Monthly Archives: Nov 2021

ဟားခါးရှိ စစ်ကောင်စီစခန်း ၂ ခုကို CNA၊ CDF ပူးပေါင်းတပ်ဖွဲ့ဝင်တိုက်လို့ စစ်ကောင်စီတပ်သား ၁၁ ဦးသေဆုံး၊ ထန်တလန်မြို့ပေါ်တိုက်ပွဲတွင် ချင်းတပ်သား ၁ ဦး ကျဆုံး ၂ ဦး ဒဏ်ရာရ

ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ စစ်ကောင်စီတပ်စခန်း ၂ ခုအား ယနေ့ နိုဝင်ဘာလ ၆ ရက် နံနက်အစောပိုင်းတွင် ချင်းအမျိုးသားတပ်ဦး CNA၊ CDF ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ ဦး သေဆုံးကြောင်း ချင်းအမျိုးသားတပ်ဦး ပြောရေးဆို ခွင့်ရှိသူ ဆလိုင်းထက်နီထံမှ သိရှိရသည်။

“ဒီမနက် ၄ နာရီ ၅ နာရီခန့်မှာ ဟားခါးမြို့အထွက် ကျောဘုတ်ရပ်ကွက်မှာရှိတဲ့ စစ်ကောင်စီတွေ တပ်စွဲတဲ့ ဂိတ်ကို ဝင်တိုက်တာ စစ်ကောင်စီတပ်သား ၅ ယောက်သေတယ်၊ နောက် ဟားခါးက ပြည်နယ်ရဲတပ်ဖွဲ့ရုံး အပေါ်ဘက် တောင်ကုန်း စေတီနားက စခန်းကို ဝင်တိုက်တာ ရဲတပ်ဖွဲ့ဝင် ၆ ယောက်သေတယ်၊ နှစ်ခုပေါင်း ၁၁ ယောက်ပေါ့။ CNA၊ CDF ဘက်ကတော့ အကျအဆုံးမရှိဘူး၊ ထန်တလန် တိုက်ပွဲမှာတော့ ကျနော်တို့ဘက်က ၁ ယောက်ကျတယ်၊ ၂ ယောက် ဒဏ်ရာရတယ်။ စစ်ကောင်စီတပ် အကျအဆုံးတော့ မသိရသေးဘူး” ဟု ဆလိုင်းထက်နီက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ အတည်ပြု ပြောဆိုသည်။

လက်ရှိအချိန်တွင် ချင်းပြည်နယ်၌ တီးတိန်၊ ဖလမ်း၊ ဟားခါး၊ ထန်တလန်၊ မတူပီ၊ မင်းတပ်၊ ကန်ပက်လက်မြို့နယ်များတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ချင်းပူးပေါင်းတပ်ဖွဲ့ကြား တိုက်ပွဲများပိုမိုပြင်းထန်လာသလို နေ့စဉ်ရက်ဆက် တိုက်ပွဲများ ဖြစ်ပွားလာသည်ကို တွေ့ရှိရသည်။

“လက်ရှိ ချင်းပြည်နယ်မှာ အနော်ရထာစစ်ဆင်ရေးဆိုပြီး စစ်ကောင်စီက အင်အားတွေ တိုးချဲ့လာတယ်။ ဟားခါးဗျူဟာ၊ မတူပီဗျူဟာဆိုပြီး သူတို့ အထိုင်ချလာပြီးနောက်ပိုင်းမှာ ကျနော်တို့နဲ့ တိုက်ပွဲတွေ စိပ်လာတယ်။ ချင်းပြည်နယ်က မြို့နယ် ၇ ခုမှာ တိုက်ပွဲက ဖြန့်ပြီး ဖြစ်နေတယ်။ အခုဆို တိုက်ပွဲက ၁၃ ကြိမ် ၁၄ ကြိမ်လောက် ဖြစ်နေပြီ။ ပိုပြီး များလာမယ်၊ ပြင်းထန်လာမယ်လို့ ယူဆပါတယ်” ဟု ဆလိုင်းထက်နီက ရန်ကုန်ခေတ်သစ်သို့ သုံးသပ်ပြောဆိုသည်။khit thit

ထိုင်းတွင် တရားမဝင် မြန်မာလုပ်သားများတင်လာသည့်ကား တိမ်းမှောက်ပြီး ၃ ဦး သေဆုံး၊ ၄ ဦး ဒဏ်ရာရ

ထိုင်းနိုင်ငံ ကမ်ဖိင်ပက်ခရိုင်မှာ နိုဝင်ဘာ ၆ ရက် မနက်က  မဲဆောက်ကို ဖြတ်ပြီး ထိုင်းနိုင်ငံအတွင်းပိုင်းကို တရားမဝင် ဝင်လာတဲ့  မြန်မာအလုပ်သမားကားတစီး တိမ်းမှောက်လို့ ၃ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရသွားပါတယ်။

