Monthly Archives: Nov 2021

ဘုရားသုံးဆူ အ.ထ.က တွင် ကျောင်းစဖွင့်သည့်နေ့ ဗုံးပေါက်ကွဲ

ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့ အ.ထ.က (ကျောင်းကြီး)ကျောင်းမှာ နိုဝင်ဘာ ၁ ရက် နေ့လယ် ၂ နာရီခွဲလောက်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ 

အ.ထ.က ကျောင်းရဲ့ ကွန်ပျူတာဆောင်နဲ့ ဘောလုံးကွင်းကြား ပေါက်ကွဲခဲ့တာဖြစ်ပြီး ဗုံးပေါက်ကွဲမှုကြောင့် တစ်စုံတရာ ထိခိုက်ပျက်စီးတာ မရှိသလို ကျောင်းတက်သူမရှိတဲ့အတွက်  ကျောင်းသားကျောင်းသူတွေ ထိခိုက်ဒဏ်ရာတာ မရှိဘူးလို့ မျက်မြင်တွေ့ရှိသူက ပြောပါတယ်။

“ကျောင်းဖွင့်တယ်ကြေညာပြီး  ဆရာမတွေ သန့်ရှင်းရေးတာ ကြိုလုပ်ထားတယ်။ ကျောင်းက တစ်ယောက်မှ မတက်သေးဘူး။ စကစရဲ့ ကျွန် ပညာရေးစနစ်ကို အသိပေးလိုက်တဲ့ သဘောပဲထင်တယ်”လို့ ဆိုပါတယ်။

နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် ကျရောက်လာမယ့် အသက်အန္တရာယ်တွေ၊ ကိုဗစ်ရောဂါကူးစက်မှုကို စိုးရိမ်တဲ့အပြင် စစ်ကောင်စီရဲ့ ပညာ ရေးကို လက်မခံနိုင်လို့ သားသမီးတွေကို ကျောင်းတက်ခွင့်ပြုမှာ မဟုတ်ဘူးလို့ ကျောင်းသားမိဘတစ်ဦးက ဆိုပါတယ်။

စစ်ကောင်စီက တိုင်းနှင့်ပြည်နယ် ၉ ခုရှိ မြို့နယ်ပေါင်း ၄၆ မြို့နယ်မှအပ နိုင်ငံတဝန်း အ​ခြေခံပညာကျောင်းတွေကို နိုဝင်ဘာလ ၁ ရက်နေ့ ပြန် လည်ဖွင့်လှစ်ရမယ်လို့ ညွန်ကြားခဲ့တဲ့  ကျောင်းစတင်ဖွင့်လှစ်တဲ့နေ့မှာပဲ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တာပါ။

ကရင်​ပြည်နယ်အတွင်း ဖာပွန်နဲ့ သံတောင်ကြီးမြို့နယ် ၂ ခုမှအပ ကျန်နယ်တွေဖြစ်တဲ့၊ ဘားအံ၊ လှိုင်းဘွဲ၊ ကော့ကရိတ်၊ မြဝတီနဲ့ ကြာအင်းဆိပ်ကြီးမြို့နယ်တွေမှာ ကျောင်းအားလုံးနီးပါး ပြန်လည်ဖွင့်လှစ်ခဲ့ပေမယ့်  ကျောင်းတက်သူအနည်းငယ်သာရှိတယ်လို့ ပညာရေးဌာန ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

ပေါက်ကွဲမှုဖြစ်ပွားရာကို စစ်တပ်နဲ့ရဲတွေရောက်ရှိလာပြီး စစ်ဆေးနေကာ စာသင်ကျောင်းအနီးတဝိုက် လုံခြုံရေးရယူထားသလို မိန်းလမ်းမကြီးတလျှောက် အဟန့်အတားတွေပြုလုပ်ပြီး ဖြတ်သန်းသွားလာတဲ့ လူ၊ ဆိုင်ကယ်နဲ့ မော်တော်ယာဥ်တွေကို စစ်ဆေးစောင့်ကြည့်မှုတွေ တင်း​ကျပ်လုပ်ဆောင်နေပါတယ်။

ဘုရားသုံးဆူမြို့မှာ မေ ၂၉ ရက် ည ၁၀ နာရီလောက်ကလည်း  လက်နက်ကြီးပစ်ခတ်မှုနဲ့ ဗုံးပေါက်ကွဲမှုတွေကြောင့် အခြေခံပညာအထက် တန်းကျောင်းအပါအဝင် ကျောင်း ၃ ကျောင်း အနည်ငယ် ပျက်စီးခဲ့ပါတယ်။DVB

