။ သူတို့က ဖလောင်းပြင်ဘက်တွေကိုသွားတော့ အဲမှာ ဖြစ်ကြတာတွေတော့ကြားမိပါတယ်။ ဒါပေမယ့်ပစ်ခတ်ကြတဲ့ပုံစံမျိုးတော့မဟုတ်ဘူး။

AA ဖက်ကသူတို့နယ် မြေလို့ သတ်မှတ်ထားတဲ့ နေရာတွေနားထိ သူတို့ရောက်သွားတယ်။ စစ်တပ်ကတော့ပြန်ဆုတ်လာတယ်လို့ ကြားပါတယ်” ဟုပြောသည်။အဆိုပါကိစ္စနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်စစ်ကောင်စီအဖွဲ့ဝင် လုံခြုံရေးနှင့် နယ် စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူအား Western News ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပေ။ရခိုင်ဒေသတွင် ရက္ခိုင့်တပ်တော် AA နှင့် မြန်မာစစ်တပ်တို့ကြား၌ နှစ်ဖက်တိုက်ပွဲများဖြစ်ပွားခြင်းမရှိသည်မှာ ၁ နှစ်ခန့်ရှိနေပြီးဖြစ်ပြီး စစ်ပွဲကာလတွင်းအဖြစ်ပျက်များပြန်လည်ခံစားရမည်ကို ဒေသခံများစိုးရိမ်နေကြသည်။khit thit

ရေဦးတွင် စစ်ကောင်စီခြေလျင်တပ်အား မိုင်းဆွဲတိုက်ခိုက်၊ သေဆုံးမှုများရှိဟုဆို

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ သံသည်ရွာအနီး မီးရထား သံလမ်းကူး နေရာတွင် စစ်ကောင်စီ၏ ခြေလျင်တပ်ကို ဒေသခံပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့က ယနေ့အောက်တိုဘာ ၂၈ရက် နေ့လယ်ပိုင်းတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ၎င်းတို့အဖွဲ့ထံက သိရသည်။

ရေဦးပြည်သူ့ကာ ကွယ်ရေး အဖွဲ့နှင့် ရေဦး မြို့ပြပြောက်ကျားအဖွဲ့ -YE-U Urban Guerrilla(YUG)မှ ပူးပေါင်းပြီး ယနေ့ နေ့လယ် ၁၂နာရီ ၂၂ မိနစ်အချိန်တွင် မိုင်းလေးလုံးဆွဲကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“သူတို့က ချမ်းသာရွာကိုဝင်တယ်။ အဲဒီကအပြန်ကို မိုင်းဆွဲလိုက်တယ်။ ခွေး (စစ်ကောင်စီတပ်)တွေအသေအ‌‌ပျောက်ကတော့ အကုန်မသိသေးဘူး။ သူတို့က လမ်းလျှောက်လာတာ၊ အင်အားက ၄၀ကျော်ပါတယ်။ နေရာမှာတော့ လေးကောင်သေတာတွေ့တယ်”ဟု YUG အဖွဲ့ဝင် တစ်ဦးကပြောသည်။ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ ပြန်လည်ပစ်ခတ်မှုများရှိခဲ့သော်လည်း ပြောက်ကျားအဖွဲ့ဘက်က ပြန်လည်ပစ်ခတ်ခြင်းမပြုဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။mizzima

နတ်တလင်း၌ကျေးရွာအုပ်ချုပ်ရေးမှူး ၁ ဦးနှင့် သတင်းပေး ၂ ဦး သေနတ်ဖြင့်ပစ်ခံရပြီး ၁ ဦးသေဆုံး

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ ကွင်းစန်းကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ စစ်ကောင်စီသတင်းပေးလို့ နာမည်ကြီးတဲ့ သားအဖ ၂ ဦးတို့ အောက်တိုဘာ ၂၇ ရက်  မွန်းတည့်  ၁၂ နာရီလောက်က သေနတ်နဲ့ပစ်ခံရလို့ ၁ ဦးသေဆုံးသွားပါတယ်။

သေနတ်နဲ့ ပစ်ခံရသူတွေဟာ စစ်ကောင်စီခန့်တဲ့  ကွင်းစန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်အောင်နဲ့ စစ်ကောင်စီသတင်းပေး ဦးသိန်းထွန်းနဲ့ သူ့ရဲ့ သားဖြစ်သူ ကိုကောင်းထက်ခန့် တို့ဖြစ်ပြီး ကိုကောင်းထက်ခန့်ကတော့နေရာမှာ ပွဲချင်းပြီးသေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတဦးက ”သေနတ်နဲ့ပစ်ခံရသူတွေဟာ စစ်ကောင်စီသတင်း ပေးတွေပဲ။ အုပ်ချုပ်ရေးမှူး ဦးတင်အောင်ကတော့ ထွက်ပြေးလို့ လွတ်သွားတယ်။ ဦးသိန်းထွန်း ကတော့ ဆေးရုံရောက်သွားပြီ။ အခြေအနေမကောင်းဘူး။ သူ့သား ကောင်းထက်ခန့် ကတော့ နေရာမှာတင် အသက်ပါသွားတယ်” လို့ ပြောပြပါတယ်။

အဆိုပါပစ်ခတ်မှုကို Phoenix ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြုလုပ်ခဲ့တာဖြစ်တယ်လို့ ဒီကနေ့ အောက်တိုဘာ ၂၈ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

”အုပ်ချုပ်ရေးမှူးကိုတော့ မထိဘူး။ ဟိုသားအဖကိုတော့ အတိုနဲ့ ၉ ချက်ကျွေးလိုက်တယ်။ သူတို့သားအဖက သတင်းပေးလုပ်နေတယ်ဆိုလို့ စုံစမ်းနေတာကြာပြီ။ ရဲဘော်တွေကလည်း သေချာမှ လုပ်တာပါ” လို့ Phoenix PDF ရဲ့ ပြန်ကြားရေးတာဝန်ခံက အတည်ပြုပြောပြပါတယ်။

အခုရက်ပိုင်း ပဲခူးတိုင်းအနောက်ခြမ်းက မြို့နယ်တွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ သတင်းပေးဒလန်တွေ မကြာခဏဆိုသလို တိုက်ခိုက်ခံနေကြရပြီး ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ လည်း နုတ်ထွက်နေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။DVB

« Older Entries Recent Entries »