Monthly Archives: Nov 2021

ကန်ကြီးထောင့်မြို့နယ် ရွေးကျေးရွာ စာသင် ကျောင်းအတွင်းဗုံးပေါက်

ဧရာဝတီတိုင်း၊ကန်ကြီးထောင့်မြို့နယ်၊ရွေးကျေးရွာအုပ်စု ရှိ အထက်တန်း ကျောင်းတွင် ယနေ့ နိုဝင်ဘာလ ၄ ရက်နေ့ ည ၇ နာရီ မိနစ် ၃၀ ခန့်အချိန်က ဗုံးပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ကြောင်းဒေသခံများထံကသိရသည်။

အဆိုပါပေါက်ကွဲမှုကို မည်သည့်အဖွဲ့အစည်းက ပြုလုပ်သည်ကို မသိရှိရသေးကြောင်း၊ဗုံးပေါက်ကွဲမှုကြောင့် ဆရာ၊ဆရာမများနားနေဆောင် မီးလောင်ပျက်စီးသွားကြောင်း ဒေသခံတစ်ဦးက ပြော သည်။”ပေါက်တဲ့အသံကတော့တော်တော်ကျယ်တော့ တစ်ရွာလုံးကြားရတယ်၊ ဗုံးပေါက်ပြီး မီးလောင်နေတာတွေ့တော့ တချို့လူတွေသွားပြီး မီး​ငြိမ်းသတ်လိုက်ကြလို့ ဆရာဆရာတွေနားတဲ့နားနေဆောင်ပဲလောင်သွားတယ် “ဟု ဒေသခံတစ်ဦးကပြောသည်။

ဗုံးပေါက်ကွဲမှုဖြစ်ပေါ်ပြီး ည ၈ နာရီကျော်ခန့်အချိန်တွင် ကန်ကြီးထောင့်မြို့ပေါ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်နှင့်ရဲများက ရွေးကျေး ရွာ စာသင် ကျောင်းဝန်းအတွင်း စစ်ဆေးမှုများပြုလုပ်နေသည်ဟုသိရပြီး မပေါက်ကွဲသေးသည့် လက်လုပ်မိုင်းများထပ်မံတွေ့ရှိသည့်အတွက် ဖောက်ခွဲဖျက်ဆီးရန် ပြင်ဆင်နေကြကြောင်းဒေသခံများ၏ ပြောကြားချက်အရ သိရသည်။mizzima

ချင်းတောင်ပိုင်းတွင် တိုက်ပွဲများ ဆက်နေပြီး စစ်တပ် အထိနာ

ချင်းပြည်နယ်တောင်ပိုင်းမြို့နယ်များတွင် ယခုရက်ပိုင်းအတွင်း တိုက်ပွဲများပြင်းထန်နေရာ စစ်ကောင်စီဘက်မှ အထိနာလျက်ရှိသည်ဟု ချင်းဒေသကာကွယ်ရေးအဖွဲ့ (CDF) များ၏ စာရင်းများအရ သိရသည်။

ယနေ့ (နိုဝင်ဘာ ၄)နံနက် ၈ နာရီခွဲ၌ မင်းတပ်မြို့အနောက်ဘက် မင်းတပ် – မတူပီလမ်းရှိ ၆ မိုင်နှင့် ၉ မိုင် ကြားတွင်လည်းကောင်း၊ မွန်းလွဲ ၂ နာရီတွင် မိုင်တိုင် ၄၃ တွင်လည်းကောင်း တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု CDF (မင်းတပ်) က ဆိုသည်။

ယနေ့မနက်တွင် မင်းတပ် – မတူပီလမ်း ၆ မိုင်နှင့် ၉ မိုင်အကြား မင်းတပ်မြို့အခြေစိုက် ခလရ ၂၇၄ တပ်ရင်းပါ အဖွဲ့နှင့် တိုက်ပွဲဖြစ်ခဲ့ရာ ထိုအဖွဲ့က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး CDF (မင်းတပ်) က မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။

