Monthly Archives: Oct 2021

မဟာမြိုင် ရာအိမ်မှူး သေနတ်ဖြင့်ပစ်သတ်ခံရ

မန္တလေးမြို့ကဆန္ဒပြပြည်သူများဖမ်းဆီးနိုင်ရေး စစ်တပ်သတင်းပေးလုပ်နေသူဟုဆိုသူရာအိမ်မှူးတစ်ဦး ယနေ့ညနေပိုင်းက သေနတ်ဖြင့်နှစ်ချက်ပစ်ခတ်ခံလိုက်ရကြောင်းသိရသည်။

“မဟာမြိုင်အပိုင်း(၅)ထဲကရာအိမ်မှူးသေနတ်ပစ်ခံရတာပါ၊ အိမ်ထဲ၀င်ပြီးခေါင်းကိုနှစ်ချက်တေ့ပစ်သွားတာတဲ့၊ အခုကဆေးရုံကားလာသယ်သွားပြီ၊ စစ်သားတွေရောက်နေလို့ ရပ်ကွက်ထဲ ဘယ်သူမှအပြင်မထွက်ရဲကြဘူး” ဟု ဒေသခံတစ်ဦးကပြောသည်။သေနတ်ဖြင့်ပစ်ခတ်ခံရသူမှာ မဟာအောင်မြေမြို့နယ် မဟာမြိုင်အပိုင်း(၅)ရပ်ကွက်မှ အသက် ၄၆ နှစ်အရွယ်ရာအိမ်မှူးဦးသက်နိုင်(ခ)ဆံရှည်ဖြစ်ကြောင်းစုံစမ်းသိရပြီး၊ ၄င်းသည် စစ်တပ်သတင်းပေးဒလန်၊ ဆန္ဒပြသူများအားလက်ထောက်ချနေသူဖြစ်ကြောင်း ဒေသခံများကဆိုသည်။

၄င်းအား ယနေ့ညနေ ၅ နာရီကျော်အချိန်ခန့်က ၃၈ လမ်းနှင့် ၃၉ လမ်းကြား၊ ၆၆ လမ်းနှင့် ၆၇ လမ်းကြားနေအ်ိမ်မှာပင် သေနတ်သမားနှစ်ဦးက ၀င်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရပြီး၊ သေဆုံးမှုရှိမရှိနှင့်ပတ်သက်၍တော့ အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။“စစ်တပ်လက်ကိုင် တုတ်ရာအိမ်မှူးဆံရှည်လို့နာမည်ကြီးနေတဲ့ကောင်ပါ၊

အိမ်ထဲမှာပဲခေါင်းကိုသေနတ်နဲ့နှစ်ချက်ပစ်ပြီး၀င်ရှင်းသွားတာပါ၊ ဘယ်အဖွဲ့ကသုတ်သင်သွားတယ်ဆိုတာ သတင်းထွက်လာမှာပါ” ဟု သတင်းရင်းမြစ်တစ်ဦးကပြောသည်။ဦးသက်နိုင်အား မည်သည့်အဖွဲ့အစည်းကပစ်ခတ်သွားသည်ဆိုတာနှင့်ပတ်သက်၍တော့ ယခုအထိတရား၀င် သ တင်းထုတ်ပြန်တာမတွေ့ရသေးဘဲ၊ အခင်းဖြစ်နေရာ၀န်းကျင်ကိုတော့ စစ်ကောင်စီလက်နက်ကိုင်တပ်ဖွဲ့က၀င်ရောက်မွှေနှောက်ရှာဖွေနေကြောင်းသိရသည်။mizzima

သပိတ်ကျင်းတွင် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်တွင် ဗန်းမော်-မန္တလေးကားလမ်းမကြီးအတိုင်း ထီးချိုင့်မြို့နယ်မှ သပိတ်ကျင်းသို့ မောင်းနှင်လာသည့် စစ်ကောင်စီယာဉ်တန်း ၂၁ စီးကို အောက်တိုဘာ ၂၉ရက် ည ၈နာရီခွဲတွင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များ ပူးပေါင်းကာ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း People Defence Force -Thabeikkyin ထံက သိရသည်။

”ထီးချိုင့်ဘက်ကနေ ဆင်းလာကြတာ။ စစ်ပန်းပြီး ပြန်လာတဲ့ ကားတွေလို့ယူဆရတယ်။ စကခ (စစ်ကောင်စီ) ကားတွေထဲက လူပါနိုင်တဲ့ ကားတစ်စီးကို ရွေးပြီး ခွဲထည့်လိုက်တာ။ လူအသေအပျောက်ကိုတော့ မသိရသေးပေမဲ့ ဒီကောင်တွေ ကားတစ်စီး ကတော့ လုံးဝ ပျက်စီးသွားတယ်” ဟု မိုင်းဆွဲတိုက်ခိုက်ရာတွင် ပါဝင်သည့် အဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက မဇ္ဈိမကိုပြောသည်။

မိုင်းဆွဲတိုက်ခိုက်မှုမှာ သပိတ်ကျင်းမြို့နယ်အတွင်း မန်ကျီးကုန်းအုပ်စု ပေါ်တော်မူကျေးရွာအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထီးချိုင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (HPDF)၊ သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (TPDF) နှင့် ပူပေါင်း (တကောင်း Special 9 -TPDF) တို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။mizzima

အာဏာရှင် သုံးဆက်စလုံးကို အပြုံးမပျက်ရင်ဆိုင်ခဲ့သူ ဦးဝင်းထိန်

အသက် ၈၀ အရွယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နာယက ဦးဝင်းထိန်မှာ အကျပ်အတည်းများ ကြုံရတိုင်း “ဒုက္ခပါပဲ သုခရာ”ဟု အရွှန်းဖောက်လေ့ရှိသူဖြစ်သည်။ စစ်ကောင်စီကို ဝေဖန်မှုဖြင့် အာဏာသိမ်းပြီးကတည်းက ဖမ်းဆီးခံရပြီး အမှုရင်ဆိုင်နေရသူလည်းဖြစ်သည်။

ယမန်နေ့တွင် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ – က အရ အမြင့်ဆုံး ထောင်နှစ် ၂၀ ချမှတ်ခံရချိန် ဦးဝင်းထိန်က အောက်ပါအတိုင်းမှတ်ချက်ပြုသည်။

“အစကတည်းက ချခိုင်းထားတာပဲ။ အမှုတောင် စစ်စရာမလိုဘူး။ စောစောစီးစီးချလိုက် ပြီးရောတဲ့။ အခု ၉ လလောက်တောင် အချိန်ကုန်သွားသေးတယ်တဲ့”။ 

