Monthly Archives: Nov 2021

PDF များ နယ်မြေစိုးမိုးနေသည့် စစ်ကိုင်းတိုင်းတွင် ဝါဒဖြန့် စာရွက်များ ရဟတ် ယာဉ်များဖြင့် အကြမ်းဖက်စစ်တပ်က ကျဲချ

PDF များ နယ်မြေစိုးမိုးမှု ကြီးမားလာနေသည့် စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်များသို့ လေကြောင်း ရဟတ် ယာဉ်ဖြင့် ဝါဒဖြန့် စာရွက်များကို အကြမ်းဖက်စစ်ကောင်စီက ယနေ့ န့နက်ပိုင်းမှ စတင်ကျဲချနေကြောင်း ယင်းမာပင်PDF နှင့် ဒေသခံများပြည်သူများ ပြောဆိုသည်။ “ယနေ့တွင်စစ်ကောင်စီမှကနီမြို့နယ်မြောက်ဘက်အခြမ်းသို့ ၂ နာရီ အချိန်ခန့်တွင် စစ်ကောင်စီဘက်က ဝါဒဖြန့်ဘာသာရေးမှိုင်းတိုက်လက်ကမ်းစာ စောင်များအားရဟတ်ယာဥ်ဖြင့် ကြဲချသွားပါကြောင်း” ဟု ယင်းမာပင် PDF က ပြောသည်။

ယင်းမာပင် PDFက လက်ကမ်းစာစောင်များကို မိန်းမဉာဏ်ဖြင့်ကျဲချမည့်အစား လက်ဆင့်ကမ်းပေးဝေစေချင်ကြောင်း ပြောဆိုထားသည်။ အ လားတူ ကနီမြို့နယ်ဘက်တွင်လည်း စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် ကျဲချသွားသည့် ဝါဒဖြန့် စာရွက်များကို ရရှိကြောင်း ဒေသခံများက ပြော ဆိုသည်။

“စစ်တပ် ဘယ်လောက် ယုတ်မာတယ်ဆိုတာ ကျနော်တို့ကိုယ်တိုင် မြင်တွေ့ပြီးပြီ။ ရွာတွေဝင်တယ်။ လုတယ်။ ခိုးတယ်။ ဖျက်ဆီးတယ်။ သတ်တယ်။ ရိုက်တယ်၊ နှက်တယ်။ တစ်ရွာလုံး‌ ပြေးရတယ်။ သက်ကြီးရွယ်အို အမျိုးသမီး ကလေး မရှောင်ဘူး အကုန် သတ်ဖြတ် ရိုက်နှက်နေတာ။ သူတို့ ပေးတဲ့ ဒုက္ခ ကျနော်တို့ ခံစားနေရတာပဲ။ ဒီလို စာရွက်တွေ လာကျဲလည်း အပိုပဲ။

ကျနော်တို့က အဆုံးအထိ သွားမယ်” ဟု ကနီဒေသခံတစ်ဦးက ပြောသည်။ စစ်ကောင်စီတပ်များသည် စစ်ကိုင်းတိုင်း၊ ကနီ၊ ယင်းမာပင်၊ ဒီပဲယင်း၊ ပင်လည်ဘူး၊ ကသာ၊ ကောလင်း၊ ချောင်းဦး၊ ရေဦး အပါအဝင် မြို့နယ်များတွင် အထိနာနေကာ သေဆုံးမှုအများအပြား ကြုံတွေ့နေရကြောင်း သိရှိရသည်။ khit thit

မန္တလေးမြို့အဝင်တွင် ဗုံး ၃ လုံး ဆင့်ပေါက်

မန္တလေးမြို့အဝင်၊ ပုသိမ်ကြီးမြို့နယ်၊ သန့်စင်ကုန်းရွာထိပ်အနီး မန္တလေး – ပြင်ဦးလွင် အဆင်းလမ်းဘက်မှာ နိုဝင်ဘာလ ၃၀ ရက် ဒီနေ့ မနက် ၈ နာရီခွဲလောက်က ဗုံး ၃  လုံး ဆင့်ပေါက်ကွဲခဲ့ ပါတယ်။

ပေါက်ကွဲမှုဖြစ်တဲ့နေရာဟာ အရင် တန်ပိုဂိတ်ဟောင်းနေရာဖြစ်ပြီး အဲဒီနေရာမှာ တခါတလေ ယာဉ်ထိန်းရဲတွေ    ငွေကြေးကောက်ခံကြတယ်လို့ အနီးနားနေ ပြည်သူတချို့ က ပြောပါတယ်။

“ဗုံးက သုံးလုံးဆင့်ပေါက်တာ။ ထိခိုက်ဒဏ်ရာရတာတော့ မရှိဘူး။ အရင်က အဲ့ဒီနေရာက တန်ပိုဂိတ်ဟောင်းနေရာ အခုအဝေးပြေး ယကက တို့ ယာဉ်ထိန်းတို့ တခါတရံရှိတက်တယ်” လို့ ဒေသခံတစ်ဦး က ပြောပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် စစ်ကောင်စီတပ်သားတွေ လာရောက်စစ်ဆေးခဲ့ကြပြီး အောင်ပင်လယ်ရဲစခန်းထိပ်မှာလည်း စစ်ကောင်စီတပ်သား အင် အားအများအပြားနဲ့ ရှာဖွေစစ်ဆေးတာတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။ DVB

