စမ်းချောင်းတွင် စစ်ကောင်စီတပ်များကို ဓာတ် ပုံလှမ်းရိုက်သည်ဟုဆိုကာ အမျိုးသား ၂ ဦး ဖမ်းဆီးခံရ

စစ်ကောင်စီတပ်များက ၎င်းတို့ကို ဓာတ်ပုံလှမ်းရိုက်သည်ဟုဆိုကာ ငါးလွှာတိုက်ပေါ်တက်ပြီး အမျိုးသားနှစ်ဦးကို ဖမ်းဆီးသွားမှု နိုဝင်ဘာလ ၅ ရက် မနက် ၈ နာရီခန့်က စမ်းချောင်းမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း အနီးပတ်ဝန်းကျင်တွင် နေထိုင်သူက မဇ္ဈိမကို ပြောသည်။
“စစ်ကောင်စီတပ်တွေက ဘာအကာအကွယ်မှ ရှိမနေအောင် လမ်းဘေးဆိုင်တွေအကုန်လုံးကို ရှင်းနေတာ။ အဲ့ဒီမောင်လေးက သူ့အခန်းကနေ ဓာတ်ပုံလှမ်းရိုက်တယ်လို့ သိရတယ်။ အဲ့ဒါကို စစ်ကောင်စီတပ်တွေထဲက တစ်ယောက်က မြင်သွားပြီး အကုန်ဝိုင်းတက်ပြီး စစ်တာ တော်တော်ကြာတယ်” ဟု ၎င်းက ပြောသည်။
စစ်သား၊ ရဲနှင့် စည်ပင်ဝန်ထမ်းများက လမ်းဘေးဆိုင်များကို ဖယ်ရှားရှင်းလင်းနေချိန် ၎င်းတို့ကို တိုက်ပေါ်မှ ဓာတ်ပုံလှမ်းရိုက်သည်ဟုဆိုကာ ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ ဗဟိုလမ်းနှင့် သီရိလမ်းထောင့် Pizza Maru ဆိုင်၏ မျက်နှာချင်းဆိုင်တိုက်၊ ငါးလွှာတိုက်ခန်းကို ဝင်ရောက်စစ်ဆေးကာ အသက် ၂ဝ ကျော်အရွယ် အမျိုးသားနှင့် အသက် ၆ဝ ဝန်းကျင်အရွယ်အမျိုးသားတို့ကို ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း မျက်မြင်တွေ့သူတစ်ဦးက ပြောသည်
“ကောင်လေးက အသက် ၂ဝ ကျော်အရွယ် ပိန်ပိန်၊ မျက်မှန်နဲ့ အရပ်နည်းနည်းရှည်တယ်။ သူ့အဖေကတော့ အသက် ၆ဝ ဝန်းကျင်အရွယ် ဦးထွန်းလို့ သိရတယ်။ ကောင်လေးရဲ့ နာမည်တော့ မသိဘူး။ နှစ်ယောက်လုံးကို လက်ထိပ်ခတ်ပြီး ဖမ်းသွားတယ်” ဟု အဆိုပါသတင်းရင်းမြစ်က ပြောသည်။
“ဖုန်းကို မသင်္ကာလို့ စစ်ပြီးတော့ အခန်းထဲ တောက်လျောက်စစ်တယ်နဲ့တူတယ်။ အင်အားလည်း တော်တော်များများထပ်ခေါ်တာ တွေ့တယ်။ မနက် ၈ နာရီကျော်ကျော်လောက်မှာ ဝင်စစ်ပြီးတော့ နေ့လည် ၁၁ နာရီခွဲလောက်အထိ ထွက်မလာဘူး။ အထဲမှာ အကြာကြီးပဲ။ ပြီးတော့မှ လက်ထိပ်နောက်ပြန်ခတ်ပြီး အတင်းဆွဲလားရမ်းလားနဲ့ ရိုက်နှက်ခေါ်သွားတယ်။ လက်နက်တွေ မိတယ်ဆိုပြီးတော့လည်း စစ်သားတွေအ ချင်းချင်းပြောတာကြားတယ်” ဟု မျက်မြင်တွေ့သူတစ်ဦးက မဇ္ဈိမကို ပြောသည်။
စစ်ကောင်စီတပ်များက အဆိုပါတိုက်ခန်းကို ဝင်ရောက်မွှေနှောက်စစ်ဆေးကာ အခန်းရှိ ပုံးများနှင့် ပစ္စည်းအများအပြားကိုလည်း သယ်ယူသွားခဲ့ကြောင်း မြို့ခံများ၏ ပြောဆိုချက်အရ သိရသည်။mizzima