နေပြည်တော်အချုပ်ထောင်အတွင်း သီးသန့်ဖွင့်ထားသည့် တရားခွင်၌ ဦးဝင်းထိန်က ထိုသို့တုံ့ပြန်ခဲ့ကြောင်း ၎င်း၏ ရှေ့နေ ဦးမြင့်သွင်က ပြန်ပြောပြသည်။

စစ်တပ်က အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ တွင် နေပြည်တော်၌ ရှိနေစဉ် စစ်ခေါင်းဆောင်၏ လုပ်ရပ် မှားကြောင်း၊ အနုနည်းဖြစ်သည့် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ဖြင့် တုံ့ပြန်သင့်ကြောင်း သတင်းဌာနအချို့ကို ပြောခဲ့၊ ပြည်သူသို့ ပန်ကြားချက်ထုတ်ခဲ့ပြီး သုံးရက်အကြာ (ဖေဖော်ဝါရီ ၄) တွင်ပင် စစ်ကောင်စီက ဦးဝင်းထိန်ကို တရားစွဲခြင်းဖြစ်သည်။

ယင်းသို့ပြောဆိုအပြီး ရန်ကုန်မြို့သို့ ပြန်သွားသည့် ဦးဝင်းထိန်ကို ထိုနေ့က ညတွင်းချင်းဖမ်းဆီးကာ နေပြည်တော်အချုပ်ထောင်သို့ ပြန်ခေါ်လာပြီးနောက် အမှုကို ပထမဆုံးရင်ဆိုင်ရသည့် ဖေဖော်ဝါရီ ၁၉ ရုံးချိန်းကတည်းကပင် ချက်ခြင်းအမိန့်ချပေးရန် ဦးဝင်းထိန်က အမှန်တကယ်တောင်းဆိုခဲ့ဖူးသည်။

သူ၏ ဆန္ဒအတိုင်း ဖြစ်မလာသော်လည်း ဒက္ခိဏခရိုင် တရားသူကြီး ဦးရဲလွင် ဦးစီးပြီး တရားသူကြီးနှစ်ဦးပါ ခုံအဖွဲ့ဖြင့် အပတ်စဉ် သောကြာနေ့တိုင်း စစ်ဆေးသည့် ကာလရှည်တရားခွင်များကို ရောဂါမျိုးစုံရှိ၍ ဘီးတပ်ကုလားထိုင်ဖြင့် သွားလာနေရသူ ဦးဝင်းထိန်က တည်ငြိမ်စွာ ဖြတ်သန်းခဲ့သည်ဟု သူ၏ ရှေ့နေထံမှ သိရသည်။

“(တရားခွင်ကို) ရဲတွေက တွဲလာကြတယ်။ ပြီးရင် ဘီးတပ်ကုလားထိုင်ကြီးနဲ့ပဲ နေရတယ်။ ပြီးတော့ သူက ညအိပ်ရင်လည်း အောက်ဆီဂျင်တပ်ပြီး အိပ်ရတယ်။ အဲဒါလည်း နှစ်ပေါင်းများစွာ ကြာပြီ။ ဒါပေမဲ့ သူ့ခံစားချက်တွေ သူက မပြောဘူး”ဟု ဦးမြင့်သွင်က ဆိုသည်။

ဦးဝင်းထိန်တွင် သွေးတိုး၊ ဆီးချို၊ နှလုံး၊ သိုင်းရွိုက် ဟော်မုန်းအားနည်းရောဂါ၊ ဆီးကျိတ်ကြီးရောဂါများ ရှိကြောင်း၊ လိုအပ်သည့် ဆေးဝါးနှင့် ဆေးပစ္စည်းများ အကျဉ်းထောင်သို့ ပို့ဆောင်ခွင့်ရရေးကိစ္စမှာ အရေးကြီးကြောင်း ၎င်း၏ ရှေ့နေအဖွဲ့ထံမှ သိရသည်။

၂၀၂၀ ရွေးကောက်ပွဲအတွက် NLD ပါတီက ပြုလုပ်သော ပါတီအစည်းအဝေးသို့ ဦးဝင်းထိန်တက်ရောက်စဉ်။ (ဓာတ်ပုံ – Myanmar Now)

ထိုအခြေအနေတွင် နေ့စဉ် သီလဆောက်တည်၊ ဥပုသ်စောင့်သည့် ဦးဝင်းထိန်က သူ၏ တရားခွင်နေ့ရက်များကို အသက်အရွယ်၊ ကျန်းမာရေး၊ လောကဓံတို့၏ ပကတိအခြေအနေများကို အရှိတရားအတိုင်း တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နိုင်ခဲ့သည်ဟု ရှေ့နေ ဦးမြင့်သွင်က ပြောသည်။

“တရားသူကြီးက Mask လေးတပ်လိုက်ဦးမလားတဲ့။ ရတယ် မလိုဘူးတဲ့ ကျွန်တော်က အသက် ၈၀ သေခါနီးနေပြီတဲ့။ တပ်စရာမလိုပါဘူးဗျာတဲ့။ ထောင်ထဲမှာ ကိုဗစ်ဆေးထိုးခံဖို့ဆိုတာတောင်မှ ကျွန်တော် မထိုးဘူးတဲ့။ ကျွန်တော်တို့က သေမဲ့သူတွေပဲတဲ့။ ဘာမှထိုးစရာ မလိုပါဘူးတဲ့”ဟု တရားခွင်အတွင်း အဖြစ်အပျက်တစ်ခုကို နမူနာပြ၍ ၎င်းက ပြန်ပြောသည်။

ထို့ပြင် ကာလရှည်ရင်ဆိုင်ခဲ့ရသည့် တရားခွင်အတွင်း စစ်ကောင်စီဘက်မှ ဥပဒေအရာရှိ မေးသမျှကို သူ၏ ထုံးစံအတိုင်း ယုံကြည်ချက်၊ ခံယူချက်ကို သွေဖည်စေခြင်းမရှိဘဲ ဟုတ်တိုင်းမှန်ရာသာ ဦးဝင်းထိန်က ထွက်ဆိုခဲ့ကြောင်း သိရသည်။

သတင်းစာရှင်းလင်းပွဲ၊ ပြည်သူသို့ပန်ကြားချက်၊ အာဏာသိမ်းမှုကြောင့် ၂၀၀၈ အခြေခံဥပဒေ ပျက်ပြီ စသဖြင့် မှတ်ချက်၊ လုပ်ဆောင်ချက်များကို အကြောင်းပြ၍ စစ်ကောင်စီက စွပ်စွဲထားသည့် ထိုအမှုတွင် ပြစ်ဒဏ်လျော့ပေါ့စေရန်အလို့ငှာ ဦးဝင်းထိန်က ဘူးကွယ်ခြင်းမျိုး တစ်ခုမျှမလုပ်ခဲ့ဟု ဦးမြင့်သွင်က ပြောသည်။

