Monthly Archives: Oct 2021

မြန်မာစစ်တပ်၏ နှိပ်စက်ညှဉ်းပန်းမှုလုပ်ရပ်များကို စုံစမ်းစစ်ဆေးရေး အမေရိကန် တိုက် တွန်း

မြန်မာစစ်တပ်သည် နိုင်ငံတွင် ဖမ်းဆီးထိန်းသိမ်းထားသူများကို စနစ်တကျ နှိပ်စက်ညှဉ်းပန်းနေကြောင်း အေပီသတင်းဌာနက ဖော်ထုတ်ရေး သားခဲ့ပြီးနောက် အဆိုပါ လုပ်ရပ်များအပေါ် နာကြည်းတုန်လှုပ်မိကြောင်း ထုတ်ဖော်ပြီး ယင်းတို့အပေါ် စုံစမ်းစစ်ဆေးမှုတစ်ရပ် လုပ် ဆောင် သွားရေး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာ ၂၉ ရက်တွင် တောင်းဆိုလိုက်သည်။

မြန်မာနိုင်ငံ လူ့အခွင့်အရေး ဆိုင်ရာ ကုလ အထူးကိုယ်စားလှယ်ကလည်း မြန်မာစစ်တပ်အပေါ် နိုင်ငံတကာက အခိုင်အမာ ဖိအားပေးရေးအ တွက် တိုက်တွန်းထားခဲ့သည်။ အေပီ၏ စုံစမ်းဖော်ထုတ်ရေးသားမှု ထွက်ပေါ်ပြီးနောက် ယင်းနှင့်ပတ်သက်ပြီး အရေးယူလုပ်ဆောင်ရေး ဝါရှင်တန်ရှိ ဥပဒေပြုအမတ်များက ကွန်ဂရက်ကို တိုက်တွန်းခဲ့သည်။ မြန်မာတွင် ဖေဖေါ်ဝါရီလ စစ်တပ်က ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးအကျဉ်းချခံရပြီး ပြန်လွတ်လာသည့် အမျိုးသမီးများနှင့် ကလေးများအပါအဝင် လူ ၂၈ ဦးနှင့် အင်တာဗျူး မေးမြန်းမှုများအပေါ် အခြေတည်ကာ အေပီက စုံစမ်းဖော်ထုတ်ရေးသားခဲ့ခြင်းဖြစ်သည်။

“မြန်မာစစ်တပ်အာဏာပိုင်တွေက နိုင်ငံတဝန်း ‘စနစ်တကျ ညှဉ်းပန်းနှိပ်စက်မှု’ ကို အသုံးပြုနေတယ်ဆိုတဲ့ သတင်းတွေကြောင့် မိမိတို့ အင်မ တန် တုန်လှုပ်မိသလို စိတ်ပူပန်မိတယ်၊ မြန်မာမှာ ညှဉ်းပန်းနှိပ်စက်မှု သတင်းတွေကို ခိုင်ခိုင်လုံလုံ စုံစမ်းစစ်ဆေးရမှာ ဖြစ်သလို ဒီလိုမျိုး ညှဉ်း ပန်းနှိပ်စက်မှုတွေအတွက် တာဝန်ရှိသူတွေကို တာဝန်ခံခိုင်းရပါလိမ့်မယ်” ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။

ဓာတ်ပုံ သက်သေအထောက်အထားများ၊ ပုံကြမ်းများ၊ အကျဉ်းသားများထံမှ စာများနှင့် မကြာသေးခင်က စစ်တပ်ကို စွန့်ခွာခဲ့သည့် စစ်အရာရှိသုံးဦးတို့၏ ဖွင့်ဟပြောပြချက်များ ပါဝင်သည့် အေပီ၏ ဖော်ထုတ်ရေးသားမှုသည် အာဏာသိမ်းမှုနောက်ပိုင်း လူပေါင်း ၉,၀၀၀ ကျော်ကို ထိန်း သိမ်းဖမ်းဆီးထားခဲ့သည့် အလွန်သိုသိပ်လျှို့ဝှက်သည့် ဖမ်းဆီးထိန်းသိမ်းမှု စနစ်တစ်ခုနှင့်ပတ်သက်ပြီး အပြည့်စုံအကျယ်ပြန့်ဆုံး ပုံပန်းသွင်ပြင်တစ်ခုကို ပံ့ပိုးပေးသည်။ အင်တာဗျူးများနှင့် ဂြိုဟ်တု ပုံရိပ်များအပေါ် အခြေပြုလျက်ဖြင့် အကျဉ်းထောင်များ၊ ရဲအချုပ်များနှင့်အတူ နိုင်ငံတဝန်း အသုံးပြုနေသည့် စစ်ကြောရေးစင်တာ တစ်ဒါဇင်ခန့်ကို အေပီက ခွဲခြားဖော်ထုတ်ခဲ့သည်။

