ကရင်နီပြည်နယ်ရှိ စစ်ဘေးရှောင်များတွင် အာဟာရပြတ်လပ်မှုနှင့် ဖျားနာခြင်းများကြောင့် ၄လအတွင်း သေဆုံးသူ ၃၀ ဦးထိရှိလာ

ကယား(ကရင်နီ)ပြည်နယ်မှ စစ်ဘေးရှောင်များတွင် အာဟာရပြတ်လပ်မှုအပါအ၀င် ဖျားနာမှုများကြောင့် လေးလအတွင်း သေဆုံးသူ ၃၀ ဦးထိရှိလာကြောင်း ဒေသခံစစ်ဘေးရှောင်ကူညီကယ်ဆယ်ရေးအဖွဲ့၀င်တစ်ဦးက မဇ္ဈိမကိုပြောသည်။ “ဒီးမော့ဆိုစစ်ရှောင်တွေဘက်မှာ အစာ ရေစာပြတ်လို့ သေဆုံးမှုတွေရှိလာတယ်။
စစ်ရှောင်ရင်းသေဆုံးသူဦးရေ ခန့်မှန်းချက်အရ အစာရေစာပြတ်ပြီးသေတာရယ် ဖျားနာပြီးသေတာရယ်ပေါင်းလိုက်ရင် ဇွန်လနောက်ပိုင်း ၃၀ လောက်သေတယ်လို့ အကြမ်းဖျဉ်းတွက်ထားတယ်။ ကုန်းသာရွာဘက်မှာဆိုရင် တစ်ညထဲ ၁၀ ယောက်သေတာလည်းရှိတော့ အတိအကျစာရင်းကောက်လို့မရဘူး။စစ်ပြန်ဖြစ်တော့ စစ်ရှောင်အရင်ထက်ပိုများလာတယ်။ အာလူးအဓိကစားနေရတယ်။ဆန်ကပြတ်လပ်တာမဟုတ်ဘူး။ ၀ယ်ဖို့အလှူငွေမကူနိုင်တာ၊ကူငွေလိုနေတာပါ။
အလှူရှင်တွေအရင်ကထက်နည်းလာတယ်။ ပြီးတော့လှူတဲ့သူအများစုက စစ်ရှောင်ထက် PDF တွေကိုပိုလှူကြတော့တစ်ဖက်မှာလစ်ဟာသွားတယ်”ဟု ၎င်းက ပြောသည်။ ကရင်နီပြည်နယ်ရှိ စစ်ရှောင်စခန်းများတွင် ရိက္ခာများကို ရက်သတ္တပတ် တပတ်စာမျှသာသိုလှောင်ထားနိုင်သောကြောင့် စခန်းတစ်ခုအတွက် ရိက္ခာလိုအပ်ချိန်တွင် လှူဒါန်းလိုက်လျှင် ကျန်စခန်းများတွင် ရိက္ခာများ လျော့နည်းကာ လိုအပ်မှုများ ဖြစ် လာခြင်းဖြစ်သည်။
ဇွန်လမတိုင်ခင် တိုက်ပွဲများမှာ ယခုအချိန်လောက်မပြင်းထန်သည့်အတွက် ပြည်တွင်းပြည်ပမှလှူဒါန်းမှုများရှိခဲ့သဖြင့် ယခုကဲ့သို့ အခြေအနေမဆိုးခဲ့ကြောင်း စစ်ဘေးရှောင်ကူညီကယ်ဆယ်ရေးအဖွဲ့၀င်အချို့ကဆိုသည်။ ထို့အပြင် စစ်ရှောင်စခန်းတိုင်း၌ ကျန်းမာရေး၀န်ထမ်းများမရှိခြင်း ကြောင့် အဆိုပါစစ်ရှောင်စခန်းအများစုတွင် ကလေးငယ်များ ၀မ်းပျက်၀မ်းလျှောရောဂါအဖြစ်များလာသည့်အပြင် အသက် တစ်နှစ်မှလေးနှစ် အရွယ်ကလေးငယ်များမှာ အအေးပတ်ခြင်း၊ နှာစေးချောင်းဆိုးသည့်ဒဏ်ကို နှစ် လတာကြာမြင့်သည်အထိ ဆက်တိုက်အထိဖြစ်ပွားနေကြောင်း သိရသည်။
ရာသီဥတုမှာလည်း ဆောင်းရာသီ၀င်လာသည့်အတွက် အနွေးထည်၊မိုးကာ၊စောင်များလိုအပ်နေခြင်း၊ စစ်ရှောင်စခန်းများတွင် မွေးကင်းစက လေး များနေသည့်အတွက် အာဟာရနို့မှုန့်နှင့်အနှီးများလိုအပ်လျက်ရှိကြောင်း စစ်ရှောင်ကယ်ဆယ်ရေးအဖွဲ့၀င်တစ်ဦးကပြောသည်။ ကရင်နီပြည်နယ်၏နေရာအချို့တွင် တိုက်ပွဲများပြင်းထန်နေခြင်းကြောင့် လက်ရှိတွင်ပြည်နယ်တစ်ခုလုံးအတိုင်းအတာအရ စစ်ဘေးရှောင်ပြည်သူ တစ်သိန်းခွဲရှိသည့်အနက် ဒီးမော့ဆိုမြို့တွင် မြို့၏အရှေ့ဘက်ခြမ်းနှင့်အနောက်ဘက်ခြမ်းမှ စုစုပေါင်း စစ်ဘေးရှောင် ၇၀၀၀၀ နီးပါးရှိသည့်အ တွက် ဒီးမော့ဆိုမြို့တွင် စစ်ရှောင်အရေအတွက်အများဆုံးဖြစ်ကြောင်း စစ်ရှောင်တာ၀န်ခံများ၏ စာရင်းအရ သိရသည်။mizzima