ခေါင်းဆောင်များ ဖမ်းခံထားရပြီးချိန်တွင် လက်ရှိအာဏာရပါတီလည်းဖြစ်၊ စစ်တပ်က ငြင်းဆန်ခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရပါတီ NLD ၏ နာယကဖြစ်သည့်အတွက် ပြည်သူသို့ အသိပေးသင့် အသိပေးထိုက်သည်များကို ပြောခြင်းဖြစ်သည်ဟုသာ တရားခွင်၌ ဦးဝင်းထိန်က တုံ့ပြန်သည်။

စစ်ကောင်စီ၏ ဥပဒေအရာရှိက ဦးဝင်းထိန်အပေါ် ပြစ်မှုထင်ရှားစေရန် ၎င်း၏ မှတ်ချက်ပြုမှုများ၊ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)တွင် ပါဝင်ရန် လှုံ့ဆော်ခဲ့မှုများကြောင့် ပြည်သူများ ပုန်ကန်ထကြွနေကြောင်း ပြောရာတွင်လည်း ဦးဝင်းထိန်က မည်သည့်အတွက် ထိုသို့ပြောရသည့်အကြောင်းကိုသာ တရားခွင်သို့ ရှင်းပြသည်။

“(ပုန်ကန်ထကြွတာကတော့) ပြည်သူတွေက သူတို့ဆန္ဒနဲ့ သူတို့ပဲ။ ပြည်သူတွေရဲ့ လွတ်လပ်ပိုင်ခွင့်ပဲ။ CDM လုပ်ဖို့ ပြောတာ မှန်တယ်။ ပြောခဲ့တယ်ဆိုတဲ့အကြောင်းလည်း ပြောပါတယ်”ဟု ဦးမြင့်သွင်က ပြောသည်။

နေ့ရက် အတိအကျမမှတ်မိသည့် ထိုနေ့က တရားခွင်တွင် စစ်ကောင်စီ၏ တရားသူကြီးနှစ်ဦးနှင့် ဥပဒေအရာရှိကို သူ၏ ထုံးစံအတိုင်း ဦးဝင်းထိန်က အရွှန်းဖောက်ခဲ့သေးသည်။

“တရားသူကြီးနဲ့ ဥပဒေအရာရှိတွေကို လှမ်းပြီးမေးလိုက်သေးတယ်။ ခင်ဗျားတို့ရော CDM မလုပ်ကြဘူးလားဗျာတဲ့။ မေးတော့ တရားသူကြီးတွေရော၊ ဥပဒေအရာရှိတွေရော ခေါင်းငုံ့နေတာပေါ့”ဟု ဦးမြင့်သွင်က ပြောသည်။

သို့သော် ယမန်နေ့ (အောက်တိုဘာ ၂၉)တွင် အမိန့်ချပြီးနောက် လာမည့် တနင်္လာနေ့ (နိုဝင်ဘာ ၁) တွင် လက်ရှိ နေပြည်တော်အချုပ်ထောင်မှ မန္တလေး အိုးဘိုအကျဉ်းထောင်သို့ ပြောင်းရမည့် ဦးဝင်းထိန်၏ ကျန်းမာရေးကိုမူ ရှေ့နေအဖွဲ့က စိတ်ပူနေသည်။

ဦးဝင်းထိန်အတွက် လိုအပ်သည့် ဆေးဝါးနှင့် အောက်ဆီဂျင်တို့ အလျဉ်မီစွာ ပို့ခွင့်မရမည်ကို စိုးရိမ်သည်ဟု ဦးမြင့်သွင်က ပြောသည်။

အာဏာရှင်ဟောင်းဦးနေဝင်းနှင့်ပင် ရင်ဆိုင်ခဲ့ရသူ 

စစ်တက္ကသိုလ်တွင် ထူးချွန်ဆုနှစ်ဆု ပထမဆုံးရသူဟု မှတ်တမ်းဝင်ခဲ့သည့် ဗိုလ်ကြီးဟောင်း ဦးဝင်းထိန်မှာ စစ်အာဏာရှင်က ပေးသည့် လောကဓံများကို ယခုမှ ကြုံတွေ့ဖူးသည်တော့ မဟုတ်ပါ။ 

၁၉၆၃၊ စစ်တက္ကသိုလ် အပတ်စဉ် (၅) ဗိုလ်သင်တန်းဆင်းပွဲတွင် အောင်စစ်သည်နှင့် စာပေဆုနှစ်ခု ဆွတ်ခူးခဲ့သူ ဦးဝင်းထိန်ကို အာဏာရှင် ဗိုလ်ချုပ်ကြီးဟောင်း ဦးနေဝင်းကလည်း ဒုက္ခပေးခဲ့ဖူးသည်။

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ် အာဏာသိမ်းစစ်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်ကြီးနေဝင်းကို လုပ်ကြံရန်ကြံစည်မှုတွင် ပါဝင်သည်ဆိုကာ ထိုစဉ်က စစ်တပ်အရာရှိတစ်ဦးဖြစ်သူ ဗိုလ်ကြီးဝင်းထိန် ထိန်းသိမ်းခံခဲ့ရသည်။ ထိုကြံစည်မှု ဦးဆောင်သူ ဗိုလ်ကြီးအုန်းကျော်မြင့်နှင့် ရင်းနှီးသူ ဦးဝင်းထိန်မှာ ၁၉၇၆ ခုနှစ်တွင် နာမည်ကျော် ရေကြည်အိုင်စစ်ကြောရေးစခန်းတွင် ခြောက်လကြာ ထိန်းသိမ်းခံခဲ့ရသည်။ 

ပြစ်မှုမထင်ရှား၍ ပြန်လွတ်ခဲ့သော်လည်း ဦးနေဝင်းအစိုးရက ဗိုလ်ကြီးအုန်းကျော်မြင့်အမှုတွင် တရားလိုသက်သေစာရင်း ထည့်သွင်းခံရသည့် ဦးဝင်းထိန်က တရားခွင်တစ်ခုတွင် ပျော်ပျော်ရွှင်ရွှင်၊ ပေါ့ပေါ့ပါးပါး စရိုက်အတိုင်းသာ ပြောဆိုပြုမူသဖြင့် နောက်တစ်ကြိမ် အမှုပတ်မည့်အရေးကို ရင်ဆိုင်ရသည်။

ထိုအကြောင်းကို ၎င်းကိုယ်တိုင်ရေးသားပြီး ၂၀၁၆ တွင် ထုတ်ဝေသည့် “ကျွန်တော်ရေးချင်တဲ့အကြောင်း၊ ကျွန်တော်ပြောချင်တဲ့အကြောင်း၊ ဗိုလ်ကြီးအုန်းကျော်မြင့်၊ နိုင်ငံတော်လုပ်ကြံမှု” စာအုပ်တွင် ထည့်သွင်းဖော်ပြထားသည်။