ဖေဖေါ်ဝါရီလနောက်ပိုင်း အာဏာသိမ်းစစ်အုပ်စု လက်အောက်ခံ လုံခြုံရေးတပ်ဖွဲ့များ၏ လက်ချက်ကြောင့် လူပေါင်း ၁,၂၀၀ ကျော် သေဆုံးခဲ့ရပြီး ၎င်းတို့ထဲတွင် ညှင်းပန်းနှိပ်စက်ခံရပြီး သေဆုံးသွားသည့် ထိန်းသိမ်းခံရသူ ၁၃၁ ဦးထက်မနည်း ပါဝင်သည်။

တပ်မတော်ဟု သိကြသည့် မြန်မာစစ်တပ်သည် ယင်း၏ ညှဉ်းပန်းနှိပ်စက်မှုများနှင့်ပတ်သက်သည့် သက်သေအထောက်အထားများကို ဖုံး ကွယ် ရန်လည်း လုပ်ဆောင်ထားခဲ့သည်ကို အေပီက တွေ့ရှိခဲ့သည်။ အဆင့်မြင့်တပ်မှူးတစ်ဦး၏ လက်ထောက်တစ်ဦးက အေပီကို ပြောခဲ့ရာ တွင် ၎င်းသည် လုံခြုံရေးတပ်ဖွဲ့ဝင်များ အကျဉ်းသားနှစ်ဦးကို အသက်သေစေသည်အထိ နှိပ်စက်ညှဉ်းပန်းခဲ့သည်ကို မျက်မြင်တွေ့ရှိခဲ့သည်ဟု ပြောသည်။ ညှင်းပန်းနှိပ်စက်ခံရပြီး သေဆုံးသွားသူများ၏ အလောင်းများတွင် စစ်သားများက ဂလူးကို့စ် ပိုက်ကိရိယာများ တပ်ဆင်ချိတ်ဆွဲပြီး အဆိုပါအမျိုးသားများ အသက်ရှင်နေဆဲ ဖြစ်သယောင် ဖန်တီးခဲ့မှုများ ရှိခဲ့သလို ယင်းနောက် စစ်ဆရာဝန်တစ်ဦးကိုလည်း ၎င်းတို့၏ အ လောင်းခွဲစိတ်စစ်ဆေးမှု အစီရင်ခံစာများကို လိမ်လည်အတုဖန်တီးရန် ခိုင်းစေခဲ့သည်ဟုလည်း ၎င်းက ပြောသည်။

“အေပီ၏ စုံစမ်းဖော်ထုတ်ရေးသားမှုက အာဏာသိမ်းစစ်အုပ်စု၏ ဥပဒေချိုးဖောက် နှိပ်စက်ညှဉ်းပန်းမှု ကမ်ပိန်း၏ အတိုင်းအတာနှင့် စနစ်တ ကျ ရှိနေသည့် သဘောသဘာဝနှင့်ပတ်သက်ပြီး ကူညီရှင်းပြနေသည်” ဟု မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလအထူးအစီရင်ခံစာတင်သွင်းသူ တွန် အန်ဒရူးစ်က ပြောသည်။ “ထိန်းသိမ်းခံထားရသူတွေကို အသက်သေစေတဲ့အထိ ညှဉ်းပန်းနှိပ်စက်မှုတွေကို တိုက်ရိုက် မျက်မြင်တွေ့ရှိထားခဲ့တဲ့ စစ်တပ်အမှုထမ်းတွေရဲ့ ဝန်ခံမှုက တာဝန်ရှိသူတွေကို တာဝန်ခံခိုင်းစေဖို့ အားထုတ်မှုတွေအတွက်ရော ၊ ညှဉ်းပန်းနှိပ်စက်မှုနဲ့ စစ်ကြောရေးစင်တာ တည်နေရာတွေနဲ့ပတ်သက်လို့ အေပီရဲ့ ဖော်ထုတ်ရေးသားမှုတွေအတွက်ပါ အင်မတန် အရေးကြီးပါတယ်” ဟု ၎င်းက ပြောသည်။

“ညှဉ်းပန်းနှိပ်စက်မှုများကို ဖုံးကွယ်ရန် စစ်တပ်ဘက်က အားထုတ်မှုများ ရှိနေသည့်အတွက်ကြောင့်လည်း အေပီ၏ ဖော်ထုတ်ရေးသားမှုက ပြဿနာ ထုထည်ကြီးရဲ့ တစ်စွန်းတစ်စမျှသာ ဖြစ်နေသေးနိုင်ကြောင်း အန်ဒရူးစ်က ပြောခဲ့သည်။

ယခု ဖော်ထုတ်တွေ့ရှိချက်များ ထွက်ပေါ်ပြီးနောက် မြန်မာစစ်တပ်ကို ဒဏ်ခတ်ရေး ရည်ရွယ်သည့် BURMA Act ဥပဒေနှင့်ပတ်သက်ပြီး မဲခွဲဆုံးဖြတ်ရေးအတွက် အမေရိကန်အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ၏ ထိပ်တန်းရီပတ်ဘလစ်ကန်အမတ် မိုက်ကယ် မက်ကောလ်က အောက်လွှတ်တော်ကို တိုက်တွန်းခဲ့သည်။ ယင်းဥပဒေက မြန်မာစစ်တပ်အပေါ် ထပ်တိုး ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခွင့်ပြုမည်ဖြစ် သည်။