ထို့နောက် မွန်းလွဲတွင် မတူပီမှ မင်းတပ်ဘက်သို့ ပြန်ဆင်းလာသည့် သံချပ်ကာယာဉ် ၂ စီးနှင့် စစ်ကား ၇၅ စီးပါ ယာဉ်တန်းကို မိုင်တိုင် ၄၃ အနီး CDF (မင်းတပ်) က ရှေ့နောက် နှစ်ဖက်ညှပ်၍ တိုက်ခိုက်ခဲ့သည်ဟု CDF (မင်းတပ်) ၏ ပြောရေးဆိုခွင့်ရှိသူ ကိုယောမန်က ပြောသည်။ 

“(၆ မိုင်နဲ့ ၉ မိုင်ကြား) မိုင်းတွေ တော်တော်ကွဲသွားတယ်။ (စစ်တပ်ဘက်က) ထိခိုက်ဒဏ်ရာရတာ နည်းနည်းများတယ်။ ကျတဲ့အထိတော့ မရှိဘူးထင်တယ်။ ကိုယ်တွေဘက်ကတော့ ထိခိုက်ဒဏ်ရာရတာ မရှိဘူး။ ညနေတိုက်ပွဲကတော့ ဘာမှမသိရသေးဘူး။ ဖုန်းဆက်တော့ ပစ်ခတ်သံတွေပဲ ကြားရသေးတယ်။ မပြီးသေးဘူး” ဟု ကိုယောမန်က ယနေ့ညနေတွင် Myanmar Now ကို ပြောသည်။ 

ချင်းပြည်နယ်တောင်ပိုင်းကို စစ်အင်အားဖြည့်နေသည့် ထိုယာဉ်တန်းစစ်ကြောင်းကို မင်းတပ်မြို့မှ မတူပီမြို့သို့ တက်သွားစဉ်က ရာသီဥတုအခြေအနေအရ နှစ်ကြိမ်ခန့်သာ ကြားဖြတ်တိုက်ခိုက်နိုင်ခဲ့သော်လည်း အပြန်တွင် CDF (မင်းတပ်) က သုံးကြိမ်မြောက် ကြားဖြတ်တိုက်ခိုက်နေခြင်းဖြစ်သည်။ 

ယမန်နေ့ မနက်က မင်းတပ် – မတူပီလမ်း မိုင်တိုင် ၄၈ အနီးတွင်လည်း ထိုယာဉ်တန်းကို တိုက်ခိုက်ခဲ့ပြီး စစ်သား ၁၀ ဦးခန့် သေဆုံးကြောင်း၊ CDF (မင်းတပ်) ဘက်မှ ဒဏ်ရာရသူ ၃ ဦးထဲမှ  ၇၃ နှစ်အရွယ် CDF ရဲဘော်တစ်ဦး သေဆုံးခဲ့သည်။ 

အထိနာသွားသော ထိုစစ်ယာဉ်တန်းကို CDF (မင်းတပ်) က ယမန်နေ့ ညနေတွင် မိုင်တိုင် ၄၈ အနီး ထပ်မံတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး သေဆုံးခဲ့သည်ဟု ကိုယောမန်က ပြောသည်။ 

အလားတူ မတူပီ – ပလက်ဝလမ်းပိုင်းတွင် တိုက်ပွဲများ ပြင်းထန်နေပြီး အောက်တိုဘာ ၃၀ တိုက်ပွဲတွင် မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်သား ၂၀ ခန့် သေဆုံးပြီး ၁၀ ဦးခန့် ဒဏ်ရာရရှိခဲ့သည်ဟု CDF (မတူပီ) က ယမန်နေ့က ထုတ်ပြန်သည်။

ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့တွင် ယနေ့ (နိုဝင်ဘာ ၄ ) မနက် ၈ နာရီမှစ၍ ၃ နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား ၅ ဦး သေဆုံးကာ အ များအပြား ဒဏ်ရာရကြောင်း CDF (ကန်ပက်လက်) ၏ ထုတ်ပြန်ချက်အရ သိရသည်။ 