ဒဏ်ရာရ အသက် ၃၀ အရွယ် မြန်မာ အလုပ်သမားက “ကျနော်တို့ဟာ မဲဆောက် နယ်စပ်ကတဆင့် ထိုင်းနိုင်ငံအတွင်းပိုင်းအထိ လူ ၁ ဦးစီကို ဘတ် ၇၀၀၀ က ၂၃၀၀၀ အထိ ပေးရတယ်။ မဲဆောက်ကို ဖြတ်လာပြီး ကမ်ဖိင်ပက်ခရိုင်ထဲမှာ ကားမှောက်လို့ ရာဘာတောထဲမှာ ထားခဲ့ပြီး ကားသမား ထွက်ပြေးသွားတယ်။ နီးစပ်ရာကို အကူအညီတောင်းတော့ ရဲတွေနဲ့ လူနာတင်ကားတွေ လာတယ်။ ၃ ယောက် သေပြီး ၄ ယောက်ဒဏ်ရရတယ်” လို့ ပြောပါတယ်။

အခုဆိုရင် ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းအလုပ်သမား လက်မှတ်တွေလုပ်ပေးနေချိန် ဖြစ်ပါတယ်။ ထိုင်းနိုင်ငံကို နယ်စပ်ဖြတ်ကျော်  တရားမဝင် ဝင်ရောက်လာတဲ့  အလုပ်သမားတွေကို ထိုင်းအာဏာပိုင်တွေက အခုသီတင်းပတ်တွေအတွင်း  ပိုက်စိပ်တိုက် ဖမ်းနေတဲ့အတွက်  မြန်မာရွေ့ပြောင်းလုပ်သားတွေ နေ့စဉ်လိုလို ဖမ်းဆီးခံနေပါတယ်။DVB

သထုံမြို့နယ်၊ ကမာစိုင်ကျေးရွာအနီး စစ်ကောင်စီယာဉ်တန်းအား KNLA နှင့် သထုံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့က မိုင်းဆွဲတိုက် ခိုက် (ရုပ်/သံ)

khit thit

ကွမ်းခြံကုန်းတွင် စစ်ကောင်စီတပ်သား ၇ ဦးသေဆုံး၊ တွံတေးတွင် အုပ်ချုပ်ရေးမှူး တိုက် ခိုက်ခံရ

ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့နယ်မှာ စစ်ကောင်စီတပ်တွေ လိုက်ပါလာတဲ့  စစ်ကား နိုဝင်ဘာ ၅ ရက် မနက်က ပစ်ခတ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၇ ဦး သေ၊ ၁၃ ဦး ဒဏ်ရာ ရရှိ ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့က ဒီကနေ့ သတင်းထုတ်ပါတယ်။

ကွမ်းခြံကုန်းမြို့နယ်၊ အင်္ဂလုံးကျေးရွာအနီး လမ်းမပေါ်မှာ ကင်းလှည့်လာတဲ့ စစ်ကားပေါ် လိုက်ပါလာတဲ့ စစ်ကောင်စီတပ်သား အင်အား ၂၅ ဦးလောက်ကို မနေ့ည ၁၀ နာရီဝန်းကျင်မှာ ပြည်သူ့တော်လှန်ရေးအင်အားစုတွေက ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

ဒီပစ်ခတ်တိုက်ခိုက်မှုဟာ ရန်ကုန်တိုင်းစစ်​ဒေသခွဲ ကွပ်ကဲရေးအဖွဲ့က အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ “ပျံလွှားအောင်” စစ်ဆင်ရေးရဲ့ အစိတ်အပိုင်းတရပ်ဖြစ်ကြောင်းနဲ့ ဒီထက် ကြီးမားတဲ့ စစ်ရေးတိုက်ခိုက်မှုတွေကို ရန်ကုန်တိုင်း ဆက်လုပ်မယ်လို့လည်း ကြေညာထားပါတယ်။

ရန်ကုန်တိုင်း တွံတေးမြို့နယ်မှာလည်း စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးသားအဖနဲ့ ရာအိမ်မှူး တယောက်တို့ကို တိုက်ခိုက်ခဲ့တယ်လို့ တွံတေးမြို့ပြ ပြောက်ကျားအဖွဲ့က နိုဝင်ဘာ ၅ ရက်နေ့က ထုတ်ပြန်ပါတယ်။

ကျွန်းဘက် ကရင်ချောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ချစ်ဝင်းနဲ့ အပေါင်းအပါတွေကို နိုဝင်ဘာ ၄ ရက် ညပိုင်းက တိုက်ခိုက်ခဲ့တာဖြစ်ပြီး အုပ်ချုပ်ရေးမှူး ချစ်ဝင်းကို ဘယ်ဘက်လက်ကောက်ဝတ် ပြတ်ရှဒဏ်ရာရအောင် လုပ်ခဲ့ပြီး သူ့သားကိုတော့ သေနတ်နဲ့ ပစ်ခတ်ခဲ့ကာ ရာအိမ်မှူး စိန်ကြိုင်ကိုတော့ မျက်လုံးကို ပြင်းထန်တဲ့ ဒဏ်ရာရအောင် လုပ်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