မုံရွာအောင်ရှင်၏ ရုပ်အလောင်းအား ရေဝေးသုသာန်၌ ဂူသွင်းသင်္ဂြိုဟ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ၏ ဗဟိုကော်မတီဝင် ၊ ဗဟိုပြန်ကြားရေး အတွင်းရေးမှူး မုံရွာအောင်ရှင် (ဦးအေးကြူ) ၏ ရုပ်အ လောင်းကို ယနေ့ နိုဝင်ဘာလ ၃၀ ရက် နေ့လယ် ၂ နာရီတွင် ရေဝေးသုသာန်၌ ဂူသွင်းသင်္ဂြိုဟ်ခဲ့သည်။မုံရွာအောင်ရှင်သည် ကွယ်လွန်ချိန်တွင် အသက် ၇၇ နှစ်ရှိပြီဖြစ်ပြီး နိုဝင်ဘာလ ၂၈ ရက် နံနက် ၆ နာရီ မိနစ် ၃၀ ဝန်းကျင်က နှလုံးရောဂါဖြင့် ၎င်း၏နေအိမ်တွင် ကွယ်လွန်ခဲ့သည်။

စာရေးဆရာနှင့် ကဗျာဆရာ ဖြစ်သူ မုံရွာအောင်ရှင်သည် စစ်ကောင်စီက မတရားသဖြင့် အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင်ပင် ဖမ်းဆီးခံခဲ့ရပြီး အောက်တိုဘာလ ၁၈ ရက်တွင် ပြန်လည် လွတ်မြောက်လာခဲ့သည်။ မုံရွာအောင်ရှင်သည် အာဏာသိမ်းစစ်တပ်၏ နာ မည်ဆိုးဖြင့် ကျော်ကြားသော ရေကြည်အိုင် စစ်ကြောရေး စခန်းမှ လွတ်မြောက်လာပြီး ရက်ပေါင်း ၄၀ အကြာတွင် နှလုံးရောဂါဖြင့် ကွယ်လွန်သွားခြင်း ဖြစ်သည်။

ကွယ်လွန်သူ မုံရွာအောင်ရှင်ကို ရည်စူးပြီး ရက်လည်ဆွမ်းသွတ်တရားနာယူခြင်းကို ဒီဇင်ဘာ ၄ ရက် မနက် ၇ နာရီတွင် တာမွေမြို့နယ်၊ မလွှကုန်းလမ်းရှိ ၎င်း၏ နေအိမ်တွင် ပြုလုပ်သွားမည်ဖြစ်သည်။ mizzima

ခရစ္စမတ်ပျော်ပွဲရွှင်ပွဲ မကျင်းပရန် မန္တလေးကက်သလစ် ဂိုဏ်းချုပ်သာသာပိုင်အဖွဲ့ ထုတ်ပြန်

၂၀၂၁ ခု ခရစ္စမတ်ပွဲတော်မြတ်နဲ့ ခရစ်နှစ် ၂၀၂၂ ခု နှစ်ကူးပွဲရက်တွေအတွက် ပျော်ပွဲရွှင်ပွဲတွေနဲ့ ဘုရားကျောင်းတွေမှာအလှဆင်တာ မလုပ်ဖို့ မန္တလေးကက်သလစ် ဂိုဏ်းချုပ်သာသာပိုင်အဖွဲ့က ထုတ်ပြန်ထားပါတယ်။

မကြာခင်မှာ ကျရောက်မယ့် ခရစ္စမတ်နဲ့ နှစ်သစ်ကူးရက်တွေမှာ ခရစ္စမတ် သီချင်းတွေသီဆိုတာ၊  ခရစ္စမတ် ဓမ္မသီချင်းတွေကို ဆောင်းဘောက်တွေဖွင့်တာတွေ  မပြုလုပ်ဖို့၊ လူစုလူဝေးနဲ့ ပြုလုပ်တဲ့ ပျော်ပွဲရွှင်ပွဲ၊ မိတ်ဆုံစားပွဲ၊ ဧည်ခံပွဲ စတာတွေ မကျင်းပဖို့ ၊ ဘုရားရှိခိုးကျောင်းတွေမှာ အရင်နှစ်တွေကလို  မီးတွေအဆင်တန်ဆာတွေ ပြင်ဆင်ပူဇော်ခြင်းမလုပ်ဖို့ ထုတ်ပြန်ထားပါတယ်။