ကျင်ဒွေးမြို့၊ ဖုံတွီကျင်းရပ်ကွက် (အထက်ပိုင်း) ရှိ CDF  ထိန်းချုပ်ရာနယ်မြေအတွင်း စစ်သားများ ဆိုင်ကယ်စီးဝင်ရောက်လာရာမှ ထိတွေ့တိုက်ပွဲဖြစ်ပွားကြောင်း၊ CDF ဘက်မှ ထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။  

ချင်းပြည်နယ်တောင်ပိုင်းတွင် လတ်တလောဖြစ်ပွားနေသည့်တိုက်ပွဲများနှင့် ပတ်သက်၍ စစ်ကောင်စီက သတင်းအမှောင်ချထားပြီး ထိုတိုက်ပွဲများတွင် သေဆုံးသည့် စစ်သားအရေအတွက်နှင့် ပတ်သက်၍ Myanmar Now အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ 

စစ်ကောင်စီကို လက်နက်ကိုင်ပြန်ခုခံနေသည့် ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းကို စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်ရန် အောက်တိုဘာလဆန်းမှစ၍ ချင်းပြည်နယ် တောင်ပိုင်းနှင့် မြောက်ပိုင်းကို စစ်ကြောင်းနှစ်ကြောင်းခွဲပြီး လက်နက်၊ လူအင်အား ဖြည့်တင်းခဲ့သည်။myanmar now

အောင်လံလွှင့်ချီနွေဦးထီကို နိုဝင်ဘာ ၅ ရက်နေ့ ပြန်လည်စတင်ရောင်းချမည်

အောင်လံလွှင့်ချီနွေဦးထီကို နိုဝင်ဘာ ၅ ရက်နေ့မှာ ပြန်လည်စတင်ရောင်းချမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ဘဏ္ဍာရေးနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီး ဦးတင်ထွန်းနိုင်က နိုဝင်ဘာ ၄ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

စမ်းသပ်ကာလကို ကျော်လွန်ပြီး လစဉ်ပုံမှန်ရောင်းချနိုင်တဲ့အခြေအနေမှာ အဆင်သင့်ဖြစ်နေပြီလို့လည်းဆိုပါတယ်။ 

ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က”စစ်ကောင်စီဆီ ငွေကြေးတွေမရောက်ရအောင်နဲ့ NUG အတွက် ဝင်ငွေရအောင် ရည်ရွယ်တာဖြစ်ပါတယ်။ နွေဦးထီမရောင်းခင်ကတည်းက သက်ဆိုင်ရာဥပဒေကို ပြင်ဆင်ပြဋ္ဌာန်းခဲ့ပါတယ်။ နွေဦးထီသည်သာ တရားဝင်ထီဖြစ်ပါတယ်။

အောင်ဘာလေထီဟာ တရားမဝင်တော့ဘူးဆိုတာကိုလည်းကြေညာခဲ့ပါတယ်။ အခုမှာ စမ်းသပ်ကာလမဟုတ်တော့ဘဲ လစဉ်ရောင်းချပေးသွားဖို့အဆင်သင့်ဖြစ်နေပါပြီ။ နိုဝင်ဘာ ၅ ရက်နေ့မှာ တရားဝင် ထုတ်ပြန်ရောင်းချတော့မှာဖြစ်ပါတယ်။ စမ်းသပ်ကာလမှာလိုပဲ ပြည်သူတွေက တခဲနက်ဝယ်ယူအားပေးကြပါလို့ ပြောချင်ပါတယ်။”လို့ ပြောပါတယ်။

အောင်လံလွှင့်ချီနွေဦးထီကို ဩဂုတ် ၁၅ ရက်မှ  ၁၉ ရက်နေ့အထိ ၅ ရက်ကြာရောင်းချခဲ့ရာမှာ ထီလက်မှတ် ၂ သိန်းခွဲ ငွေကျပ်သိန်းငါးထောင်ဖိုးရောင်းချနိုင်ခဲ့ပါတယ်။ နွေဦးထီပထမဆုံးအကြိမ် ထီဖွင့်ပွဲကို အောက်တိုဘာ ၁ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။