သာကေတတွင် မဘသ အဖွဲ့ဝင် ၂ဦး အပစ်ခံရပြီး ၁ဦး သေဆုံး

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်တွင် သတင်းပေးဒလန်ဟု နာမည်ထွက်နေသည့် မဘသအဖွဲ့ဝင်နှစ်ဦး သေနတ်ပစ်ခံရပြီး တစ်ဦးသေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်‌‌နေ့ နိုဝင်ဘာ ၁ ရက်‌နေ့ ညပိုင်းက သာကေတမြို့နယ်၊ (၇)ရပ်ကွက် ဓမ္မာရုံအနီးတွင် ပစ်ခတ်ခံရခြင်းဖြစ်ပြီး သေဆုံးသူမှာ ဓမ္မာရုံအတွင်း ရေးမှူး ကိုအောင်ကြီးဆိုသူဖြစ်ကာ ဒဏ်ရာရရှိသူမှာ ကိုဝူရှူး ဆိုသူဖြစ်သည်။ “အောင်ကြီးကတော့ သေသွားတယ်။ ဝူရှုးဆိုတဲ့သူက ဒဏ်ရာရတယ်။ ဆေးရုံကိုသယ်သွားတာတွေ့တယ်။

သူတို့က မဘသအဖွဲ့ဝင်တွေ။ ဝူရှုးက အရင်တုန်းက အမျိုး၊ ဘာသာ၊ သာသနာ ထောက်ခံပွဲတွေ လိုက်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ သေနတ်ဖြင့် သုံးချက်ပစ်ခတ်သွားခြင်းဖြစ်ပြီး ကိုအောင်ကြီးမှာ နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။mizzima

ရန်ကုန်တိုင်း ဒလမြို့နယ်တွင် လူငယ် ၂ ဦး၊ မုံရွာမြို့ပေါ်တွင် လူငယ် ၃ ဦးကို စုစုပေါင်း လူ ငယ် ၅ ဦးကို စစ်တပ်က ပစ်သတ်

ရန်ကုန်တိုင်း၊ ဒလမြို့နယ်တွင် လူငယ် ၂ ဦး၊ စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ပေါ်တွင် လူငယ် ၃ ဦး စုစုပေါင်း လူငယ် ၅ ဦးကို အကြမ်းဖက်စစ်တပ်က ပစ်သတ်လိုက်ကြောင်း ဒေသခံပြည်သူများ က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

မုံရွာမြို့ပေါ်မှ လူငယ် ၃ ဦးကို စစ်တပ်က ပစ်သတ်မှု

================================

စစ်ကိုင်းတိုင်း၊မုံရွာမြို့ ဘုရားနီလမ်း(အဇာနည်လမ်း)ထောင့်တွင် အကြမ်းဖက်စစ်ကောင်စီတပ်သားများက နိုဝင်ဘာလ ၁ ရက်နေ့ ညနေ၆နာရီဝန်းကျင်အချိန် လူငယ်၃ဦး စီးနင်းလာသည့် ဆိုင်ကယ်ကို တားရာ ရပ်မပေးသဖြင့် သေနတ်နှင့်လိုက်လံပစ်ခတ်ခဲ့ကြောင်း ၊ ထိုသို့ ပစ်ခတ်မှုကြောင့် အောင်သစ္စာလမ်း၊ ရန်ကင်းရပ်ကွက်ရုံးအနီးတွင် လူငယ်တစ်ဦး ကျည်ထိပြီး ဗိုက်ပွင့်ကာ သေဆုံးကြောင်း၊ ကျန်လူငယ် ၂ဦးမှာမူ ဗိုလ်တေဇလမ်း အောင်ဆေးခန်းအနီးတွင် ကျည်ထိ၍ နေရာတွင် ပွဲချင်းပြီး သေဆုံးသွားကြောင်း ဒေသခံပြည်သူများထံမှ သိရှိရသည်။

