Monthly Archives: Nov 2021

ပုလဲမြို့နယ် သပြေကုန်းရွာတွင် စစ်ကောင်စီတပ်မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၂ဦးသေဆုံးဟုဆို

စစ်ကိုင်တိုင်း၊ ပုလဲမြို့နယ် သပြေကုန်းရွာအနောက်ဘက်တွင် စစ်ကောင်စီ၏ ခြေလျင်တပ်ကို နိုဝင်ဘာလ ၅ရက် မနက်၁၀ နာရီခွဲတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က နှစ်ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ကြောင်း Pale PDF-Headquarters ၏ ပြောဆိုချက်အရ သိရသည်။

“မနေ့က ပုလဲမြို့နယ် မင်းတိုင်ပင်ရွာမှာ သေနတ်များပစ်ဖောက် ခြိမ်းခြောက် လမ်းသွားလမ်းလာပြည်သူတွေကို အကြမ်းဖက်စစ်ဆေးခဲ့ပြီးဘုန်းကြီးကျောင်းမှာ တပ်စွဲခဲ့တဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေက ယနေ့မနက်မှာ မင်းတိုင်ပင်ရွာ NLD လွှတ်တော်အမတ် ဦးဇော်ထက် မိ သားစုပိုင်နေအိမ်ကို ၉ နာခန့်မှာ ဝင်ရောက်မွှေနှောက်ဖျက်ဆီးပြီး သပြေကုန်းဘက်ကို ထွက်လာတဲ့အချိန်မှာ မိုင်းဆွဲခဲ့တာ”ဟု Pale PDF-Headquarters အဖွဲ့မှပြောသည်။

စစ်ကောင်စီတပ် အင်အား ၃၀ခန့်ရှိ ခြေလျှင်တပ်ကို မင်းတိုင်ပင်ရွာမှ အထွက် သပြေကုန်းရွာအနောက်ဘက် အရောက်တွင် ပုလဲပြည်သူ့ကာကွယ်ကွယ်ရေးတပ်ဖွဲ့များမှ မိုင်း ခြောက်လုံးဆွဲကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အနည်းဆုံး နှစ်ဦး သေဆုံးကြောင်း ၎င်းတို့က ပြောသည်။ ယင်းအပြင် စစ်ကောင်စီတပ်များ ဦးနှောက်ရွာအနီးအရောက် Pale PDF-Headquarters အပါအဝင် ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဝိုင်း ဝန်းပစ်ခတ်ခဲ့ကြသေးပြီး ထိုနေရာတွင်မူ စစ်ကောင်စီဘက်က အထိအခိုက်မရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်သဖြင့် ဆုတ်ခွာခဲ့ကြသော်လည်း ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ လွတ်ကင်းရာကို အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့သည်ဟု သိရသည်။mizzima

တီးတိန်မြို့နယ် တိုက်ပွဲတွင် စစ်ကောင်စီဘက်က ၂ ဦးသေဆုံး

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်မှာ  နိုဝင်ဘာ ၅ ရက် ဒီနေ့   CDF၊ Zoland-PDF ပူးပေါင်းတပ်ဖွဲ့နဲ့  စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားပြီးတော့ စစ်ကောင်စီဘက်က ၂ ယောက်သေဆုံးကာ တချို့ ဒဏ်ရာရသွားတယ်လို့ CDF(ကလေး၊ကဘော်၊ဂန့်ဂေါ)က ထုတ်ပြန်ပါတယ်။

တီးတိန်မြို့နယ် အာလွယ်ရွာနဲ့ ဆိုဇံရွာကြား ကနေဒီတောင်ခြေနားမှာ ဒီကနေ့  နေ့လယ်  ၃ နာရီခွဲလောက်က CDF(KKG)ရဲ့တပ်ရင်း(၂) ၊  (CDM Siyin)နဲ့ Zoland-PDF တို့ညီနောင်မဟာမိတ်အဖွဲ့နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ခဲ့တာလို့ ဆိုပါတယ်။

ဒါအပြင် အဲဒီတိုက်ပွဲအတွင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်ထံကနေ  သေနတ် ၂ လက်ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

တိုက်ပွဲမှာ CDF-KKG နဲ့ Zoland-PDF ညီနောင်မဟာမိတ်တပ်ဖွဲ့ဘက်က တပ်ဖွဲ့ဝင်တစ်ယောက် ကျည်ဆံထိမှန်ဒဏ်ရာရရှိခဲ့ပြီးတော့ မစိုးရိမ်ရဘူးလို့ ဆိုပါတယ်။