လက်ရှိတွင် အမေရိကန်၊ ယူကေနှင့် ဥရောပသမဂ္ဂတို့က မြန်မာစစ်တပ် ရာထူးမြင့်ပုဂ္ဂိုလ်များနှင့် စစ်တပ်ပိုင် လုပ်ငန်းအဖွဲ့အစည်းများအပေါ် အရေးယူဒဏ်ခတ်မှုများ ချမှတ်ထားပြီးဖြစ်သော်လည်း မြန်မာတွင် လုပ်ကိုင်နေသည့် အမေရိကန်နှင့် ပြင်သစ် ရေနံ၊ ဓာတ်ငွေ့ ကုမ္ပဏီများအ ပေါ် ဒဏ်ခတ်မှု ချမှတ်ရသေးခြင်း မရှိပေ။ ယင်းက မြန်မာစစ်တပ်အတွက် နိုင်ငံခြားဝင်ငွေရရှိသည့် အကြီးဆုံး ရင်းမြစ်တစ်ခုအဖြစ် ဆက် လက်ရရှိစေပြီး စစ်တပ်က ထိုငွေများကို တစိတ်တဒေသအားဖြင့် လက်နက်ဝယ်ရန် အသုံးပြုနိုင်သည်။

“မြန်မာအာဏာသိမ်းစစ်တပ်က ကျူးလွန်ထားခဲ့တဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေ၊ ကြောက်မက်ဖွယ် အကြမ်းဖက်မှုတွေနဲ့ပတ်သက်လို့ အေပီရဲ့ ရေး သားဖော်ပြချက်ဟာဆိုရင် ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်းသတ်မှု အပါအဝင် တသီတသန်းရှိနေတဲ့ မြန်မာစစ်တပ်ရဲ့ ရက်စက်ယုတ်မာမှုတွေထဲမှာ ဝမ်းနည်းစရာကောင်းလောက်အောင် ခုနောက်ဆုံး ပေါ်ပေါက်လာတဲ့ ဖြစ်စဉ်တွေဖြစ်ပါတယ်” ဟု မက်ကောလ်က ပြောခဲ့သည်။

တချိန်တည်းမှာပင် BURMA Act ဥပဒေ ပြဋ္ဌာန်းရေးအတွက် အမေရိကန်အောက်လွှတ်တော် နိုင်ငံခြားရေးကော်မတီ ဥက္ကဋ္ဌ ဒီမိုကရက်တစ်ပါတီဝင် ဂရက်ဂိုရီ မိခ်ကလည်း ကွန်ဂရက်ကို တိုက်တွန်းခဲ့သည်။mizzima

ထန်တလန်မြို့ကို အကြမ်းဖက်စစ်တပ်က ထပ် မံမီးရှို့၊ နေအိမ် ၁၀၀ ကျော်မီးလောင်ကျွမ်း

ချင်းပြည်နယ်၊ ထန်တလန်မြို့ကို အောက်တိုဘာ ၂၉ ရက်ဒီကနေ့ အကြမ်းဖက်စစ်တပ်က ထပ်မံမီးရှိုတာကြောင့် ဒေသခံပြည်သူလူထုတွေရဲ့ လူနေအိမ်ခြေ ၁၀၀ ကျော်လောက်မီးလောင် ဆုံးရှုံးသွားတယ်လို့  မြို့ခံတွေထံက သိရပါတယ်။

ထန်တလန်မြို့ကို  ဒီကနေ့ မနက် ၁၁ နာရီလောက်မှာ အကြမ်းဖက်စစ်တပ်က ဒုတိယ အကြိမ် ထပ်မံမီးရှိုတာကြောင့် နေအိမ် ၁၀၀ ကျော်လောက်မီးလောင်ကျွမ်းသွားပြီးတော့ မြို့လုံးကျွတ် ဘေးလွတ်ရာကို ထွက်ပြေးနေကြရတယ်လို့ ထန်တလန်မြို့ခံတစ်ယောက်က  ဒီဗွီဘီကို ပြောပါတယ်။

စစ်အုပ်စုတွေဟာ ဒီနေ့မနက်ပိုင်း ကနေ ညနေပိုင်းအထိ ထန်တလန်မြို့ကို လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်  မီးရှို့ဖျက်ဆီးတာကြောင့် ခရစ်ယာန်ဘုရားကျောင်း တကျောင်းအပါဝင် နေအိမ် ၁၀၀ ကျော်လောက်မီးလောင်နေပြီးတော့ လက်ရှိအချိန်ထိ မီးမငြိမ်းသေးဘူးလို့လည်း ဆိုပါတယ်။