နိုဝင်ဘာ ၅ရက်နေ့မှာ ပြန်လည်ရောင်းချတော့မယ့် နွေဦးထီကို မနက် ၁၀ နာရီကနေ ည ၁၀ အထိ ဖွင့်လှစ်ရောင်းချသွားမှာဖြစ်ပြီး အရင်လို ခဏလေးနဲ့ ထီလက်မှတ်ကုန်သွားတာမျိုးမဖြစ်တော့ဘဲ ထီလက်မှတ်ကိုလည်း မြန်မြန်ဆန်ဆန်ထုတ်ပေးသွားမယ်လို့ နွေဦထီမိသားစုက ကြေညာထားပါတယ်။

နွေဦးထီ ထိုးနည်း နည်းလမ်းသစ်တွေနဲ့ လိုအပ်ချက်တွေကို အောင်လံလွှင့်ချီနွေဦးထီတရားဝင်စာမျက်နှာမှာ ဖော်ပြထားပါတယ်။DVB

မြိုင်PDFက စစ်ကောင်စီတပ်ကားများကို မိုင်းဆွဲတိုက်ခိုက် ကား၂ စီးပျက်စီးသွား

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း စစ်ကောင်စီတပ် စီးနင်းလာသည့် ကားသုံးစီးပါ ယာဉ်တန်းနှစ်ကြိမ်ဗုံးခွဲတိုက်ခိုက်ခဲ့ရာ ကားနှစ်စီးပေါက်ကွဲပျက်စိးသွားသည်ဟု မြိုင်ပြည်သူ့ကာကွယ်ရေးတပ် (PDF) ကပြောသည်။ယနေ့နံနက် ၁၀ နာရီခွဲခန့်တွင် မြိုင်မြို့တွင်းနှင့် မြိုင်-ဗဟင်းလမ်းပေါ် နှစ်နေရာခွဲကာ ဗုံးခွဲတိုက်ခိုက်မှုဖြစ်ပြီး “အဖွဲ့သားများ ဒဏ်ရာအနည်းမှလွဲ၍ အကျအဆုံးမရှိပါ။” ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။

“ပထမပိုင်းက မြိုင်မြို့ထဲမှာပဲ ရဲ ငါး ယောက်ပါတဲ့ Double Cab တစ်စီး ၊နောက်တစ်ပိုင်းက မြိုင်-ဗဟင်းလမ်းမပေါ် အိမ်စီးကားစီးလာတဲ့ စစ်ကောင်စီအင်အား ၂၀ ပါတဲ့ ကားသုံးစီး မှာ နှစ်စီးကပေါက်ကွဲပျက်စီးသွားတယ် ။မိုင်း ငါးလုံးဆွဲတာ တစ်စီးကပြန်လှည့်သွားတယ် ။ဗဟင်းလမ်းမကကွင်းပြင်ကြီးဆိုတော့တပ်ဖွဲ့၀င်တွေမိုင်းဆွဲပြီးချက်ချင်းပြန်ဆုတ်ရတော့ အထိအခိုက်သေဆုံးစာရင်းမသိရသေးဘူး ။ဒါပေမယ့် ကားနှစ်စီးလုံးပျက်စီးတော့သေနိုင်တယ်”ဟု Myaing PDF တပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးက မဇ္ဈိမကိုပြောသည်။