မိဘပြည်သူတွေအနေနဲ့ စစ်အာဏာရှင်အမြစ်ပြတ်ခြေမှုန်းရေးအတွက် စစ်ရေးအခြေနေအရ ကလေး-ဂန်ဂေါလမ်းပိုင်းနဲ့ ကလေး-သိုင်းငင်းလမ်းပိုင်းတွေကို ည ၆ နာရီကနေ မနက် ၆ နာရီအတွင်းဖြတ်သန်းသွားလာတာတွေမပြုလုပ်ကြဖို့ သတိပေးထားပါတယ်။DVB

စုန်းချောင်းတွင် စစ်ကျွန် ပညာရေး အလိုမရှိကြောင်းနှင့် အကြမ်းဖက် စစ်အာဏာရှင် ချေ မှုန်းရေး ကျောင်းသား၊ ပြည်သူများ ချီတက် ဆန္ဒပြ

khit thit

ယုဇနပလာဇာအား ​၄ ရက်ကြာ ပြန်လည်ပိတ်ထားမည်

မကြာမီရက်ပိုင်းက ပြန်လည်ဖွင့်လှစ်ခဲ့​သော ယုဇနပလာဇာ၌ ဝါယာ​လျှော့ဖြစ်ခဲ့သည်ဆို​သောအ​ကြောင်းပြချက်ဖြင့် ယ​နေ့ နိုဝင်ဘာလ ၅ရက်​နေ့မှစတင်ကာ လေးရက်တိုင် ​ခေတ္တပိတ်ထား​ကြောင်းသိရသည်။

“မ​နေ့ညက ဝါယာ​လျှော့ဖြစ်တယ်တဲ့၊ ဒီ​နေ့မနက်ကဆို ဆိုင်ကပစ္စည်း​တွေသွားပြန်ထုတ်တာ ထုတ်မရဘူး၊ ​နောက်​တော့ဝင်ခွင့်​ပေးတယ် မီး​တွေပြတ်​နေ​တော့ ဖုန်းမီး​လေးနဲ့​တော့ဝင်ထုတ်လို့ရခဲ့တယ်။ ဖွင့်တာမှမကြာ​သေးဘူး ပြန်ပိတ်​တော့ ​ရေရှည်ဘယ်လိုအလုပ်လုပ်ရမလဲ။ ဖွင့်ရင်လည်းဖွင့်၊ မဖွင့်ရင်လည်းပိတ်သာထားလိုက်​တော့၊ ပစ္စည်း​တွေဆိုင်မှာ ခင်းကျင်းလိုက် ပြန်သိမ်းလိုက်နဲ့အလုပ်အရမ်းရှုပ်တယ်။

ဒီပုံစံအတိုင်းဆို ကိုယ့်ပစ္စည်း​တွေလည်း စိတ်မချရ​တော့ဘူး။ အခုလည်း ဘယ်​တော့မှပြန်ဖွင့်မလဲမသိပါဘူး” ဟု ယုဇနပလာဇာထဲရှိ လက်လီ လက်ကား​စျေး​ရောင်းချသူတစ်ဦးက ​ပြောသည်။သြဂုတ်လမှစတင်ကာ သုံးလကြာယာယီပိတ်ထားခဲ့​သော ယုဇနပလာဇာ​စျေးကြီးအား နိုဝင် ဘာလ ၁ရက်​နေ့က ပြန်လည်ဖွင့်လှစ်​ပေးခဲ့သည်။

နိုဝင်ဘာ ၄ရက်တွင်မူ ဝါယာလျှော့ဖြစ်သည်ဟုဆိုကာ နိုဝင်ဘာ ၅ရက်မှ ၈ရက်အထိ လေးရက်တာ ပိတ်ထားမည်ဖြစ်သည်။ ဝါယာလျှော့ဖြစ်သည့် အလွှာနှင့် မည်သည့်ဆိုင်က ဖြစ်ခဲ့သည်ကိုမူ မသိရှိရသေးပေ။mizzima

ကသာတွင် စစ်တပ်က ကိုအောင်အောင်ကို လမ်းပြအဖြစ် ဖမ်းခေါ်ပြီး နဖူးတည့်တည့် သေနတ်ဖြင့် ပစ်သတ်၍ အလောင်းဖျောက်