မြို့ထဲမှာ မပြေးနိုင်တဲ့ သက်ကြီးရွယ်အို နည်းနည်းလောက်ပဲကျန်ရစ်ပြီး  မြို့ခံပြည်သူတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရလို့  မီးငြှိမ်းသတ်မယ့်လူလည်းမရှိပါဘူး။

ဒီပုံစံအတိုင်းဆိုရင် အကြမ်းဖက်စစ်တပ်က  တစ်မြို့လုံးကို မီးရှို့ဖျက်ဆီးသွားနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ထန်တလန်မြို့မှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့  CNF တပ်ဖွဲ့တွေ မနက်ပိုင်းက အပြန်အလှန်တိုက်ပွဲဖြစ်ပွားပြီးနောက်မှာ စစ်ကောင်စီဘက်က အထိနာလို့ မီးရှို့ကြတာလို့ မြို့ခံတွေကဆိုပါတယ်။

ထန်တလန်မြို့မှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၆ ရက်နေ့ကလည်း အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးတာကြောင့် နေအိမ် ၂၀ လောက်မီး လောင် ကျွမ်းခဲ့ပြီး မီးငြှိမ်းသတ်ဖို့လာတဲ့ ခရစ်ယာန် သင်းအုပ်ဆရာတစ်ယောက်ကိုလည်း သေနတ်နဲ့ ပစ်သတ်ခဲ့ပါတယ်။DVB

ကျုံမငေးမြို့ EPC ရုံးဝန်းအတွင်း ဗုံးပေါက်ကွဲ

ဧရာဝတီတိုင်း၊ ကျုံမငေးမြို့၊ သီရိဟေမာ ရပ်ကွက်၊ ဆေးရုံလမ်းတွင်ရှိ‌သော မြို့နယ်လျှပ်စစ်ရုံး (EPC) ဝန်းအတွင်း ယနေ့ အောက်တိုဘာ ၂၉ ရက် ညနေ ၄ နာရီ ၅ မိနစ်အချိန်ခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဝါးခယ်မမြို့ပြပြောက်ကျားတပ်ဖွဲ့ (WSTF) အဖွဲ့ဝင်ထံမှ သိရသည်။

အဆိုပါပေါက်ကွဲမှုအား အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ EPC ရုံးဝန်ထမ်းများအား သတိပေးသည့်အနေဖြင့် ဖောက်ခွဲခဲ့ခြင်းဖြစ် ကြောင်း ၎င်းကဆိုသည်။ “ရုံးဆင်းတဲ့အချိန်မှာ ဖောက်ခွဲခဲ့တာဆိုပေမယ့် သတိပေးတဲ့အနေနဲ့ပဲ လူထိခိုက်မှုမရှိအောင် ဖောက်ခွဲခဲ့တာပါ။ ဆက်ပြီးတော့လည်း ကျွန်တော်တို့ ဝါးခယ်မ STF အဖွဲ့က စစ်ကောင်စီနဲ့ပတ်သက်တာအားလုံးကို စစ်အုပ်စုပြုတ်ကျတဲ့အထိ တိုက်ခိုက်သွားမှာပါ” ဟု WSTF အဖွဲ့ဝင်က ဆက်လက်ပြောသည်။

ဗုံးပေါက်ကွဲမှုအပြီး မိနစ်အနည်းငယ်အကြာတွင် စစ်ကောင်စီတပ်များနှင့် ရဲများက ဗုံးပေါက်ကွဲရာ ဆေးရုံလမ်းအတွင်း ပိတ်ဆို့စစ်ဆေးမှုများပြုလုပ်နေသည်ဟုလည်း ဒေသခံများက ပြောသည်။mizzima

Paper Cut အနုပညာရှင် ၁ဦးကို စစ်ကောင်စီက PDFဟု စွပ်စွဲဖမ်းဆီး

ဧရာဝတီတိုင်း၊ မြောင်းမြမြို့တွင် ပန်းပျိုးလက်ပန်းချီအသင်းကို တည်ထောင်သူ Paper Cut အနုပညာရှင် ကိုဟိန်းအောင်အောင်ခေါ် ပန်းချီ ဆရာ အဒံ ကို စစ်ကောင်စီတပ်များက PDFဟု စွပ်စွဲပြီး ဖမ်းဆီးသွားသည်ဟု သိရသည်။မြောင်းမြမြို့၊ ကွယ်လွယ်ကျေးရွာရှိ ကိုဟိန်းအောင်အောင်၏ နေအိမ်ကို အောက်တိုဘာလ ၂၈ရက် ည ၁၀ နာရီခန့်တွင် စစ်ကောင်စီတပ်များက ဝင်ရောက်စီးနင်းပြီး ဖမ်းဆီးသွားခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

