လှိုင်သာယာအထည်ချုပ်စက်ရုံတွင် ဆန္ဒပြအလုပ်သမားများကို စက်ရုံတာဝန်ရှိသူက စစ်တပ်ခေါ်ဖမ်းခိုင်း

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ပန်းစက်မှုဇုန်ရှိ GASAN APPAREL (အထည်ချုပ်)စက်ရုံမှာ နိုဝင်ဘာ ၅ ရက် မနက်ပိုင်းက စက်ရုံလုပ်သား ရပိုင်ခွင့်တွေအတွက် အလုပ်သမားတွေ ဆန္ဒပြရာမှာ စက်ရုံတာဝန်ရှိသူတွေက စစ်တပ်ခေါ်ယူ ဖမ်းဆီးခိုင်းခဲ့တယ်လို စက်ရုံဝန်ထမ်းတွေဆီက သိရပါတယ်။
အချိန်ပိုလုပ်အားခအပါအဝင် အလုပ်သမားရပိုင်ခွင့်တွေကို အလုပ်ရှင်က အဓမ္မ ဖြတ်ချလိုက်တဲ့အတွက် ရာနဲ့ ချီတဲ့ အလုပ်သမားတွေက မကျေနပ်လို့ ဆန္ဒပြကြတာလို့ စက်ရုံ ဝန်ထမ်း တဦးက ပြောပါတယ်။
“အရင်က DAY ကြေး၊ OT ကြေး၊ ရက်မှန်ကြေး၊ ကျွမ်းကျင်ကြေး၊ ကားခ ၊ ထမင်းဖိုးနဲ့ နှစ်ကြေးဆိုပြီးပေးပါတယ်။ အခုက အားလုံးဖြုတ်ချလိုက်ပြီး DAY ကြေး ၄၈၀၀ ပဲရမယ်လို့ပြောလို့ စက်ရုံလုပ်သား ၃၅၀ ဝန်းကျင်နဲ့ ဆန္ဒပြတောင်းဆိုခဲ့ကြတာပါ။ အဲ့ဒါကို မဖြေရှင်းပေးဘဲ စက် ရုံက GM မခင်သန္တာဦးနဲ့ မန်နေဂျာဦးမျိုးလွင်တို့က စစ်တပ်ကိုခေါ်ပြီး လာဖမ်းခိုင်းပါတယ်။”
စက်ရုံတာဝန်ရှိသူတွေက ဖုန်းဆက်ခေါ်တဲ့အတွက် စစ်ကောင်စီတပ်တွေ စက်ရုံကို ရောက်လာပေမဲ့ အလုပ်သမားတွေကို ဖမ်းဆီးတာတော့ မရှိဘူးလို့လည်း စက်ရုံဝန်ထမ်းက ပြောပါတယ်။
“စစ်ကား ၅ စီး၊ ရဲကား ၁ စီး ရောက်လာပေမဲ့ အလုပ်သမားတွေက ညီတော့ ဖမ်းတော့မသွားပါဘူး။ မနက် ၁၁ နာရီလောက်မှာပြန်သွားကြတယ်။ ဘယ်ချိန်လာ ဖမ်းမယ်တော့မသိဘူး။ ဓာတ်ပုံတွေရိုက်သွားတယ်။”
အလုပ်ရှင်နဲ့ အလုပ်သမားတွေအကြား ပြဿနာနဲ့ ပတ်သက်ပြီး GASAN APPAREL (အထည်ချုပ်)စက်ရုံဘက်ကိုတော့ ဒီဗွီဘီက ဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိခဲ့ပါဘူး။
ဆန္ဒပြအလုပ်သမားတွေကို ဖမ်းဆီးဖို့ စစ်တပ်ကိုခေါ်ခဲ့တဲ့ GM မခင်န္တာဦးဟာ ရဲမှူးသမီးဖြစ်ပြီး မန်နေဂျာဖြစ်သူ ဦးမျိုးလွင်ဟာလည်း အငြိမ်း စား စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်တယ်လို့ ဆိုပါတယ်။
လှိုင်သာယာမြို့နယ်အတွင်းက စက်ရုံအများစုဟာ စစ်အာဏာသိမ်းပြီးနောက် အလုပ်အကိုင်ရှားပါးနေတာကို အခွင့်ကောင်းယူပြီး အလုပ်သ မား၊ ဝန်ထမ်းတွေအပေါ် ဖိနှိပ်မှုတွေ ရှိနေပြီး အလုပ်သမာားရပိုင်ခွင့် လျှော့ချ အနိုင်ကျင့်မှုတွေ ရှိလာနေတယ်လို့ သိရပါတယ်။DVB