ဖမ်းဆီးခံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်ခေါင်းဆောင် ၁ ဦး မိသားစုနှင့် တွေ့ခွင့်မရသေး

မြန်မာနိုင်ငံ စက်မှုလက်မှုနဲ့ ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (MICF – TUsF) ရဲ့ အထွေထွေအတွင်းရေးမှူးချုပ် ကိုသက်နှင်းအောင်ကို စစ်ကောင်စီက ဖမ်းဆီးထားတာ ၄ လ ကျော်တဲ့အထိ မိသားစုနဲ့တွေ့ခွင့်မရသေးဘူးလို့ သိရပါတယ်။
(MICF – TUsF) ချုပ်ရုံးကို စစ်ကောင်စီတပ်တွေက ဇွန်လ ၁၄ ရက်နဲ့ ၁၅ ရက်တွေမှာ ဝင်ရောက်ရှာဖွေတာကြောင့် ကိုသက်နှင်းအောင်ဟာ တိမ်းရှောင်ခဲ့ပြီး ဇွန် ၁၈ ရက်မှာ ဖမ်းဆီးခံလိုက်ရပါတယ်။
အခုဆိုရင် ကိုသက်နှင်းအောင်ကို ဖမ်းဆီးထားတာ ၄ လကျော်ပြီဖြစ်ပြီး မိသားစုဝင်တွေနဲ့ တွေ့ခွင့်မရတာကြောင့် မိသားစုဝင်တွေအပါအဝင် (MICF – TUsF) အနေနဲ့ လည်း စိုးရိမ်ကြောင်း ဒီနေ့ ထုတ်ပြန်ပါတယ်။
ဒါ့အပြင် ကိုသက်နှင်းအောင်ကို တောင်ဒဂုံမြို့နယ်မှာ တရားစွဲဆိုထားရာကနေ စစ်ခုံရုံးသို့ ပြောင်းရွှေ့စစ်ဆေးမယ်ဆိုတဲ့ သတင်းတွေထွက်နေပြီး ဘယ်ပုဒ်မတွေနဲ့ တရားစွဲဆိုမယ်ဆိုတာကို စုံစမ်းဖို့ အခက်အခဲဖြစ်နေတယ်လို့ သိရပါတယ်။
ကိုသက်နှင်းအောင်ဟာ အဖွဲ့ချုပ်ရဲ့ ရပ်တည်ချက်သဘောထားနဲ့ ပတ်သက်လို့ ထုတ်ဖော်ပြောဆိုတာတွေရှိပေမယ့် ဘယ်လက်နက်ကိုင်အဖွဲ့အစည်းရဲ့ အဖွဲ့ဝင်မဟုတ်သလို ဘယ်အကြမ်းဖက်လုပ်ရပ်မှ ပါဝင်ပတ်သက်တာမရှိဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့ကြောင့် ကိုသက်နှင်းအောင်ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ မြန်မာနိုင်ငံ စက်မှုလက်မှုနဲ့ ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MICF-TUsF) က တောင်းဆိုလိုက်ပါတယ်။DVB