“သူ့အကို CDMကျောင်းဆရာကိုလည်း အခုထိ ဖမ်းထားတယ်။ သူ့အဖေကိုဆိုရင်လည်း ဆန္ဒပြတဲ့အချိန်တုန်းက ဘာမှမဆိုင်ဘဲ စားသောက် ဆိုင်တစ်ခုမှာ ဝင်ဖမ်းသွားတာ၊ ပထမအကြိမ် ပြန်လွှတ်ပေးတဲ့အချိန်မှာ ပါလာလို့သာ၊ အဲ့ကလေးက အနုပညာသမား အနေအေးတယ်။ PDF တော့ မဟုတ်ဘူး ။

အမေစုကို လေးစားတဲ့သူ၊ သူရတဲ့ အနုပညာကြေးတွေကို စစ်ဘေးရှောင်တွေလှူတယ် ။ ခက်ခဲနေသူတွေကို လှူတယ်။ မြို့ပေါ်မှာလည်း ပရဟိ တအရမ်းလုပ်တယ်။ ကွယ်လွယ်က ဦးတင့်ဆန်းရဲ့ရွာ အစိမ်းရွာဆိုတော့ ဒလန်က မဟုတ်တာ သတင်းပေးလို့နေမယ်”ဟု ဒေသခံတစ်ဦးကပြော သည်။

Paper Cut အနုပညာမှာ စက္ကူအမျိုးအစားတစ်ခုပေါ်တွင် ရေးထွင်းပုံဖော်ရသည့် အနုပညာရပ်တစ်ခုဖြစ်သည်။ကိုဟိန်းအောင်အောင်သည် ကျန်းမာရေးချူချာသူဖြစ်‌သောကြောင့် ယခုလိုဖမ်းဆီးခံရမှုကို မိသားစုဝင်များက စိုးရိမ်ပူပန်နေကြသည်။ ၎င်းသည် ရန်ကုန်ပညာရေးတက္က သိုလ် YUOE (5th batch/Direct) မှ နောက်ဆုံးနှစ်ကျောင်းသားတစ်ဦးလည်း ဖြစ်သည်။ မြောင်းမြအကျဉ်းထောင်တွင် အောက်တိုဘာလ ၂၆ ရက်နေ့က ၅၀၅-က ဖြင့် ဖမ်းဆီးခံထားရသူ အမျိုးသားတစ်ဦး ထောင်အတွင်း ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ချက်ကြောင့် အသက်ဆုံးပါးခဲ့ရ‌သေးသည်။mizzima

ကျားပေါက်၊ ဒေါင်း၊ ချမ်းချမ်းနှင့် အနုပညာရှင်များစွာပါဝင်သည့် NUG ပညာရေးရန်ပုံငွေ ဖျော်ဖြေပွဲ ကျင်းပမည်

စစ်အာဏာရှင်စနစ်ကို အသိပညာ၊ အတတ်ပညာ၊ အနုပညာ၊ စစ်ပညာတွေနဲ့ အဘက် ဘက်မှ တော်လှန်ရင်း နွေဦးတော်လှန်ရေးမှာ ပါဝင်နေကြတဲ့ အနုပညာရှင်တွေပါဝင်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပညာရေးရန်ပုံငွေဖျော်ဖြေပွဲကို ကျင်းပသွားဖို့ ရှိနေ ပါတယ်။

စစ်အာဏာရှင်စနစ် အမြစ်ပြတ်ပြီး မြန်မာ့ပညာရေးပြန်လည်ဦးမော့လာရေးကို ရည်ရွယ် ပြုလုပ်တဲ့ ဒီဖျော်ဖြေပွဲကိုတော့ “ပညာဖြင့်တော်လှန် နွေဦးရဲ့အောင်လံ” လို့ အမည်ပေးထားပြီး လာမယ့် နိုဝင်ဘာ ၁၃ ရက်နေ့၊ မြန်မာစံတော်ချိန်ည ၈ နာရီမှာ ကျင်းပပြုလုပ်သွားမယ်လို့ ဆိုပါတယ်။

တော်လှန်ရေးမှာ ပါဝင်ဆင်နွှဲနေကြတဲ့ နိုင်ငံကျော် ဂီတ၊ ရုပ်ရှင်၊ ကာတွန်း၊ စာပေ၊ ပန်:ချီ အနုပညာရှင်တွေက တော်လှန်ရေးတေးသီချင်းတွေ၊ ကဗျာတွေ၊ ကာတွန်း၊ ပန်းချီ၊ မှတ် တမ်းရုပ်ရှင်နဲ့ တခြားသော အနုပညာဖျော်ဖြေမှုအစီအစဉ်များစွာနဲ့  ဖျော်ဖြေတင်ဆက်သွားမှာ ဖြစ်ပါတယ်။

ဒီဖျော်ဖြေပွဲမှာတော့ ထင်ရှားတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်နဲ့အတူ အဆိုတော် ချမ်းချမ်း၊ R. ဇာနည်၊ ကျားပေါက်၊ သရုပ်ဆောင် မင်းမော်ကွန်း၊ ဒေါင်း၊ မြနှင်းရည်လွင်၊ မြတ်နိုးအေးတို့နဲ့ တခြားအနုပညာရှင်တွေလည်း အများကြီး ပါဝင်သွားကြမှာ ဖြစ်ပါတယ်။