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်များက မိုးတာကျေးရွာမှ ကိုအောင်အောင်ကို နိုဝင် ဘာလ ၂ ရက်နေ့တွင် လမ်း ပြအဖြစ် ဖမ်း ဆီးခေါ်သွားပြီး နဖူးတည့်တည့် သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ် အ လောင်း ဖျောက်ဖျက်ကြောင်း ဒေသခံများထံမှ သိရှိရသည်။

နို၀င်ဘာ (၂)ရက် မွန်းလွဲ (၁)နာရီ၀န်းကျင် ကသာမြို့နယ် မိုးတားလေးကျေး ရွာအုပ်စုအတွင်း စစ်ကောင်စီတပ်များက စစ်ကြောင်း ထိုးလာစဉ် ဖိုးတုတ်ကုန်းအခင်းစုအရောက် ကိုအောင်အောင်(ခ)အငယ်လေးကို လမ်းပြပေးရန် ဖမ်းဆီးခေါ်ဆောင်သွားပြီး ကိုအောင်အောင်၏ နေအိမ်နှင့် နွားတင်းကုပ်ကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

ယနေ့ နို၀င်ဘာ ၅ နံနက်ပိုင်း ကိုအောင်အောင်၏ မိသားစု၀င်များက ကိုအောင်အောင်ကို လိုက်လံရှာဖွေ ရာ မြေပုံတစ်ခုဘေးတွင် ကိုအောင်အောင် ၏ဦးထုပ်တွေ့တဲ့အတွက်မြေပုံကိုတူးဖော်ကြည့်ရာမှ နဖူးကျည်ဖောက်ဒဏ်ရာဖြင့် မြေမြုပ်နှံထားသော ကိုအောင်အောင်၏ အလောင်းကို တွေ့ရှိရခြင်းဖြစ်ကြောင်း သိရှိရသည်။khit thit

လှိုင်သာယာအထည်ချုပ်စက်ရုံတွင် ဆန္ဒပြအလုပ်သမားများကို စက်ရုံတာဝန်ရှိသူက စစ်တပ်ခေါ်ဖမ်းခိုင်း

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ပန်းစက်မှုဇုန်ရှိ GASAN  APPAREL (အထည်ချုပ်)စက်ရုံမှာ နိုဝင်ဘာ ၅ ရက် မနက်ပိုင်းက စက်ရုံလုပ်သား ရပိုင်ခွင့်တွေအတွက်  အလုပ်သမားတွေ ဆန္ဒပြရာမှာ စက်ရုံတာဝန်ရှိသူတွေက စစ်တပ်ခေါ်ယူ ဖမ်းဆီးခိုင်းခဲ့တယ်လို  စက်ရုံဝန်ထမ်းတွေဆီက သိရပါတယ်။

အချိန်ပိုလုပ်အားခအပါအဝင် အလုပ်သမားရပိုင်ခွင့်တွေကို အလုပ်ရှင်က အဓမ္မ ဖြတ်ချလိုက်တဲ့အတွက်   ရာနဲ့ ချီတဲ့ အလုပ်သမားတွေက မကျေနပ်လို့ ဆန္ဒပြကြတာလို့ စက်ရုံ ဝန်ထမ်း တဦးက ပြောပါတယ်။ 

“အရင်က DAY ကြေး၊ OT ကြေး၊ ရက်မှန်ကြေး၊ ကျွမ်းကျင်ကြေး၊ ကားခ ၊ ထမင်းဖိုးနဲ့ နှစ်ကြေးဆိုပြီးပေးပါတယ်။ အခုက အားလုံးဖြုတ်ချလိုက်ပြီး DAY ကြေး ၄၈၀၀ ပဲရမယ်လို့ပြောလို့ စက်ရုံလုပ်သား ၃၅၀ ဝန်းကျင်နဲ့ ဆန္ဒပြတောင်းဆိုခဲ့ကြတာပါ။ အဲ့ဒါကို မဖြေရှင်းပေးဘဲ စက် ရုံက GM မခင်သန္တာဦးနဲ့ မန်နေဂျာဦးမျိုးလွင်တို့က စစ်တပ်ကိုခေါ်ပြီး လာဖမ်းခိုင်းပါတယ်။”