အုပ်ချုပ်ရေးမှူး ချစ်ဝင်းရဲ့ သတင်းပေးတာကြောင့် ကျေးရွာပြည်သူတွေ ထိခိုက်ရုံမက အသက်သေဆုံးတဲ့ အထိ ဖြစ်ခဲ့ရတဲ့အပေါ် အခုလို အ ရေးယူတာလို့ ဆိုပါတယ်။

စစ်ကောင်စီနဲ့ ပတ်သက်တဲ့ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေကို ပြင်းပြင်းထန်ထန် အရေးယူသွားမှာဖြစ်လို့ အားလုံး ပြည်သူ့ရင်ခွင်ခိုလှုံ နုတ်ထွက်ကြဖို့လည်း သူတို့က သတိပေးထားပါတယ်။

တွံတေးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကလည်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့၊ မြို့နယ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့တို့အနေနဲ့ အမျိုးသားညီညွတ်ရေး အစိုးရရဲ့ လမ်းညွှန်ချက်၊ ဥပဒေ၊ ကျင့်ဝတ်တွေနဲ့အညီ စစ်ကောင်စီကို တော်လှန်သွားမယ်လို့ ဆိုပါတယ်။

ပြည်သူတွေအနေနဲ့ ဘာသာရေး ခုတုံးလုပ်တဲ့ ပွဲလမ်းသဘင်တွေ၊ ပျော်ပွဲရွှင်ပွဲတွေကို ပူးပေါင်းပါဝင်တာ မလုပ်ဖို့၊ အနီးတဝိုက်မှာ မနေကြဖို့ တွံတေးမြို့ပြ ပြောက်ကျားအဖွဲ့က  ကြေညာထားပါတယ်။DVB

မြန်မာနှင့်ဆိုင်သော သတင်းအချက်အလက်များကို ဖေ့ဘုတ်က ပေးအပ်မည်ဟု ကုလသ မဂ္ဂ စုံစမ်းစစ်ဆေးသူများ မျှော်လင့်

မြန်မာနိုင်ငံတွင် ၂၀၁၁ ခုနှစ်က ဖြစ်ပွားသော အပြင်းထန်ဆုံး နိုင်ငံတကာ ရာဇဝတ်မှုများကို စုဆောင်းလျက်ရှိရာတွင် ဖေ့ဘုတ်ကုမ္ပဏီက သတင်းအချက်အလက်များကို ပို၍ လက်လွှဲပေးအပ်လာလိမ့်မည်ဟု မျှော်လင့်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးသူများအဖွဲ့ အကြီးအကဲက သောကြာနေ့တွင် ပြောသည်။ 

မြန်မာနိုင်ငံနှင့် ပတ်သက်ပြီး နိုင်ငံတွင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာ တရားရုံးများတွင် အမှုစွဲတင်နိုင်ရေးအတွက် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးအဖွဲ့ IIMM က အမှုတည်ဆောက်လျက် ရှိခြင်း ဖြစ်သည်။ ယင်းအဖွဲ့အား ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက ၂၀၁၈ ခုနှစ်အတွင်း ဖွဲ့စည်းတည်ထောင်ခဲ့ခြင်း ဖြစ်ကာ နောက်ပိုင်းတွင် လုပ်ငန်းများ စတင်သည်။ 

IIMM နှင့်အတူ ပူးတွဲလုပ်ကိုင်နေကြောင်း ဖေ့ဘုတ်က ယခင်က ပြောထားဖူးသည်။ ဖေ့ဘုတ် လူမှုမီဒီယာသည် အကြမ်းဖက်မှုများကို အားဖြည့်သော အမုန်းတရား ပြောဆိုမှုများကို ကျယ်ပြန့်စေသည်ဟု ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးသူများက ၂၀၁၈ တွင် ပြောထားသည်။ အမုန်းတရား ပြောဆိုမှုများကို ပိတ်ဆို့နိုင်ရေးအတွက် လုပ်ကိုင်ဆောင်ရွက်နေသည်ဟု ဖေ့ဘုတ်က ဆိုသည်။ 

“၂၀၁၉ မှာ အဖွဲ့အစည်းအဖြစ် ထွက်ပေါ်လာချင်းပဲ ဖေ့ဘုတ်နဲ့ ချိတ်ဆက်ဆောင်ရွက်နေပါတယ်၊ ပုံမှန်ဆိုသလို ဖေ့ဘုတ်က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံလေ့ရှိတယ်”ဟု ဂျနီဗာအခြေစိုက် IIMM ၏ အကြီးအကဲ Nicholas Koumjian က နယူးယောက်တွင် သတင်းထောက်များအား သောကြာနေ့က ပြောသည်။ 