တရားခွင်တစ်ခုအတွင်း ဗိုလ်ကြီးအုန်းကျော်မြင့်ကို ဥပေစ္ဆေဒကံ (တစ်ပါးသူကြောင့်သေသည့်ကံ) ပါမပါ လက္ခဏာကြည့်ရန် ကြိုးပမ်းရာတွင် ၎င်းကို အမြင်မကြည်သည့် ထောက်လှမ်းရေးတပ်ဖွဲ့ဝင်များက တရားခံအား ဂုဏ်ပြုသည်ဟုဆိုကာ အထက်အရာရှိတို့ထံ အစီရင်ခံခဲ့ကြောင်း၊ ကံကောင်းထောက်မစွာဖြင့် အရေးယူမခံရကြောင်း ထိုစာအုပ်တွင် ရေးထားသည်။

ယခုဆောင်းပါးကို ရေးသားသူက ၂၀၁၇ ခုနှစ်အတွင်း Frontier Myanmar မဂ္ဂဇင်းအတွက် “ဦးဝင်းထိန် (သို့မဟုတ်) NLD ၏ ခေါင်းကိုင်ဖခင်” ဆောင်းပါးကို ရေးသားစဉ် နေပြည်တော်၌ ထိုအကြောင်း မေးသည့်အခါ ဦးဝင်းထိန်က ရယ်ပွဲဖွဲ့၍ အောက်ပါအတိုင်း မှတ်ချက်ပြုသည်။

“တရားခွင်တစ်ခုပြီးတဲ့အချိန်မှာ အုန်းကျော်မြင့်ရှေ့ကနေ ဖြတ်သွားတော့ ဟေ့ကောင် ပြစမ်း မင်းလက္ခဏာဆိုပြီး နောက်ပြောင်တဲ့သဘောနဲ့ ကြည့်ဖို့လုပ်တာ။ ထောက်လှမ်းရေးက တရားခံနဲ့ အဲဒီလို ရင်းရင်းနှီးနှီးမနေရဘူးဆိုပြီး အော်လို့ မကြည့်ဖြစ်လိုက်ရပါဘူး”ဟု ၎င်းက ပြောခဲ့သည်။

ကံကောင်းသည်မှာ ထိုအပြုအမူကြောင့် အရေးယူမခံခဲ့ရ။ သို့သော် ထိုဖြစ်စဉ်ပြီးနောက်တွင် တပ်မှ နုတ်ထွက်ခဲ့ရသည်။

သို့သော် ဘဝကို အသစ်ပြန်စခဲ့ရသည့် ဦးဝင်းထိန်မှာ ပုဂ္ဂလိကလုပ်ငန်းများကို ရှင်သန်ခွင့်မပေးသည့် ဦးနေဝင်း၏ မဆလအစိုးရလက်အောက်တွင် သကြားနှင့် အရက်ထုတ်လုပ်သည့် ဥရောပကုမ္ပဏီများ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှပ်နှံနိုင်ရန် လျှို့ဝှက်စွာကူညီကာ အောင်မြင်သည့် စီးပွားရေးသမားဘဝကို ထူထောင်နိုင်ခဲ့သည်။

ထို့နောက် ၁၉၈၈ အရေးအခင်းကာလအရောက်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဦးတင်ဦး၏ အဆက်အသွယ်ဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် နီးစပ်ခဲ့ပြီး၊ ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီစည်းရုံးရေးခရီးများတွင် ဦးဝင်းထိန်မှာ လုံခြုံရေးကိစ္စများ စီစဉ်ကြီးကြပ်ခဲ့ရသူ ဖြစ်သည်။ 

၁၉၈၈ မှ ၂၀၀၉ ခုနှစ်ကာလကြား ဦးနေဝင်းကို ဆက်ခံသည့် အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေခေတ်တွင် ဦးဝင်းထိန်မှာ နိုင်ငံရေးပုဒ်မများဖြင့် နှစ်ကြိမ်တိုင် ထောင်ချခံခဲ့ရပြီး၊ ထောင်ထဲတွင် အနည်းဆုံး အနှစ် ၂၀ ခန့် နေထိုင်ခဲ့ရသူဖြစ်သည်။

ယင်းနောက်တွင် NLD က ပြန်လည်ယှဉ်ပြိုင်ပြီး အပြတ်အသတ်အနိုင်ရခဲ့သည့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ် ပြည်သူ့လွှတ်တော်အမတ်အဖြစ်၂၀၁၅ ခုနှစ်အထိ တာဝန်ထမ်းသည်။

NLD ကပင် အပြတ်အသတ်အနိုင်ရသည့် ၂၀၁၅ ရွေးကောက်ပွဲနောက်ပိုင်းတွင် စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီထံမှ အစိုးရတာဝန်လွှဲပြောင်းရယူရာတွင် ဦးဝင်းထိန်က ဦးဆောင်ခဲ့သည်။ 

NLD အစိုးရဖြစ်ပြီးနောက်တွင် တပ်မတော်နှင့် ပတ်သက်သည့် ၎င်း၏ မှတ်ချက်အချို့ကြောင့် တင်းမာမှုအချို့ ပေါ်ပေါက်ခဲ့ပြီးနောက်တွင် အသက်အရွယ်ရလာသည့် ဦးဝင်းထိန်မှာ နေ့စဉ်လုပ်ငန်းများနှင့် တိုက်ရိုက်မပတ်သက်သည့် နာယကအဖြစ် ပါတီက တာဝန်ပေးခဲ့သည်။

အစိုးရဖြစ်ကာစ NLD နှင့် ပတ်သက်၍ Facebook ၌ စာအတုများ၊ ကြေညာချက်များထွက်ပေါ်နေချိန် ၂၀၁၇ တွင် နေပြည်တော် စည်ပင်ဧည့်ရိပ်သာ၌ ရှိနေသည့် ဦးဝင်းထိန်ကို သတင်းထောက်များက သွားရောက်မေးမြန်းရာ ၎င်း၏ ဖြေကြားချက်အတွင်း အခြေအမြစ်မရှိသည့် ပုတ်ခတ်မှုများပါဝင်ကြောင်း၊ တုံ့ပြန်မည်ဖြစ်ကြောင်း တပ်မတော်က ကြေညာချက်ထုတ်ရသည်အထိ ဖြစ်ဖူးသည်။

ယုံကြည်ချက်ကို သစ္စာမဖောက်သူ

ဦးဝင်းထိန်သည် မည်သို့သော တိုက်ခိုက်မှုပင်ဖြစ်စေ၊ မည်သို့ပင် အခက်ကြုံနေရပါစေ ယုံကြည်မှုမှ မသွေဖည်ဘဲ ရဲရဲဝင့်ဝင့် ပေါ်ပေါ်တင်တင် ထုတ်ဖော်ပြောဆိုရဲသူဖြစ်သည်။ 