စက်ရုံတာဝန်ရှိသူတွေက ဖုန်းဆက်ခေါ်တဲ့အတွက် စစ်ကောင်စီတပ်တွေ စက်ရုံကို ရောက်လာပေမဲ့ အလုပ်သမားတွေကို ဖမ်းဆီးတာတော့ မရှိဘူးလို့လည်း စက်ရုံဝန်ထမ်းက ပြောပါတယ်။ 

“စစ်ကား ၅ စီး၊  ရဲကား ၁ စီး ရောက်လာပေမဲ့  အလုပ်သမားတွေက ညီတော့ ဖမ်းတော့မသွားပါဘူး။ မနက် ၁၁ နာရီလောက်မှာပြန်သွားကြတယ်။ ဘယ်ချိန်လာ ဖမ်းမယ်တော့မသိဘူး။ ဓာတ်ပုံတွေရိုက်သွားတယ်။”

အလုပ်ရှင်နဲ့ အလုပ်သမားတွေအကြား ပြဿနာနဲ့ ပတ်သက်ပြီး GASAN  APPAREL (အထည်ချုပ်)စက်ရုံဘက်ကိုတော့ ဒီဗွီဘီက ဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိခဲ့ပါဘူး။

ဆန္ဒပြအလုပ်သမားတွေကို ဖမ်းဆီးဖို့ စစ်တပ်ကိုခေါ်ခဲ့တဲ့  GM မခင်န္တာဦးဟာ ရဲမှူးသမီးဖြစ်ပြီး မန်နေဂျာဖြစ်သူ ဦးမျိုးလွင်ဟာလည်း အငြိမ်း စား စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်တယ်လို့ ဆိုပါတယ်။

လှိုင်သာယာမြို့နယ်အတွင်းက စက်ရုံအများစုဟာ စစ်အာဏာသိမ်းပြီးနောက် အလုပ်အကိုင်ရှားပါးနေတာကို အခွင့်ကောင်းယူပြီး အလုပ်သ မား၊ ဝန်ထမ်းတွေအပေါ် ဖိနှိပ်မှုတွေ ရှိနေပြီး အလုပ်သမာားရပိုင်ခွင့် လျှော့ချ အနိုင်ကျင့်မှုတွေ ရှိလာနေတယ်လို့ သိရပါတယ်။DVB

မန္တလေးတွင် ရာအိမ်မှူးသေနတ်ဖြင့် ပစ်ခတ်ခံရပြီး ဆေးရုံရောက်

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ အောင်သာယာရပ်ကွက် ရာအိမ်မှူးဖြစ်သူ အသက် ၇၀ ၀န်းကျင်အရွယ် အမျိုးသားတစ်ဦး ယနေ့ ညနေပိုင်းက သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရကြောင်းသိရသည်။အဆိုပါ ရာအိမ်မှူးသည်ရပ်ကွက်ရုံးမှ အိမ်သို့လမ်းလျှောက်အပြန်တွင် ဆိုင်ကယ်စီးလာသူနှစ်ဦးကပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

“ရာအိမ်မှူးရဲ့ ပါးကိုသေနတ်မှန်သွားတယ်။ဆေးရုံကားလာခေါ်ပြီးဆေးရုံပို့လိုက်တယ်။သေမသေမသိသေးဘူး”ဟု ရပ်ကွက်အတွင်းနေထိုင်သူတစ်ဦးကဆိုသည်။ယမန်နေ့ညနေပိုင်းကလည်း မန္တလေးမြို့ မဟာအောင်မြေမြို့နယ် သံလျှက်မော် အနောက်ရပ်ကွက်မှ ရပ်ကွက်ရာအိမ်မှူးတစ်ဦး သေနတ်ဖြင့် လေးချက်ခန့် ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည်။

ယခုရက်ပိုင်းအတွင်း မန္တလေးမြို့က စစ်ကောင်စီလက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ရာအိမ်မှူးများ အသတ်ခံမှုများနေပြီး မန္တလေးမြို့ကရပ်ကွက်အုပ်ချုပ်ရေးမှူးများလည်း နှုတ်ထွက်စာတင်သူများပြားလာကြောင်းသိရသည်။mizzima

စမ်းချောင်းတွင် စစ်ကောင်စီတပ်များကို ဓာတ် ပုံလှမ်းရိုက်သည်ဟုဆိုကာ အမျိုးသား ၂ ဦး ဖမ်းဆီးခံရ