မြိုင်မြို့တွင်းသို့ စစ်ကားတစ်စီးသာပြန်ဝင်သွားနိုင်သည်ဟု PDF ၏ထုတ်ပြန်ချက်တွင်ပါရှိသည်။ပထမနေရာတွင် ဗိုလ်မိုးသီး အဖွဲ့ က မိုင်းဆွဲ တိုက်ခိုက်ခြင်းဖြစ်၍ ဒုတိယနေရာတွင် ဒုတပ်ရင်းမှူး- ဗိုလ်လက်ျာအဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။မြိုင်မြို့နယ်တွင် စစ်ကောင်စီတပ်များမှ ဒေသခံရွာခံများ၏ နေအိမ်သို့ ဖောက်ထွင်းခြင်း၊ ဖျက်စီးခြင်းများ လုပ်ဆောင်နေခဲ့သည်ဟု ဒေသခံများက ပြောသည်။mizzima

ဒီပဲယင်းမြို့နယ်၌ စစ်ကောင်စီယာဉ် ၃ စီး ၂ ကြိမ်မိုင်းဆွဲခံရ၊ မုံရွာမြို့၌ လူ ၃ ဦး ဗုံးမှန်သေဆုံး

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ရဲ့ ယာဉ် ၃ စီးကို နိုဝင်ဘာ ၄ ရက် ညနေ ၅ နာရီခွဲလောက်က ဒေသခံပြည်သူကာ ကွယ်ရေးတပ်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“ရေဦးမြို့နယ် တင်းတိန်ရံကျေးရွာက လူငယ် ၆ ဦး ဖမ်းပြီးလာတဲ့ စစ်ကောင်စီကားကို  ပျံကျကျေးရွာနားမှာ တစ်ကြိမ် မိုင်းဆွဲတယ်ဗျ။ အဲဒီအကြိမ် ကားတန်းကို သိပ်ပြီး မထိ လိုက်ဘူး။ နောက်တစ်ကြိမ်စိုင်ပြင်နားမှာ ထပ်ဆွဲတယ်။ ဒီအကြိမ်ကတော့ အထိခိုက်ကတော့များမယ်။ ဘယ်လောက်ကျမယ်ဆိုတာကတော့ မသိရသေးဘူးဗျ။ ကျနော်တို့ ဘက်ကတော့ အကျဆုံး မရှိဘူး။ အဝေးထိန်းမိုင်းဆွဲတာဆိုတော့။ ဒီကောင်တွေ အခုအချိန်အထိ မိုင်ဆွဲရာ နေရာဘဲ ရှိနေသေး တယ်”လို့ ဒေသခံခေါင်းဆောင်တစ်ဦးကပြောပါတယ်။

စစ်ကိုင်းတိုင်း၊  မုံရွာမြို့ စက်မှုဇုန်ရပ်ကွက်တစ်နေရာမှာလည်း  နိုဝင်ဘာ ၃ ရက်ညပိုင်း ၈ နာရီလောက်က လူ ၃ ဦး ဗုံးထိမှန် သေသွားတယ်လို့ ဒေသခံတချို့က ပြောပါတယ်။ 

စက်မှုဇုန်ရပ်ကွက်လမ်းတစ်နေရာမှာ ထောင်ထားတဲ့ဗုံးက  လူ ၃ ဦး ဖြတ်သွားချိန် ပေါက်ကွဲခဲ့ပြီး နေရာမှာသေသွားတယ်လို့ အနီးဝန်းကျင်နေသူ တစ်ဦးက ပြောပါတယ်။ 

“အခု ဗုံးက စစ်ကောင်စီဘက်ထောင်ထားတဲ့ ဗုံးဖြစ်တယ်။  အခုဗုံးကွဲတာ အများပြည်သူသွားတဲ့ လမ်းမှာကွဲတာ။ အခုအလောင်းကို ဒီမနက်ပိုင်းစစ်ကောင်စီတပ်တွေ လာယူသွားတယ်” ဒေသခံ တစ်ဦးက  ဆိုပါတယ်။

အဆိုပါဗုံးပေါက်ကွဲမှုမှာ  သေဆုံးသွားသူတွေ ပတ်သက်ပြီး သေသေချာချာ မသိရသေးပါဘူး။ 

စစ်ကောင်စီတပ်တွေက အောက်တိုဘာလနဲ့ နိုဝင်ဘာလတွေမှာ ရေးဦး၊ တန့်ဆည်၊ ဒီပဲယင်းစတဲ့ မြို့နယ်တွေကို သိသိသာသာ အင်အားအလုံး အရင်းနဲ့ထိုးစစ်ဆင်နေကာ ဒေသခံကျေးရွာတွေကို ဝင်ရောက်တပ်စွဲထားပါတယ်။