၂၀၁၇ မေလ ဒုတိယပတ်တစ်ခုအတွင်း ည ၆ နာရီခန့်တွင် ငါးဦးထက်မပိုသော နေပြည်တော်အခြေစိုက် သတင်းထောက်အချို့ကို သမ္မတရုံးမှ အရာရှိအဆင့်တစ်ဦးက ဖုန်းဖြင့် ဆက်သွယ်လာပြီး စည်ပင်ဧည့်ရိပ်သာရှိ ဦးဝင်းထိန်နေထိုင်ရာ အခန်းသို့ အမြန်လာရောက်ပါရန် အကြောင်းကြားသည်။

ဦးဝင်းထိန်ရှိနေသည့် နေရာသို့ ရောက်နေသည့် အဖွဲ့တွင် ထိုအရာရှိ ဦးဆောင်သည့် နိုင်ငံပိုင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ရိုက်ကူးရေးအဖွဲ့ဝင်အချို့လည်း ရှိနေသည်။

တပ်မတော်က ကန့်ကွက်ထားသည့် ကိစ္စအပေါ် ပြေရာပြေကြောင်း ပြန်လည်ပြောဆို ဖြေရှင်းပေးပါရန် သဘောပါသည့် စကားလုံးများသုံး၍ သမ္မတရုံးအရာရှိက ဦးဝင်းထိန်ကို မေတ္တာရပ်ခံသည်။ သတင်းထောက်တို့ကိုလည်း သတင်းတင်ဆက်ခွင့်ပြုကြောင်း၊ ဖြစ်နိုင်ပါက မြန်မြန်တင်ပေးစေလိုကြောင်း ထိုအရာရှိက ပြောသည်။

ရိုက်ကူးရေးကိစ္စ အားလုံးအဆင်သင့်ဖြစ်သည့်အခါ အိမ်နေရင်းဝတ်စုံဖြင့်ပင် သူ၏ အခန်းအတွင်း တည်တည်ငြိမ်ငြိမ်၊ ရယ်ကျဲကျဲဖြင့် ရှိနေသည့် ဦးဝင်းထိန်က အင်တာဗျူးဖြေဆိုပြီးနောက်တွင် သမ္မတရုံးမှ အရာရှိနှင့် MRTV အဖွဲ့သားများမှာ မျက်စိပျက်၊ မျက်နှာပျက်ဖြစ်သွားရသည်။

မီးခိုးကြွက်လျှောက်ပေါ်နေသည့် ပြဿနာကို ဖြေရှင်းရန် သမ္မတရုံးက စီစဉ်သည့် ထိုအင်တာဗျူးတွင် သူပြောခဲ့သည့် စကားများ၌ ဟိုကောင်တွေ ထင်တယ်ဟုသာ ပါကြောင်း၊ မည်သူ့ကိုမျှ နာမည်တပ်၍ စွပ်စွဲခြင်းမရှိကြောင်းသာ ပြောသည်။

စက္ကန့် ၄၀ ခန့်သာ ကြာသည့် အင်တာဗျူးတွင် “အဲဒါကို မကျေနပ်လို့ ကြေညာချက်ထုတ်တာတွေလည်း ကျွန်တော် ဘာမှပြောစရာမရှိဘူး”ဟုပင် ဦးဝင်းထိန်က ဆိုသည်။

ထိုကိစ္စများဖြစ်ပြီးနောက် နေပြည်တော်ကို စွန့်ခွာသွားသည့် ဦးဝင်းထိန်မှာ ၂၀၂၀ ရွေးကောက်ပွဲကာလတွင်မှ ပြန်လာခဲ့သော်လည်း ယခင်ကာလများကကဲ့သို့ သတင်းထောက်များထံ မှတ်ချက်များ ရွှန်ရွှန်းဝေ ပေးလေ့မရှိတော့ပါ။

သို့သော် ဖေဖော်ဝါရီ ၁ အာဏာသိမ်းသည့် နံနက် ပါတီခေါင်းဆောင်များဖြစ်သည့် သမ္မတ ဦးဝင်းမြင့်၊ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ဗဟိုအလုပ်အမှုဆောင်များအားလုံး ဖမ်းဆီးခံရပြီးချိန်တွင် မီဒီယာစာမျက်နှာထက်သို့ ဦးဝင်းထိန်က ရဲရဲရင့်ရင့် ပြန်တက်သည်။

ထိုနေ့က နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်ရှိ NLD ယာယီဌာနချုပ်ရုံးတွင် သတင်းထောက်အချို့နှင့် တွေ့စဉ် အာဏာရှင်လက်သစ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ အကျိုးစီးပွားကို ရှေးရှုသည့် ယခုလုပ်ရပ်မှာ မှားကြောင်း၊ တိုင်းပြည် နစ်နာမည်ဖြစ်ကြောင်း၊ CDM လှုပ်ရှားမှုဖြင့် တုံ့ ပြန်သင့်ကြောင်း ၎င်းက ပြောသည်။

ထို့နောက်တွင် ယခင်ကပင် အငြိုးအတေးရှိခဲ့၊ မည်သည့်အာဏာရှင်ကိုမျှ ကိုယ်ကျိုးစီးပွားအတွက် ဆန့်ကျင်ရန် ဝန်မလေးခဲ့သည့် ဦးဝင်းထိန်ထံ စစ်ကောင်စီ၏ အညှာအတာမဲ့ အပြစ်ပေးမှု ရောက်လာခဲ့ခြင်းဖြစ်သည်။

အာဏာရှင်အဆက်ဆက်ကို ဆန့်ကျင်မှုကြောင့် ထောင်ကျနေသဖြင့် လူလတ်ပိုင်းအရွယ်အထိ ဖခင်ဖြစ်သူနှင့် နေထိုင်ခွင့်ဆုံးရှုံးခဲ့ရသည့် ဦးဝင်းထိန်၏ အငယ်ဆုံးသမီး အသက် ၃၅ နှစ်အရွယ် မချစ်စုဝင်းထိန်ကမူ နောက်တစ်ကြိမ် နှစ် ၂၀ ထပ်မံကွေကွင်းရမည့် ကြမ္မာဆိုးအတွက် ဝမ်းနည်း ဒေါသထွက်ရကြောင်း ပြောသည်။

“ဒီလို မတရားမှုလုပ်တဲ့သူတွေကတော့ နောင်တစ်ချိန် တာဝန်ခံရမှာပဲ”ဟု မချစ်စုဝင်းထိန်က မှတ်ချက်ပြုသည်။myanmar now

ရှားတောမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားများ စွန့်ခွာသွားသော စစ်စခန်းတစ်ခုအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မီးရှို့ဖျက်ဆီး

ကယား (ကရင်နီ) ပြည်နယ်၊ ရှားတောမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီ၏ တပ်စခန်းတစ်ခုအား အဆိုပါဒေသရှိ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့တစ်ခုမှ အောက်တိုဘာလ ၂၄ ရက်တွင် မီးရှို့ဖျက်ဆီးလိုက်ကြောင်း သတင်းရရှိသည်။