ဒီလိုထုတ်ပြန်တာနဲ့ပတ်သက်ပြီး မန္တလေး ဂိုဏ်းချုပ် သာသာနာပိုင်ဆရာတော်ရဲ့ အတွင်းရေးမှူး ဖာသာ ပီတာက “ စာထုတ်ပြန်ရတာက အခု သိတဲ့အတိုင်းပဲ ပြီးခဲ့တဲ့ ၂ လပိုင်းကတည်းက ကျနော်တို့ မြန်မာနိုင်ငံမှာရှိတဲ့အကုန်လုံးက သူ့အခက်အခဲနဲ့သူ ဒုက္ခရောက်ခဲ့တယ်ပေါ့နော်။ အဲဒီမတိုင်ခင်ကလည်း ကိုဗစ်က တဘက် အခု ပိုပြီးတော့ ဆိုးတာပေါ့နော်။ အဲလိုအခြေအနေမျိုးမှာ ကျနော်တို့က ခရစ္စမတ်ကို ပျော်ပွဲရွှင်ပွဲ ပုံစံမျိုးကျင်းပတာထက် ကျနော်တို့ဘာသာရေး အထွဋ်အမြတ်ဖြစ်တဲ့ မစ္ဆားတရားနာယူခြင်းနဲ့ မစ္ဆားပူဇော်ခြင်းနဲ့ ကျင်းပဖို့ပေါ့နော်။ အပေါ်ယံ ပျော်ပွဲ ရွှင်ပွဲတွေမလုပ်တော့ဘူး။ ခရစ္စမတ် မီးဆင်တာတွေ မလုပ်တော့ဘူးပေါ့နော်။”  လို့ ပြောပါတယ်။

ဒါ့အပြင် နေအိမ်တွေမှာ ခရစ္စမတ်ပွဲတော်ကျင်းပတာနဲ့ ပတ်သက်ပြီးလည်း   မိမိတို့ မိသားစုရဲ့ ပုံတွေကို လူမှုကွန်ရက်တွေပေါ်မှာ မတင်ဖို့လည်း  အသိပေး ထုတ်ပြန်ထားပါတယ်။

ဒါနဲ့ပတ်သက်လို့ ဖာသာ ပီတာက “ အဲဒါကတော့ ကျနော်တို့ အမှန်တကယ်ကတော့ ထိန်းညှိပေးတာပေါ့နော်။ တချို့ကျနော်တို့ ပျော်ပွဲရွှင်ပွဲတွေ မလုပ်ဘူးဆိုပေမယ့် တချို့ကျတော့ ကိုယ့် မိသားစုနဲ့ကိုယ် ကျင်းပချင်တာမျိုးတွေ ရှိမှာပေါ့နော်။ ဒါကတော့ ကျနော်တို့အနေနဲ့ မလုပ်နဲ့လို့ ပြောခွင့်မရှိဘူးပေါ့နော်။ ကျနော်တို့ အနေနဲ့က ဘာသာရေးခေါင်းဆောင် ဒီလို ပျော်ပွဲရွှင်ပွဲတွေ မလုပ်ဖို့ လမ်းညွှန်ချက်ပေးတာပေါ။ တကယ် လို့ ကိုယ့်မိသားစုနဲ့ကိုယ် ခရစ္စမတ်ပွဲတွေ ကျင်းပမယ်ဆိုရင်လည်း သူများတွေ ဒုက္ခရောက်နေတဲ့ အချိန်မှာ ကိုယ်က အဲလို အပျော်အပါးတွေ ကျနော်တို့ ရည်ရွယ်တာက ခရစ္စမတ်ကာလမို့ ခရစ္စမတ်ပေါ့နော်၊ ကျန်တဲ့အချိန်မှာလည်း သူတို့နဲ့အတူ suffering with together ပေါ့နော်။ ကျနော်တို့ မြန်မာပြည်သူပြည်သား ဒုက္ခရောက်တဲ့အချိန်မှာ ကျနော်တို့ ပျော်ပွဲတွေကို မလုပ်ချင်ဘူး။ ဒါပေမဲ့ စောစောက ပြောသလိုမျိုး မိ သားစုအနေနဲ့ ဒီလို ခရစ္စမတ်ပွဲတွေ ဘာညာ ကျင်းပကောင်းကျင်းပလိမ့်မယ်။ ကိုယ်က ကျင်းပခဲ့ရင်ဆိုတောင်မှ သူတပါးကို ကိုယ်ချင်းစာခြင်းအားဖြင့် ပြသတဲ့အနေနဲ့ ဒီလို မီဒီယာတွေပေါ်မှာ ဝေမျှတာမလုပ်ဖို့ ကျနော်တို့ကတော့ လမ်းညွှန်ချက်ပေးတာပေါ့နော်။ ” လို့ ပြောပါတယ်။

မန္တလေး ကက်သလစ်ဂိုဏ်းချုပ်သာသနာပိုင်မှာ သာသနာနယ် ၄၀ ရှိပြီး အသင်းသူအသင်းသား ၂၀၀၀၀ ကျော်ရှိတယ်လို့  ဖာသာ ပီတာက ပြောပါတယ်။

ဒီလိုအလားတူပဲ ဒီနှစ် ခရစ္စမတ်ရာသီမှာ ဘုရားကျောင်း၊ လမ်း၊ အိမ်တွေအလှဆင်တာမပြုလုပ်ဖို့၊ စားသောက်ပွဲတွေမကျင်းပဖို့ ဟားခါးခ ရစ်ယာန်ဂိုဏ်းပေါင်းစုံ ဓမ္မအမှုတော်ဆောင်များအဖွဲ့က ဆုံးဖြတ်ထားကြောင်း နိုဝင်ဘာ ၂၀ ရက်က ထုတ်ပြန်ထားပါတယ်။