ဒီဖျော်ဖြေပွဲကနေ ရရှိလာတဲ့ လက်မှတ်ရောင်းရငွေတွေ၊ အလှူငွေတွေကိုတော့ ခက်ခဲတဲ့ ဒေသပညာရေးလုပ်ငန်းတွေ အကောင်အထည်ဖော်ရေး၊ CDM ထောက်ပံ့ရေး၊ ဖက်ဒရယ် ပညာရေးလုပ်ငန်းစဉ်တွေ အကောင်အထည်ဖော်ဆောင်ရွက်ရေးတွေမှာ အကျိုးရှိစွာ အသုံးပြုသွားမယ်လို့ ဆိုပါတယ်။

ဒါကြောင့်မို့ ပညာရေးနဲ့ စစ်အာဏာရှင်တော်လှန်ရေး ရန်ပုံငွေ Live Show ကို မိဘပြည် သူတွေအနေနဲ့ ပါဝင်လှူဒါန်းကြဖို့လည်း NUG က တိုက် တွန်းနှိုးဆော်ထားပါတယ်။

ပွဲကျင်းပမယ့်နေရာ၊ ပုံစံတွေကိုတော့ ဝယ်ယူတဲ့ လက်မှတ်မှာ ဖော်ပြသွားမှာဖြစ်ပြီး လက် မှတ်ရောင်းချမယ့် အစီအစဉ်အသေးစိတ်ကို ထပ်မံကြေညာသွားမယ်လို့ ဆိုပါတယ်။DVB

ဘားကောင်စီအသစ်ပြန်လည်ဖွဲ့စည်းခြင်းသည် လူထုအကျိုးပြုရှေ့နေများအတွက် စိုးရိမ်စရာဟု ရှေ့နေကြီးဦးကြီးမြင့် ဝေဖန်

အာဏာသိမ်းစစ်ကောင်စီက ဘားကောင်စီဟုလူသိများသော တရားလွှတ်တော်ရှေ့နေများကောင်စီကို အစားထိုးပြန်လည်ဖွဲ့စည်းလိုက်သည့် အတွက် လူထုအကျိုးရှေ့ရှု့မည့်တရားလွှတ်တော်ရှေ့နေများအတွက် စိုးရိမ်စရာဖြစ်ကြောင်း ရှေ့နေကြီး ဦးကြီးမြင့်က ဝေဖန်လိုက်သည်။ဘားကောင်စီသည် တရားလွှတ်တော်ရှေ့နေ တစ်ဦးဖြစ်ရန် ထောက်ခံပေးရသလိုကောင်စီအနေဖြင့်လည့်း ရှေ့နေလိုင်စင်ကို အပြီးသတ်ဖျက်သိမ်းနိုင်သည့်အခွင့်အာဏာလည်းရှိသည်။

” အခုဟာက ၁၉၈၀ ခုနှစ်တုန်းက အာဏာသိမ်းပြီးတော့ ဗိုလ်စောမောင်က ဘားကောင်စီကိုပြင်ဆင်ဖွဲ့စည်းလိုက်သလိုဘဲ အခု စစ်ကောင်စီကလည်း အဲ့ဒီ့အတိုင်းပဲလိုက်လုပ်တာ။နောက်ကြောင်းပြန်ဆုတ်ရုံတင်မကဘူး၊ ဒါစစ်အာဏာရှင်တို့ရဲ့လက္ခဏာဘဲ။ ရှေ့နေဖြစ်ဖို့ ရှေ့နေတွေက ရွေးချယ်ခွင့်မရှိတော့ဘူး ။ စစ်ကောင်စီအလိုကျသာဖြစ်သွားပြီ။ ဒါဆို လူထုအကျိုးရှေ့ရှု့မယ့်ရှေ့နေတွေနည်းလာတဲ့အတွက် ဥပဒေစိုးမိုးရေးဟာ စစ်ကောင်စီအလိုကျဖြစ်သွားပြီ။ “ဟု တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ပြောသည်။

ယနေ့ အောက်တိုဘာ ၂၉ ရက်ထုတ်စစ်ကောင်စီအာဘော်ကြေးမုံသတင်းစာတွင် “တရားလွှတ်တော်ရှေ့နေများကောင်စီအက်ဥပဒေကို ပြင် ဆင်သည့်ဥပဒေကို ပြဌာန်း”ကြောင်းပါရှိသည်။ ထို့အပြင် ပုဒ်မ ၄၊ ပုဒ်မ ၅ ၊ ပုဒ်မ၂၀၊ ပုဒ်မ၂၁၊ ပုဒ်မ ၂၂စသည့် ပုဒ်မ ၅ခုကိုလည်း ပြင်ဆင်လိုက်သည်။ကောင်စီအက်ဥပဒေပုဒ်မ ၄ ပြင်ဆင်မှုသည် ကောင်စီအစားထိုးဖွဲ့စည်းမှုဆိုင်ရာဖြစ်သည်။