အဆိုပါတပ်စခန်းမှ စစ်ကောင်စီတပ်သားများသည် အောက်တိုဘာလ ၁၄ ရက်တွင် စခန်းအားစွန့်ခွာပြီး တပ်ဆုတ်သွားကြောင်း၊ စခန်းတွင်း မိုင်းများ ထောင်ထားခဲ့ကြောင်း၊ ဝင်ရောက် မီးရှို့သည့် PDF တပ်ဖွဲ့မှ မိုင်းများအား အန္တရာယ်မရှိ ဖြုတ်နိုင်ခဲ့ကြောင်း၊ စခန်းအား မီးရှို့ခဲ့ကြောင်း ဒေသသတင်းရင်းမြစ် ကန္တာရဝတီတိုင်း(မ်) သတင်းတွင် ဖော်ပြသည်။

အဆိုပါ စစ်ကောင်စီစခန်းသည် လွိုင်ကော်-ရှားတော ကားလမ်းမကြီးဘေး အန္တရာယ်ကွေ့အနီးတွင် ရှိကြောင်း သိရှိရသည်။ရှားတောမြို့နယ်အတွင်း သံလွင်အရှေ့ဖက်ခြမ်းအပါအဝင် အကြမ်းဖက်စစ်ကောင်စီတပ်၏ တပ်စခန်းပေါင်း ၁၇ ခု ရှိကြောင်း သိရသည်။khit thit

ဆောမြို့ပေါ် လစာလာထုတ်သည့် စစ်ကားကို PDF နှစ်ဖွဲ့က မိုင်းဆွဲ

မကွေးတိုင်း၊ ဆောမြို့နယ်တွင် ယမန်နေ့(အောက်တိုဘာ ၂၉)၌ မြို့ပေါ်သို့ လစာလာထုတ်သည့် စစ်ကောင်စီ ကားတစ်စီးကို ဆော-လောင်းရှည်လမ်းပိုင်းတစ်နေရာမှာ ဆောPDF နှင့် လောင်းရှည် PDF အဖွဲ့တို့ ပူးပေါင်းပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။

ယမန်နေ့ ညနေ ၄ နာရီခန့်၌ လောင်းရှည်မြို့နယ် အခြေစိုက် ကပစ(၂၅) တပ်မှ ဆောမြို့ပေါ်တွင် လစာလာထုတ် သည့် စစ်သား ၁၀ ဦးပါ စစ်ကားကို အပြန်တွင် နှစ်နေရာခွဲ၍ မိုင်း ၅ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆော PDF မှ တပ်ရင်းမှူးက ပြောသည်။

ကားပေါ်ပါလာသူစစ်သားများ ထိခိုက်ဒဏ်ရာရမှုများရှိနိုင်သော်လည်း အဆိုပါစစ်ကားမှာ မောင်းပြေးသွား သည့်အတွက် ထိခိုက်မှုစာရင်းကို အတိအကျမသိနိုင်ကြောင်း ၎င်းက ဆိုသည်။“ကားတော့လဲမသွားဘူး။ ထိခိုက်ဒဏ်ရာရမှုတော့ ရှိနိုင်တယ်လို့ အတည်ပြုထားတယ်။ ဘာလို့လဲဆိုတော့ မိုင်းလည်း ဆွဲတယ်။ ကားအတွင်းကိုလည်း ပစ်ခတ်ခဲ့တာဆိုတော့” ဟု ၎င်းက ဆကပြောသည်။

တိုက်ခိုက်ခံရသည့် စစ်ကားမှာ ကပစ(၂၅)ရှိရာကို ပြန်လည်မောင်းပြေးသွားရာတွင် လမ်းတစ်လမ်းဘေးဝဲယာ များကို သေနတ်များဖြင့် ရမ်းသမ်းပစ်ခတ်သွားကြောင်း သိရသည်။တိုက်ခိုက်မှုအပြီး ဆောနှင့်လောင်းရှည် PDF ပူးပေါင်းအဖွဲ့က အထိအခိုက်မရှိဘဲ အောင်မြင်စွာပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု သိရသည်။

ဆောမြို့နယ်မှအတွင်း ဆော PDF နှင့် ပူးပေါင်း PDF အဖွဲ့များက စစ်ကောင်စီတပ်များကို မကြာခဏ မိုင်းဆွဲတိုက်ခိုက် နေသည့်အတွက် ဆောမြို့နယ်အတွင်း လမ်းပိုင်းများတွင် ပြည်သူများအနေဖြင့် အရေးကြီးကိစ္စမရှိဘဲ သွားလာခြင်း မပြုကြရန် သတိပေးစာ ထုတ်ပြန်ထားသည်။myanmar now

ကရင်နီပြည်နယ်ရှိ စစ်ဘေးရှောင်များတွင် အာဟာရပြတ်လပ်မှုနှင့် ဖျားနာခြင်းများကြောင့် ၄လအတွင်း သေဆုံးသူ ၃၀ ဦးထိရှိလာ

ကယား(ကရင်နီ)ပြည်နယ်မှ စစ်ဘေးရှောင်များတွင် အာဟာရပြတ်လပ်မှုအပါအ၀င် ဖျားနာမှုများကြောင့် လေးလအတွင်း သေဆုံးသူ ၃၀ ဦးထိရှိလာကြောင်း ဒေသခံစစ်ဘေးရှောင်ကူညီကယ်ဆယ်ရေးအဖွဲ့၀င်တစ်ဦးက မဇ္ဈိမကိုပြောသည်။ “ဒီးမော့ဆိုစစ်ရှောင်တွေဘက်မှာ အစာ ရေစာပြတ်လို့ သေဆုံးမှုတွေရှိလာတယ်။

စစ်ရှောင်ရင်းသေဆုံးသူဦးရေ ခန့်မှန်းချက်အရ အစာရေစာပြတ်ပြီး‌သေတာရယ် ဖျားနာပြီးသေတာရယ်ပေါင်းလိုက်ရင် ဇွန်လနောက်ပိုင်း ၃၀ လောက်သေတယ်လို့ အကြမ်းဖျဉ်းတွက်ထားတယ်။ ကုန်းသာရွာဘက်မှာဆိုရင် တစ်ညထဲ ၁၀ ယောက်သေတာလည်းရှိတော့ အတိအကျစာရင်းကောက်လို့မရဘူး။စစ်ပြန်ဖြစ်တော့ စစ်ရှောင်အရင်ထက်ပိုများလာတယ်။ အာလူးအဓိကစားနေရတယ်။ဆန်ကပြတ်လပ်တာမဟုတ်ဘူး။ ၀ယ်ဖို့အလှူငွေမကူနိုင်တာ၊ကူငွေလိုနေတာပါ။

