Monthly Archives: Nov 2021

ဖျာပုံမြို့တွင် ဒလန်ဟုနာမည်ထွက်နေသူ စစ် သားဟောင်း အသတ်ခံရ

ဧရာဝတီတိုင်း၊ဖျာပုံမြို့တွင် ဒလန်ဟုနာမည်ထွက်နေသူ စစ်သားဟောင်း ကိုလူမင်းကို လူတစ်စုက ယနေ့ညနေ ၅ နာရီ ၄၅ မိနစ်အချိန်မှာ သေ နတ်ဖြင့်ပစ်သတ်သွားကြောင်း ဒေသခံများထံကသိရသည်။

အသက် ၅၀ ကျော်အရွယ် ကိုလူမင်းသည် ၎င်း၏နေအိမ်မှ (၁၅) ရပ်ကွက်အုပ်ချုပ်ရေးမှူးသို့သွားရာလမ်းတွင် သေနတ်ဖြင့် နှစ်ချက်ပစ်သတ်ခံခဲ့ရခြင်းဖြစ်ပြီး အခင်းဖြစ်ပွားရာနေရာတွင် ပွဲချင်းပြီးသေဆုံးသွားကြောင်း ဖျာပုံဒေသခံတစ်ဦးကပြောသည်။”သူ့ကြောင့်အဖမ်းခံရတာတွေလည်းမနည်းဘူး၊ စစ်သားတွေနဲ့ရဲတွေ ဧည့်စာရင်းလိုက်စစ်ရင်လည်းသူအမြဲပါတယ်။

ဒီနေ့ညနေတော့ အုပ်ချုပ်ရေးမှူးရုံးကိုသွားတဲ့အချိန် ဆိုင်ကယ်မောင်းနေရင်း အပစ်ခံလိုက်ရတာ ဆိုင်ကယ်ဦးထုပ်တောင် ပေါက်ထွက်တယ်၊ခေါင်းကိုချည်းပဲ နှစ်ချက်ပစ်သွားတာပါ”ဟုဒေသခံတစ်ဦးကပြောသည်။

သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရပြီး မိနစ်အနည်းငယ်တွင် ဖျာပုံမြို့ အမှတ် ၁၅ ရပ်ကွက်အတွင်း စစ်အုပ်စုနှင့်ရဲများက ပိတ်ဆို့စစ်ဆေးမှုများပြုလုပ်နေသည်ဟု ဒေသခံများ၏ပြောကြားချက်အရသိရသည်။mizzima

ရှစ်လေးလုံး အာဇာနည်ကျောင်းသူ မဝင်းမော်ဦး၏ဖခင် ကွယ်လွန်

ရှစ်လေးလုံးအရေးတော်ပုံမှာ စစ်တပ်ရဲ့အကြမ်းဖက်ပစ်ခတ်မှုကြောင့် ကျဆုံးခဲ့ရတဲ့ အာဇာနည်ကျောင်းသူ မဝင်းမော်ဦးရဲ့ ဖခင် ဖြစ်သူ ဦးဝင်းကြူဟာ ဒီကနေ့ နိုဝင်ဘာ ၄ ရက် ညနေ ၄ နာရီ ၅၅ မိနစ်မှာ ကွယ်လွန် သွားပါတယ်။

ဦး၀င်းကြူဟာ နာတာရှည်အဆုတ်ရောဂါခံစားနေရတာဖြစ်ပြီး  အောက်စီဂျင်အိုးနဲ့ အ သက်ရှူနေရသူဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းကလည်း ရန်ကုန်ဆေးရုံကြီးမှာ အရေးပေါ် တက်ရောက် ကုသမှုခံယူခဲ့ရပြီး ခုရက်ပိုင်းမှာတော့ ကျန်းမာရေးအခြေအနေဆိုးဝါးလာတဲ့အကြောင်း မိသားစုဝင်တွေက မျှဝေထားခဲ့ပါတယ်။

လတ်တလောမှာတော့ သူ့ရဲ့ နာရေးသတင်းအပေါ် ပြည်သူတွေက ဝမ်းနည်းစိတ်မ ကောင်းဖြစ်ရကြောင်း အင်တာနက်လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ရေးသားမျှဝေ နေကြပါတယ်။DVB