ဆုံးဖြတ်ချက်တွေထဲမှာ ကျေးရွာ၊ ရပ်ကွက်အတွင်း လမ်းအလှဆင်တာကို ဒီနှစ်မပြုလုပ်ဖို့၊ အသင်းတော်နဲ့ ရပ်ကွက်တွေမှာ ခရစ္စမတ်နေ့စုဝေးကာ ဝတ်ပြုဆုတောင်းတာ၊ ဧည့်ခံကျွေးမွေးတာ မလုပ်ဖို့ ဒီဇင်ဘာလအကြိုနဲ့ နှစ်သစ်ကူးပွဲတွေမပြုလုပ်ဖို့၊ ဓမ္မအမှုတော်ဆောင်တွေလည်း ရုံးနဲ့ တခြားနေရာတွင် ခရစ္စမတ်ပွဲဖိတ်ကြားခံရင် မပါဝင်ဖို့ ထုတ်ပြန်ထားပါတယ်။

အပြည်ပြည်ဆိုင်ရာ မြန်မာနှစ်ခြင်းခရစ်ယာန်မိတ်သဟာယအဖွဲ့ကလည်း ဒီနှစ် ခရစ္စမတ်ပွဲတော်ကျင်းပမယ့် ကုန်ကျစရိတ်တွေကို ဒုက္ခခံနေရတဲ့ အငယ်ဆုံးသောသူတွေအတွက် စိတ်အားထက်သန်စွာ အတူတကွပါဝင်ပေးလှူကြဖို့ အလေးအနက် မေတ္တာရပ်ခံကြောင်း နိုဝင်ဘာလ ၂၂ ရက်က ထုတ်ပြန်ထားပါတယ်။

စစ်အာဏာသိမ်းပြီးနောက်  ချင်းပြည်နယ်၊ ကယားပြည်နယ်နဲ့ ရှမ််းပြည်နယ်ထဲက ကက်သလစ် ခရစ္စယာန် ဘုရားကျောင်းတွေကို စစ်ကောင်စီတပ်တွေက  လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ် တိုက်ခိုက် မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။ 

တမူးကာကွယ်ရေးတပ်ဖွဲ့၏ မိုင်းနှင့် ထောင် ချောက် သင်တန်း ပထမအကြိမ် သင်တန်း ဆင်း

စစ်ကိုင်းတိုင်း၊ တမူးမြို့ ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တမူး (PDF Tamu) တပ်ရင်း(၂)၏ မိုင်းနှင့်ထောက်ချောက် သင်တန်း ပထမအကြိမ် သင် တန်းဆင်းပွဲကို နိုဝင်ဘာလ ၂၉ ရက်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ “ကျွန်တော်တို့က လက်နက်အင်အားမမျှတဲ့ ရန်သူနဲ့ရင်ဆိုင်နေရတော့ လောလောဆယ် အထိအခိုက် အများဆုံးဖြစ်နိုင်တဲ့နည်းဖြစ်တဲ့ မိုင်းသင်တန်းလုပ်ရတာ ဖြစ်ပါတယ်”ဟု PDF Tamu တပ်ရင်း (၂)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် သင်တန်း လေးကြိမ်ပြုလုပ်ခဲ့ပြီးဖြစ်သော်လည်း မိုင်းနှင့် ထောက်ချောက် သင်တန်းမှာမူ ပထမဆုံးအကြိမ်ဖြစ် ကြောင်း သိရသည်။ ကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် သင်တန်းများ အပါအဝင် အတတ်နိုင်ဆုံး ကြိုးစားပြင်ဆင်ခဲ့ကြကာ တိုက်ပွဲဝင်ရန် အဆင် သင့်ဖြစ်နေသော်လည်း လက်နက်တပ်ဆင်မှုတွင် အခက်အခဲရှိကြောင်း ၎င်းကဆိုသည်။

ယခုအချိန်တွင် ပြည်သူလူထုများမှာ အခက်အခဲပေါင်းများစွာနှင့် ကြုံတွေ့နေရသည်ကို နားလည်သော်လည်း စစ်အာဏာရှင် အမြစ်ဖြတ်ရေးအတွက် ကာကွယ်ရေး တပ်ဖွဲ့ဝင်များအား တတ်နိုင်သည့်ဘက်မှ ဝိုင်းဝန်းကူညီပေးကြရန် PDF Tamu တပ်ရင်း (၂)မှ တာဝန်ရှိသူက မေတ္တာ ရပ်ခံသည်။

နိုဝင်ဘာလ ၂၉ ရက်တွင် PDF Tamu တပ်ရင်း(၁) လက်အောက်ခံ တပ်ခွဲ(၃) ကျောင်းသားတပ်ဖွဲ့မှ တမူးမြို့ရှိ ချောင်းနက်ကြီး ရဲကင်းစခန်းအား ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးပြီး လက်နက်နှင့်ကျည်ဆန်များ သိမ်းဆည်းရရှိခဲ့သေးသည်။ mizzima