အလှူရှင်တွေအရင်ကထက်နည်းလာတယ်။ ပြီးတော့လှူတဲ့သူအများစုက စစ်ရှောင်ထက် PDF တွေကိုပိုလှူကြတော့တစ်ဖက်မှာလစ်ဟာသွားတယ်”ဟု ၎င်းက ပြောသည်။ ကရင်နီပြည်နယ်ရှိ စစ်ရှောင်စခန်းများတွင် ရိက္ခာများကို ရက်သတ္တပတ် တပတ်စာမျှသာသို‌လှောင်ထားနိုင်သောကြောင့် စခန်းတစ်ခုအတွက် ရိက္ခာလိုအပ်ချိန်တွင် လှူဒါန်းလိုက်လျှင် ကျန်စခန်းများတွင် ရိက္ခာများ လျော့နည်းကာ လိုအပ်မှုများ ဖြစ် လာခြင်းဖြစ်သည်။

ဇွန်လမတိုင်ခင် တိုက်ပွဲများမှာ ယခုအချိန်လောက်မပြင်းထန်သည့်အတွက် ပြည်တွင်းပြည်ပမှလှူဒါန်းမှုများရှိခဲ့သဖြင့် ယခုကဲ့သို့ အခြေအနေမဆိုးခဲ့ကြောင်း စစ်ဘေးရှောင်ကူညီကယ်ဆယ်ရေးအဖွဲ့၀င်အချို့ကဆိုသည်။ ထို့အပြင် စစ်ရှောင်စခန်းတိုင်း၌ ကျန်းမာရေး၀န်ထမ်းများမရှိခြင်း‌ ကြောင့် အဆိုပါစစ်ရှောင်စခန်းအများစုတွင် ကလေးငယ်များ ၀မ်းပျက်၀မ်းလျှောရောဂါအဖြစ်များလာသည့်အပြင် အသက် တစ်နှစ်မှလေးနှစ် အရွယ်ကလေးငယ်များမှာ အအေးပတ်ခြင်း၊ နှာစေးချောင်းဆိုးသည့်ဒဏ်ကို နှစ် လတာကြာမြင့်သည်အထိ ဆက်တိုက်အထိဖြစ်ပွားနေကြောင်း သိရသည်။

ရာသီဥတုမှာလည်း ဆောင်းရာသီ၀င်လာသည့်အတွက် အနွေးထည်၊မိုးကာ၊စောင်များလိုအပ်နေခြင်း၊ စစ်ရှောင်စခန်းများတွင် မွေးကင်းစက လေး များနေသည့်အတွက် အာဟာရနို့မှုန့်နှင့်အနှီးများလိုအပ်လျက်ရှိကြောင်း စစ်ရှောင်ကယ်ဆယ်ရေးအဖွဲ့၀င်တစ်ဦးကပြောသည်။ ကရင်နီပြည်နယ်၏နေရာအချို့တွင် တိုက်ပွဲများပြင်းထန်နေခြင်းကြောင့် လက်ရှိတွင်ပြည်နယ်တစ်ခုလုံးအတိုင်းအတာအရ စစ်ဘေးရှောင်ပြည်သူ တစ်သိန်းခွဲရှိသည့်အနက် ဒီးမော့ဆိုမြို့တွင် မြို့၏အရှေ့ဘက်ခြမ်းနှင့်အနောက်ဘက်ခြမ်းမှ စုစုပေါင်း ‌စစ်ဘေးရှောင် ၇၀၀၀၀ နီးပါးရှိသည့်အ တွက် ဒီးမော့ဆိုမြို့တွင် စစ်ရှောင်အ‌ရေအတွက်အများဆုံးဖြစ်ကြောင်း စစ်ရှောင်တာ၀န်ခံများ၏ စာရင်းအရ သိရသည်။mizzima

စစ်ရာဇဝတ်မှုများ ချက်ချင်းရပ်တန့်ရန် အာ ဏာသိမ်းစစ်တပ်ကို ချင်းအမျိုးသားအတိုင် ပင်ခံ ကောင်စီသတိပေး

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တွေအနေနဲ့ ပြည်သူတွေအပေါ် စစ်ရာဇဝတ်ချိုးဖောက်မှုတွေကို ချက်ချင်းရပ်တန့်ပြီး မတရားလုယူထားတဲ့ နိုင်ငံတော်အာဏာကို ပြည်သူ့အစိုးရဆီ ချက်ချင်း ပြန်လည်အပ်နှံဖို့  ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီက သတိပေးလိုက် ပါတယ်။

အောက်တိုဘာ ၃၀ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာချက်ထဲမှာတော့ အနော်ရထာနဲ့ အလောင်း မင်းတရားအထူးစစ်ဆင်ရေးအပါအဝင် စစ်ကောင်စီရဲ့ အကြမ်းဖက်စစ်ဆင်ရေးတွေကြောင့် မြန်မာနိုင်ငံအနောက်မြောက်ဘက်ခြမ်း ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတွေထဲက အရပ် သား ပြည်သူတွေ ဒုက္ခမျိုးစုံကြုံတွေ့ခံစားနေရမှုကို အမြန်ဆုံး ရပ်တန့်နိုင်ရေး ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီ(UNSC)အနေနဲ့လည်း အ ထူး အစည်းအဝေးတရပ်ကို ခေါ်ယူကျင်းပပြီး ကြိုးပမ်းဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံထားပါတယ်။

ဒါ့အပြင် စစ်ဘေးဒုက္ခသည်တွေအတွက် လူသားချင်း စာနာထောက်ထားမှုအကူအညီတွေ အလုံအလောက် အချိန်မီရရှိနိုင်ရေးအတွက် ပြည် တွင်းပြည်ပ အလှူရှင်တွေက ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးကြဖို့နဲ့ စစ်ကောင်စီရဲ့ ထိုးစစ်ဆင်မှု ရပ်တန့်နိုင်ရေးအတွက် အိမ်နီး ချင်းအိန္ဒိယနိုင်ငံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက နည်းလမ်းမျိုးစုံနဲ့  ဖိအားပေး လုပ်ဆောင်ပေးကြဖို့လည်း တိုက်တွန်းထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တွေဟာ အောက်တိုဘာ ၂၉ ရက် မနက်ပိုင်းမှာ ချင်းပြည်နယ်၊ ထန်တလန်မြို့မှာ ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို လက်နက်ကြီးတွေနဲ့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တာ၊ မီးရှို့ဖျက်ဆီးတာတွေကြောင့် ခရစ်ယာန် ဘုရား ကျောင်းနဲ့ သာသနိကအဆောက် အအုံတွေ အနည်းဆုံး ၃ ခုအပါအဝင် လူနေအိမ်ခြေ ရာနဲ့ချီ ပျက်စီးဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက  ကုလသမဂ္ဂ အ ထွေထွေညီလာခံမှာ နိုင်ငံတကာအသိုက်အဝန်းအနေနဲ့  ပြည်သူတွေကို စစ်တပ်ရဲ့ ရက် စက်ကြမ်းကြုတ်မှုတွေမှ အကာအကွယ်ပေးနိုင်ရေး အမြန်ဆုံးအရေးယူဆောင်ရွက်ဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကလည်း ချင်းပြည်နယ်၊ ကယား (ကရင်နီ)ပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့အပါအဝင် မြန်မာ နိုင်ငံတဝန်း စစ် ကောင်စီကြောင့် အရပ်သားပြည်သူတွေ ဒုက္ခမျိုးစုံ ရင်ဆိုင်ကြုံတွေ့ခံစားနေရမှုကို အမြန်ဆုံးရပ်တန့်နိုင်ရေးအတွက် ထိရောက် တဲ့ အရေးယူ ဆောင်ရွက်မှုတွေ အလျင်အမြန်ပြုလုပ်နိုင်ဖို့ အာဆီယံနဲ့ ကုလသမဂ္ဂအဖွဲ့တွေ အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းကို အလေးအနက် တိုက်တွန်းထားပါတယ်။DVB