“ဘုရားနီစစ်ဆေးရေးဂိတ်က စစ်အကြမ်းဖက်ကောင်တွေက ဆိုင်ကယ်တားတာ ရပ်မပေးလို့ဆိုပြီးလူငယ်၃ဦးကို အောင်သစ္စာလမ်းထိ လိုက်ပစ်တာ၊တစ်ဦးက ရန်ကင်းရပ်ကွက်ရုံးနားမှာ ဗိုက်ပွင့်ပြီး သေသွားတာ၊ကျန်နှစ်ဦးကို ဆက်ပြီးလိုက်ပစ်တာ ဗိုလ်တေဇလမ်း အောင်ဆေးခန်းအနီးမှာ နှစ်ယောက်လုံကျည်ထိပြီး နေရာမှာပဲသေသွားကြတယ်၊သေသွားကြတဲ့ကလေးတွေအလောင်းကိုစောင်နဲ့အုပ်ပြီးသယ်သွားကြတယ်၊နောက်ပြီးညရောက်တော့ အဲ့ရန်ကင်းရပ် ကွက်ရုံးနားကို အိမ်စီးကား၂စီးနဲ့ပတ်နေတယ်” ဟု ဒေသခံတစ်ဦးက RNA သို့ ပြောသည်။

စစ်တပ်က သေနတ်ဖြင့်လိုက်လံပစ်ခတ်မှုကြောင့် သေဆုံးသွားသည့်အမျိုးသားလူငယ်၃ဦး၏ ရုပ်အလောင်းကို အကြမ်းဖက်စစ်ကောင်စီတပ် သားများက စောင်ဖြင့် အုပ်၍ အလောင်းကို သယ်ယူသွားကြောင်း သိရှိရသည်။ ရန်ကုန်ခေတ်သစ်အနေဖြင့် ပစ်သတ်ခံရသော လူငယ် ၃ ဦး၏ အမည်များကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ရန်ကုန်တိုင်း၊ ဒလမြို့နယ်မှ လူငယ် ၂ ဦးကို စစ်တပ် ပစ်သတ်မှု

====================================

အောက်တိုဘာလ ၃၁ ရက်နေ့ ည ၈ နာရီ ၂၀ မိနစ်တွင် ဒလ-တွံ့တေးကားလမ်းဘေး စည်ပင်သာယာရုံးဘေးတွင် ဗုံးပေါက်သံ ပေါ်ထွက်လာကြောင်း၊ ယင်းနောက် ဒလရဲစခန်းနှင့်ဒလမြို့နယ်ခန်းမအတွင်းမှ စစ်ကောင်စီတပ်သားများ ထွက်ရှိလာပြီး ရမ်းသမ်းပစ်ခတ်ကြောင်း ဒေသခံများကပြောသည်။

ထိုအချိန် လူငယ် ၂ ဦးစီးနင်းလာသော ဆိုင်ကယ်တစ်စီး ယင်းအနားမှ ဖြတ်သန်းသွားရာ ယင်းဆိုင်ကယ်ကို စစ်ကောင်စီတပ်များက လိုက်လံပစ်ခတ်ကြောင်း ၊ ဒလ ရေသန့်ရုံးအနီးတွင် ဆိုင်ကယ်တိမ်းမှောက်သွားကြောင်း၊ ဆိုင်ကယ်ပေါ်ပါ လူငယ် ၂ ဦးတွင် တစ်ဦးက ဗိုက်ပေါက်၍ သေဆုံးပြီး တစ်ဦးက ကျည်ထိ၍ အော်ဟစ်နေကြောင်း ၊ အော်ဟစ်နေသော လူငယ်ကို စစ်တပ်က ထပ်မံ၍ သေနတ်ဖြင့် ၅ ချက် ပစ်ခတ် သတ်ဖြတ်လိုက်ကြောင်း၊ ယင်းနောက် ဆိုင်ကယ်ကို မီးရှို့လိုက်ကြောင်း သိရှိရသည်။

ယင်းနောက် ရဲများက ရဲစခန်းသို့ ပြန်သွားကြပြီး အလောင်း ၂ လောင်းရှိနေရာသို့ ပြန်လာကာ ဓားနှစ်လက်ကို ဘေးချ၍ ဓာတ်ပုံရိုက်ကူးကြကြောင်း ဒေသခံများက ဆိုသည်။ “ဒလစည်ပင်ရုံးကိုဗုံးကွဲပြီးတော့ စစ်ကောင်စီတပ်တွေကရမ်းသမ်း ပစ်တာ အချက်၃၀ ကျော်တယ်။ပြည်သူ ၂ဦးကျည်ထိပြီးပွဲချင်းပြီးသေဆုံးစီးလာတဲ့ဆိုင်ကယ်ကိုလည်း မီးရှို့တယ်” ဟု ဒေသခံပြည်သူတစ်ဦးက ပြောသည်။ ရန်ကုန်ခေတ်သစ်အ နေဖြင့် ဒလမှ စစ်တပ်၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားသော လူငယ် ၂ ဦး ၏ အမည်ကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။khit thit