ထိုင်းရောက်ရွှေ့ပြောင်းလုပ်သားများ စစ်အာ ဏာရှင်တော်လှန်ရေးရန်ပုံငွေ ကျပ်သိန်း ၁၀၀ ၀၀ ကျော်လှူ

ထိုင်းရောက်ရွှေ့ပြောင်းလုပ်သားတွေက စစ်အာဏာရှင်စနစ်တော်လှန်ရေးရန်ပုံငွေအဖြစ် NUG ဝန်ကြီးဌာနအသီးသီးဆီ ကျပ်သိန်းပေါင်း ၁၀၀၀၀ ကျော်လှူခဲ့သလို စစ်ကောင်စီရဲ့ ဖမ်းဆီးနှိပ်စက်မှုကြောင့် သေဆုံးသွားခဲ့ရတဲ့ PDF တွေအတွက်လည်း ထောက်ပံ့ကူညီခဲ့ကြောင်း AAC  အလုပ်သမားကူညီရေးမဟာမိတ်အဖွဲ့က ပြောပါတယ်။  

အေအေစီ အလုပ်သမားကူညီရေးအဖွဲ့အနေနဲ့ စစ်အာဏာသိမ်းပြီးပြီးချင်း ဖေဖော်ဝါရီနောက်ဆုံးပတ်ထဲမှာပဲ ထိုင်းရောက်အလုပ်သမားတွေဆီက အလှူငွေတွေစုဆောင်းပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲတွေကို လက်လှမ်းမီသလောက်ထောက်ပံ့ကူညီခဲ့ကြတယ်လို့ ဆိုပါတယ်။

NUG ကိုလည်း အစိုးရဖွဲ့ပြီးတာနဲ့ ဘတ် ၁ သန်းချက်ချင်းလှူနိုင်ခဲ့ကြောင်း၊ ဒီတခေါက်ကံစမ်းမဲမှာလည်း ဘတ်ငွေ ၁၀ သန်းထိလှူနိုင်ဖို့ ကြိုးစားနေပြီး NUG ကျန်းမာရေး ဝန်ကြီးဌာနအတွက် လိုအပ်တဲ့ ဆေးဝါးထောက်ကူပြုခဲ့တယ်လို့ အေအေစီ တာဝန်ခံ ကိုရဲမင်းက ပြောပါတယ်။

အခုလို ထောက်ပံ့ကူညီနိုင်တာတွေဟာ ထိုင်းရောက်မြန်မာရွှေ့ပြောင်း အလုပ်သမားတွေရဲ့ မွန်မြတ်တဲ့ ချွေးနှဲစာနဲ့ စည်းလုံးညီညွတ်မှုတွေကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံရောက်ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ စစ်အာဏာရှင်စနစ်တော်လှန်ရေး ရန်ပုံငွေထည့်ဝင်လိုပါက ကံစမ်းမဲဝယ်ယူအားပေးရင်း ကူညီထောက်ပံ့နိုင်တယ်လို့လည်း  ထိုင်းရောက် အလုပ်သမားအရေး ဆောင်ရွက်နေတဲ့ AAC  အလုပ်သမားကူညီရေးမဟာမိတ်အဖွဲ့က ပြောပါတယ်။

ကံစမ်းမဲကို ဖွင့်ပွဲမစခင် နိုဝင်ဘာ ၂၅ ရက်ကတည်းက အွန်လိုင်းပေါ်ကနေ စတင်ရောင်းချခဲ့ တာမှာ ဒီကနေ့ထိ ၅ ရက်တာကာလအတွင်း လက်မှတ်ပေါင်းအစောင်ရေ ၅၀၀၀ လောက် ရောင်းချနိုင်ခဲ့ကြောင်း၊ ဒါတောင် နယ်မြေအရောင်းကိုယ်စားလှယ်ဆီက စာရင်းတွေ အကုန်မ ရောက်သေးဘူးလို့ ကိုရဲမင်းက ပြောပါတယ်။ 

အဆိုပါကံစမ်းမဲအစီအစဉ်ကို “တော်လှန်ကျန်းမာအနာဂတ်ကမ္ဘာ ထိုင်းရောက်တို့မြန်မာ” လို့ အမည်ပေးထားပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG ကျန်းမာရေးဝန်ကြီးဌာနကို ဦးတည် စီစဉ်ထားကြောင်း၊ ကံစမ်းမဲ ဝယ်ယူခြင်းအားဖြင့် တော်လှန်ရေးရန်ပုံငွေထည့်ဝင်သလို ကံကောင်း ပါက အဖိုးတန်ဆုကြီးတွေပါ ဆွတ်ခူးရယူနိုင်မယ်လို့ ကိုရဲမင်းက ဒီဗွီဘီကို ပြောပါတယ်။ 