“အချို့ သတင်းအချက်အလက်တွေတော့ ကျွန်တော်တို့ ရရှိပါတယ်၊ ဒါပေမဲ့ ကျွန်တော်တို့ တောင်းခံထားသလောက်တော့ လုံးဝ မရသေးပါဘူး၊ သူတို့နဲ့ စေ့စပ်ညှိနှိုင်းမှုတွေ ဆက်လုပ်နေပြီး သတင်းအချက်အလက်တွေ ပိုပြီး ထုတ်ပေးမယ်လို့တော့ ကျွန်တော် အမှန်ပဲ မျှော်လင့်ပါတယ်၊ တစ်ချို့ ကျွန်တော်တို့ တောင်းဆိုတာတွေကို သူတို့က ခုနေခါမှ ပြန်ပြီးတော့ စဉ်းစားသုံးသပ်နေကြတာ ဖြစ်တယ်”ဟု ၎င်းက ပြောသည်။ 

အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဆီ လူပေါင်း ၇၃၀၀၀၀ ကျော်ထက်မနည်း ထွက်ပြေးရသည့် ၂၀၁၇ ခုနှစ်က စစ်တပ်၏ ရိုဟင်ဂျာများကို ဖြိုခွင်းမှုနှင့် ပတ်သက်ကာ မြန်မာနိုင်ငံသည် နိုင်ငံတကာ တရားရုံး ICJ ၌ လူမျိုးတုံး သတ်ဖြတ်မှုဖြင့် ရင်ဆိုင်နေရသည်။ 

မြန်မာနိုင်ငံဖက်မူ လူမျိုးတုံး သတ်ဖြတ်မှုဆိုသည်ကို ငြင်းဆန်ထားပြီး ရဲစခန်းများကို တိုက်ခိုက်သည့် အကြမ်းဖက်သမားများအား ဥပဒေဘောင်အတွင်းမှ နှိမ်နင်းခြင်းသာဖြစ်သည်ဟု ပြောဆိုထားသည်။ mizzima

ကနီမြို့တွင် မိုင်းပေါက်ကွဲမှုကြောင့် ပြည်သူ ၂ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် အမှတ် ၃ ရပ်ကွက်မှာ   နိုဝင်ဘာ ၆ ရက် မနက် ၇ နာရီခွဲလောက်က မိုင်းတစ်လုံး ပေါက်ကွဲပြီး ရပ်သား ၂  ဦး ထိ ခိုက်ဒဏ်ရာ ရသွားတယ်လို့ ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။

“မိုင်းကွဲတာက ဦးချစ်ဦး အိမ်ရှေ့မှာ ပေါက်တာ။ ဦးထွန်းထွန်းနဲ့မနွယ်ဦး မိုင်းထိမှန်တာတွေ ဖြစ်ခဲ့တယ်။ ဦးထွန်းထွန်းကတော့ ခြေဖဝါးနဲ့ ပေါင်းမိုင်းစ မှန်တယ်။  မနွယ်နွယ်ဦးကတော့ လည်ပင်း ရှပ်ထိ ဒဏ်ရာ ရတယ်ပေါ့။ အသက်အန္တရယ်ကတော့ စိုးရိမ်ရမယ်ထင်တာပဲ။ အခု မုံရွာ ဆေးရုံးသွားနေကြတယ်”လို့ ဒေသခံပြည်သူ တစ်ဦးက ပြောပါတယ်။

အမှတ် ၃ ရပ်ကွက်ဟာ ပြီးခဲတဲ့ရက်ပိုင်းက ပြည်သူ့ကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ ရေဝါချောင်းတံတားနားမှာ ရှိတဲ့ ရပ်ကွက်တစ်ခု ဖြစ်ပါတယ်။ DVB

ဖေ့စ်ဘွတ်ခ်ပေါ် စာကဗျာရေးပြီး စစ်တပ်ကိုဝေဖန်ခဲ့သဖြင့် ကျိုင်းတုံ စည်ပင်ဒု ညွှန်မှူး ထောင် ၃ ဒဏ် ၃ နှစ်ချမှတ်ခံရ

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်စည်ပင်သာယာဦးစီးဌာနမှ ပြည်နယ်ခွဲတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးအေးကို ကို စစ်ကောင်စီက ဖမ်းဆီးပြီး ပုဒ်မ- ၅၀၅(က)နဲ့ တရားစွဲဆိုကာ နိုဝင်ဘာလ ၅ ရက်မှာ ကျိုင်းတုံမြို့နယ်တရားသူကြီးက  ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်ပါတယ်။

ဒုတိယညွှန်ကြားရေးမှူး ဦးအေးကိုဟာ စစ်ကောင်စီလက်အောက်မှာ အမှုထမ်းနေတဲ့  Non-CDM ဝန်ထမ်းဖြစ်ပေမဲ့ အာဏာသိမ်းတာနဲ့ပတ် သက်လို့ ဖေ့စ်ဘွတ်ခ်မှာ စာတွေ ကဗျာတွေရေးခဲ့တဲ့အတွက် မတ်လပိုင်းမှာဖမ်းဆီးခံရပြီး မနေ့က ပုဒ်မ- ၅၀၅(က)နဲ့ တရားစွဲဆိုထောင်ချခံရတာလို့ သူနဲ့ နီးစပ်တဲ့ ဒေသခံကတဦးက ပြောပါတယ်။