ပဲခူးစစ်တပ်က လူမမိသဖြင့် ဆိတ် ၅၁ ကောင်ကို သိမ်းယူ 

ပဲခူးတိုင်း ပဲခူးမြို့နယ်တွင် ယမန်နေ့ (နိုဝင်ဘာ ၃) က ရပ်ကျေးအဆင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဥက္ကဋ္ဌတစ်ဦးကို ဖမ်းမမိသောကြောင့် စစ်ကောင်စီက ဆိတ် ၄၈ ကောင်ကို ဖမ်းယူသွားသည်။ 

ပဲခူးမြို့အရှေ့ဘက် ၁၆ မိုင်ခန့်အကွာရှိ ထန်းတောကြီးရွာ ပါတီဥက္ကဋ္ဌသည် အာဏာသိမ်းပြီး မတ်လကတည်းက ဖမ်းဝရမ်းထုတ်ခံထားရသည်ဟု သူ၏ မိသားစုဝင်တစ်ဦးထံမှ သိရသည်။

“သူပုန်ဖြစ်တဲ့အတွက် သူရဲ့ပိုင်ဆိုင်မှုတွေ သိမ်းတယ်လို့ ပြောသွားတယ်တဲ့။ အခု အိမ်ကို ချိပ်ပိတ်လားတော့ မသိသေးဘူး။ အစ်မတို့လဲ သုံးလပိုင်းကတည်းက ရှောင်နေရတာ” ဟု မိသားစုဝင်အမျိုးသမီးက Myanmar Now ကို ပြောသည်။ 

မိသားစုဝင်အားလုံး ထွက်ပြေးတိမ်းရှောင်နေရသဖြင့် အသက် ၆၁ နှစ်အရွယ် ဖခင်ဖြစ်သူ၏ အမည်ကို ထည့်သွင်းဖော်ပြခြင်း မပြုရန် ယင်းမိသားစုဝင် အမျိုးသမီးက မေတ္တာရပ်ခံသည်။ 

ရပ်ကျေး NLD ဥက္ကဋ္ဌပိုင် ဆိတ်များကို ရွာအရှေ့ဘက် တစ်မိုင်ကျော်ရှိ တောထဲတွင် အမျိုးသမီးတစ်ဦးက အငှားကျောင်းပေးနေစဉ် သုံးဘီးဆိုင်ကယ်ဖြင့် ရောက်လာသည့် စစ်သား ၈ ဦးက ဆိတ် ၆၃ ကောင်အနက် ၄၈ ကောင်ကို ဖမ်းသွားသည်ဟု ဆိုသည်။ 

ဆိတ်တစ်ကောင်လျှင် ကာလပေါက်ဈေး ကျပ်တစ်သိန်းသုံးသောင်းခန့်ရှိကြောင်း၊ ဆိတ်များ သိမ်းယူခံရသည်ကို အခြားရွာခံများမှတစ်ဆင့် သိရခြင်းဖြစ်ကြောင်း ထိုရပ်ကျေး NLD ပါတီဥက္ကဋ္ဌ၏ မိသားစုဝင်က ပြောသည်။

“ရွာကလူတွေပြောတာပဲ သိရတာ။ အခုချိန်ထိ (ဆိတ်တွေထားတဲ့) တဲနားကို ဘယ်သူမှ မကပ်ရဲသေးဘူး” ဟု ၎င်းက ပြောသည်။

ထို့ပြင် နိုဝင်ဘာ ၂ ရက်ကလည်း စစ်ကောင်စီတပ်သား သုံးဦးနှင့် အရပ်ဝတ်တစ်ဦးက ဆိတ်သုံးကောင် လာရောက်ယူဆောင်သွားဟု သိရသည်။

ထန်းတောကြီးရွာ NLD ဥက္ကဋ္ဌ ဖခင်ဖြစ်သူသည် စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြပွဲများကို ဦးဆောင်ခဲ့သူဖြစ်ကြောင်း၊ မိသားစုဝင် အမျိုးသမီးနှစ်ဦးမှာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ထားသည့် ကျောင်းဆရာမများ ဖြစ်ကြောင်း အထက်ပါ အမည်မဖော်လိုသူ အမျိုး သမီးက ဆက်ပြောသည်။ 