“ကံစမ်းမဲစတင်ရောင်းချတဲ့ဖွင့်ပွဲကို အွန်လိုင်းပေါ်မှာ ဒီလ ၂၇ ရက်နေ့ကစလုပ်ခဲ့ပြီး လာမယ့်ဒီဇင်ဘာလကုန်မှာ မဲတွေဖောက်ပေးမှာဖြစ်ပါတယ်ခင်ဗျ၊ ရည်ရွယ်ချက်က ကျနော်တို့ ရွှေ့ပြောင်းအလုပ်သမားတွေ အရင်က ရန်ပုံငွေသက်သက်ပဲထည့်ဝင်ပြီး ဒီတခေါက်မှာတော့ ရန်ပုံငွေ လည်းထည့်၊ လူမှုကွန်ရက်မှာ အတော်ကြာပျောက်နေတဲ့ အနုပညာသည်တွေနဲ့လည်း ပြန်တွေ့ရ၊ ကံထူးလို့ ဆုကြီးတွေပါပေါက်ပြီး ပျော်ရွှင်ကြပါစေ ဆိုတဲ့ရည်ရွယ်ချက်နဲ့ လုပ်တာပါ။ ထီတစ်စောင် ၁၉၉ ဘတ် (မြန်မာငွေ ၁ သောင်း) နဲ့ရောင်းပြီး ထိုင်းဘတ်ငွေ ၁ သန်းစာလောက်ရှိတဲ့ ဆုမဲတွေကို ပြန်ဖောက်ပေးမှာပါခင်ဗျ။”

အဆိုပါဆုထဲမှာ ပထမဆုအဖြစ် ဘတ် ၃ သိန်းကျော်တန်ဖိုးရှိ ဆိုင်ကယ် ၁ စီး၊ ဒုတိယဆု ယမဟာဆိုင်ကယ် ၁ စီး၊ တတိယဆု 128 G Samsung ဖုန်း ၁ လုံး၊ ရွှေ ၅ ကျပ်သားစီလေးတဲ့ ဆု ၁၂ ဆု၊ လက်တော့ပ်ကွန်ပျူတာနဲ့ အခြားပစ္စည်းတွေပါ ပါဝင်ကြောင်း၊ အနုပညာရှင်တွေဆီက  လက်ဆောင်တွေလည်း ရဦးမယ်လို့ ဆိုပါတယ်။ 

ကံစမ်းမဲတွေကို “တော်လှန်ကျန်းမာအနာဂတ်ကမ္ဘာ ထိုင်းရောက်တို့မြန်မာ”  နဲ့ အေအေစီရဲ့ လူမှုကွန်ရက်စာမျက်နှာ မက်ဆေ့ထဲမှာဝယ်နိုင်သလို ထိုင်းနိုင်ငံ ဘန်ကောက်၊ စမွတ်ဆာခွန်း၊ နခွန်းပထုန်၊ ချွန်းပူးရီး၊ မဲဆောက်၊ နွန်ထပူရီ၊ ဖူးကက်၊ ချွန်းဖောင်းအစရှတဲ့ မြို့နယ်ပေါင်း ၂၀ ကျော်က အလုပ်သမားကိုယ်စားလှယ်တွေဆီမှာလည်း ဝယ်ယူနိုင်တယ်လို့ ဆိုပါတယ်။ DVB

ကရင်နယ်ခြားစောင့်တပ် တပ်ရင်း ၁၀၁၉ တပ် ရင်းမှူး စောလားသစ် ရုတ်တရက် သေဆုံး ဟုဆို

ကရင်နယ်ခြားစောင့်တပ် BGF တပ်ရင်း ၁၀၁၉၊ တပ်ရင်းမှူး ဗိုလ်မှူး စောလားသစ်သည် နိုဝင်ဘာလ ၃၀ ရက် နံနက်အစောပိုင်းတွင် ရုတ်တ ရက်ကွယ်လွန်သွားကြောင်း KIC အပါအဝင် ကရင်သတင်းရင်းမြစ်များက သတင်း​ဖော်ပြသည်။အသက် ၄၂ နှစ် အရွယ် BGF ဗိုလ်မှူး စောလားသစ် သေဆုံးကြောင်း BGF အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးစောချစ်သူက ကရင်သတင်းဌာန KIC သို့ အတည်ပြုပြောဆိုသည်။

“ညက ကျနော်နဲ့ စကားကောင်းကောင်းပြောသေးတယ်။ ချောင်းဖျားဘက်မှာ တက်ပြီးတော့ပြန်လာတယ်။ သူ့အိမ် ကြွေပြားပေါ်မှာ အဝတ်အ စားမပါဘဲ အိပ်တယ်။ မနက်မိုးလင်းတော့ သူ့တပည့်တွေက ကြည့်တယ်။ မနိုးသေးဘူး။ နောက် ၉နာရီအချိန်မှာ ပြန်ကြည့်တော့ ဆုံးသွားရှာတယ်။ သူ့မှာ ရောဂါထွေထွေထူးထူးလည်းမရှိပါဘူး။