“၃ လပိုင်း ၁၁ ရက်နေ့ ည ၉ နာရီကျော်မှာ စစ်တပ်၊ ရဲနဲ့ ထွေအုပ်တွေက လာခေါ်သွားတယ်။ အဖမ်းခံရတဲ့နေ့က ည နေ ၆ နာရီထိ ရုံးတက်တယ်။ CDM မလုပ်ဘူး။ လာဖမ်းစဉ်က အခုလို လာဖမ်းရတာဟာ စစ်အာဏာသိမ်းတာနဲ့ပတ်သက်ပြီး သူ့ရဲ့ဖေ့စ်ဘွတ်ခ်မှာ ကဗျာတွေ၊ စာတွေ ရေးလို့ ဖမ်းရတာဖြစ်တယ်လို့ ပြောသွားတယ်။ ဖမ်းပြီးနောက်နေ့မှာပဲ ၅၀၅(က)နဲ့ အမှုဖွင့်ခံလိုက်ရတယ်” လို့ သူနဲ့ ရင်းနှီးတဲ့ ကျိုင်းတုံမြို့ခံက ပြောပါတယ်။

ဒုတိယညွှန်ကြားရေးမှူး ဦးအေးကိုဟာ အခုနှစ် ဒီဇင်ဘာလမှာ လုပ်သက်ပြည့်ခံစားခွင့်ပင်စင်ယူဖို့ ရှိနေတာဖြစ်ပြီး သူ့ကို ဖမ်းဆီးအရေးယူ ထောင်ချဖို့ အမှုဖွင့်စေခိုင်းသူဟာ စစ်တပ်ကနေ အရပ်ဘက်ဌာနကို အသွင်ပြောင်းလာတဲ့ ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာနက ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်း ဖြစ်တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

ဦးစိုင်းထွန်းထွန်းဟာ ဌာနတွင်း ဝန်ထမ်းတွေအပေါ် ရာထူးတိုးအတွက် ငွေကြေးတောင်းခံတာ၊ နေရာကောင်း၊ မြို့ကောင်းရချင်သူတွေအပေါ် ငွေကြေးတောင်းခံတာနဲ့ ဌာနအတွင်း အကြီးမားဆုံး ငွေကြေးအလွဲသုံးစားလုပ်မှုတွေကြောင့်  ခုံရုံးဖွဲ့ စစ်ဆေးခံခဲ့ရသူ ဖြစ်တယ်လို့ စည်ပင်သာ ယာဝန်ထမ်းတွေထံက သိရပါတယ်။DVB

ကွမ်းခြံကုန်းတွင် ရန်ကုန် PDF က စစ်ကောင် စီတပ်ကို ပစ်ခတ်တိုက်ခိုက်၊ စစ် သား ၇ ဦး သေပြီး ၁၃ ဦး ဒဏ်ရာရ၊ ကြီးမားသော စစ် ဆင်ရေးတိုက်ခိုက်မှုများ ရှိလာမည်ဟု သတိ ပေး

ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့နယ်တွင် ယမန်နေ့ည ၁၀ နာရီအချိန် ရန်ကုန်တိုင်းPDF က စစ်ကောင်စီတပ်သား ၂၅ ဦးခန့်လိုက်ပါလာသော စစ်ကားကို ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၇ ဦးသေဆုံးပြီး ၁၃ ဦးဒဏ်ရာရရှိကြောင်း ရန်ကုန်တိုင်းစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့က တရားဝင်သ တင်း ထုတ်ပြန်သည်။

ကွမ်းခြံကုန်းမြို့နယ်၊ အင်္ဂလုံးကျေးရွာအနီး လမ်းမပေါ်မှာ ကင်းလှည့်လာတဲ့ စစ်ကားပေါ် လိုက်ပါလာသူ စစ်ကောင်စီတပ်သား အင်အား ၂၅ ဦးခန့်ကို နိုဝင်ဘာ ၅ ရက်နေ့ ည ၁၀ နာရီဝန်းကျင်တွင် ပြည်သူ့တော်လှန်ရေးအင်အားစုများက ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ပစ်ခတ်မှုကြောင့် စစ်သား ၇ ဦး သေဆုံးပြီး ၁၃ ဦးဒဏ်ရာ ရရှိကြောင်း၊ ဒဏ်ရာရရှိသူများ ထပ်မံ သေဆုံးနိုင်ဖွယ်ရှိကြောင်း သတင်းထုတ်ပြန်သည်။

အဆိုပါပစ်ခတ်တိုက်ခိုက်မှုသည် ရန်ကုန်တိုင်းစစ်​ဒေသခွဲ ကွပ်ကဲရေးအဖွဲ့က အကောင်အထည်ဖော်ဆောင်ရွက်နေသည့် “ပျံလွှားအောင်” စစ် ဆင် ရေး၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်ကြောင်း၊ ရန်ကုန်တိုင်းတွင် ကြီးမားသည့် စစ်ရေးတိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်မည်ဖြစ် ကြောင်း တရားဝင်သတင်းထုတ်ပြန်သည်။khit thit