မအူပင်မြို့တွင် ဗုံးပေါက်ကွဲမှုကြောင့် ပျူစောထီးအဖွဲ့ဝင် ၁ ဦး သေဆုံး၊ ၁ ဦးဒဏ်ရာရ

ဧရာဝတီတိုင်း၊ မအူပင်မြိုနယ်မှာ နိုဝင်ဘာ ၁ ရက်နေ့ မနေ့ညပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်စဥ်ကြောင့် ပျူစောထီး ၁ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ရွှေတောင်မှော်ကျေးရွာ ရဲစခန်းနဲ့ ၂ ဖာလုံလောက်မှာ ပျူစေားထီးအဖွဲ့ဝင် ၂ ဦးဟာ မအူပင်မြို့မှာ ဗုံးဖောက်ခွဲဖို့ ဆိုင်ကယ်နဲ့လာစဥ် ဆိုင်ကယ်ထဲ ထည့်ယူလာတဲ့ ဗုံးပေါက်ကွဲခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

“မအူပင်မြို့ပေါ်မှာ PDF တွေ ဗုံးဖောက်တာဆိုပြီး သူတို့လုပ်နေတာ၊ ခုတော့ သူတို့ကိုယ်တိုင်ထိပြီလေ။ ခုပေါက်တဲ့နေရာက ရွှေတောင်ပေါ်မှော်ရွာနဲ့ ကျားပျံ ခြောက်ရွာ ကျေးရွာ သွားတဲ့လမ်း၊ ရွှေတောင်ပေါ်ရဲစခန်းနဲ့ ၂ ဖာလုံလောက်မှာ ကွဲတာ။ သူတို့စေတနာ သူတို့အကျိုးပေးပြီး လမ်းပေါ်မှာတော့ ကားယားကြီးသေဖို့တော့ များတယ်” လို့ ဒေသခံတဉီးက ပြောပါတယ်။

ရွှေတောင်မှော် ကျားပျံ ခြောက်ရွာလမ်းမှာ ဗုံးပေါ်ကွဲပြီးနောက်ပိုင်း စစ်ကောင်စီတပ်သားတွေက နေရာတဝိုက်ကို ပိတ်ဆို့ထားတာကြောင့် သေဆုံးသူနဲ့ ထိခိုက်တာ ဘယ်သူတွေဆိုတာ အသေချာ မသိရသေးဘူးလို့ ဆိုပါတယ်။

မအူပင်မြို့နယ်စည်ပင်သာယာရုံးမှာလည်း  နို၀င်ဘာ ၁ ရက်​ ည​နေ ၃ နာရီ​ကျော်လောက်က  ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။

မအူပင်မြို့မှာ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း စစ်အုပ်စုနဲ့သက်ဆိုင်တဲ့နေရာတွေမှာ  ဗုံးပေါက်ကွဲမှု ၁၅ ကြိမ်ထက်မနည်းရှိခဲ့တယ်လို့ သိရပါတယ်။DVB

ပလက်ဝမြို့ တပ်ထောက်ခံပွဲသို့ တစ်အိမ်တစ်ယောက် မလိုက်မဖြစ်လိုက်ရပြီး စစ်ကောင်စီတပ်မှ ဒရုန်းဖြင့် မှတ်တမ်းရိုက်ယူ

ချင်းပြည်နယ်၊ ပလက်ဝမြို့တွင် ယနေ့ နိုဝင်ဘာလ ၂ရက် နံနက်ပိုင်းက အင်အား၁၀၀ ဝန်းကျင်ဖြင့် ပြုလုပ်ခဲ့သည့် တပ်မတော်ထောက်ခံပွဲကို စစ်ကောင်စီတပ်က ဒရုန်းဖြင့် မှတ်တမ်းရိုက်ကူးခဲ့ပြီး ထိုထောက်ခံပွဲသို့ တစ်အိမ်တစ်ယောက်နှုန်းဖြင့် မလိုက်မဖြစ် လိုက်ခဲ့ရကြောင်း ဒေသခံများကပြောသည်။တပ်မတော်ထောက်ခံပွဲအဖြစ် ပလက်ဝမြို့ သင်္ဘာဆိပ်ကမ်းမှ မြို့ထဲ ခူမီးရိုးရာပြတိုက်ရှေ့ထိ လမ်းလျှောက်ခဲ့ကြကြောင်း ဒေသခံများက ဆိုသည်။