တစ်ခါတစ်လေ သောက်တာစားတာရှိတော့ သွေးတိုးလား၊ လေဖြတ်တာလားမခန့်မှန်းတတ်ဘူးပေါ့နော်။ ကမန်းကတမ်းဆုံးသွားတာလို့ပဲ ပြော ရ မှာဖြစ်တယ်” ဟု ဗိုလ်မှူးကြီး စောချစ်သူက ကေအိုင်စီသို့ ပြောဆိုသည်။ဗိုလ်မှူး စောလားသစ်နှင့် အဖွဲ့သည် ကရင်အမျိုးသားအ စည်းအရုံး KNU တပ်မဟာ ၁ နယ်မြေသို့ ထိုးစစ်ဆင်ဝင်ရောက်မှုတွင် BGF အဖွဲ့ကို ဦးဆောင်သူဖြစ်ကြောင်း၊ အဆိုပါ BGF အဖွဲ့သည် ကရင်ပြည် နယ်၊ ဘားအံမြို့နယ်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုအမျိုးမျိုးကို ကျူးလွန်နေသည့် စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဖြစ်ကြောင်း က ရင် အမျိုးသားအစည်းအရုံး KNU က နိုဝင်ဘာလ ၁၉ ရက်တွင် သတင်းထုတ်ပြန်ထားသည်။ khit thit

မင်းကင်းတွင် စစ်ကောင်စီတပ် မိုင်းဆွဲခံရ၊ ဒီပဲယင်းနှင့် ဝက်လက်က နေအိမ်အချို့ကို စစ်တပ်က မီးရှို့ပြီး ပစ္စည်းများယူ

စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်အတွင်း ဒီနေ့မနက်ပိုင်းက စစ်​ကောင်စီတပ်နဲ့ ပျူ​စောထီးအဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ဒီပဲယင်းနဲ့ ဝက်လက်မြို့နယ်တို့မှာ ဒေသခံတွေရဲ့ နေအိမ်အချို့ကို စစ်တပ်က မီးရှို့ပြီး ပစ္စည်းတွေ ယူဆောင်သွားတယ်လို့ သိရပါတယ်။

မင်းကင်းမြို့နယ် ချင်းတွင်းမြစ်ရိုး​အောက်​ဒေသ​တွေမှာ စစ်​ကြောင်းထိုး​မွှေ​နှောက်​နေတဲ့ စစ်​ကောင်စီတပ်နဲ့ပျူ​စောထီးအဖွဲ့များကို ​ဒီ​နေ့မနက် ၆ နာရီ​ကျော်​လောက် မင်းကင်းဒေသခံ PDF အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စစ်​ကောင်စီတပ်နဲ့ပျူ​စောထီးအဖွဲ့​တွေကို ဖက်ခက်​ကျေးရွာမှာ မိုင်း ၄ လုံးနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး အတုံးအလုံးလဲကျသွားကာ ​နောက်ပြန်ဆုတ်​ပြေးသွားကြကြောင်း၊​ မိုင်း ၄ လုံးလုံး ​ပေါက်ကွဲခဲ့တာ​ကြောင့် ၁၀ ဦး ထက်မနည်း ကျဆုံးနိုင်တယ်လို့ PDF ​ခေါင်း​ဆောင်က ​ပြောပါတယ်။

မင်းကင်းမြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့ရက်တွေကလည်း ​စစ်​ကောင်စီတပ်ဖွဲ့နဲ့ ပျု​စောထီးတပ်ဖွဲ့​တွေ ဒေသခံ PDF အဖွဲ့တွေရဲ့ တိုက်ခိုက်ခဲ့ရတာ​​တွေရှိပြီး ထိခိုက်ကျဆုံးတာတွေ ရှိတယ်လို့ ဆိုပါတယ်။

ဒီနေ့မနက် ၉ နာရီလောက်ကလည်း ဒီပဲယင်းမြို့နယ်၊ ညောင်လှကျေးရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ကျေးရွာအတွင်း မီးရှို့နေတာ‌ တွေ ပြုလုပ်ခဲ့တယ်လို့ ရွာသားတစ်ဦးက ပြောပါတယ်။

“လူတွေကတော့ အကုန်ထွက်ပြေးနေရတယ်။ မနက် ၉ နာရီခန့်က မီးခိုးတွေ ထွက်လာတာ တွေ့ရတာ။ ဘာတွေရှို့နေတယ်တော့ မသိရသေးဘူး။ ဒါသတ်သတ် လက်နက်အားကိုးနဲ့ အနိုင်ကျင့်နေတာ။ ကျနော်တို့လည်း ဘေးလွတ်ရာကို ထွက်ပြေးနေရတာဆိုတော့ အဝေးကနေပဲ ရွာအတွင်းက မီးခိုးထွက်နေတာမြင်ရတာပဲဗျ။”

ဒီပဲယင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်က နိုဝင်ဘာ ၂၇ ရက်နေ့က စတင်ကာ လေကြောင်းပစ်ကူတာတွေ၊ ခြေလျင်တောနင်းရှာဖွေတာတွေနဲ့ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးနေတာကြောင့် ဒေသခံအများအပြား ဘေးလွတ်ရာ ရှောင်တိမ်းနေရကာ ဆေးဝါးနဲ့ အနွေထည်၊ ခြုံစောင် စတဲ့ အကူအညီတွေ အရေးတကြီးလိုအပ်နေတယ်လို့ သိရပါတယ်။