ဒါ့အပြင် ကျေးရွာသားတွေရဲ့ပစ္စည်းမှန်သမျှ ဖျက်ဆီးခံနေရပြီး စစ်ကောင်စီတပ်တွေက စစ်ကိုင်းတိုင်း ကျွန်းလှမြိုနယ်အတွင်း လေယာဉ်တွေပါအသုံးပြုပြီးတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေ ရဲ့ ပြောပြချက်အရသိရပါတယ်။DVB

မဟာအောင်မြေတွင် အသက် ၅၀ ကျော်အ ရွယ် အမျိုးသား သေနတ်ဖြင့်ပစ်ခံရပြီး သေ ဆုံး

မန္တလေး၊ မဟာအောင်မြေမြို့နယ်နေ ဦးမျိုးနိုင်ဆိုသူသည် ယနေ့ညနေက သေနတ်ဖြင့် လေးချက်အပစ်ခံရကာ နေရာတွင် ပွဲချင်းပြီး သေဆုံးသွားသည်။ အသက် ၅၀ ကျော်အရွယ် ဦးမျိုးနိုင်သည် ညနေ ၆နာရီကျော်က ၎င်း၏နေအိမ်အနီးဖြစ်သော သံလျှက်မှော်အနောက်ရပ်ကွက် ၄၂ လမ်း၊ ၉၁ လမ်းနှင့် ၉၂ လမ်းကြားတွင် ပစ်သတ်ခံရခြင်းဖြစ်သည်။

“သေနတ်နဲ့လေးချက်တိတိခေါင်းကိုတေ့ပြီး ပစ်သတ်ခံလိုက်ရတာပါ၊ ပွဲချင်းပြီးသေပါတယ်၊ ဒီလူကနေ့လယ်ကရပ်ကွက်ရုံး ဗုံးပေါက်တဲ့ကိစ္စ မကြည်ဘူးထင်တယ်၊ ရပ်ကွက်ထဲလှည့်ရမ်းတာ ညကျရင် ရပ်ကွက်ထဲကဟာတွေရှင်းပစ်မယ်တဲ့” ဟု ဒေသခံတစ်ဦးက ပြောသည်။

အသတ်ခံရသူကို ဒလန်ဟု သမုတ်ကြသည်ကိုသိရသော်လည်း ပစ်ခတ်မှုကို မည်သည့်အဖွဲ့က ပြုလုပ်သည်ကိုမူ မသိရသေးပေ။

သံလျှက်မှော်အနောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ယနေ့ နေ့လယ်ပိုင်းက ၁နာရီကျော်ခန့်က ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး စစ်ကောင်စီ နှစ်ဦး အ ပြင်းအထန် ဒဏ်ရာရခဲ့ကြောင်း ဗုံးဖောက်ခွဲမှုပြုလုပ်ခဲ့သည့် ပြည်သူ့ကာကွယ်ရေးပြောက်ကြားတပ်ဖွဲ့(မန္တလေး) GZP(Mandalay)က ထုတ်ပြန်ခဲ့သည်။mizzima

ရေးမြို့နယ်၌ NLD ထောက်ခံသူကို ဖမ်းမမိသဖြင့် ညီမဝမ်းကွဲကို စစ်တပ်က ဖမ်းဆီးပြီး နေအိမ်ကို ချိတ်ပိတ်