”ခုနလေးတင်မှ တပ်ထောက်ခံပွဲက ပြီးသွားတာ။ အင်အားကတော့ ၁၀၀ကျော်လေးပဲရှိတာ။ တစ်အိမ် တစ်ယောက် အစည်းအဝေးတက်ရမယ်ဆိုပြီး ဒီမနက်ပဲ ရပ်ကွက်အုပ်ချုပ်ရေးမှူးက ခေါ်လို့ သွားကြတာ။ ဟိုရောက်တော့ အစည်းအဝေး မဟုတ်ဘဲ အဲဒီတပ်ထောက်ခံပွဲမှာ ပါခိုင်းနေတယ်။ ပြီးတော့ ထောက်ခံပွဲ တစ်လျှောက်လုံးလည်း စစ်တပ်ကနေ အပေါ်ကနေ ဒရုန်းနဲ့ ရိုက်တယ် ။ ကင်မရာတွေနဲ့လည်း သူတို့လိုက်ရိုက်ကြတယ်” ဟု တပ်ထောက်ခံပွဲမှ ပြန်လာသူတစ်ဦးက ပြောသည်။

အဆိုပါတပ်ထောက်ခံပွဲတွင် မတက်မနေရ တစ်အိမ်တစ်ယောက် လိုက်ခေါ်ထားသည့် သူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ စစ်ဘေးရှောင်စခန်းမှ စစ်ရှောင်များနှင့် နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်း (နတလ)မှကလေးငယ်များပါဝင်သည်ဟုသိရသည်။

တပ်ထောက်ခံပွဲတွင် ပါဝင်သူအများစုသည် နတလ သင်တန်းကျောင်းမှ ကလေးငယ်၃၀ကျော် နှင့်ပြည်ခိုင်ဖြိုးပါတီဝင် တချို့သာ ပါဝင်ပြီး ဒေ သခံ ချင်းလူမျိုးအနည်းငယ်သာ ပါရှိသည်ဟုလည်းဆိုသည်။ပလက်ဝမြို့နယ်သည် စစ်ကောင်စီတပ်များနှင့် AA လက်နက်ကိုင် အကြားတိုက်ပွဲဖြစ်ပွားသည့်အတွက် နေအိမ်များ မီးရှို့ဖျက်ဆီးခံရသည့် ချင်းပြည်နယ်အတွင်းက ပထမဆုံး စစ်ဘေးသင့်သည့် မြို့နယ်ဖြစ် သည့်အပြင် စစ် တပ် မှလေယာဉ်ဖြင့် ဗုံးကြဲချသဖြင့် ဝက်မရွာတစ်ရွာလုံး ပျက်စီးခဲ့ရသည့်ဖြစ်စဉ်များ ရှိခဲ့သည်။mizzima

ဂန့်ဂေါခရိုင်က ဝန်ထမ်းများကို YDF သတိ ပေး၊ ထီးလင်း ရပ်ကျေးစာရေး အများပြားနုတ်ထွက်

မကွေးတိုင်း ဂန့်ဂေါခရိုင်အတွင်းမှာရှိတဲ့ စစ်ကောင်စီရဲ့ ဝန်ထမ်းတွေအနေနဲ့  နိုဝင်ဘာလ ၅ ရက်နေ့ နောက်ဆုံးထားပြီး တာဝန်ကနေ အမြန်ဆုံးနုတ်ထွက်ကြဖို့ ယောဒေသကာကွယ်ရေးတပ်ဖွဲ့ YDF က နိုဝင်ဘာ ၁ ရက်နေ့က သတိပေးထုတ်ပြန်ပါတယ်။