ဖခင်ကို မည်သည့်ပုဒ်မဖြင့် အမှုဖွင့်ထားသည် မသိရဘဲ ပဲခူးမြို့နယ် ထန်းတောကြီးကျေးရွာရှိ မိသားစုပိုင်နေအိမ်ကို စစ်ကောင်စီက လေးကြိမ်တိုင် လာရောက်ရှာဖွေခဲ့သည်ဟု ပြောသည်။ 

“လက်နက်တွေလုပ်တယ်ဆိုပြီး ခဏခဏဝင်ရှာတာ။ အဖေ့ဆီကို အရင်လိုက်တာ။ အဖေ့ကို မမိတော့ အစ်မတို့လဲ ရွာကနေ အပျောက်နေနေကြတာ။ မိသားစု ၆ ယောက်လုံး ပြေးနေရတာ။ အိမ်ထောင်စုဇယားနဲ့ လိုက်တော့ အကုန်ပြေးနေရတယ်” ဟု အထက်ပါ အမျိုးသမီးက ပြော သည်။

“ပစ်မိန့်ပေးထားတယ်၊ ဝရမ်းထုတ်ထားတယ်၊ အဖေကို မမိရင် အစ်မတို့ကို ဖမ်းမှာ၊ လုံးဝ ပြန်မလာနဲ့လို့ (ရွာခံတစ်ဦးက) ပြောတယ်”

နေအိမ်ကို မတ်လ ၂၃ ရက် ညပိုင်းတွင် စစ်ကောင်စီက ပထမဆုံးအကြိမ်ဝင်ရောက်ရှာဖွေစဉ် ဆိုလာပြား၊ တီဗီ၊ အင်ဗာတာ၊ ဘက်ထရီအိုး စသည့်ပစ္စည်းများ ယူဆောင်သွားကာ အချို့ကို ဖျက်ဆီးခဲ့သည်ဟု သိရသည်။ 

မတ်လ ၂၇ တွင် ဒုတိယအကြိမ်ဝင်စီးကာ ငါးဖမ်းပိုက်နှင့် မြက်ရိတ်စက်ကို ယူဆောင်သွားကြောင်း၊ ယခု နိုဝင်ဘာလတွင် နေအိမ်ကို စစ်သားများ နှစ်ကြိမ်ရောက်လာခဲ့ကြောင်းလည်း မိသားစုဝင်အမျိုးသမီးထံမှ သိရသည်။ 

စစ်ကောင်စီက အလိုရှိနေသည့်သူကို ဖမ်းမမိသဖြင့် ယခုကဲ့သို့ တိရစ္ဆာန်များကို ယူဆောင်သွားခြင်းသည် စစ်တပ်၏ လုပ်ရပ်ကို မီးမောင်းထိုးပြနေခြင်းဖြစ်သည်ဟု ပဲခူးမြို့ခံတစ်ဦးဖြစ်သူ ကိုမျိုးကိုက ပြောသည်။

“လက်နက်အားကိုးနဲ့ အပစ်မဲ့ပြည်သူတွေကို လိုက်ပစ်သတ်တယ်။ ပြည်သူတွေရဲ့ စည်းစိမ်ဥစ္စာတွေကို လိုက်ဖျက်ဆီးတယ်။ သိမ်းယူတယ်။ လူ့အဖွဲ့အစည်းတစ်ခုလုံးကို လက်နက်အားကိုးနဲ့ အနိုင်ကျင့်တယ်ဆိုတာ ပိုပေါ်လွင်တာပေါ့ဗျာ”ဟု ကိုမျိုးကိုက ပြောသည်။

ကိုမျိုးကိုမှာ ပဲခူးမြို့တွင် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုများတွင် ပါဝင်ခဲ့သူဖြစ်ကာ စစ်ကောင်စီက ဖမ်းဝရမ်းထုတ်ထားသ ဖြင့် လက်ရှိတွင် ထွက်ပြေးတိမ်းရှောင်နေရသူ ဖြစ်သည်။ 

လူကို မမိသဖြင့် ဆိတ်များ ဖမ်းဆီးသွားသည်၊ ပစ္စည်းများ ၄ ကြိမ် ယူဆောင်ကြသည်ဟူသော ပြောဆိုချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီ ပြန် ကြားရေးတာဝန်ယူထားသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို မေးမြန်းရန် ကြိုးစားသော်လည်း ဖုန်းအဆက်အသွယ် မရခဲ့ပေ။