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အဘော်ကျေးရွာ၊ ပတ္တမြားတန်း(ကျားတန်း)က အန်အယ်လ်ဒီ ထောက်ခံသူ ရေလုပ်ငန်းရှင် ဒေါ်ဇင်မာအောင်ရဲ့နေ အိမ်ကို နိုဝင်ဘာ ၃ ရက်နေ့ ည ၁၀ နာရီလောက်က ချိတ်ပိတ်သွားပြီး နေအိမ်မှာရှိနေတဲ့ ညီမဝမ်းကွဲ  တော်စပ်သူကို ဓားစားခံအဖြစ် ဖမ်း​ဆီးသွားတယ်လို့ သိရပါတယ်။

“ည ၁၀ နာရီလောက်လာပြီးချိတ်ပိတ်သွားတယ်။ ဒေါ်ဇင်မာအောင်တို့လင်မယားကို လာရှာတာ မတွေ့လို့ ရှိတဲ့သူ့ညီမဝမ်းကွဲကိုဖမ်းသွားတယ်၊ သူကနေအိမ်နဲ့ အလုပ်ရုံပေါင်းထားတာ ၊ အခုတော့ အိမ်ကိုချိတ်ပိတ်သွားတော့ အလုပ်ရုံကောပိတ်ခံရတာပေါ့”လို့ ​ဒေသခံတစ်ဦးက ပြောပါတယ်။ 

ဒေါ်ဇင်မာအောင်က အန်အယ်လ်ဒီပါတီ အမာခံထောက်ခံသူတစ်ဦးဖြစ်ပြီး ရေးမြို့က ရေလုပ်ငန်းရှင် တစ်ဦးလည်းဖြစ်ပါတယ်။

အလာားတူ ရေးမြို့နယ် အစင်စံပြကျေးရွာမှာလည်း  အန်အယ်လ်ဒီပါတီဝင် နှစ်ဦးရဲ့ နေအိမ်တွေကို   စစ်ကောင်စီက ချိတ်ပိတ်ထားပါတယ်။  DVB

ဖယ်ခုံတွင် ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုနှင့် စစ်ကောင်စီတပ် တိုက်ပွဲအပြင်း အထန်ဖြစ်၊ စစ်ကောင်စီဘက်မှ ၂၀ ခန့် သေဆုံး

ရှမ်းပြည်နယ်နှင့်ကယားပြည်နယ် နယ်စပ် ဖယ်ခုံမြို့နယ် ခေါင်းအိကျေးရွာနှင့်စက်တော်ကျေးရွာအနီးတစ်၀ိုက်တွင် ယနေ့ နိုဝင်ဘာလ ၄ ရက်နေ့ စစ်ကောင်စီတပ်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုများ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီဘက်မှ ၂၀ ခန့် အနည်းဆုံးသေဆုံးကြောင်း လွိုင်ကော်PDF က ပြော သည်။

နိုဝင်ဘာလ ၄ ရက်နေ့ ဖယ်ခုံမြို့နယ် ခေါင်းအိကျေးရွာ နှင့် စက်တော်ကျေးရွာ တစ်ဝိုက်တွင် စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေး တပ်များ တိုက်ပွဲ ပြင်းထန်စွာ ထပ်မံ ဖြစ်ပွားခဲ့ပြီး မြေပြင်ရဲဘော်များ၏ အတည်ပြုချက်အရ စစ်သား ၂၀ ခန့် အနည်းဆုံး ကျဆုံးကြောင်း၊ ပြည်သူ့ကာ ကွယ်ရေးတပ်ပေါင်းစုတွင် လွိုင်ကော် PDF ၊ ဖယ်ခုံ PDF ၊ KA ၊ ဒီးမော့ဆို PDF ၊ မိုးဗြဲ PDF ၊ အလယ်ပိုင်းတိုင်း PDF ၊ KGZ ၊ KNDF စသည့် အဖွဲ့အစည်းအသီးသီး လည်း ပါဝင်တိုက်ပွဲဝင်ခဲ့ကြပြီး အလယ်ပိုင်းတိုင်း PDF မှ ရဲဘော် (၁) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း လွိုင်ကော် PDF က ပြောသည်