ဂန့်ဂေါ၊ ကျော၊ ထီးလင်း၊ ကျောက်ထုနဲ့ ဆောမြို့နယ်တွေက စစ်ကောင်စီရဲ့ ဒေါက်တိုင် ဌာနဆိုင်ရာ ဝန်ထမ်းတွေအနေနဲ့ အကြမ်းဖက်စစ်ကောင်စီကို အားပေးအားမြှောက်ပြုလုပ်ပြီး ရုံးတက်တာတွေ ရပ်တန့်ကာ နိုဝင်ဘာ ၅ ရက်နေ့ နောက်ဆုံးထားပြီးတော့ အလုပ်လုပ်တဲ့ ရုံးတွေက အမြန်ဆုံးထွက်ကြဖို့ အထူးသတိပေးတယ်လို့ ဆိုပါတယ်။

YDF တပ်ဖွဲ့အနေနဲ့ စစ်အာဏာရှင် အမြစ်ပြတ်ရေးလုပ်ငန်းစဥ်တွေကို အစဥ်တစိုက် လုပ်ဆောင်မှာဖြစ်ပြီး CDM ဝန်ထမ်းတွေကို ကာကွယ် ကာ မိမိကိုကျိုးတစ်ခုတည်းကို ကြည့်ပြီး CDM ဝန်ထမ်းတွေကို ဖိအားပေးနေတဲ့ Non-CDM ဝန်ထမ်းတွေကို အရေးယူတော့မယ်လို့ ကြိုတင်သတိပေးထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီအနေနဲ့ မြန်မာ့ပြည်တွင်းရေးကို ဆက်လက်ခြယ်လှယ် လုပ်ကိုင်နိုင် အောင် အားပေးနေတဲ့ သူမှန်သမျှကို အရေးယူတော့မှာဖြစ်ပြီး တစ်နိုင်ငံလုံး လွတ်မြောက်ရေး အတွက် ပါဝင်မှာလား၊ ကိုယ်ကျိုးအတွက် စစ်အုပ်စုကို ပံ့ပိုးမှာလားဆိုတာကို ရန်ငါစည်း ပြတ်သားစွာ ဆုံးဖြတ်ရမယ့် အချိန်ဖြစ်တယ်လို့ သတိပေးထားပါတယ်။

မကွေးတိုင်းဒေသကြီး ထီးလင်းမြို့နယ်မှာတော့ ရပ်ကျေးစာရေး တစ်ယောက်အသတ်ခံရပြီးနောက် ရပ်ကျေးစာရေးတွေ အများအပြား နုတ်ထွက်စာတင်ထားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ထီးလင်းမြို့နယ် ဘူးတောင်း၊ အကြည်ဘန်း၊ ညောင်ရွာ၊ နတ်အင်း၊ အိုင်းမ၊ အကြည်ဝါးဘင်း၊ စို့ပြား၊ ဒန့်ဒီး၊ အညာဝါးဘင်းနဲ့ ကြာဥယျာဥ် ကျေး ရွာအုပ်စုတွေက ရပ်ကျေးစာရေးတွေ တပြိုင်နက်တည်း နုတ်ထွက်စာတင်ကြတာလို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

နုတ်ထွက်စာတင်ထားကြတဲ့ ရပ်ကျေးစာရေးတွေကတော့ ကိုဝေလင်းအောင်၊ ကိုဆန်းဝင်းအောင်၊ ကိုဘိုဘိုအောင်၊ ဒေါ်လှဝေ၊ ကိုဝင်းမင်းပိုင်၊ ကိုဝင်းအောင်၊ ကိုကျော်မျိုးတင့်၊ ကိုတင်နိုင်လင်း၊ ဒေါ်ကြူကြူဝင်းနဲ့ ကိုလှိုင်ဝင်းအောင်တို့ ဖြစ်ပြီး နုတ်ထွက်သူအရေအတွက် ထပ်တိုးလာနိုင်တယ်လို့ ဆိုပါတယ်။

အဲဒီရပ်ကျေးစာရေးတွေဟာ ကျန်းမာရေးအကြောင်းပြသူတစ်ချို့ရှိသလို ဌာနကပေးအပ်တဲ့ လုပ်ငန်းတာဝန်တွေကို ဆက်လက်ထမ်းဆောင်နိုင်ခြင်းမရှိတာကြောင့် နုတ်ထွက်စာတင်ထားတဲ့ စာတွေကို သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာ ဖော်ပြထားကြတယ်လို့ ပြောပါတယ်။