ဖေဖော်ဝါရီ ၁ တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်က နိုင်ငံ့ခေါင်းဆောင်များအပါအဝင် ပြည်သူအများအပြားကို ဖမ်းပြီး အာဏာသိမ်းလိုက်ရာ အပြင်းအထန် ဆန့်ကျင်ကန့်ကွက်သူများထဲတွင် ပဲခူးဒေသခံများလည်း ပါဝင်သည်။myanmar now

DMO-PDF တပ်ရင်း(C)မှ မွန်းမံသင်တန်း​ ဆင်းပွဲပြုလုပ်

အမျိုးသားညီညွတ်​ရေးအစိုးရ NUG၏ လမ်းညွှန်မှု​အောက်ရှိ ပြည်သူ့ကာကွယ်​ရေးတပ်-ဒီး​မော့ဆို(DMO-PDF) တပ်ရင်း (C) မှ မွန်းမံသင် တန်း​ကိုအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ကြောင်း ဒီးမော့ဆို – PDFက ယနေ့တွင် သတင်းထုတ်ပြန်သည်။

DMO-PDFတပ်ဖွဲ့အနေဖြင့် စစ်​ကောင်စီတပ်ဖွဲ့ကို အစွမ်းကုန်ကြိုးစားတိုက်ထုတ်သွားမည်ဖြစ်ပြီး ဖယ်ဒရယ်ဒီမိုက​ရေစီ ပန်းတိုင်​ရောက်​အောင် ကြိုးစားသွားမည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။အခက်အခဲကြားထဲက အဖက်ဖက်မှ ကူညီ​ပေး​သွား​​သော အလှူရှင်များကိုလည်း အထူးပင်ဂုဏ်ပြုအပ်ကြောင်း DMO-PDFက ဆိုထားသည်။mizzima

ထန်တလန်အတွက် ပန်ဆယ်လိုနှင့် သူငယ်ချင်းများက ကျပ်သိန်း ၃၀၀ လှူဒါန်း

စစ်ကောင်စီအကြမ်းဖက်အဖွဲ့ရဲ့ မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ ချင်းပြည်နယ် ထန်တလန်မြို့က စစ်ဘေး ရှောင်  ပြည်သူတွေအတွက် ပန်ဆယ်လိုနဲ့ သူငယ်ချင်းတွေက ငွေကျပ်သိန်း ၃၀၀ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

ချင်းပြည်နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံတပ်ဖွဲ့တွေကြား တိုက်ပွဲတွေစတင်ခဲ့တာ လနဲ့ချီကြာမြင့်နေခဲ့ပြီဖြစ်ကာ တိုက်ပွဲတွေကြောင့် ဒေသခံတွေ ထောင်သောင်းချီ နေရပ် စွန့်ခွာထွက်ပြေးတိမ်းရှောင်နေ ကြရတာဖြစ်ပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်က အောက်တိုဘာ ၂၉ ရက် မနက်ပိုင်းမှာ ထန်တလန်မြို့ရှိ ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို လက် နက်ကြီးတွေနဲ့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တာ၊ မီးရှို့ဖျက်ဆီးတာတွေကြောင့် ခရစ်ယာန်ဘုရားကျောင်းတွေ အပါအဝင် လူနေအိမ်ခြေ ရာနဲ့ချီ ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်ပြီး မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက  ကုလသမဂ္ဂ အထွေ ထွေညီလာခံမှာ နိုင်ငံတကာအသိုက်အဝန်းအနေနဲ့  ပြည်သူတွေကို စစ်တပ်ရဲ့ ရက် စက်ကြမ်းကြုတ်မှုတွေမှ အကာအကွယ်ပေးနိုင်ရေး အမြန်ဆုံးအရေးယူဆောင်ရွက်ဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကလည်း ချင်းပြည်နယ်၊ ကယား (ကရင်နီ)ပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့အပါအဝင် မြန်မာ နိုင်ငံတဝန်း စစ်ကောင်စီကြောင့် အရပ်သားပြည်သူတွေ ဒုက္ခမျိုးစုံ ရင်ဆိုင်ကြုံတွေ့ခံစားနေရမှုကို အမြန်ဆုံးရပ်တန့်နိုင်ရေးအတွက် ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေ အမြန်ပြုလုပ်ဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို တိုက်တွန်းထားပါတယ်။DVB

