ဒေသခံများမရှိတော့သော ထန်တလန်မြို့ပေါ်တွင် နေအိမ်များအတွင်း ပစ္စည်းခိုးနေသော တပ်သား ၁ ဦး ပစ်သတ်ခံရလို့ စစ်ကောင်စီတပ်က အများပြည်သူ နေအိမ်တွေကို မီးရှို့၊ နေအိမ် ၆၀ လုံးကျော် မီးလောင်ပျက်စီး

ဒေသခံပြည်သူများ မရှိတော့သော ထန်တလန်မြို့ပေါ်ရှိ နေအိမ်များအတွင်း ဖောက်ထွင်းကာ ပစ္စည်းများခိုးယူနေသော စစ်ကောင်စီမှ တပ် သား ၁ ဦးအား ယနေ့ နံနက်ပိုင်းတွင် ထန်တလန် CDF မှ ပစ်သတ်လိုက်အပြီး အကြမ်းဖက်စစ်ကောင်စီတပ်သည် မြို့ပေါ်ရှိ နေအိမ်များအပေါ် လက်နက်ကြီးများဖြင့် မွန်းလွဲပိုင်းအထိ တရစပ်ပစ်ခတ်သဖြင့် နေအိမ် အလုံးရေ ၆၀ ကျော် မီးလောင်နေကြောင်း သိရှိရသည်။
နေအိမ်များအား ဖောက်ထွင်းကာ ပစ္စည်းများခိုးယူနေသော စစ်ကောင်စီတပ်သားအား ထန်တလန် CDF မှ ပစ်သတ်လိုက်ကြောင်း၊ သေနတ် ၁ လက်ရရှိလိုက်ကြောင်း၊ စစ်ကောင်စီတပ်မှ ယင်းကိစ္စအား အငြှိုးထားပြီး မြို့ပေါ်သို့ လက်နက်ကြီးများဖြင့် တရစပ် ပစ်ခတ်နေကြောင်း ထန်တလန် CDF ကို ကိုးကားပြီး ဒေသသတင်းရင်းမြစ် Chin News Journal တွင် ရေးသားဖော်ပြသည်။
ထန်တလန်မြို့ပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ယနေ့နံနက် ၉ နာရီ ၅၀ မိနစ်မှ စတင်ကာ မွန်းလွဲ ၂ နာရီခွဲခန့်အချိန်ထိ လက် နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်းလည်း ဒေသသတင်းရင်းမြစ်များထံမှ သိရသည်။လက်ရှိ ထန်တလန်မြို့ပေါ်တွင် အကြမ်းဖက်စစ်ကောင် စီ တပ်ဖွဲ့ဝင် ၂၀၀ ခန့် ရှိနိုင်ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရှိရသည်။
စက်တင်ဘာလ ၂၇ ရက် နံနက်ပိုင်းတွင်လည်း ထန်တလန်မြို့ပေါ်ရှိ စစ်ကောင်စီတပ်နှင့် ထန်တလန် CDF ကြား ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၅ ဦး သေဆုံးခဲ့ကာ စစ်ကောင်စီတပ်က ထန်တလန်မြို့တွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ အနည်းဆုံး ၁ ဦးသေဆုံးကာ နေအိမ် ၂၀ လုံးခန့် မီးလောင်ပျက်စီးခဲ့တာကြောင့် ထန်တလန်မြို့ခံများမှ ဘေးလွတ်ရာသို့ တိမ်းရှောင်ထွက်ပြေးခဲ့ကြရသည်။
စစ်ကောင်စီတပ်များအနေဖြင့် ထန်တလန်မြို့တွင်းရှိ ပြည်သူပိုင်အိမ်၊ ဆိုင်ပစ္စည်းများ ဖျက်ဆီးခိုးယူသည်ကို တွေ့ရှိပါက တွေ့သည့်နေရာတွင် ပစ်သတ်မည်ဖြစ်ကြောင်း CDF-Thantlang လွန်ခဲ့သည့် လအတွင်း သတိပေးချက် ထုတ်ပြန်ထားသည်။khit thit