ထန်တလန်မြို့ကို အကြမ်းဖက်စစ်တပ်က ထပ် မံမီးရှို့၊ နေအိမ် ၁၀၀ ကျော်မီးလောင်ကျွမ်း

ချင်းပြည်နယ်၊ ထန်တလန်မြို့ကို အောက်တိုဘာ ၂၉ ရက်ဒီကနေ့ အကြမ်းဖက်စစ်တပ်က ထပ်မံမီးရှိုတာကြောင့် ဒေသခံပြည်သူလူထုတွေရဲ့ လူနေအိမ်ခြေ ၁၀၀ ကျော်လောက်မီးလောင် ဆုံးရှုံးသွားတယ်လို့  မြို့ခံတွေထံက သိရပါတယ်။

ထန်တလန်မြို့ကို  ဒီကနေ့ မနက် ၁၁ နာရီလောက်မှာ အကြမ်းဖက်စစ်တပ်က ဒုတိယ အကြိမ် ထပ်မံမီးရှိုတာကြောင့် နေအိမ် ၁၀၀ ကျော်လောက်မီးလောင်ကျွမ်းသွားပြီးတော့ မြို့လုံးကျွတ် ဘေးလွတ်ရာကို ထွက်ပြေးနေကြရတယ်လို့ ထန်တလန်မြို့ခံတစ်ယောက်က  ဒီဗွီဘီကို ပြောပါတယ်။

စစ်အုပ်စုတွေဟာ ဒီနေ့မနက်ပိုင်း ကနေ ညနေပိုင်းအထိ ထန်တလန်မြို့ကို လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်  မီးရှို့ဖျက်ဆီးတာကြောင့် ခရစ်ယာန်ဘုရားကျောင်း တကျောင်းအပါဝင် နေအိမ် ၁၀၀ ကျော်လောက်မီးလောင်နေပြီးတော့ လက်ရှိအချိန်ထိ မီးမငြိမ်းသေးဘူးလို့လည်း ဆိုပါတယ်။

မြို့ထဲမှာ မပြေးနိုင်တဲ့ သက်ကြီးရွယ်အို နည်းနည်းလောက်ပဲကျန်ရစ်ပြီး  မြို့ခံပြည်သူတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရလို့  မီးငြှိမ်းသတ်မယ့်လူလည်းမရှိပါဘူး။

ဒီပုံစံအတိုင်းဆိုရင် အကြမ်းဖက်စစ်တပ်က  တစ်မြို့လုံးကို မီးရှို့ဖျက်ဆီးသွားနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ထန်တလန်မြို့မှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့  CNF တပ်ဖွဲ့တွေ မနက်ပိုင်းက အပြန်အလှန်တိုက်ပွဲဖြစ်ပွားပြီးနောက်မှာ စစ်ကောင်စီဘက်က အထိနာလို့ မီးရှို့ကြတာလို့ မြို့ခံတွေကဆိုပါတယ်။

ထန်တလန်မြို့မှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၆ ရက်နေ့ကလည်း အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးတာကြောင့် နေအိမ် ၂၀ လောက်မီး လောင် ကျွမ်းခဲ့ပြီး မီးငြှိမ်းသတ်ဖို့လာတဲ့ ခရစ်ယာန် သင်းအုပ်ဆရာတစ်ယောက်ကိုလည်း သေနတ်နဲ့ ပစ်သတ်ခဲ့ပါတယ်။DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s