ဖယ်ခုံမြို့နယ်အတွင်းတိုက်ပွဲပြင်းထန် စစ်ကောင်စီတပ်မှ ၄ ဦးသေဆုံး၊ ကာကွယ်ရေးတပ် ၂ ဦးဒဏ်ရာရ

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် လွယ်ဟွဲကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့်ပြ ည်သူ့ကာကွယ်ရေးတပ် (PDF) များအကြားတိုက်ပွဲပြင်းထန်ကြောင်း ဒီးမော့ဆိုကာကွယ်ရေးတပ်က ယနေ့တွင် ထုတ်ပြန်သည်။

တိုက်ပွဲအခြေအနေနှင့်ပတ်သက်ပြီး ” ဒီနေ့ နံနက် ၇ နာရီအချိန်ခန့် ဖယ်ခုံမြို့နယ်၊ လွယ်ဟွဲကျေးရွာသို့ ထိုးစစ်လာပြီး PK-PDF၊ KGZ၊ LKW-PDF၊ MB-PDF၊ အလယ်ပိုင်းတိုင်းPDF၊ DMO-PDFတို့ ပူးပေါင်း၍ ခုခံတိုက်ထုတ်ခဲ့ပါတယ်၊လက်ရှိအခြေအနေထိ စစ်ကောင်စီဖက်က အ နည်းဆုံး လေးဦးသေဆုံးအများအပြား ထိခိုက်ဒဏ်ရာ ရရှိနိုင်ကြောင်း” ဒီးမော့ဆို PDF ထံမှသိရပါသည်။

ကာကွယ်ရေးတပ်ဘက်မှ နှစ်ဦးထိခိုက်ဒဏ်ရာရပြီး တစ်ဦးမှာ စိုးရိမ်ရကြောင်းလည်း ထုတ်ပြန်ချက်တွင်ပါရှိသည်။mizzima

အမေရိကန်သတင်းသမား Danny Fenster ကို စစ်ကောင်စီက လဝကဥပဒေဖြင့် ထပ်အမှုဖွင့်

ပုဒ်မနှစ်ခုဖြင့် တရားစွဲဆိုခံထားရသည့် အမေရိကန်သတင်းသမား Danny Fenster ကို စစ်ကောင်စီက နိုဝင်ဘာ ၃ ရက်တွင် လူဝင် မှုကြီး ကြပ် ရေးအက်ဥပဒေပါ ပုဒ်မ ၁၃ (၁) ဖြင့် ထပ်မံအမှုဖွင့်လိုက်သည်ဟု ဖမ်းဆီးခံသတင်းသမား၏ ရှေ့နေက ပြောသည်။

ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅−က အပြင် မတရားအသင်းဆက်သွယ်မှုဥပဒေပါ ပုဒ်မ ၁၇(၁) ဖြင့်ပါ တရားစွဲဆိုခံထားရသည့် အမေရိကန်သတင်းသမားကို ယမန်နေ့ရုံးချိန်းတွင် လဝကမှုဖြင့် ထပ်မံအမှုဖွင့်လိုက်ခြင်းဖြစ်ကာ မည်သည့်အတွက် ထိုသို့ ထပ်တိုးတရားစွဲဆိုသည်ကို မသိရသေးကြောင်း Danny Fenster ၏ ရှေ့နေ ဦးသန်းဇော်အောင်က Myanmar Now ကို ပြောသည်။

“ဘာကြောင့် ပုဒ်မထပ်တိုးလဲ မသိရသေးဘူး။ မနေ့ကမှ တိုးတယ်ဆိုတော့ နောက်မှသိရမယ်။ အမှုတွဲ သေချာကြည့်ချိန် မရလိုက်ဘူး” ဟု ၎င်းက ပြောသည်။

လဝကဥပဒေ ပုဒ်မ ၁၃(၁) တွင် ပြစ်ဒဏ်ထင်ရှားပါက အနည်းဆုံးထောင်ဒဏ် ၆ လမှ အများဆုံး ၅ နှစ်အထိ ကျခံရနိုင်သည်ဟု ပြဋ္ဌာန်းထား သည်။

ယမန်နေ့ရုံးချိန်းတွင် ပုဒ်မ ၅၀၅-က အမှုအတွက် အာမခံလျှောက်ထားမှုကို တရားရုံးက ပယ်ချခဲ့ပြီး စွဲဆိုထားသည့် အမှုသုံးခုလုံးအတွက် ရုံး ဖွင့်ရက်များတွင် နေ့စဉ် ပုံမှန်စစ်ဆေးသွားမည်ဟု ဦးသန်းဇော်အောင်က ဆက်ပြောသည်။