ဟားခါးနှင့် ထန်တလန်တွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ၁၁ ဦးသေဆုံး

ချင်းပြည်နယ်၊ ဟားခါးနဲ့ ထန်တလန်မြို့တွေမှာ နိုဝင်ဘာ ၆ ရက် ဒီနေ့ မနက်ပိုင်းတိုက်ပွဲတွေကြောင့် စစ်သားနဲ့ရဲ ၁၁ ယောက်သေဆုံးပြီး တချို့ ဒဏ်ရာရတွေရှိခဲ့တယ်လို့ ချင်းအမျိုးသားတပ်ဦး CNF တာဝန်ရှိသူကပြောပါတယ်။

စစ်ကောင်စီအကြမ်းဖက်အဖွဲ့က  အနော်ရထာစစ်ဆင်ရေးကို လက်တွေ့အကောင်အထည် ဖော်လာတာကြောင့် ရက်ပိုင်းအတွင်း ချင်းပြည် နယ်မှာ ထိတွေ့တိုက်ပွဲ ၁၃ ကြိမ်နီးပါးရှိလာပါတယ်။

နိုဝင်ဘာ ၆ ရက်မနက် ၄ နာရီနဲ့ ၅ နာရီအကြားမှာ ချင်းပြည်နယ်ဟားခါးမြို့ပေါ်က စစ်ကောင်စီလုံခြုံရေးတပ်စခန်းကို ချင်းပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်ပစ်ခတ်တာကြောင့် စစ်သား ၅ ယောက်သေဆုံးပြီး ဒဏ်ရာရသွားသူတွေရှိခဲ့တယ်လို့ ချင်းအမျိုးသားတပ်ဦး CNF တာဝန်ရှိသူကပြောပါတယ်။

ဟားခါးမြို့၊ ပြည်နယ်ရဲစခန်းအပေါ်ဘက်မှာ တပ်စွဲထားတဲ့ ပြည်နယ်ရဲအရန်တပ်ရင်းကိုလည်း တချိန်တည်းမှာ ချင်းပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၆ ဦးသေဆုံးသွားပါတယ်။

ဟားခါးမြို့မှာ တိုက်ပွဲဖြစ်တာနဲ့တပြိုင်နက် ထန်တလန်မြို့မှာလည်း တိုက်ပွဲသုံးကြိမ်ဖြစ်ပွားခဲ့ပြီး ထိခိုက်သေဆုံးမှုအခြေအနေတွေကို အ တည်မပြုနိုင်သေးပါဘူး။

စစ်ကောင်စီက မနက်ပိုင်းတိုက်ပွဲမှာ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် ထန်တလန်မြို့၊ ဘာသာရေးမိဘမဲ့ဂေဟာ မီးလောင်ပျက်စီးသွားတယ်လို့ ချင်းအမျိုးသားတပ်ဦး CNF တာဝန်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

“စစ်ကောင်စီက အောက်တိုဘာလမှာ အင်အားဖြည့်တင်းထားတဲ့နောက်ပိုင်း ချင်းပြည်တောင်ပိုင်းနဲ့ မြောက်ပိုင်း စစ်မျက်နှာနှစ်ခုပေါင်းမှာ စုစုပေါင်း တိုက်ပွဲ ၁၃ခု လောက်ဖြစ်ပွားခဲ့တယ်။ သူတို့ရဲ့ အနော်ရထာစစ်ဆင်ရေးကို လက်တွေ့အကောင်အထည်ဖော်နေပြီလို့ပြောရမှာပေါ့လေ။ တိုက်ပွဲကပိုပြီးဖြစ်ပွားလာဖို့တော့ရှိပါတယ်။”

စစ်ကောင်စီက ချင်းပြည်နယ်မြောက်ပိုင်းမှာ နယ်မြေထိန်းချုပ်ဖို့ကြိုးစားနေသလို ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်-မတူပီဒေသမှာလည်း သာလွန်အင်အားသုံးနေတာကြောင့် ထိတွေ့တိုက်ပွဲတွေဆက်တိုက်ဖြစ်နေပါတယ်။

နိုဝင်ဘာ ၅ ရက်နေ့မနက်ပိုင်းက မင်းတပ်မြို့အနီး ၁၁ မိုင်နဲ့ မိုင် ၄၀ တို့မှာ အပြန်အလှန်ပစ်ခတ်မှုတွေရှိခဲ့ပါတယ်။ နိုဝင်ဘာ ၄ ရက်နေ့က မင်းတပ်-မတူပီဒေသကို ဝင်ရောက်လာတဲ့စစ်ကောင်စီလမ်းကြောင်းကို CDF တွေကမိုင်းခွဲတိုက်ခိုက်တာကြောင့် စစ်သား ၂၅ ယောက်ထက်မနည်းသေဆုံးခဲ့ပါတယ်။

