ဘုတလင် လွဲတဲကျေးရွာက လူငယ်သုံးဦးကို စစ်ကောင်စီတပ်က ပစ်ခတ်ဖမ်းဆီး

ဘုတလင်မြို့နယ်၊ လွဲတဲကျေးရွာက လူငယ်သုံးဦးကို စစ်ကောင်စီတပ်ဖွဲ့က အောက်တိုဘာ ၃၁ ရက် မနက် ၂ နာရီခွဲလောက် သေနတ်နဲ့ပစ်ခတ်ဖမ်းဆီးသွားတယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။
လွဲတဲကျေးရွာအနီး တောကျောင်းဘုန်ကြီးတစ်ပါး ပျံလွန်တော်မူတာကို ဝေယျာဝစ္စ ဆောင်ရွက်ပေးတဲ့ လူငယ်သုံးဦးအား ဒလန်သတင်းပေးဆိုပြီး စစ်ကောင်စီက လာဖမ်းသွားတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“သေနတ်သံတွေကတော့ ည ၂ နာရီခွဲကြီးဆိုတော့ ဆူညံနေတာပဲဗျ။ ဘယ်ထိလို့ ဘယ်မှန်မယ်ဆိုတာကိုတော့ အတိကျမသျရဘူး။ မနက်ခင်း သတင်းကြားတာကတော့ တစ်ယောက်ကျည်ထိတယ်လို့တော့ သတင်းကြားတယ်။ အတိကျတော့မသိရဘူး။”
ကျေးရွာတွေအတွင်း ပုဂ္ဂိုလ်ရေးရမုန်းတီးမှုကြောင့် တိုင်တာ၊ PDF ကို စစ်ကောင်စီသတင်းပေးဆိုပြီး တိုင်တာတွေ လုပ်နေကြပြီး အခုပစ်ခတ်ဖမ်းဆီးခံရတဲ့ လူငယ် ၃ ဦးဟာလည်း ပရဟိတလုပ်နေသူတွေ ဖြစ်တယ်လို့ ဒေသခံက ဆက်ပြောပါတယ်။
“ရွာရေးရပ်ရေး လုပ်ပေးနေကြတဲ့ ပရဟိတအမှန်အကန်ကလေးတွေပါဗျာ။ စစ်တပ်ဘက်ရော၊ PDF ဘက်ရော သေချာစိစစ်ပြီးမှ လုပ်ကြပါလို့။ ဘာလိုလဲဆိုတော့ဗျာ ဒလန်လို့ အတိုင်ခံရမှာ ကြောက်ရတာတစ်မျိုး၊ လက်နက်ကိုင် PDF လို့ အတိုင်ခံရမှာတစ်မျိုးဆိုတော့ လူကြီးအချင်ချင်းမပြောနဲ့ ၃ နှစ်သားကလေးလောက်ဆုံရင်ကို ကြောက်နေရတဲ့ ခေတ်ဖြစ်နေလိုပါ။”
အဆိုပါ လွဲတဲကျေးရွာက တောကျောင်းဘုန်းကြီး ဈာပနမှာ စစ်တပ်က ဖမ်းဆီးသွားသူတွေကတော့ ဇင်မျိုးလှိုင်၊ တင့်နိုင်ဝင်းနဲ့ ထွန်းလွင်းတို့ဖြစ်ပြီး အသက်က ၂၅ နဲ့ ၃၀ ကြား အရွယ်တွေဖြစ်တယ်လို့ သိရပါတယ်။DVB