CDM ပြုလုပ်သော တရားရေး၀န်ထမ်းအယောက် ၆၀အတွက် လစဉ် ထောက်ပံ့မတည်မည့် အလှူရှင်များ ပေါ်လာ



အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM ပြုလုပ်သူများဖွဲ့စည်းထားသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ တရားစီရင်ရေးရုံးဝန်ထမ်းများသမဂ္ဂအဖွဲ့ချုပ်(J.S.U)မှ အဖွဲ့၀င်၆၀ဦးအား လစဉ် ငါးသောင်းကျပ် ထောက်ပံ့မတည်မည့် အလှူရှင်များ ပေါ်လာကြောင်း အဆိုပါအဖွဲ့ကို ဦးဆောင်သည့် CDM တရားသူကြီး ဦးကောင်းမြတ်သူက မဇ္ဈိမကိုပြောသည်။
“အရင်ကလစဥ် ထောက်ပံ့မယ့်အလှူရှင်တွေမရှိခဲ့ပေမယ့်။ အခုတော့တစ်ယောက် ၅၀၀၀၀ ကျပ်နှုန်းနဲ့ အယောက် ၅၀ လစဉ် ၂၅ သိန်းမတည်ထောက်ပံ့သူ တစ်ယောက်ရှိလာတယ်။ ကျန်တဲ့နှစ်ယောက်စာ တစ်ယောက်စာတာ၀န်ယူမယ်ဆိုပြီး အသီးသီးတာ၀န်ယူတာလဲရှိလာတယ်။ စု ဘူးဖောက်ပြီးထောက်ပံ့တဲ့သူလဲပါတယ်။ ၁၀ ဦးစာအတွက် တာ၀န်ယူမယ့်သူထပ်ရတော့ အယောက် ၆၀ စာရတယ်။ ဒါပေမယ့် ၆၆ ဦးစာအ တွက် အလှူရှင်တွေလိုနေသေးတယ်။
လစဥ် ငါးသောင်းဆိုလဲ ဆန်ဆီဆားအတွက်ရသလို ဈေးရောင်းချင်တဲ့သူအတွက်လဲ အရင်းအနှီးရတော့ အဆင်ပြေတာပေါ့။ ဒါပေမယ့် မရတဲ့သူတွေအတွက် အရင်ခါတိုင်း ကိုယ့်နည်းကိုယ့်ဟန်နဲ့လုပ်ကြပေမယ့် တခြားအလုပ်ဆက်လုပ်ဖို့ ချိတ်ဆက်တာရတဲ့သူရှိသလို ချိတ်ဆက်မရတာကြောင့် ဒုက္ခရောက်သူတွေလဲရှိနေသေးတယ်”ဟု ၎င်းက ပြောသည်။
တစ်နိုင်ငံလုံးအတိုင်းတာအရ အကြမ်းဖက်စစ်ကောင်စီမှ အာဏာ သိမ်းပြီးနောက် CDM ပြုလုပ်သည့် တရားရေး၀န်ထမ်း စုစုပေါင်း ၁၂၆ ဦးခန့် ရှိရာ လစဉ်ထောက်ပံ့ငွေအား အယောက် ၆၀ ဦးသာရရှိထားသည့်အတွက် ကျန် CDM တရားရေး၀န်ထမ်းများအတွက် ကူညီ ထောက်ပံ့ပေးရန်လိုအပ်နေသေးကြောင်း၊ ထောက်ပံ့မည်ဆိုပါက JSU အဖွဲ့အား တိုက်ရိုက်ဆက်သွယ်နိုင်ကြောင်းဆိုသည်။
“CDM ပြုလုပ်တဲ့ တရားရေး ၀န်ထမ်းအရေအတွက်က ရှားရှားပါးပါးနည်းနေတော့ တရားရေး၀န်ထမ်း ၅၀ ယောက်စာအတွက်တာ၀န်ယူပြီး လစဉ် တက်နိုင်သလောက်ထောက်ပံ့ကူညီတဲ့သဘောပါ”ဟု ထောက်ပံကူညီသူတစ်ဦးဖြစ်သည့် အလှူရှင် မအိပြည့်စုံက ပြောသည်။ အာဏာမသိမ်းခင်က တစ်နိုင်ငံလုံးတွင် တရားသူကြီး ၁၂၈၄ ဦးခန့်ပြီး CDM ပြုလုပ်သူ တရားသူကြီး အရေအတွက် ၂၄ ဦးနှင့် တရားရုံးဝန်ထမ်း (အမှု ထမ်း)အရေအတွက် ၃၉၄၉ ဦးခန့်ရှိသည့်အနက် CDM ပြုလုပ်သည့် တရားရုံးဝန်ထမ်း (အမှုထမ်း)အရေအတွက် ၁၀၂ ဦးခန့်ရှိကြောင်း မြန်မာ နိုင်ငံလုံးဆိုင်ရာ တရားစီရင်ရေးရုံးဝန်ထမ်းများသမဂ္ဂအဖွဲ့ချုပ်(J.S.U)အဖွဲ့ထံမှ သိရသည်။
J.S.U သမဂ္ဂအဖွဲ့ချုပ်အားပြီးခဲ့သည့်လတွင် စတင်အကောင်ထည်ဖော်ရာ ဇွန်လ ၁ ရက်နေ့တွင်အတည်ပြုဖွဲ့စည်းထားရာ CDM ပြုလုပ်သည့်တရားရေး၀န်ထမ်းနည်းပါးလွန်းနေကြောင်း ဦးကောင်းမြတ်သူက ပြောသည်။mizzima