ဒေသခံ CDF တွေကတော့ နယ်မြေကျွမ်းကျင်မှုကိုအားပြုပြီး ပြောက်ကျားစနစ်နဲ့ ခုခံတိုက်ခိုက်နေတာဖြစ်တယ်လို့  မင်းတပ် CDF တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

စစ်ကောင်စီရဲ့အင်အားသုံးအကြမ်းဖက်မှုတွေကြောင့် မင်းတပ်မြို့နဲ့ ထန်တလန်မြို့က ပြည်သူတွေဟာ မြို့လုံးကျွတ်စစ်ဘေးရှောင်နေကြရပါတယ်။ ဟားခါးမြို့က ထောင်နဲ့ချီတဲ့ပြည်သူတွေဟာလည်း မြို့ကိုစွန့်ခွာနေကြရပါတယ်။

ချင်းပြည်နယ်တစ်ခုလုံးမှာ စစ်ဘေးသင့်ပြည်သူ ၅၀၀၀၀ ကျော်ရှိနေပြီး စားနပ်ရိက္ခာနဲ့ဆေးဝါး တွေအရေးတကြီးလိုအပ်နေပါတယ်။ ချင်းအ မျိုးသားတပ်ဦး CNF နဲ့ ဒေသတွင်း CDF တွေပူးပေါင်းပြီး အပြန်အလှန်စစ်ထိုးနေတာကြောင့် တီးတိန်၊ ဖလမ်း၊ ဟားခါး၊ ထန်တလန်၊ မတူပီ၊ မင်းတပ်၊ ကန်ပက်လက်မြို့ နယ်တွေမှာ တိုက်ပွဲတွေ ခပ်စိပ်စိပ်ဖြစ်ပေါ်နေပါတယ်။DVB

ကျောက်တော်စစ်ရှောင် နေရပ်ပြန်ရေးကို စစ်ကောင်စီ လျစ်လျူရှု

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ တင်းမကျေးရွာသားများ ၂ နှစ်ခန့် သောင်တင်နေရသည့် စစ်ဘေးရှောင်စခန်းများမှ ထွက်ခွာလိုသော် လည်း စစ်ကောင်စီ၏ လျစ်လျူရှုမှုကြောင့် နေရပ်ပြန်ရန် အခက်တွေ့နေသည်။ 

ဇူလိုင်လမှစ၍ နေရပ်ပြန်နိုင်ရေး ကြိုးပမ်းခဲ့ကြပြီး အောက်တိုဘာလအတွင်း ပြည်နယ်အဆင့်၊ နိုဝင်ဘာလအတွင်း နေပြည်တော်အဆင့်ထိ စာပေးပို့ တောင်းဆိုခဲ့ကြသော်လည်း လက်ရှိအချိန်အထိ ထူးခြားမှုမရှိသေးဟု တင်းမဆရာတော် ဦးဝါယာမိန္ဒက မိန့်သည်။

“အောက်တိုဘာလ ၂၅ ရက်နေ့က (ထွေအုပ်ရုံးကို) ရွာသူ၊ ရွာသား ၁၀၀ လောက်နဲ့သွားပြီး ရွာမှာ နေဖို့ထိုင်ဖို့ရအောင် ချုံနွယ်တွေ ရှင်းလင်းဖို့သွားမယ်ဆိုပြီး တောင်းဆိုကြတယ်။ ပြည်နယ်ကိုလည်း တောင်းဆိုခဲ့တာတွေလည်း အများကြီးရှိခဲ့တယ်။ ဒါပေမဲ့ ခွင့်ပြုချက်မရခဲ့ဘူး။ မပြန်ရဘူး” ဟု ဆရာတော်က ဆက်လက်မိန့်သည်။

ရွာသူရွာသားအများစုက ကိုယ်ထူကိုယ်ထဖြင့် နေရပ်ပြန်ရန် ဆုံးဖြတ်ထားသော်လည်း ရွာအနီး တပ်စွဲထားသည့် စစ်တပ်ဖယ်ရှားပေးရန်၊ မြေမြှုပ်မိုင်းရှင်းပေးရန် တောင်းဆိုထားသည်။ 

ဇူလိုင် ၂၄ တွင် အမှတ် (၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ ဗိုလ်မှူးတစ်ဦးနှင့် တင်းမရွာသူ၊ ရွာသားများ ကျောက်တော်မြို့ထွေအုပ်ရုံး၌ တွေ့ဆုံကြရာ အောက်တိုဘာလတွင် နေရပ်ပြန်နိုင်ရန် စီစဉ်ပေးမည်ဟု ကတိပေးခဲ့သော်လည်း  အကောင်အထည်မပေါ်သေးဟု ဒေသခံများထံမှ သိရသည်။