မူလပုဒ်မ ၅ နှင့် ၆ သည် ကောင်စီကိုဖွဲ့စည်းခြင်းဆိုင်ရာကိစ္စရပ်များ၊ တရားလွှတ်တော်ရှေ့နေများကို ရွေးချယ်ခန့်ထားရေးအတွက် ပြဌာန်း ချက် များဖြစ်ရာ ယခုအခါတွင် စစ်ကောင်စီက စိတ်ကြိုက်ရွေးချယ်ခန့်အပ်မှာဖြစ်သည့်အတွက် ပုဒ်မ ၅ ကိုမလိုအပ်တော့၍ ဖြုတ်လိုက်ခြင်းဖြစ်သည်။ပုဒ်မ ၂၀နှင့် ၂၁ တို့တွင်ပြောင်းလဲမှုသည် ပြည်ထောင်စုရှေ့နေချုပ်ရုံးဆိုသည့် စကားရပ်အစား ဥပဒေရေးရာ ဝန်ကြီးဌာန ဆိုပြီးအစားထိုးပြင်ဆင်မှုဖြစ်သည်။

ပုဒ်မ ၂၂ ကိုပြောင်းလဲမှုကတော့ အစားထိုးအမည်ပြောင်းလိုက်သည့် ဥပဒေရေးရာဝန်ကြီးဌာနတွင် ပါဝင်လာသည့် အစိုးရဝန်ထမ်းမဟုတ်သည့်ရှေ့နေများအတွက် စရိတ်ချီးမြှင့်ငွေကို အစိုးရသဘောတူညီချက်ဖြင့်သတ်မှတ်ပေးခြင်းဖြစ်သည်။ စစ်ကောင်စီက ပြင်ဆင်ဖွဲ့စည်းလိုက်သော ဘားကောင်စီတွင်အဖွဲ့ဝင် ၁၁ ဦး ပါဝင်လာသည်။

လက်ရှိတွင်နိုင်ငံတော်၏အတိုင်င်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အမှု အား လိုက်ပါဆောင်ရွက်နေသော ဝါရင့်တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်မှာ ဘားကောင်စီအတွင်းရေးမှူးအဖြစ်မှ ရပ်စဲခံလိုက်ရပြီဖြစ်ကြောင်း သူ၏ လူမှုကွန်ရက်စာမျက်နှာတွင်ရေးသားဖော်ပြထား သည်။” ကျနော် ခင်မောင်ဇော် ဘားကောင်စီအတွင်းရေးမှူးမဟုတ်တော့ပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေလူ့အခွင့်အရေးရှေ့နေအဖြစ်ကတော့ တည်ဆဲပါ။( စိတ်ချမ်းသာလိုက်တာ)”ဟု ရေးသားထားသည်။mizzima

မင်းလှမြို့နယ်က စစ်အုပ်စုပိုင် Mytel ဆက်သွယ်ရေးတာဝါတိုင် မိုင်းခွဲခံရ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ထောက်ကြန့်အုပ်စု၊ထောက်ကြန့်ကျေးရွာရှိ စစ်အုပ်စုပိုင် Mytel ဆက်သွယ်ရေးတာဝါတိုင်ကို ယနေ့ အောက်တိုဘာ ၂၉ ရက် နံနက် ၄ နာရီ ဝန်းကျင်တွင် မိုင်းဖောက်ခွဲခဲ့ကြောင်း မင်းလှပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( MPDF)၏ တာဝန်ရှိသူက ပြောသည်။

“မနက်ကြီး အသံကအကျယ်ကြီးပဲကြားတယ်။ နောက်တော့ တာဝါတိုင်မိုင်းခွဲခံရတယ်တဲ့။ အခုတော့ စစ်တပ်ကလာပြီး စစ်ဆေးနေကြတယ် ”ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးမှ ပြောသည်။

မင်းလှမြို့နယ်တွင် ထို Mytel ဆက်သွယ်ရေးတာဝါတိုင် မိုင်းခွဲခံရသည်မှာ ယခုလအတွင်း ဒုတိယအကြိမ်ဖြစ်ပြီး ပထမအကြိမ်မှာ အုန်းနှံချောင်းရွာက Mytel ဆက်သွယ်ရေးတာဝါတိုင် ဖျက်ဆီးခံခဲ့ရခြင်းဖြစ်သည်။mizzima

စာသင်ကျောင်းများပြန်ဖွင့်ရန် စစ်ကောင်စီက စီစဉ်နေသော်လည်း ကျောင်းသားမိဘအများစုက ကလေးငယ်များကို ကျောင်းမတက်စေလို