စစ်ကောင်စီတပ်များက ၎င်းတို့ကို ဓာတ်ပုံလှမ်းရိုက်သည်ဟုဆိုကာ ငါးလွှာတိုက်ပေါ်တက်ပြီး အမျိုးသားနှစ်ဦးကို ဖမ်းဆီးသွားမှု နိုဝင်ဘာလ ၅ ရက် မနက် ၈ နာရီခန့်က စမ်းချောင်းမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း အနီးပတ်ဝန်းကျင်တွင် နေထိုင်သူက မဇ္ဈိမကို ပြောသည်။
“စစ်ကောင်စီတပ်တွေက ဘာအကာအကွယ်မှ ရှိမနေအောင် လမ်းဘေးဆိုင်တွေအကုန်လုံးကို ရှင်းနေတာ။ အဲ့ဒီမောင်လေးက သူ့အခန်းကနေ ဓာတ်ပုံလှမ်းရိုက်တယ်လို့ သိရတယ်။ အဲ့ဒါကို စစ်ကောင်စီတပ်တွေထဲက တစ်ယောက်က မြင်သွားပြီး အကုန်ဝိုင်းတက်ပြီး စစ်တာ တော်တော်ကြာတယ်” ဟု ၎င်းက ပြောသည်။

စစ်သား၊ ရဲနှင့် စည်ပင်ဝန်ထမ်းများက လမ်းဘေးဆိုင်များကို ဖယ်ရှားရှင်းလင်းနေချိန် ၎င်းတို့ကို တိုက်ပေါ်မှ ဓာတ်ပုံလှမ်းရိုက်သည်ဟုဆိုကာ ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ ဗဟိုလမ်းနှင့် သီရိလမ်းထောင့် Pizza Maru ဆိုင်၏ မျက်နှာချင်းဆိုင်တိုက်၊ ငါးလွှာတိုက်ခန်းကို ဝင်ရောက်စစ်ဆေးကာ အသက် ၂ဝ ကျော်အရွယ် အမျိုးသားနှင့် အသက် ၆ဝ ဝန်းကျင်အရွယ်အမျိုးသားတို့ကို ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း မျက်မြင်တွေ့သူတစ်ဦးက ပြောသည်

“ကောင်လေးက အသက် ၂ဝ ကျော်အရွယ် ပိန်ပိန်၊ မျက်မှန်နဲ့ အရပ်နည်းနည်းရှည်တယ်။ သူ့အဖေကတော့ အသက် ၆ဝ ဝန်းကျင်အရွယ် ဦးထွန်းလို့ သိရတယ်။ ကောင်လေးရဲ့ နာမည်တော့ မသိဘူး။ နှစ်ယောက်လုံးကို လက်ထိပ်ခတ်ပြီး ဖမ်းသွားတယ်” ဟု အဆိုပါသတင်းရင်းမြစ်က ပြောသည်။

“ဖုန်းကို မသင်္ကာလို့ စစ်ပြီးတော့ အခန်းထဲ တောက်လျောက်စစ်တယ်နဲ့တူတယ်။ အင်အားလည်း တော်တော်များများထပ်ခေါ်တာ တွေ့တယ်။ မနက် ၈ နာရီကျော်ကျော်လောက်မှာ ဝင်စစ်ပြီးတော့ နေ့လည် ၁၁ နာရီခွဲလောက်အထိ ထွက်မလာဘူး။ အထဲမှာ အကြာကြီးပဲ။ ပြီးတော့မှ လက်ထိပ်နောက်ပြန်ခတ်ပြီး အတင်းဆွဲလားရမ်းလားနဲ့ ရိုက်နှက်ခေါ်သွားတယ်။ လက်နက်တွေ မိတယ်ဆိုပြီးတော့လည်း စစ်သားတွေအ ချင်းချင်းပြောတာကြားတယ်” ဟု မျက်မြင်တွေ့သူတစ်ဦးက မဇ္ဈိမကို ပြောသည်။

စစ်ကောင်စီတပ်များက အဆိုပါတိုက်ခန်းကို ဝင်ရောက်မွှေနှောက်စစ်ဆေးကာ အခန်းရှိ ပုံးများနှင့် ပစ္စည်းအများအပြားကိုလည်း သယ်ယူသွားခဲ့ကြောင်း မြို့ခံများ၏ ပြောဆိုချက်အရ သိရသည်။mizzima