ဝက်လက်မြို့နယ်၊ သမရိုးကျေးရွာက တက်ကြွလှုပ်ရှားသူတွေရဲ့ နေအိမ်အချို့နဲ့ဈေးဆိုင်အချို့ကိုလည်း နိုဝင်ဘာ ၂၉ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်‌အင်အား ၅၀ လောက် ဝင်ရောက်မွှေနှောက်ပြီး တန်ဖိုးရှိပစ္စည်းတွေ ယူသွားကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

“စစ်အာဏာဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူတွေရဲ့နေအိမ်နဲ့ စတိုးဆိုင်တွေကို စီးနင်း ရှာဖွေကြတယ်။ နောက်အိမ်ထဲက ငွေသားနဲ့တန်ဖိုးရှိ ပစ္စည်းတွေယူသွားကြတယ်၊ သိန်း ၅၀ ဖိုးလောက်တော့ရှိတယ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ နေအိမ်တွေက ကွန်ပျူတာ၊ ဖုန်း အစရှိတဲ့ တန်ဖိုးကြီးပစ္စည်းတွေ ယူဆောင်သွားတဲ့အပြင် နေအိမ်အချို့ကိုလည်း ဖျက်ဆီးခဲ့ကြတယ်လို့ ဆိုပါတယ်။

နိုဝင်ဘာ ၁၃ ရက်နေ့ကလည်း ဝက်လက်မြို့နယ် သစ်ဆိမ့်ကျေးရွာကနေအိမ်အချို့ကို စစ်ကောင်စီတပ်က ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ DVB

နိုင်ငံတော်သမ္မတနှင့် အတိုင်ပင်ခံပုဂ္ဂိုလ်တို့၏ အမှု ၂ ခု အပြီးသတ်အမိန့်ချရက် ရွှေ့ဆိုင်း

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့၏ အမှုနှစ်ခုအတွက် အပြီးသတ် အမိန့်ကို ယနေ့ နိုဝင်ဘာလ ၃၀ ရက်တွင် ချမှတ်ရန် သတ်မှတ်ထားရာမှ ဒီဇင်ဘာလ ၆ ရက်သို့ ရွှေ့ဆိုင်း လိုက်ကြောင်း ရှေ့နေအဖွဲ့နှင့် နီးစပ်သည့် အသိုင်းအဝိုင်းက မဇ္ဈိမကို ပြောသည်။

ယင်းအမှုများသည် သဘာဝ ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ အမှုနှင့် ဆူပူအောင် လှုံ့ဆော်စေမှု ပုဒ်မ ၅၀၅ (ခ) အမှုတို့ဖြစ်ပြီး နေပြည် တော် ဇဗ္ဗူသီရိ အထူး တရားရုံးက ထိုသို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်ကာ မည်သည့်အတွက်ကြောင့် ရက်ရွှေ့ဆိုင်း လိုက်သည်ကိုမူ မသိရသေးချေ။ ယနေ့ ရုံးချိန်းတွင် ဒေါ်အောင်ဆန်းစုကြည်ကို တရားလို ဦးညီညီ စွဲဆိုထားသော သဘာဝဘေးအမှု တစ်ခုအတွက် တရားခံပြ သက်သေအဖြစ် ဒေါက်တာဇော်မြင့်မောင်က လာရောက် ထွက်ဆိုနိုင်ကြောင်း စွပ်စွဲခံရသူ ရှေ့နေများဘက်က လျှောက်ထားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် အမှုအတွက် ဒေါက်တာဇော်မြင့်မောင် ကိုယ်တိုင် သက်သေထွက်ဆိုပေးရန် လိုလားနေပြီး ၎င်းအနေဖြင့်လည်း ကျန်း မာ ရေး ကောင်းမွန်ကြောင်း တရားသူကြီးထံ ရှေ့နေအဖွဲ့က လျှောက်ထားခဲ့သည်။

ထို့နောက် စွပ်စွဲခံရသူ ရှေ့နေများအဖွဲ့က ဒေါက်တာဇော်မြင့်မောင်ထံ ဆင့်ခေါ်စာ အသစ်ကို တိုက်ရိုက် ထပ်မံပေးပို့ရန်နှင့် အမှုအတွက် သေချာဆောင်ရွက် ပေးစေလိုကြောင်း လျှောက်ထားခဲ့ကြသည်။တရားသူကြီးက ရှေ့နေအဖွဲ့၏ လျှောက်ထားချက်နှင့် ပတ်သက်ပြီးဒေါက်တာဇော်မြင့်မောင် လာရောက် ထွက်ဆိုရန် အတွက် ဆင့်ခေါ်စာ ပို့ခြင်း၊ မပို့ခြင်းအပေါ် နောက်ရုံးချိန်းတွင် ဆုံးဖြတ်ချက် ချမှတ်မည်ဖြစ်ကြောင်း ပြန် လည်ပြောကြားသည်။ ယင်းအမှုနှင့် ပတ်သက်၍လည်း ရုံးချိန်းကို ဒီဇင်ဘာလ ၆ ရက်သို့ အလားတူ ပြန်လည် ချိန်းဆိုထားသည်။ mizzima

« Older Entries