စစ်ကောင်စီက  မြို့နယ် ၄၀ ကျော်ကလွဲလို့  နိုင်ငံတဝန်းမှာ အခြေခံပညာ စာသင်ကျောင်းတွေ ပြန်ဖွင့်ဖို့ စီစဉ်နေပေမဲ့ ကျောင်းထားဖို့ ဆန္ဒမရှိဘူးလို့ မိဘအများစုက ပြောပါတယ်။

လာမယ့် နိုဝင်ဘာ ၁ ရက်နေ့မှာ တိုင်းနဲ့ ပြည်နယ် ၉ ခုက မြို့ နယ် ၄၀ ကျော်ကလွဲလို့ တနိုင်ငံလုံးမှာ ရှိတဲ့ ဘုန်းတော်ကြီးသင် စာသင်ကျောင်းတွေ အပါအဝင် အခြေခံပညာဦးစီးဌာနက ကျောင်းတွေအားလုံးကို ပြန်ဖွင့်ဖို့ စစ်ကောင်စီလက်အောက်ခံ ကိုဗစ်ထိန်းချုပ်ရေး ဗဟိုကော်မတီက ထုတ်ပြန်ထားတာပါ။

“သွားမတက်ခိုင်းပါဘူး။ ဒီမတိုင်ခင် ဖွင့်တုန်းကလည်း မအပ်ခဲ့ဘူး။ ခုက အချိန်လည်း မရှိတော့ဘူးလေ။ ကျောင်းတက်လည်း ဘာမှ တတ်မှာ မဟုတ်ဘူး” လို့ ရန်ကုန်မြို့နေ ကျောင်းသား မိခင်တယောက်က ပြောပါတယ်။

ဧရာဝတီတိုင်း၊ ပုသိမ်မြို့က မိဘတယောက်ကလည်း “မတက်ခိုင်းပါဘူး။ ဒီလောက် ခေတ်အခြေအနေ ဆိုးနေတာကို။ မဖြစ်မနေ ပုံစံ အကျပ်ကိုင်လာရင်လည်း ကျန်းမာရေးအကြောင်းပြပြီး မတက်ဘဲနေရမှာပေါ့” လို့ ပြောပါတယ်။

ကိုဗစ်နဲ့ ပတ်သက်ပြီး ဘာမှကြိုတင်ပြင်ဆင်တာ မရှိဘဲ အခုလို. ကျောင်းတက်ခိုင်းတယ်ဆိုတာက မဖြစ်သင့်ဘူးလို့လည်း ကျောင်းသား မိဘ တချို့ က ပြောပါတယ်။

လားရှိုးဒေသခံတယောက်က “ဘာကြောင့်လဲဆိုတော့ သူတို့က ပုံမှန်အခြေအနေ ရှိနေတယ်လို့ နိုင်ငံတကာကို ပြချင်တာ။ ပြီးတော့ ကလေးတွေကို ကျောင်းတက်ခိုင်းသင့်လာဆို မတက်ခိုင်းသင့်ဘူးပေါ့။ ကိုဗစ်ကလည်း ပြန်ဖြစ်နေတယ်လေ။ ကလေးတွေအတွက် အဆင်မပြေနိုင်ဘူး” လို့ ပြောပါတယ်။

အခုလို ကျောင်းတွေ ပြန်ဖွင့်မယ် ဆိုတာဟာ လက်ရှိဖြစ်နေတဲ့ စစ်ရေးကိစ္စတွေကို အာရုံပြောင်းဖို့ဖြစ်နိုင်တယ်လို့လည်း တချို့က ယူဆပါတယ်။ ကျောင်းသူကျောင်းသားတွေကြောင့် မြို့ပြ ပြောက်ကျားစနစ်နဲ့ တိုက်ခိုက်ခံနေရတဲ့ စစ်ကောင်စီ တပ်သားတွေအတွက် အကာအကွယ်ဖြစ်နိုင်တာကြောင့် ကျောင်းတွေ မတက်သင့်ဘူးလို့လည်း ကျောင်းဆရာ တယောက်က ပြောပါတယ်။

ရခိုင်ပြည်နယ် မြို့နယ်တချို့ က မိဘတွေကို မေးမြန်းကြည့်ရာမှာတော့ ကျောင်းပြန်တက်ခိုင်းကြမယ်လို့ ပြောကြပါတယ်။

“နယ်က ကျဉ်းတယ်။ မတက်ရင် ဘာကြောင့်လဲ ဆိုတာကလာဦးမယ်။ သူများတွေ အခြေအနေကို ကြည့်ရမှာပေါ့။ ဒီမှာက ဘာမှလည်း ဖြစ်တာ မရှိတော့လည်း ပြောရခက်တယ်” လို့ မိဘတယောက်က ပြောပါတယ်။

အစောပိုင်းက ကိုဗစ်ကာလမှာ စစ်ကောင်စီက ကျောင်းတွေ ပြန်ဖွင့်ခဲ့ရာမှာလည်း ရခိုင်ပြည်နယ်မှာ ကျောင်းသား အများအပြား ပြန်တက်ခဲ့ကြတာပါ။DVB

« Older Entries