“သူကျန်းမာရေးကောင်းတယ်။ ဒါပေမဲ့ နည်းနည်းတော့ပိန်သွားတယ်။ ဒီလိုမျိုး အမှုတိုးနေတာတွေကို စိတ်ပျက်တယ်လို့ ပြောတယ်” ဟု ၎င်းက ပြောသည်။

အမေရိကန်သတင်းသမား Danny Fenster ကို စစ်ကောင်စီက ပုဒ်မ ၅၀၅−က၊ ပုဒ်မ ၁၇(၁) တို့ဖြင့် စွဲဆိုထားသည့် အမှုနှစ်ခုလုံးမှာ ထုတ်ဝေခွင့်လိုင်စင်ပိတ်သိမ်းခံရပြီးနောက်ပိုင်း Myanmar Now သတင်းဌာနက ရေးသားဖော်ပြခဲ့သော သတင်းများနှင့် ပတ်သက်ကြောင်း ဦးသန်းဇော်အောင်က ပြောကြားထားသည်။ 

ရန်ကုန်အခြေစိုက် Frontier Myanmar မဂ္ဂဇင်း၏ အုပ်ချုပ်မှုအယ်ဒီတာဖြစ်သူ အမေရိကန်နိုင်ငံသား Danny Fenster မှာ အာဏာမသိမ်းမီ ၂၀၂၀ ပြည့်နှစ် ဇူလိုင်လကုန်ကတည်းက Myanmar Now မှ အလုပ်ထွက်ထားသူဖြစ်သည်။ 

အသက် ၃၇ နှစ်အရွယ် Danny Fenster မှာ မေလ ၂၄ ရက်က မိသားစုရှိရာ အမေရိကန်နိုင်ငံသို့အပြန် ရန်ကုန်လေဆိပ်၌ ဖမ်းဆီးခံရခြင်းဖြစ်ကာ အင်းစိန်ထောင်၌ ထိန်းသိမ်းခံထားရသည်မှာ ၅ လကျော်ရှိပြီဖြစ်သည်။

Danny Fenster ကို ပြန်လွှတ်ပေးရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက တောင်းဆိုထားသော်လည်း စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ် ဗိုလ် ချုပ်ဇော်မင်းထွန်းကမူ ထိန်းသိမ်းထားရမည့်အခြေအနေဖြစ်၍ ထိန်းသိမ်းထားခြင်းဖြစ်သည်ဟု စက်တင်ဘာလကုန်းပိုင်းတွင် သတင်းစာရှင်း လင်းပွဲ၌ ထုတ်ဖော်ပြောဆိုခဲ့သည်။

အမေရိကန်ဝါရင့်သံတမန်ဟောင်း Bill Richardson ၏ နိုဝင်ဘာ ၁ မှ ၄ အထိ မြန်မာနိုင်ငံခရီးစဉ်အတွင်း Danny Fenster လွတ်မြောက်နိုင်ရန်ရှိသည်ဟု VOA သတင်းဌာနက ရေးသားခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အစိုးရလက်ထက်တွင် ဒေါ်အောင်စုဆန်းကြည်ဖွဲ့စည်းခဲ့သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးအဖွဲ့တွင် အဖွဲ့ဝင်တစ်ဦးအဖြစ် ပါဝင်ခဲ့သူ Bill Richardson မှာ နိုဝင်ဘာ ၂ ရက်နေ့တွင် အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။

အာဏာသိမ်းပြီးနောက် သတင်းသမား ၁၀၀ ဝန်းကျင်ကို စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ပြန်လွတ်လာသူအချို့ရှိသော်လည်း သ တင်းသမားအများအပြား ဆက်လက်ဖမ်းဆီးခံထားရဆဲဖြစ်ကာ ကြီးလေးသော ပုဒ်မများဖြင့် စစ်ကောင်စီက စွဲဆိုထားသည့် အမှုများကို ရင် ဆိုင်နေရသူများလည်း ရှိသည်။ myanmar now

“လုံးဝအုပ်ချုပ်ခွင့်မရစေရ”ကြွေးကြော်သံဖြင့် လူထုတရပ်လုံးဆက်လက်တော်လှန်ကြရန် နှိုး ဆော်