“ကိုယ့်ရွာကိုယ် ပြန်ချင်တယ်။ အိမ်ပြန်ချင်တဲ့စိတ်က ရင်ထဲမှာ မခံစားနိုင်တော့ဘူး။ အခုက အနေအထိုင်ကျပ်တည်းတယ်”ဟု တင်းမဒေသခံ ဒေါ်ခင်ခင်သန်းက ပြောသည်။

ကျောက်တော်မြို့နှင့် ၁၃ မိုင်ခန့်ဝေးကွာသော တင်းမကျေးရွာတွင် ၂၀၂၀ အတွင်း တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး ရွာအနီးရှိ တောင်ရှည်တောင် တွင် စစ်တပ်က လက်ရှိအချိန်ထိ တပ်စွဲထားသည်။ 

ရွာသူရွာသားများသည် မိမိရပ်ရွာသို့ သွားရောက်လျှင် ထိုစစ်တပ်နှင့် တွေ့ကာ ဟန့်တားခံရတတ်ကြောင်း၊ ဌာနဆိုင်ရာခွင့်ပြုချက်ပါမှ လာရောက်ခွင့်ပြုမည်ဟု တပ်စွဲထားသည့် စစ်တပ်က ပြောထားကြောင်း ဒေသခံများက ဆိုသည်။

“ထွေအုပ်ကလည်း ခွင့်ပြုမပေးဘူး။ ဒီက သွားမယ်ဆိုရင်လည်း ကိုယ်တစ်ယောက်တည်း သွားလို့ရတာမျိုး မဟုတ်ဘူး။ ဌာနဆိုင်ရာတွေကို စာတင်ပေမဲ့ သွားခွင့်မပေးဘူး”ဟု တင်းမဒေသခံ ဒေါ်မြဝင်းကြည်က ပြောသည်။

“ခွင့်ပြုချက်မဲ့သွားရင်လည်း တစ်စုံတစ်ခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ။ စစ်တပ်က မရှိရင်တော့ ပြဿနာမရှိဘူး။ အခုက ရွာမှာလည်း စစ် တပ်ရှိတယ်လေ။ အဲဒါကြောင့် မသွားရဲဘူး”

စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့သည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာပထမပတ်မှစ၍ နားလည်မှုဖြင့် အပစ်ရပ်ထားသည်။ 

တိုက်ပွဲရပ်တန့်နေသည်မှာ ကြာမြင့်နေသော်လည်း စစ်ဘေးရှောင်စခန်းတွင်သာ ခိုလှုံနေရသေးသောကြောင့် နေထိုင်စားသောက်ရေး ခက်ခဲကာ စိတ်ထိခိုက်ရသည်ဟု ဒေါ်မြဝင်းကြည်က ဆိုကြသည်။

“ကိုယ့်ရွာမှာ နေသလိုမဟုတ်ဘူး။ အခုက လုပ်ဖို့အလုပ်လည်းမရှိ။ ဒါပေမဲ့ ထိုက၊ ဒီက ပေးတာကို အားမရလို့ ပြောတာ မဟုတ်ဘူး။ ကိုယ်လုပ်ကိုင်စားသောက်ရသလို မဟုတ်ဘူး။ သူတို့ ထောက်ပံ့ပေးတာနဲ့ မလုံလောက်ဘူး” ဟု ဒေါ်မြဝင်းကြည်က ဆက်လက်ပြောသည်။

“ကိုယ့်ရွာမှာဆိုရင် ကိုယ်တတ်ကျွမ်းရာ လုပ်စားလို့ရတယ်။ အဲဒီမှာဆိုရင် ဟင်းခင်း ဥယျာဉ်လုပ်စားလို့ အများကြီးမရပေမဲ့ ကိုယ့်ဟာနဲ့ကိုယ် လည်ပတ်နေတယ်။ အခုဆိုရင် ဝင်ငွေလည်း မရှိတော့ ထောက်ပံ့ကြေးပေးမှာကို မျှော်နေရတဲ့အဆင့် ဖြစ်နေပါပြီ”

တင်းမကျေးရွာ အိမ်ခြေ ၆၀၀ ခန့် တွင် လူဦးရေ ၄၀၀၀ နီးပါး နေထိုင်ခဲ့ကြပြီး ၂၀၂၀ မတ်လအတွင်း စစ်တပ်၏ မီးရှို့မှုကြောင့် အိမ်ခြေ ၁၄၀ ကျော် မီးလောင်ဆုံးရှုံးသွားသည်။ 

ထို့ပြင် ယင်းနှစ် မတ်လအတွင်း စစ်တပ်က ဖမ်းသွားသော တင်းမရွာသား ၁၈ ဦး လုံးဝပျောက်ဆုံးနေဆဲ ဖြစ်သည်။ 

ရွာသားတို့ နေရပ်ပြန်ရေး ပြောဆိုချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီ ပြန်ကြားရေးတာဝန်ယူထားသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို မေးမြန်းရန် ကြိုးစားသော်လည်း ဖုန်းအဆက်အသွယ် မရခဲ့ပေ။myanmar now

« Older Entries