CDM ပြုလုပ်သော တရားရေး၀န်ထမ်းအယောက် ၆၀အတွက် လစဉ် ထောက်ပံ့မတည်မည့် အလှူရှင်များ ပေါ်လာ

အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM ပြုလုပ်သူများဖွဲ့စည်းထားသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ တရားစီရင်ရေးရုံးဝန်ထမ်းများသမဂ္ဂအဖွဲ့ချုပ်(J.S.U)မှ အဖွဲ့၀င်၆၀ဦးအား လစဉ် ငါးသောင်းကျပ် ထောက်ပံ့မတည်မည့် အလှူရှင်များ ပေါ်လာကြောင်း အဆိုပါအဖွဲ့ကို ဦးဆောင်သည့် CDM တရားသူကြီး ဦးကောင်းမြတ်သူက မဇ္ဈိမကိုပြောသည်။

“အရင်ကလစဥ် ထောက်ပံ့မယ့်အလှူရှင်တွေမရှိခဲ့ပေမယ့်။ အခုတော့တစ်ယောက် ၅၀၀၀၀ ‌ကျပ်နှုန်းနဲ့ အယောက် ၅၀ လစဉ် ၂၅ သိန်းမတည်ထောက်ပံ့သူ တစ်ယောက်ရှိလာတယ်။ ကျန်တဲ့နှစ်ယောက်စာ တစ်ယောက်စာတာ၀န်ယူမယ်ဆိုပြီး အသီးသီးတာ၀န်ယူတာလဲရှိလာတယ်။ စု ဘူးဖောက်ပြီးထောက်ပံ့တဲ့သူလဲပါတယ်။ ၁၀ ဦးစာအတွက် တာ၀န်ယူမယ့်သူထပ်ရတော့ အယောက် ၆၀ စာရတယ်။ ဒါပေမယ့် ၆၆ ဦးစာအ တွက် အလှူရှင်တွေလိုနေသေးတယ်။

လစဥ် ငါးသောင်းဆိုလဲ ဆန်ဆီဆားအတွက်ရသလို ဈေးရောင်းချင်တဲ့သူအတွက်လဲ အရင်းအနှီးရတော့ အဆင်ပြေတာပေါ့။ ဒါပေမယ့် မရတဲ့သူတွေအတွက် အရင်ခါတိုင်း ကိုယ့်နည်းကိုယ့်ဟန်နဲ့လုပ်ကြပေမယ့် တခြားအလုပ်ဆက်လုပ်ဖို့ ချိတ်ဆက်တာရတဲ့သူရှိသလို ချိတ်ဆက်မရတာကြောင့် ဒုက္ခရောက်သူတွေလဲရှိနေသေးတယ်”ဟု ၎င်းက ပြောသည်။

တစ်နိုင်ငံလုံးအတိုင်းတာအရ အကြမ်းဖက်စစ်ကောင်စီမှ အာဏာ သိမ်းပြီးနောက် CDM ပြုလုပ်သည့် တရားရေး၀န်ထမ်း စုစုပေါင်း ၁၂၆ ဦးခန့် ရှိရာ လစဉ်ထောက်ပံ့ငွေအား အယောက် ၆၀ ဦးသာရရှိထားသည့်အတွက် ကျန် CDM တရားရေး၀န်ထမ်းများအတွက် ကူညီ ထောက်ပံ့ပေးရန်လိုအပ်နေသေးကြောင်း၊ ထောက်ပံ့မည်ဆိုပါက JSU အဖွဲ့အား တိုက်ရိုက်ဆက်သွယ်နိုင်ကြောင်းဆိုသည်။

“CDM ပြုလုပ်တဲ့ တရားရေး ၀န်ထမ်းအရေအတွက်က ရှားရှားပါးပါးနည်းနေတော့ တရားရေး၀န်ထမ်း ၅၀ ယောက်စာအတွက်တာ၀န်ယူပြီး လစဉ် တက်နိုင်သလောက်ထောက်ပံ့ကူညီတဲ့သဘောပါ”ဟု ထောက်ပံကူညီသူတစ်ဦးဖြစ်သည့် အလှူရှင် မအိပြည့်စုံက ပြောသည်။ အာဏာမသိမ်းခင်က တစ်နိုင်ငံလုံးတွင် တရားသူကြီး ၁၂၈၄ ဦးခန့်ပြီး CDM ပြုလုပ်သူ တရားသူကြီး အရေအတွက် ၂၄ ဦးနှင့် တရားရုံးဝန်ထမ်း (အမှု ထမ်း)အရေအတွက် ၃၉၄၉ ဦးခန့်ရှိသည့်အနက် CDM ပြုလုပ်သည့် တရားရုံးဝန်ထမ်း (အမှုထမ်း)အရေအတွက် ၁၀၂ ဦးခန့်ရှိကြောင်း မြန်မာ နိုင်ငံလုံးဆိုင်ရာ တရားစီရင်ရေးရုံးဝန်ထမ်းများသမဂ္ဂအဖွဲ့ချုပ်(J.S.U)အဖွဲ့ထံမှ သိရသည်။

J.S.U သမဂ္ဂအဖွဲ့ချုပ်အားပြီးခဲ့သည့်လတွင် စတင်အကောင်ထည်‌ဖော်ရာ ဇွန်လ ၁ ရက်နေ့တွင်အတည်ပြုဖွဲ့စည်းထားရာ CDM ပြုလုပ်သည့်တရားရေး၀န်ထမ်းနည်းပါးလွန်းနေကြောင်း ဦးကောင်းမြတ်သူက ပြောသည်။mizzima

« Older Entries