“အောင်လံလွှင့်ချီ နွေဦးထီ” ပြန်လည်စတင်ရောင်းချ

အောင်လံလွှင့်ချီနွေဦးထီ ပြန်လည်စတင်ရောင်းချတဲ့ ဒီနေ့  နိုဝင်ဘာ ၅ ရက် ညနေ ၆ နာရီအထိ စောင်ရေ ၈၅၀၀ ကျော်(ငွေကျပ်သိန်း ၁၇၀) ကျော်ဖိုးရောင်းကုန်ထားတယ်လို့ NUG ဘဏ္ဍာရေးနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းဇေယျာဦးက ပြောပါတယ်။

နွေဦးထီကို နိုဝင်ဘာ ၅ ရက်နေ့ကစပြီး နေ့စဉ်မနက် ၁၀ နာရီကနေ ည ၁၀ အထိရောင်းချပေးနေတာဖြစ်ပါတယ်။

စမ်းသပ်ကာလတုန်းကလို တစ်ရက်စာ လက်မှတ်အကန့်အသတ်နဲ့မဟုတ်တဲ့အတွက် ပြည်သူတွေက အားလပ်တဲ့အချိန်မှာ စိတ်ကြိုက်အား ပေးနိုင်မှာဖြစ်ပါတယ်။

စမ်းသပ်ကာလတုန်းကရောင်းအားနဲ့နှိုင်းယှဉ်ရင် အခုရောင်းအားက အနည်းငယ်အေး သလိုဖြစ်နေတဲ့အတွက် ပြည်သူတွေက ပိုပြီးအားပေးကြဖို့ ဦးမင်းဇေယျာဦးက တိုက်တွန်းပါတယ်။

“နည်းပညာတွေနည်းနည်းလေးပြောင်းလဲထားတယ်။ အချိန်အကန့်အသတ်မရှိလည်း ရောင်းပေးနေတာဆိုတော့လောလောဆယ်အထိတော့ အခြေအနေက မတည်ငြိမ်သေးဘူး။ ပြောလို့ မရသေးဘူးပေါ့။ နွေဦးထီဆိုတာ တော်လှန်ရေးထီဆိုတော့ စစ်ကောင်စီကိုဆန့်ကျင်တဲ့ပြည်သူတိုင်း လုံလုံခြုံခြုံလေးပါဝင်နိုင်အောင် ကျနော်တို့ ကြိုးစားထားပါတယ်။ နွေဦးထီမှာပါဝင်တာဟာ သပိတ်တိုက်ပွဲတစ်ရပ်မှာပါဝင်တာလို့ပဲလို့ ကျနော်ပြောချင်ပါတယ်။”

နွေဦးထီကို တစ်စောင်  ကျပ် ၂၀၀၀ နှုန်းနဲ့  အမျိုးသားညီညွတ်ရေးအစိုးရ NUG ကရောင်းချပေးနေတာဖြစ်ပြီး လစဉ် တစ်လမှာ ၂၅ ရက်၊ မနက် ၁၀ နာရီကနေ ည ၁၀ နာရီအထိဖွင့်လှစ်ရောင်းချပေးသွားမယ်လို့ နွေဦးထီမိသားစုက ထုတ်ပြန်ထားပါတယ်။

နွေဦးထီကို မြန်မာကျပ်ငွေနဲ့သာဝယ်ယူနိုင်မှာဖြစ်ပြီး အမြင့်ဆုံးဆုမဲပေါက်ငွေက တစ်စောင်ကို ၁၅ သိန်းကျပ်ဖြစ်ပါတယ်။

လစဉ်ရောင်းရငွေရဲ့ ၃၀ ရာခိုင်နှုန်းကို ဆုကြေးအနေနဲ့ ပြန်လည်ပေးအပ်သွားမှာဖြစ်ပြီး ရောင်းရငွေရဲ့ ၇၀ ရာခိုင်နှုန်းကို CDM သူရဲကောင်းတွေအတွက် ကူညီထောက်ပံ့သွားမယ်လို့ NUG က ကြေညာထားပါတယ်။

နွေဦးထီထိုးနည်း နည်းလမ်းသစ်တွေနဲ့ လိုအပ်ချက်တွေကို အောင်လံလွှင့်ချီနွေဦးထီတရားဝင်စာမျက်နှာမှာ ဖော်ပြထားပါတယ်။DVB

« Older Entries