“လုံးဝအုပ်ချုပ်ခွင့်မရစေရ”ဆိုတဲ့ ကြွေးကြော်သံနဲ့အတူ မြန်မာပြည်သူလူထုတရပ်လုံးက  တောထဲ၊ တောင်ထဲကရဲဘော်တွေ၊ မြို့ပြလမ်းမတွေပေါ်က ရဲဘော်တွေနဲ့ တသားတည်း ရှိကြောင်း၊ အတူတကွတိုက်ပွဲဝင်ကြောင်းကိုပြသပြီး ဆက်လက်တော်လှန်ကြဖို့  တကသများ-ရန်ကုန်က နှိုးဆော် ထားပါတယ်။

ရန်ကုန်အခြေစိုက်တက္ကသိုလ်ကျောင်းသားသမဂ္ဂများ (တကသများ-ရန်ကုန်) က စတင်ကိုင် စွဲကြွေးကြော်ခဲ့တဲ့ ဒီကြွေးကြော်သံဟာ ဖိနှိပ်ခံဒေသအသီးသီးမှာ ကျယ်လောင်စွာ ထွက်ပေါ်ခဲ့ပြီး အခုအချိန်ကာလတိုင် ထွက်ပေါ်နေဆဲလည်း ဖြစ်ပါတယ်။

လက်နက်ကိုင်တော်လှန်ရေးအတွက် တော်လှန်ရေးရဲဘော်တွေ တောထဲ၊ တောင်ထဲ ပြင် ဆင်နေကြတဲ့အချိန်မှာ ပြည်သူလူထုကြီးတရပ်လုံးဟာ ဒီကြွေးကြော်သံကို ကိုင်စွဲထားကြ ဖို့ လိုပြီး တစတစနဲ့ ဝါးမြိုလာနေတဲ့ အာဏာသိမ်းစစ်အုပ်စုရဲ့ လက်တံတွေကြားထဲကို မရောက်သွားဖို့၊ အာဏာသိမ်းစစ်အုပ်စုကို လုံးဝအုပ်ချုပ်ခွင့်မပေးဖို့ လိုအပ်နေတာ ဖြစ်ပါ တယ်။

ဒါ့အပြင် အရှေ့ကာလတွေမှာ တောက်လျှောက် လှုံ့ဆော်လာခဲ့တဲ့ အခွန်မဆောင်ဖို့၊ မီ တာမဆောင်ဖို့၊ ကျောင်းမတက်ဖို့၊ စစ်တပ်ရဲ့စီးပွားရေးထုတ်ကုန်မှန်သမျှကို သပိတ် မှောက်ဖို့၊ အမိန့်တိုင်း၊ ညွှန်ကြားချက်တိုင်းကို ဖီဆန်ဖို့ စတဲ့ ‘ဘူး’ သပိတ်တွေဟာလည်း လက်နက်မဲ့ပြည်သူတွေအနေနဲ့ စစ်အုပ်စုရဲ့ ရင်ဝကိုဖြတ်ကန်နိုင်တဲ့ အင်အားတွေဖြစ် တယ်လို့ ဆိုပါတယ်။

လူထုလှုပ်ရှားတွေဟာလည်း မီးမသေဖို့လိုအပ်လာတဲ့အပြင် စစ်အုပ်စုကို အပြင်းထန်ဆုံး ဆန့်ကျင်ဖီဆန်တော်လှန်ပြီး လမ်းမတွေပေါ် ထွက်လာကြတဲ့ လူငယ်တွေ၊ ကျောင်းသား တွေကိုလည်း ပြည်သူလူထုအနေနဲ့ ကူညီအားပေးဖို့၊ ပူးပေါင်းဖို့လည်း တိုက်တွန်းထားပါ တယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့က စတင်ကာ အကြမ်းဖက်စစ်ကောင်စီက မတရားအာဏာသိမ်းယူမှုကို ပြည်သူလူထုတရပ်လုံးက ဆန့်ကျင်တော်လှန်ခဲ့ကြတဲ့ နွေ ဦးတော်လှန်ရေးကာလဟာ ၉ လကျော်ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။

ဒီကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ ပညာရေး၊ ကျန်းမာရေး၊ စီးပွား ရေးကဏ္ဍတွေအသီးသီးမှာ အဘက်ဘက်က ကျဆင်းနေခဲ့ပြီး ပြည်သူတွေဟာ အာဏာ ရှင်စနစ်ချုပ်ငြိမ်းရေးအတွက် ဆက်လက်ပြီးတော့ ပါဝင်နေကြတာပါ။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကတော့ စစ်အာဏာရှင်ဆန့်ကျင်ရေး ခုခံတွန်းလှန် စစ် စတင်ကြောင်းနဲ့ မင်းအောင်လှိုင် ဦးဆောင်တဲ့ အ ကြမ်းဖက်စစ်အုပ်ချုပ်ရေးကို လှည်း နေလှေအောင်း မြင်းဇောင်းမကျန် တွန်းလှန်တိုက်ဖျက်ကြဖို့ စက်တင်ဘာ ၇ ရက်မှာ  ကြေညာထားပြီး အချိန်ကာလအားဖြင့် ပြည်သူ့အုပ်ချုပ်ရေးအာဏာ ပြန်လည် ထူထောင် နိုင်တဲ့အချိန်အထိ သတ်မှတ်ကြောင်း ထုတ်ပြန်ထားပါတယ်။DVB

ဒဿမတန်းကျောင်းသူအပါအဝင် အမျိုးသမီး ၃ ဦးကို PDF ထောက်ပံ့ သည်ဆိုကာ သံတွဲတွင်ဖမ်းဆီး

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်( PDF) ကိုငွေထောက်ပံ့ပေး သည်ဟုဆိုကာ ဒဿမတန်းကျောင်းသူအပါအဝင် အမျိုးသမီးသုံးဦးကို ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဒေသခံတစ်ဦးက မဇ္ဈိမသို့ပြောသည်။

ဖမ်းဆီးခံထားရသူများမှာ အသက် ၃၅ နှစ်အရွယ် မငြိမ်းအိဖြူကျော် ၊ အသက် ၂၅ နှစ်အရွယ် မတင်စန္ဒာဝင်း နှင့် အသက် ၁၇ နှစ်အရွယ် မသိမ့်အေးချမ်းတို့ဖြစ်သည်။ မသိမ့်အေးချမ်းမှာ ဒဿမတန်းကျောင်းသူတစ်ဦးလည်းဖြစ်သည်။သူတို့၏ နာမည် နှင့် မှတ်ပုံတင်နံပတ်များကိုအသုံးပြုပြီး K-pay အကောင့်ဖွင့်ကာPDF များကို ငွေထောက်ပံ့ပေးနေသည်ဟုစွပ်စွဲကာ ဖမ်းဆီးသွားခြင်းဖြစ်သည်။

မငြိမ်းအိဖြူကျော်နှင့် မတင်စန္ဒာဝင်း နှစ်ဦးကို သံတွဲမြို့မရဲစခန်းမှာ အကြမ်းဖက်မှုတိုက် ဖျက်ရေးဥပဒေပုဒ်မ – ၅၀(ည) ဖြင့် သံတွဲမြို့ နယ်ရဲမှုးမှ တရားလိုလုပ်ကာ အမှုဖွင့်ထားသည်။ သို့သော် မသိမ့်အေးချမ်းကို မည်ကဲ့သို့ဆောင်ရွက်နေသည်ကို မသိ ရှိရသေးကြောင်း ဒေသခံတစ်ဦးကပြောပါသည်။

“ သူများကလုပ်ပြီးတော့။ မတရားခံရတယ်ပေါ့နော်။ အိမ်ကမိသားစုဝင်တွေလည်းမသိ၊ K-pay အကောင့်တွေဘာတွေရှိတာလည်းမသိဘူး၊ သူကသုံးလည်းမသုံးဘူး၊ သူ့အတွက် စိုးရိမ်တယ်” ဖမ်းဆီးခံထားရတဲ့အထဲမှ မိသားစုဝင်တစ်ဦးကပြောသည်။ရခိုင်ပြည်နယ်အတွင်း PDF နှင့်ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီးခံထားရသူခြောက် ဦးအထိ ရှိလာနေပါသည်။ သံတွဲမြို့နယ်မှ ငါးဦးနှင့် မြောက်ဦးမြို့နယ်မှတစ်ဦးတို့ဖြစ် ပါသည်။mizzima

« Older Entries Recent Entries »