ထီလင်းမြို့နယ် ကျားခဲကျေးရွာမှာ အောက်တိုဘာလ ၂၉ ရက်နေ့မှာ ဒလန်ရှင်းလင်းရေးအဖွဲ့တွေက ရပ်ကျေးစာရေးတစ်ယောက်နဲ့ ပျူစောထီး ၂ ယောက်ကို သုတ်သင်ရှင်းလင်းပြီးတဲ့နောက်မှာ အခုလို နုတ်ထွက်စာ တင်ထားကြတာလို့ သိရပါတယ်။DVB

ပုလဲမြို့နယ်တွင် ရဲယာဉ်တန်း မိုင်းဆွဲတိုက် ခိုက်ခံရ၊ ရဲမှူးအပါအဝင် ရဲများ ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ပုလဲ-ဂန့်ဂေါ လမ်းနှင့် နွယ်ရှောက်ရွာကြား ဖွံ့ဖြိုးရေးလမ်းမပေါ်၌ ယမန်နေ့ နိုဝင်ဘာ ၁ ရက် ည ၁၂ နာရီတွင် ရဲကားတစ်စီးနှင့် ရဲဆိုင်ကယ် သုံးစီးကို မိုင်းဆွဲ တိုက်ခိုက်ခဲ့သည်ဟု Pale PDF-Headquarters အဖွဲ့တာဝန်ရှိသူက ပြောသည်။

အဆိုပါ တိုက် ခိုက်မှုကြောင့် ရဲမှူး အပါအဝင် ရဲအများအပြား ဒဏ်ရာရပြီး တစ်ဦး သေဆုံး သွားသည်ဟု ၎င်းက ပြောသည်။”ဒလန်အိမ်ကို ခဲ(ဂဲ) နဲ့ ပေါက်လို့ဆိုပြီး သူတို့က ရဲခေါ်လိုက်တာ။ သူတို့အပြန်ကို စောင့်ပြီး ခွဲလိုက်တာ။ ကားထဲမှာ ပုလဲမြို့နယ် ရဲမှူးလည်း ပါတယ်။ မိုင်းကတော့ ထောင်ထားတာ တော်တော်များတယ်။

နှစ်လုံးတော့ ကွဲသွားတယ်”ဟု အဆိုပါ အဖွဲ့ဝင်က ပြောသည်။ပေါက်ကွဲမှုဖြစ်ရာ နေရာသည် ပုလဲမြို့နှင့် တစ်မိုင်ခန့်သာဝေးပြီး ရဲတပ်ဖွဲ့ဘက်မှ မြို့နယ်ရဲစခန်းကို တပ်ကူ ခေါ်ကာ သေနတ် အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့သည်ဟု ဒေသခံများက ဆိုသည်။mizzima

ပုလဲတွင် စစ်ကောင်စီတပ်နှင့် PDF အဖွဲ့ တိုက် ပွဲဖြစ်၊ ဘုတလင်က ဒလန်တစ်ဦး အသတ်ခံရ

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ ပုလဲပြည်သူကာကွယ်ရေးတပ် (ပုံတောင်နဂါးတပ်) တို့ နွယ်ရှောက်ကျေးရွာအနီးမှာ နိုဝင်ဘာ ၁ ရက်နေ့ ည ၁၂ နာရီကျော်လောက်က တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

“မနေ့ညက ကျနော်တို့ ပုံတောင်နဂါး အထူးတပ်နဲ့ဖြစ်တာဗျ။ နွယ်ရှောက်က စစ်ကောင်စီ သတင်းပေးဒလန်ကို ရွာသား‌နှစ်ယောက်က ဆဲဆိုတာကြောင့် အဲဒလန်က ပုလဲရဲစခန်းက ရဲနဲ့ စစ်သားကိုခေါ်တယ်။ အဲဒီရွာအသွားကို ကျနော်တို့ တိုက်ပွဲမဖြစ်သေးဘူး။ အဲရွာကအပြန်မှာ ကျနော်တို့ အထူးတပ်နဲ့ဖြစ်တာ။ သူတို့ဘက်က မြို့နယ်မှူးအဆင့်ရှိသူနဲ့ တပ်သား အများအပြားထိခိုက် ဒဏ်ရာရှိတာတွေရှိတယ်လို့ ကြားရတယ်ဗျ။ ကျနော်တို့ဘက်ကတစ်ယောက် ပျောက်ဆုံးနေသေးတယ်။ သေသလား၊ ရှင်သလား အတည်ပြုလို့ မရသေးဘူး။ လက်ရှိအချိန်အထိ ကျနော်တို့ ရှာဖွေနေဆဲဖြစ်တယ်” လို့ ပုလဲပြည်သူကာကွယ်ရေးတပ်က ဗိုလ်နဂါးက ပြောပါတယ်။