စစ်ကောင်စီဘက်က လက်နက်ကြီးအင်အား အလွန်အကျွံသုံးစွဲမှု နှင့် ရွာများရှိ ပြည်သူ့နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများ ၊ပစ္စည်းများ ဖျက် ဆီးခိုးယူခြင်းများ ၊ စပါးကွင်းများကို ဖျက်ဆီးခြင်းများ ဆက်တိုက်ကျူးလွန်လျက်ရှိကြောင်း လွိုင်ကော်PDF ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။khit thit

တောင်တွင်းကြီးတွင် တပတ်အတွင်း ဖမ်းခံရသူ ၆၀ ကျော်ရှိ

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့မှာ အောက်တိုဘာလကုန်ပိုင်းကနေ နိုဝင်ဘာလ ၄ ရက် အထိ အကြမ်းဖက်စစ်ကောင်စီတပ်က သံသယနဲ့ ဖမ်းဆီးသွားတဲ့ ပြည်သူ အယောက်  ၆၀ ကျော်ရှိတယ်လို့ သိရပါတယ်။

ဒေသခံတဦးက ”ကြယ်တံခွန်မုန့်ဆိုင်က ဖြူဖြူထိုက် တို့ အသတ်ခံရပြီး အဖမ်းအဆီးတွေ အရမ်းများလာတယ်။ ဖမ်းပြီး တောင်တွင်းကြီးရဲစ ခန်းထဲမှာ ထားတယ်လို့သိရတယ်။ ပြည်သူတွေရဲ့ဖုန်းတွေကိုလည်းသိမ်းသွားပြီး ပြန်မပေးဘူး။ အခုလည်း   အရပ်ဝတ်တွေနဲ့ပတ်နေတယ်” လို့ ပြောပြပါတယ်။

ပြီးခဲ့တဲ့ရက်အနည်းငယ်က အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တွေဟာ ညပိုင်းတွေမှာ ပြည်သူတွေနဲ့ နေအိမ်တွေကို အကြမ်းဖက်ဝင်ရောက်တာတွေရှိပြီး လမ်းသွားလမ်းလာတွေ၊ လက်ဖက်ရည်ဆိုင်ထိုင်နေသူတွေနဲ့ နေအိမ်တွေကိုဝင်ရောက်စီးနင်းပြီး လက်ကိုင်ဖုန်းတွေကို သိမ်းဆည်းသွားကြပြီး ပြန်တောင်းလို့မရကြောင်း ဒေသခံပြည်သူတွေဆီက သိရပါတယ်။

”အခုရက်ပိုင်းဖမ်းတာ ၆၀ ကျော်ရှိတယ်။ အမျိုးသမီးတွေလည်းအများကြီးပါတယ်။ တချို့အမျိုးသမီးတွေဆို အသက် ၂၀ အောက်တွေအများကြီး။ ဖမ်းခံရတဲ့သူတွေက သံသယနဲ့ CDM သမားတွေရဲ့ ဆွေမျိုးတွေကိုလည်း ဓားစာခံလုပ်ပြီးဖမ်းထားတာ” လို့ ရဲစခန်းနဲ့နီးစပ်သူတဦး ပြောပြပါတယ်။

တောင်တွင်းကြီးမြို့မှာ အောက်တိုဘာ ၂၃ ရက်နေ့က ကြံ့ခိုင်ရေးပါတီထောက်ခံသူ စစ်ကောင်စီသတင်းပေး မြင့်ဝင်းနဲ့ အောက်တိုဘာ ၂၉ ရက်နေ့က စစ်ကောင်စီရဲ့ တပ်ရင်းမှူးအဆင့်ရှိသူနဲ့ဆွေမျိုးတော်စပ်သူ ဖြူဖြူထိုက် တို့ ပစ်သတ်ခံရပြီးနောက် အဖမ်းအဆီးတွေများပြားလာတာဖြစ်ပြီး ဆိုင်ကယ်စီးနင်းသူတွေကိုလည်း အကြမ်းဖက်စစ် ကောင်စီက ကန့်သတ်တာတွေပြုလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။DVB

« Older Entries