အဲဒီတိုက်ပွဲမှာ Double-Cubကား တစ်စီး ပျက်စီးခဲ့သလို စစ်ကောင်စီဘက်က အများအပြား ကျဆုံးတာတွေလည်း ရှိတယ်လို့ ဒေသခံ ပြည်သူတွေဆီက သိရပါတယ်။

ဘုတလင်မြို့နယ်၊ မောင်းထောင်ကျေးရွာမှာလည်း ဒလန်ဆိုပြီး အမည်ကျော်ကြားသူတစ်ဦး နိုဝင်ဘာ ၁ ရက်နေ့ ညနေ ၆ နာရီလောက် သေ နတ်နဲ့ ပစ်ခတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“အိမ်ထဲဝင်ပစ်ခဲ့တာဗျ၊ သေနတ် ၆ ချက်ပစ်ခဲ့တယ်ပေါ့။ ဘာကြောင်ပစ်ခဲရတာလဲဆိုတော့ ဒီကောင်က ကျနော်တို့ PDF ကလေးတွေ စစ်ကောင်စီလာတဲ့လမ်းကို မိုင်းထောင်ရာမှာ ကလေးတွေကို ကြိမ်းမောင်းပြီး စစ်ကောင်စီကိုခေါ်ပြီး မှိုင်းတွေ ဖြုတ်ခိုင်တာတွေလုပ်ခဲ့တယ်။ နောက်ပြီး ‌ကျေးရွာအတွင်းက နိုင်ငံရေးတက်ကြွတဲ့ ကလေးတွေကို စစ်ကောင်စီကို သတင်းပေး ဖမ်းခိုင်းတာတွေ လုပ်ခဲ့တာကြောင့် အခုလိုရှင်းလိုက်ရတာပါ။ သေသလား၊ ရှင်သလားတော့ လက်ရှိချိန်မှာ အတည်ပြုလို့မရသေးဘူး”လို့ ဒေသတွင်း မြေအောက်အဖွဲ့ရဲ့ ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။DVB

ပဲခူးတိုင်းတွင် နိုဝင်ဘာ ၁ ရက်နေ့ တရက်တည်း ၄ နေရာ ဗုံးခွဲတိုက်ခိုက်ခံရ

ပဲခူးတိုင်းအတွင်း မြို့နယ် ၃ မြို့နယ် နေရာ ၄ ခုကို  နိုဝင်ဘာ ၁ ရက်နေ့မှာ ပဲခူး PDF နဲ့ မဟာမိတ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ ပဲခူး PDF က ပြောပါတယ်။

အုန်းနှဲမြို့အဝင်ဂတ်စ်ထုတ်လုပ်ရေးစက်ရုံမှာ မနက် ၄ နာရီမှာ တစ်ကြိမ်၊ ကဝမြို့ရှောင်လမ်းအနီး စစ်ဆေးရေးဂိတ်မှာ မနက် ၆ နာရီ ဒုတိယအကြိမ်နဲ့ ပဲခူးမြို့အတွင်းရှိ ကျောက်လမ်း နန်းတော်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနဲ့ ပုဏ္ဏားစု (၈) လမ်းထိပ် ဒလန် ဖိုးတုတ်အိမ်တို့ကို တိုက် ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အဆိုပါတိုက်ခိုက်မှုဖြစ်စဉ်တွေအတွင်း ပျက်စီးမှုနဲ့ ထိခိုက်ဒဏ်ရာမှု အခြေအနေတွေကို မသိရသေးပါဘူး။

စစ်ကောင်စီရဲ့ လက်ပါးစေ မှန်သမျှတွေ ပြည်သူဘက်ရပ်တည်သွားဖို့နဲ့  ပြည်သူ့ဘက် မရပ်တည်ပေးပါက မဟာမိတ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းတိုက်ခိုက် ချေမှုန်းသွားမည်လို့ ပဲခူး PDF က ထုတ်ပြန်ထားပါတယ်။DVB

« Older Entries